မိုးလေဝသပညာ
တိုးတက်နေသော နိုင်ငံများတွင် တောင်သူလယ်သမား၊ လှေသမား၊ သင်္ဘောသား၊ လေယာဉ်ပျံမောင်းသမား၊ အင်ဂျင်နီယာ အစရှိသော ပုဂ္ဂိုလ်တို့သည် မိုးလေဝသ ခန့်မှန်းရေးပညာကို အားထားရသည်။ ထိုနိုင်ငံများရှိ မိုးလေဝသဌာနများသည်လည်း အကြောင်းကိစ္စ အမျိုးမျိုးအတွက် သက်ဆိုင်ရာ မိုးလေဝသ ခန့်မှန်းချက်အမျိုးမျိုး ထုတ်ပေးရလေသည်။
ရှေးကပင် လူတို့သည် မိုးလေဝသ အခြေအနေ ခန့်မှန်းခြင်းကို လေ့လာခဲ့ကြသည်။ တောင်သူ လယ်သမားတို့သည် မိမိတို့လုပ်ငန်းသို့ မဆင်းမီ ကောင်းကင်ကိုကြည့်၍ ထိုနေ့အတွက် နေသာမသာ မိုးရွာမရွာကို ခန့်မှန်း
ပြီးမှ ထင်းခုတ်သင့်လျှင် ထင်းခုတ်သွားကြ၊ လယ်ထွန်သင့်လျှင် လယ်ထွန်သွားကြလေ့ရှိသည်။ ထို့အတူ တံငါသည် လှေသမား တို့သည်လည်း အလုပ်မသွားမီ ဥတုရာသီအခြေအနေကို မှန်းဆ ကြည့်လေ့ရှိကြသည်။ ယခုခေတ် တိုးတက်နေသောနိုင်ငံများမှ တောင်သူလယ်သမား၊ လှေသမား၊ သင်္ဘောသား၊ လေယာဉ်ပျံ မောင်းသမား၊ အင်ဂျင်နီယာ အစရှိသော ပုဂ္ဂိုလ်တို့သည် မိုးလေဝသခန့်မှန်းရေးပညာကို အားထားနိုင်ကြသည်။ မိုးလေ
ဝသပညာသည် ခက်ခဲနက်နဲသော ပညာရပ်တစ်ခုဖြစ်သည်။
ယခုအခါ နိုင်ငံတိုင်းတွင် မိုးလေဝသဌာန တည် ထောင်ထားကြသည်။ မိုးလေဝသဌာနမှ မိုးလေဝသသတင်းများ ကို နေ့စဉ် ထုတ်ပြန်လျက်ရှိ၏။ ထိုသတင်းများတွင် လွန်ခဲ့ သော ၂၄ နာရီအတွင်းက ဖြစ်ပျက်မည့် ခန့်မှန်းချက်ကို ဖော်ပြ လေ့ရှိသည်။ မိုးလေဝသသတင်းများကို သတင်းစာများ၌ ဖတ်ရှု နိုင်၍ ရံဖန်ရံခါ အသံလွှင့်ကြေညာချက်များကိုလည်း ကြားနာ နိုင်လေသည်။
မိုးလေဝသ မှတ်တမ်းဟောင်းများ အသုံးဝင်ပုံ
[ပြင်ဆင်ရန်]တိုင်းတာရေးစခန်းများမှ တိုင်းတာမှတ်သားထားသော မှတ်တမ်းများကို ဗဟိုရုံးကြီး၌ စုဆောင်းထိန်းသိမ်းထား၍ နေ့စဉ်၊ သီတင်းစဉ်၊ လစဉ်၊ နှစ်စဉ် မှတ်စုများ ကောက်နုတ် ရေးသားပြုစုကြသည်။ နယ်တစ်နယ်၏ ရာသီဥတု အခြေအနေ သည် ထိုနယ်၏ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည် တို့အပေါ်တွင် များစွာ အကျိုးသက်ရောက်လေသည်။ စက်ရုံ အလုပ်ရုံကြီးများ တည်ဆောက်ရာ၌ မိုးလေဝသ မှတ်တမ်း ဟောင်းများမှ အရေးပါအရာရောက်သော အထောက်အထားများ ရနိုင်လေသည်။ ဥဒါဟရုဏ်၊ ရေအားမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းအတွက် လွန်ခဲ့သောနှစ်များက မိုးရေ ချိန် မှတ်တမ်းဟောင်းများသည် အလွန်အသုံးဝင်သည်။ တစ်ဖန် ချည်ထည်၊ စီးကရက်၊ ဆေးလိပ်၊ စက္ကူစသော စက်မှုလုပ်ငန်း များအဖို့ လေ၏စိုထိုင်းမှုသည် အလွန်အရေးကြီးပေသည်။ ထို့ ကြောင့် လုပ်ငန်းတစ်ခုခုကိုလုပ်ကိုင်ရာ၌ သင့်တင့်လျောက်ပတ် သော ဥတုရာသီရှိသည့်နေရာကို ရွေးချယ်နိုင်ရန် မှတ်တမ်း ဟောင်းများမှ များစွာအထောက်အပံ့ယူရပေသည်။ အဆောက် အအုံ အင်ဂျင်နီယာတို့သည် တိုက်အိမ်အဆောက်အအုံ တည် ဆောက်ဖို့ သင့်လျော်သောပစ္စည်း ရွေးချယ်နိုင်ရန် သာမန် ရာသီဥတုအခြေအနေနှင့် ရာသီဥတုဖောက်ပြန်တတ်သော အခြေ အနေတို့ကို သိရှိရန်လိုပေသည်။ သိပ္ပံပညာနှင့် စက်မှုလက်မှု ပညာ သုတေသနလုပ်ငန်းများတွင် သုတေသီပုဂ္ဂိုလ်တို့သည် မကြာခဏပင် မှတ်တမ်းဟောင်းများကို ကိုးကားမှီငြမ်းပြုကြရ လေသည်။ တစ်ခါတစ်ရံ မိုးလေဝသပညာရှင်တို့သည် တရားရုံး များ၌ အမှုအခင်းဖြစ်ပွားသောနေ့က ဖြစ်ပျက်ခဲ့သော မိုးလေ ဝသ အခြေအနေကို သက်သေခံကြရသည်။ ထိုအကြောင်းများကြောင့် စနစ်တကျ စုဆောင်ထိန်းသိမ်းထားသော မိုးလေဝသ တိုင်းတာချက် မှတ်တမ်းဟောင်းများသည် အလွန်တန်ဖိုးရှိလေ သည်။ အခြား အစိုးရဌာနများကဖြစ်စေ၊ ကုန်သည်ကြီးငယ် စသော မည်သည့်ပုဂ္ဂိုလ်ကပင်ဖြစ်စေ မှတ်တမ်းဟောင်းများ အလိုရှိ၍ တောင်းဆိုသောအခါ ပေးနိုင်ရန် မိုးလေဝသရုံး၌ အရေးတယူ စုဆောင်းထိန်းသိမ်းထားရလေသည်။
မိုးလေဝသ ခန့်မှန်းချက်
[ပြင်ဆင်ရန်]အကြောင်းကိစ္စအမျိုးမျိုးအတွက် ဆီလျော်ရာ မိုးလေ ဝသခန့်မှန်းချက် အမျိုးမျိုးထုတ်ရလေသည်။ လေယာဉ်ပျံမောင်း သမားတို့အတွက် ခန့်မှန်းချက်၌ လေယာဉ်ပျံ ပျံသန်းမည့် လမ်းခရီး၌ မည်သည့်တိမ်မျိုးတွေ့ရမည်၊ မိုးရွာမည်၊ သို့မဟုတ် နေသာမည်၊ အမြင်တာ မည်မျှရှိမည်၊ လေစီးနှုန်းနှင့် လေ တိုက်ခတ်မည့်အရပ် စသော အကြောင်းအချက်များကို ခန့်မှန်း ပေးရသည်။ စိုက်ပျိုးရေးနှင့် ဆည်မြောင်း တာတမံဌာနများ အတွက် ခန့်မှန်းချက်၌ကား မိုးကြီးရွာဖွယ်ရာ အကြောင်းရှိလျှင် မိုးရေချိန်မည်မျှရှိသော မိုးကြီးမျိုးရွာမည်ကို ခန့်မှန်းချက်ပေးရ လေသည်။ ပင်လယ်ခရီးသွား သင်္ဘောများအတွက် ခန့်မှန်းချက်၌ ပင်လယ်ပြင်မည်သည့်နေရာ၌ ရာသီဥတုအခြေအနေ ဆိုးရွား ဖောက်ပြန်နေသည်၊ မည်သည့်နေရာ၌ လေမုန်တိုင်းကျနေသည်။ ပင်လယ်ပြင်တွင် မည်သည့်အရပ်က မည်မျှပြင်းထန်သောလေ တိုက်ခတ်မည်။ လှိုင်းတံပိုး မည်မျှထကြွမည် စသည်တို့ကို ခန့်မှန်းပြရလေသည်။ ပင်လယ်ဆိပ်ကမ်းဘက်ဆိုင်ရာ ဌာန အတွက်ကား လေမုန်တိုင်းကျရောက်၍ ဆိပ်ကမ်းကို လေပြင်း ဘေးဒဏ် ထိခိုက်ဖွယ်ရာ အကြောင်းရှိလျှင် သက်ဆိုင်ရာပုဂ္ဂိုလ် တို့အား သင့်လျော်သော သတိပေးချက်များ ထုတ်ပြန်ပေးရလေ သည်။ ပြည်သူလူထုအတွက်ကား တစ်ပြည်လုံးအတွက် အထွေ ထွေ မိုးလေဝသအခြေအနေ ခန့်မှန်းချက်များ ထုတ်ပြန်ရလေသည်။ ထို့အပြင် စက်မှုလက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရံဖန်ရံခါ အထူးခန့်မှန်းချက်များ ထုတ်ပြန်ရလေသည်။ အချို့ နိုင်ငံများ၌ ရက်ပေါင်းများစွာက ကြိုတင်ခန့်မှန်းချက်များ ထုတ်ပြန်ပေးသော လုပ်ငန်းရှိ၍ အကြောင်းကိစ္စနှင့် လျော်ညီစွာ သီတင်းတစ်ပတ်၊ နှစ်ပတ် သို့မဟုတ် လပေါင်းများစွာ ကြို တင်၍ ခန့်မှန်းချက်များ ထုတ်ပြန်နိုင်ကြလေသည်။
မိုးလေဝသတိုင်းတာရေးစခန်းများ
[ပြင်ဆင်ရန်]မိုးလေဝသတိုင်းတာရေးစခန်း အမျိုးမျိုးအစားစားရှိကြ သည်။ အစိုးရမိုးလေဝသဌာနက တည်ထောင်ဖွင့်လှစ်ထားသော တိုင်းတာရေးစခန်းများ၌ အစိုးရလခစား၊ ကျွမ်းကျင်သော တိုင်းတာရေးမှူးများရှိကြသည်။ ယခုခေတ် ပထမတန်းတိုင်းတာ ရေး စခန်းတစ်ခု၌ ရေဒါစက်၊ ရာဝင်းစက်၊ ရေဒီယိုဆောင်း ခေါ် အထက်လေထု၏ ဖိအား၊ အပူချိန်၊ စိုထိုင်းမှု စသည် တို့ကို တိုင်းမှတ်အသံလွှင့်စက်၊ ငလျင်မှတ်စက်၊ မိုးလေဝသ အခြေအနေ စုံစမ်းကင်းထောက်ပျံသန်းရန် လေယာဉ်ပျံ အစရှိ သော အထူးခေတ်မီသည့် ကိရိယာတန်ဆာများပါ တပ်ဆင် ထားကြလေသည်။ ထိုစခန်းများ၌ တိုင်းတာချက်များကို နေ့ ရော ညဉ့်ပါ နာရီတိုင်း အဆက်မပြတ် တိုင်းတာမှတ်သားကြ သည်။ တိုးတက်နေသော တိုင်းနိုင်ငံကြီးများ၌ စေတနာ့ ဝန်ထမ်း တိုင်းတာရေးမှူးများ ရှိကြသည်။ ထိုပုဂ္ဂိုလ်တို့ကို မိုးလေဝသရုံးသို့ အခကြေးငွေမယူကြဘဲ ပေးပို့ကြသည်။ အောက်ဆုံးတန်း စေတနာ့ဝန်ထမ်း တိုင်းတာရေး စခန်းတစ်ခု၌ မိုးရေချိန်ခွက်တစ်ခုသာ တပ်ဆင်ထားတတ်၍ တိုင်းတာချက်ကို တစ်နေ့တစ်ကြိမ်သာ မှတ်ယူလေသည်။ အထက်ဖော်ပြပါ တိုင်းတာရေးစခန်း နှစ်မျိုးကြားတွင် တိုင်းတာရေးစခန်း အမျိုး မျိုး ရှိသေးသည်။ တပ်ဆင်ထားရှိသော ကိရိယာအမျိုးအစားနှင့် တစ်နေ့လျှင် တိုင်းတာမှတ်သားရသည့် အကြိမ်ပေါင်းကို လိုက် ၍ တိုင်းတာရေးစခန်း၏ အဆင့်အတန်းကို သတ်မှတ်လေသည်။
မိုးလေဝသခန့်မှန်းပုံ
[ပြင်ဆင်ရန်]မိုးလေဝသခန့်မှန်းရေး လုပ်ငန်းအတွက် ကျယ်ဝန်း သော နယ်အတွင်းရှိ တိုင်းတာရေးစခန်းများမှ တိုင်းတာချက် များ ရရှိရန်လိုပေသည်။ မိုးလေဝသ ခန့်မှန်းရေးမှူးတို့သည် အထောက်အထားပြုရန် တိုင်းတာချက် ရနိုင်သမျှ လိုချင်ပေ သည်။ မြေပြင်စခန်းများမှ တိုင်းတာချက်များအပြင် ပင်လယ် ခရီးသွား သင်္ဘောများမှ တိုင်းတာချက်များလည်း လိုပေသေး သည်။ တိုင်းတာချက်များကို တစ်နေရာမှ တစ်နေရာသို့ ပေးပို့ ရန် ဆက်သွယ်ရေးလမ်းကြောင်းများလည်း ရှိရသည်။ စခန်း များ၌ တိုင်းတာချက်များ မှတ်ယူပြီးလျှင်ပြီးချင် ဗဟိုမိုးလေဝသ ရုံးသို့ ကြေးနန်းဖြင့်ဖြစ်စေ၊ စကားပြောကြေးနန်းဖြင့်ဖြစ်စေ၊ ကြိုးမဲ့ကြေးနန်းဖြင့် ဖြစ်စေ၊ အဝေးပို့စာရိုက်စက်ဖြင့် ဖြစ်စေ အမြန်ပေးပို့ကြရသည်။ ဗဟိုမိုးလေဝသရုံးသို့ ရောက်သောအခါ တိုင်းတာချက်များကို မိုးလေဝသမြေပုံပေါ်၌ သင်္ကေတ အမှတ် လက္ခဏာများဖြင့် ရေးဆွဲကြရသည်။ မြေပုံများရေးဆွဲပြီးသော အခါ ခန့်မှန်းရေးမှူးတို့သည် အခြေအနေကို စိစစ်ဝေဖန်ပြီးမှ ခန့်မှန်းချက်အမျိုးမျိုး ထုတ်ပြန်နိုင်သည်။
လေဖိအားတိုင်းကိရိယာ
[ပြင်ဆင်ရန်]၁၇ ရာစု အလယ်လောက်က ဂျာမနီနိုင်ငံ မက်ဒါဗတ် မြို့၏မြို့တော်ဝန် အော့တိုဖွန်ဂေးရိကဲဆိုသူ ဂျာမန်သိပ္ပံပညာရှင် တစ်ဦး ရှိလေသည်။ ထိုသူသည် အမြဲအကြံသစ် ဉာာဏ်သစ်များ ဖြင့် ထူးဆန်းအံ့ဩဖွယ်ကောင်းလောက်သော အလုပ်သစ်များ ကို တီထွင်စမ်းသပ်လုပ်ကိုင်လေ့ရှိသည်။ အခါတစ်ပါး၌ ထိုသူ ၏ အိမ်နံရံပေါ်တွင် ပြွန်တစ်ချောင်း ထူးထူးဆန်းဆန်း ထောင် ထားရာ တွေ့မြင်ရသော အိမ်နီးချင်းများက အလွန်အံ့ဩသွား ကြလေသည်။
ထိုပြွန်သည် ၃၄ ပေကျော်သော ကြေးပြွန်တစ်ချောင်း ဖြစ်သည်။ ထိပ်ဝပိတ်ထားသောဖန်ချောင်းကို ကြေးပြွန် အပေါ် ပိုင်းနှင့်ဆက်ထားသည်။ အောက်ပိုင်းအဝကို ရေဇလုံတစ်ခုထဲ စိုက်ထားရာ ပြွန်ချောင်းအတွင်း၏ ရေမျက်နှာပြင်သည် အမြင့် ပေ ၃ဝ ခန့်တွင် ရပ်တည်လျက်ရှိသည်ကို ဖန်ပိုင်း၌ မြင်နိုင် လေသည်။ ပြွန်တွင်းရှိရေပေါ်တွင် သစ်သား လူပုရုပ်ကလေး တစ်ခု တပ်ထားသည်။ ထိုအရုပ်ကလေးသည် ရာသီဥတု ဆိုးရွာသောအခါ အောက်သို့နိမ့်ကျသွားသည်။ ထိုအခြင်းအရာ ကို မြင်ကြရသောလူတို့သည် ထိုအရုပ်ကလေးကို ဖွန်ဂေးရိ ကဲ၏ ရာသီဥတုပြ လူကလေး ဟု ခေါ်စမှတ်ပြုကြသည်။ အိမ်နီးချင်းတို့က ထိုအခြင်းအရာကို မျက်လှည့်တစ်မျိုးဟု အထင်ရှိကြသည်။ စင်စစ်မှာကား ထိုပြွန်သည် လေဖိတိုင်းပင် ဖြစ်သည်။
စိတ်ဝင်းစားဖွယ်ကောင်းသော အထက်ဖော်ပြပါ စမ်း သပ်ချက်ကို ဖွန်ဂေးရိကဲ မပြုလုပ်မီ နှစ်အနည်းငယ်စော၍ ထင်ရှားသော သိပ္ပံကျော် ဂယ်လီလေအို၏တပည့် အီတာလျံ ကျောင်းသား တော်ရီချဲလီဆိုသူ ယခုအခါ မိုးလေဝသတိုင်းတာ ရာတွင် အများအပြားအသုံးပြုလျက်ရှိသော ပြဒါးဖြင့်ပြုလုပ် သည့် လေဖိတိုင်းကို စတင်တီထွင် ပြုလုပ်ခဲ့လေသည်။ လေဖိတိုင်းသည် လေထု၏ဖိအားကို တိုင်းတာသော ကိရိယာဖြစ်သည်။ လေဖိတိုင်းများတွင် ရေကိုအသုံးမပြုဘဲ ပြဒါးကို အသုံးပြုလေ့ရှိသည်။ ပြဒါးသည် ရေထက်ပိုလေးသည်။ ထို ကြောင့် လေဖိတိုင်းပြုလုပ်ရန် ပေ ၃ဝ ရှည်သောပြွန် မလို တော့ဘဲ ၃၆ လက်မ သို့မဟုတ် ၃ ပေသာရှည်သောပြွန် နှင့်ပင် လုံလောက်ပေသည်။
ရိုးရိုးလေဖိတိုင်းတစ်ခု ပြုလုပ်ရန် ၃၆ လက်မ ရှည် သော တစ်ဖက်ပိတ် ပြွန်တစ်ချောင်းကိုယူ၍ ပြဒါးထည့်ပါ။ ပြဒါးထည့်ပြီးသောအခါ တစ်ဖက်က ပြွန်ပေါက်ကို လက်ဖြင့် ပိတ်ထားပြီးလျှင် ပြောင်းပြန်ထောင်ကိုင်ထားပါ။ ထိုနောက် လက်ဖြင့် ပိတ်ထားသောပြွန်အစွန်းကို ဇလုံတွင်းရှိ ပြဒါးတွင် မြှုပ်၍ စိုက်ထူထားပါ။ ထိုနောက် အပေါက်ကိုပိတ်ထားသော လက်ချောင်းကို ဖယ်ရှားလိုက်သောအခါ ပြွန်ထဲမှ ပြဒါး အနည်းငယ် ထွက်လာသည်ကို တွေ့ရမည်။ ဇလုံထဲရှိပြဒါးတိုင် ကို အောက်မကျစေဘဲ ရပ်တည်နေအောင် တွန်းကန်ထားလေ သည်။
ပြွန်အတွင်း ပြဒါးတိုင်အပေါ်ရှိ နေရာလွတ်သည် ပလာနယ် ဖြစ်သည်။ ထိုနေရာ၌ လေမရှိ။ ထိုကြောင့် ပြွန်တွင်းပြဒါးပေါ်၌ ဖိအားမရှိချေ။ ပြွန်အတွင်း၌ ပြဒါးသည် လက်မ ၃ဝ ခန့်မြင့်သည်။ ပြွန်ထိပ်ဝသည် စတုရန်း တစ်လက်မရှိလျှင်၊ ထိုပြဒါး၏ထုထည်သည် ကုဗလက်မ ၃ဝ ရှိပေမည်။ ထိုကြောင့် စတုရန်းတစ်လက်မ ဧရိယာရှိသော နေရာပေါ်၌ လေဖိအားသည် ၁၄.၇ ပေါင်ခန့်ရှိလေသည်။ လေထုဖိအား ပြောင်းလဲသည့်အလျောက် ပြဒါးတိုင်သည်လည်း နိမ့်လိုက်မြင့်လိုက် ဖြစ်လာမည်ဖြစ်သောသောကြောင့် ပြွန်ပေါ်၌ မှတ်သားထားသော စကေးအမှတ်များအားဖြင့် လေထုဖိအားကို ချိန်မှတ်ယူနိုင်လေသည်။
လေထုဖိအားသည် တစ်စိတ်တစ်ဒေသအားဖြင့် မိုးလေ ဝသ အခြေအနေပေါ်တွင်တည်ပေသည်။ ထိုကြောင့် လေဖိတိုင်း သည် မိုးလေဝသခန့်မှန်းရေးတွင် များစွာအရေးပါ အရာရောက် ပေသည်။ တစ်ဖန် ပြွန်တွင်းရှိ ပြဒါးတိုင်အမြင့်သည် နေရာ ဒေသ၏ အမြင့်ကိုလိုက်၍ ပြောင်းလဲပြန်သည်။ လေဖိတိုင်းကို မြင့်ရာအရပ်ဒေသသို့ယူသွားလျှင် ပြင်ဒါးတိုင် နိမ့်ကျလာသည် ကို တွေ့မြင်ရမည်။ အဘယ်ကြောင့်ဆိုသော် အထက်သို့ မြင့် လေ လေထုဖိအားနည်းလာလေ ဖြစ်သောကြောင့်တည်း။ ပင်လယ်ရေပြင်ညီဒေသရှိ လေဖိအားနှင့် အခြားဒေသရှိ လေဖိ အားတို့ကိုသိရှိလျှင် ထိုဒေသသည် ပင်လယ်ရေပြင်ထက် မည်မျှ မြင့်သည်ကို လွယ်ကူစွာ တွက်ယူနိုင်လေသည်။
အင်ဂျင်နီယာများနှင့် ခရီးသည်များသည် အများအား ဖြင့် လွယ်လင့်တကူဆောင်ယူသွားနိုင်သည့် အန္နာရွိုက်ဗရိုမီတာ ခေါ် ပြဒါးမပါသော လေဖိတိုင်းကို အသုံးပြုကြသည်။ လေယာဉ်ပျံများ၊ မီးပုံးပျံများဖြင့် အမြင့်တိုင်းရာ၌လည်း ဤ လေဖိတိုင်းကိုပင် သုံးစွဲကြသည်။ ဤလေဖိတိုင်းတွင် လေလုံ သေတ္တာတစ်ခု ပါရှိသည်။ ထိုသေတ္တာအပေါ်ဖုံးကို ပျော့ပျောင်း ကွေးညွှတ်လွယ်သော သတ္တုပြားဖြင့်လုပ်ထား၍ သတ္တုလက်တံ တစ်ခု တပ်ဆင်ထားသည်။ လေထုဖိအား ပြောင်းလဲပုံကို ဤလက်တံက ညွှန်ပြလေသည်။
စိုထိုင်းဆတိုင်းကိရိယာ
[ပြင်ဆင်ရန်]မိုးလေဝသအခြေအနေ ခန့်မှန်းရာ၌ အရေးတယူ စဉ်းစားရမည့် အချက်တစ်ခုသည် လေထုတွင်ပါဝင်သော ရေခိုး ရေငွေ့ အတိုင်းအဆပင်ဖြစ်သည်။ ထိုအချက်ကို လေထု၏ စိုထိုင်းမှုဟု ခေါ်သည်။ လေထု၏စိုထိုင်းမှုကို ရာခိုင်နှုန်းမည်မျှ ရှိသည်ဟု ဖော်ပြရေးသားလေ့ရှိသည်။ လေထုစိုထိုင်းမှုကို စိုထိုင်းမှုတိုင်းတံဖြင့် တိုင်းရလေသည်။ အလွယ်ကူဆုံး စိုထိုင်းမှု တိုင်းတံတစ်ခုမှာ ရာသီအိမ် ဟုခေါ်သော ကစားစရာ အိမ်ပုံ အရုပ်ကလေးဖြစ်သည်။ မိုးရွာတော့မည်ဆိုလျှင် ထိုရာသီအိမ် တံခါးဝတွင် ယောက်ျားရုပ်ကလေး ပေါ်လာ၍ နေသာမည်ဆို လျှင် တံခါးဝတွင် မိန်းမရုပ်ကလေး ပေါ်လာသည်။ ထို ရာသီအိမ် ခေါ် စိုထိုင်းမှုတိုင်းတံကို ကြောင်အူကျစ်ကြိုး များဖြင့် စီမံပြုလုပ်ထားသည်။ မိုးရာသီတွင် လေထုပို၍ စိုထိုင်း လာသောအခါ ကြောင်အူကျစ်ကြိုးသည် တိုသွားသည်။ ခြောက် သွေ့ ပူပြင်းသောရာသီတွင် လေထုစိုထိုင်းမှု နည်းသောအခါ ကြောင်အူကျစ်ကြိုးသည် ရှည်လာလေသည်။ လေထုစိုထိုင်းမှု အခြေအနေကိုလိုက်၍ ကြောင်အူကျစ်ကြိုး ရှည်လိုက် တိုလိုက် ဖြစ်သောကြောင့် ကြိုးအရှည်ကိုလိုက်၍ ယောက်ျားအရုပ် မိန်းမအရုပ်ကလေးများသည် ရှေ့တိုး နောက်ဆုတ် ပေါ်လိုက် ပျောက်လိုက်ဖြစ်ကြသည်။ လူတို့၏ ဆံချည်မျှင်သည်လည်း စွတ်စိုထိုင်းမှိုင်းသောအချိန်၌ တိုသွားတတ်သည်။ လေထုစိုထိုင်း မှု အခြေအနေကိုလိုက်၍ လူတို့၏ဆံချည်မျှင်သည် တိုတတ် ရှည်တတ်သော သတ္တိရှိသောကြောင့် လူ၏ဆံချည်မျှင်ဖြင့် စိုထိုင်းမှုတိုင်းစက် ပြုလုပ်ကြသည်။
လေထုစိုထိုင်းမှုတိုင်းရန် အများအားဖြင့် ဖန်သီးစို သာမိုမီတာနှင့် ဖန်သီးခြောက်သာမိုမီတာခေါ် အပူချိန်တံနှစ်ခုကို အသုံးပြုကြသည်။ လက်ဖြင့် လွှဲရမ်းကိုင်နိုင်သော လေဝှေ့ ရေငွေ့တိုင်းတံမျိုး၌ အပူချိန်တံနှစ်ခုကိုယှဉ်၍ သစ်သားဘောင် တစ်ခုတွင် မြဲမြဲတွယ်ကပ်ထားသည်။ အပူချိန်တံတစ်ခု၏ ဖန်သီးကို အဝတ်စိုဖြင့် ဖုံးအုပ်ထားသည်။ လေထု၏ စိုထိုင်းမှုကိုတိုင်းရန် လက်ကိုင်ဖြင့် အပူချိန်တံများကို လေထဲ၌လွှဲရမ်း ပေးရသည် သို့မဟုတ် အပူချိန်တံများကို ယပ်ခပ်ပေးရသည်။ ဖန်သီးစိုကို ဖုံးထားသောအဝတ်စိုမှ ရေငွေ့ပျံသောကြောင့် အစို တံမှ အပူချိန်ကျလာသည်ကို တွေ့ရလိမ့်မည်။ ခြောက်သွေ့ပူနွေး သောအချိန်၌ အပူချိန်အကျများ၍ စွတ်စိုထိုင်းမှိုင်းသောအချိန်၌ အပူချိန်အကျနည်းလေသည်။ အခြောက်တံ၏ အပူချိန်သည် လေထု၏ အပူချိန်ပင်ဖြစ်သည်။ အခြောက်တံနှင့်အစိုတံ၏ အပူချိန်နှစ်ခုကို သိရှိရသောအခါ စိုထိုင်းမှုကိန်းဇယားများမှ လေထု၏ စိုထိုင်းမှုကို ရှာဖွေတွက်ယူနိုင်လေသည်။
ထို့ပြင် အရည်ခဲမှတ် အပူချိန်ကိုရှာ၍ တွက်ယူရသော စိုထိုင်းမှုတိုင်းတံတစ်မျိုးရှိလေသည်။ ဤတိုင်းတံသည် အထက် က ဖော်ပြခဲ့သော ဖန်သီးစိုသာမိုမီတာနှင့် ဖန်သီးခြောက် သာမို မီတာနှစ်ခုရှိသော စိုထိုင်းမှုတိုင်းတံမျိုးပင်ဖြစ်၍ အစိုတံတွင် ရေကိုမသုံးဘဲ အီသာခေါ် အရက်ပြန်တစ်မျိုးကို အသုံးပြုသည်။ အီသာအရည်ကို အစိုတံဖန်သီးပေါ်သို့ချပေးလျှင် အလွန်လျင် မြန်စွာ အငွေ့ပျံသောကြောင့် အစိုတံအပူချိန် ချက်ချင်း ကျသွား လိမ့်မည်။ အပူချိန်ကျလာရာ နောက်ဆုံးအခြေအနေ၌ လေထဲပါ သော ရေခိုးရေငွေ့များ ဖန်သီးပေါ်တွင် အရည်ခဲအဖြစ် စုခဲလာ မည်။ ဤအခြေအနေ၌ မှတ်သားရရှိသော အစိုတံအပူချိန်သည် အရည်ခဲမှတ်ဖြစ်သည်။ အခြောက်တံမှ လေ၏သာမန်အပူချိန်ကို မှတ်သားရရှိနိုင်သည်။ ယင်းသို့ အရည်ခဲမှတ်နှင့် လေ၏သာမန် အပူချိန်တို့ကို သိရှိရသောအခါ ယခင်ကကဲ့သို့ပင် လေထု၏ စိုထိုင်းမှုကို ရှာဖွေတွက်ယူနိုင်လေသည်။
ရေခိုးရေငွေ့ကို စုပ်ယူလိုက်သည့်သတ္တိရှိသော ဓာတ် ပစ္စည်းကို အသုံးပြု၍လည်း လေ၏စိုထိုင်းမှုကို တိုင်းနိုင်လေ သည်။ ဥဒါဟရုဏ် ြ ထုထည် အရွယ်ပမာဏ သိရှိသော လေထုထဲသို့ အလေးချိန် သိပြီးဖြစ်သော ကယ်လဆီယမ် ကလိုရိုက် (ထုံးကျောက်)၊ သို့မဟုတ် ဆာလဖျူရစ်အက်ဆစ် (ကန့်ငရဲမီး)ကို ထည့်ပါ။ ထုံးကျောက်၊ သို့မဟုတ် ကန့်ငရဲမီး သည် လေထဲပါသော ရေခိုးရေငွေ့ကို စုပ်ယူလိမ့်မည်။ လုပ်ငန်း ပြီးစီး၍ ပြန်ချိန်တွယ်ကြည့်သောအခါ ထုံးကျောက်၊ သို့မဟုတ် ကန့်ငရဲမီး အလေးချိန်တိုးလာသည်ကို တွေ့ရလိမ့်မည်။ တိုးလာ သော အလေးချိန်သည် စုပ်ယူထားသော ရေခိုးရေငွေ့၏ အလေးချိန်ပင် ဖြစ်သည်။
ခေတ်မီစာသင်ကျောင်းများနှင့် ရုံးများတွင် စိုထိုင်းမှုတိုင်းတံကို ထားရှိသုံးစွဲကြသည်။ စက္ကူစက်၊ စီးကရက် ဆေးလိပ်စက်၊ အထည်စက် အစရှိသော စက်မှုလုပ်ငန်းများ၌ လေ၏စိုထိုင်းမှုကိုသိရန် အလွန်အရေးကြီးသောကြောင့် စိုထိုင်း မှု တိုင်းတံများ ထားရှိသုံးစွဲကြလေသည်။ စက်ရုံအတွင်းရှိ လေ ၏ စိုထိုင်းမှုအခြေအနေကို သိသောအခါ လုပ်ငန်းနှင့်သင့်လျော် မည့် အခြေအနေမျိုးဖြစ်အောင် ပြုပြင်ဖန်တီးယူ၍ အကောင်း ဆုံးအခြေအနေတွင် လုပ်ငန်းကို ကောင်းမွန်တွင်ကျယ်စွာ လုပ် ကိုင် ဆောင်ရွက်သွားနိုင်ပေသည်။
သာမိုမီတာ
[ပြင်ဆင်ရန်]အပူချိန်ကိုတိုင်းသော ပထမဆုံးအပူချိန်တံကို ၁၆ရာစု မကုန်ခင် ထင်ရှားကျော်စောသော အီတာလျံနက္ခတ်ပညာရှင် ဂယ်လီလေအိုက စတင်ပြုလုပ်ခဲ့သည်။ ထိုအပူချိန်တံသည် ယခု သုံးစွဲနေကြသော အပူချိန်တံများနှင့် မတူချေ။ ယင်းသည် လေဖြင့်ပြုလုပ်စီမံထား၍ အပူချိန်ကို လွယ်လွယ်နှင့်အကြမ်းသာ တိုင်းချိန်နိုင်လေသည်။ နောက်နှစ် အနည်းငယ်ကြာသောအခါ ဂယ်လီလေအိုသည် လေအစား အရက်ပြန်ဖြင့် တိုးတက်ကောင်း မွန်သော အပူချိန်တံကို ပြုလုပ်ပြန်လေသည်။ ယခုခေတ် အပူချိန်တံများနှင့် ရှေးကအပူချိန်တံများပြုလုပ်ပုံအခြေခံမူမှာ အတူတူပင်ဖြစ်သည်။ ထိုအခြေခံမူကား အရည် သို့မဟုတ် အငွေ့သည် အပူတိုက်ပေးသောအခါ ဖန်ထက်ပို၍ ပြန့်ကားသွားသည်။ တစ်ဖန် အအေးခံသောအခါ ဖန်ထက်ပို၍ ကျုံ့သည်ဟူသော သဘောတရားပင် ဖြစ်သည်။ သေးငယ်သောဖန်ချောင်းတွင် အရက်ပြန်ကိုထည့်ပါ။ ပြီးလျှင် ဖန်သီးကိုအပူတိုက်ပေးသောအခါ ဖန်ချောင်းအတွင်းရှိအရက်ပြန် မြင့်တက်လာသည်ကို တွေ့ရလိမ့်မည်။ အပူကြောင့် အရက်ပြန် မြင့်တက်သည့် အတိုင်းအဆဖြင့် အပူချိန်ကို တိုင်းချိန်လေ သည်။
အပူချိန်တံများတွင် အများအားဖြင့် ပြဒါးကို သုံးစွဲကြ သည်။ အဘယ်ကြောင့်ဆိုသော် ပြဒါးသည် မြင့်သော ရေဆူ အမှတ်နှင့် နိမ့်သောရေခဲမှတ်ရှိပြီးလျှင် အပူတိုက်ပေးသောအခါ ၌ ညီညာစွာပြန့်ကားခြင်းကြောင့်ပင် ဖြစ်သည်။ ပြဒါးသည် အပူချိန် ဖာရင်ဟိုက် ၆၇၅ ဒီဂရီ၌ ဆူ၍ အပူချိန် ဖာရင်ဟိုက် ၃၈ ဒီဂရီ၌ ခဲသည်။ ၃၈ ဒီဂရီ ဖာရင်ဟိုက်ထက် နည်းသော အပူချိန်ကိုတိုင်းရန် အရက်ပြန်နှင့်လုပ်သော အပူချိန်တံကို အသုံးပြုရသည်။ အဘယ်ကြောင့်ဆိုသော် လောက၌ မည်မျှပင် အေးသော ရာသီဥတုအခြေအနေပင်ဖြစ်စေကာမူ အရက်ပြန် သည် မခဲချေ။ အရက်ပြန်၏ခဲမှတ်သည် လောကတွင် တွေ့ကြုံ ခံစားနိုင်သော အအေးဆုံးအပူချိန်ထက် နည်းလေသည်။ အလွန် ပြင်းသောအပူချိန်ကိုတိုင်းချိန်ရန် ဓာတ်ငွေ့ သို့မဟုတ် လျှပ်စစ် အားဖြင့်ပြုလုပ်သော အပူချိန်တံတစ်မျိုးကို သုံးစွဲလေ့ရှိကြသည်။ ရိုးရိုးအပူချိန်တံများကို သေးငယ်သောပြွန်ရှိသည့် ဖန် ချောင်းတွင် ပြဒါး သို့မဟုတ် အရက်ပြန်ထည့်၍ ပြုလုပ်ထား သည်။ ပြဒါးထည့်ထားသော ဖန်သီးနှင့် ဖန်ပြွန်ချောင်းမှ လျှံ၍ ထွက်ကျလာလိမ့်မည်။ ထိုနောက် ဖန်ချောင်းထိပ်ဝကိုမီးမြှိုက်၍ အသေပိတ်ပါ။ ကြာ၍အေးသွားသောအခါ ပြဒါးသည်ကျုံ့ကျဉ်း ၍ ဖန်ချောင်းထဲတွင် နိမ့်ဆင်းသွားပြီးနောက် ဖန်ချောင်း အထက်ပိုင်း၌ လေဟာနယ်ဖြစ်နေလိမ့်မည်။ အပူတိုက်ခြင်း၊ အအေးခံခြင်းလုပ်ငန်းများ ပြီးစီးသွားသောအခါ အပူချိန်တံသည် နဂိုအခြေအနေတွင် ရှိနေမည်။ ထိုနောက် အပူချိန်ပြောင်းလဲပုံ တိုင်းချိန်ရန် ဖန်ချောင်းပေါ်၌ အမှတ်များ ရေးမှတ်ရလေသည်။
အပူချိန်တံ၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံးအမှတ်များလွယ်ကူစွာရှာနိုင်သော အပူချိန်အမှတ်နှစ်ခုမှာ ရေခဲ သော အပူချိန်အမှတ်နှင့် ရေဆူသော အပူချိန်အမှတ်ပင်ဖြစ်သည်။ အပူချိန်တံတွင် ရေခဲမှတ်ကိုမှတ်သားရန် အရည်ပျော်နေ သော ရေခဲတွင် အပူချိန်တံကို ထည့်သွင်းထား၍ ဖန်ပြွန်ချောင်း အတွင်း ရပ်တည်နေသော ပြဒါးထိပ်စွန်းနေရာကို မှတ်သားရ သည်။ ရေခဲမှတ်နှင့် ရေဆူမှတ်မျာကို မှတ်သားပြီးသောအခါ ထိုအမှတ်နှစ်ခုကြားရှိနေရာကို ညီမျှသောအစိတ်အပိုင်းများ စိတ် ပိုင်း မှတ်သားပြန်လေသည်။ ထိုအစိတ်အပိုင်းတစ်ခုကို ဒီဂရီ ဟုခေါ်ဆိုလေသည်။
သိပ္ပံပညာရပ်များတွင် သုံးစွဲလေ့ရှိသော ရာစိတ်မူ စင်တီဂရိတ် အပူချိန်စကေး၌ ရေခဲမှတ်ကို သုညဒီဂရီနှင့် ရေဆူမှတ်ကို ၁ဝဝ ဒီဂရီ မှတ်သားထားသည်။ အင်္ဂလိပ်စကား ပြောဆိုကြသောနိုင်ငံများ၌ သာမန်အားဖြင့်သုံးလေ့ရှိသော ဖာရင်ဟိုက် အပူချိန်စကေး၌ ရေခဲမှတ်ကို ၃၂ ဒီဂရီနှင့် ရေဆူ မှတ်ကို ၂၁၂ ဒီဂရီ မှတ်သားထားသည်။ ဖာရင်ဟိုက် အပူ ချိန်စကေးကို ၁၈ ရာစုနှစ်အစလောက်က ဂျာမန်သိပ္ပံပညာ ကျော် ဂေးဗရီးယယ်ဒ်းနယဲ ဖာရင်ဟိုက် ဆိုသူက စတင် တီထွင်ခဲ့သည်။ ထိုပုဂ္ဂိုလ်သည် ဆား၊ ရေနှင့် ရေခဲဓာတ်ပစ္စည်း သုံးမျိုးပါသော ဓာတ်ရောသည် ရေခဲမှတ် အပူချိန် ဖာရင်ဟိုက် ၃၂ ဒီဂရီထက်အေးသော အပူချိန်ရှိကြောင်း တွေ့လေသည်။
ထိုဓာတ်ရော၏ အပူချိန်အမှတ်ကို သုညဒီဂရီအမှတ်ဟု ဒန်းန ယဲ ဖာရင်ဟိုက်က မှတ်သားထားပြန်လေသည်။ ဂျာမနီနိုင်ငံ တွင်း သုံးစွဲလေ့ရှိသော ရိုမာ အပူချိန်စကေး၌ ရေခဲမှတ်ကို သုညဒီဂရီနှင့် ရေဆူမှတ်ကို ၈ဝ ဒီဂရီ မှတ်သားထားသည်။ အများအားဖြင့် အပူချိန်တံများတွင် စကေးတစ်မျိုး တည်းသာ မှတ်သားထားလေ့ရှိသည်။ ထိုကြောင့် ဖာရင် ဟိုက် စကေးအပူချိန်နှင့် စင်တီဂရိတ် စကေးအပူချိန်ကို နှိုင်းရှည့်တတ်ဖို့ လိုပေသည်။
စင်တီဂရိတ်စကေး အပူချိန်ကို ဖာရင်ဟိုက်စကေးအပူ ချိန်သို့ ပြောင်းလဲမှတ်ယူနိုင်ရန် ဦးစွာ အပူချိန်ဂဏန်းကို ၆/၅ ၆ /၅ နှင့်မြေ|ာက်၍ ၃၂ ပေါင်းထည့်ပါ။ ဥဒါဟရုဏ်၊ ၂ဝ ဒီဂရီ စင်တီဂရိတ်သည် ဖာရင်ဟိုက် ဒီဂရီမည်မျှနှင့် တူညီသည်ကို ရှာလိုလျှင်
၂ဝ Ö ၉ /၅ + ၃၂ = ၆၈
၂ဝ ဒီဂရီ စင်တီဂရိတ်သည် ၆၈ ဒီဂရီ ဖာရင်ဟိုက်နှင့် ညီမျှ လေသည်။ တစ်ဖန် ၆၈ ဒီဂရီဖာရင်ဟိုက်နှင့် ညီမျှသော စင်တီ ဂရိတ်ဒီဂရီကိုရှာလိုလျှင် ပထမ ၃၂ နုတ်၍ ကျန်ကိန်းကို ၅/၉ နှင့်မြေ|ာက်ပါ။ ၂ဝ ရပါလိမ့်မည်။ ဥဒါဟရုဏ်၊
(၆၈ - ၃၂) Ö ၅ / ၉ = ၂ဝ
ယခုခေတ်၌ အပူချိန်တံများသည် အလွန်အသုံးဝင်လေ သည်။ ဆရာဝန်များသုံးစွဲရန် သီးခြား အထူးအပူချိန်တံများ လည်းရှိသည်။ ဖျားနာသောအခါ ဖျားသွေး ရှိမရှိ သိရှိရန် လျှာ အောက်တွင် အပူချိန်တံကိုထား၍ ကိုယ်ပူချိန်ကို ဆရာဝန်က တိုင်းချိန်ကြည့်သည်ကို မြင်ဖူးကြပေမည်။ ဆရာဝန်သုံး အပူ ချိန်တံ၌ ဖန်သီးအထက်နားက ဖန်ပြွန်ချောင်းကို အနည်းငယ် ကျဉ်းထားသည်။ အဘယ်ကြောင့်ဆိုသော် အပူချိန်တံကို ပါးစပ်
တွင်းမှ ပြန်ထုတ်ယူသောအခါ ပြဒါးမျဉ်းအောက် ပြန်ကျမသွား စေရန်ဖြစ်သည်။ သို့သော် ပြဒါးပြန့်ကားလာသောအခါ ဖန် ပြွန်ချောင်းတစ်လျှောက်အတိုင်း အထက်သို့ ပြဒါးမတက်နိုင်
လောက်အောင်လည်း အလွန်အမင်း ကျဉ်းမထားချေ။ နေထိုင် ကောင်းနေသော သာမန်လူကိုယ်၏ အပူချိန်သည် ဖာရင်ဟိုက် ၉၈.၄ ဒီဂရီဖြစ်သည်။ ဆရာဝန်သုံးအပူချိန်တံတွင် ဖာရင်ဟိုက်
၉၃ ဒီဂရီမှ ဖာရင်ဟိုက် ၁၁ဝ ဒီဂရီအထိ မှတ်သားထားလေ သည်။
အပူချိန်ပြောင်းလဲပုံကို အမြဲမှတ်သားနိုင်သော အပူချိန် မှတ်ပုံတင်စက်များလည်း ရှိလေသည်။ အလွယ်ကူဆုံး ပုံစံသည် ကား သတ္တုခွေတစ်ခုတွင် အပ်တစ်ချောင်း တွဲထား၍ အပူချိန် ပြောင်းလဲသောအခါ ထိုသတ္တုခွေသည် ကွေးချည်ဆန့်ချည် ဖြစ် နေသောကြောင့် တွဲထားသောအပ်က နာရီစက်ဖြင့် ပတ်ပတ် လည်နေသောစက်ကိုယ်ထည် ဇယားကွက်ပေါ်တွင် အပူချိန်ကို မှတ်ထားလေသည်။ အိမ်သုံး ခွက်ပုံအပူချိန်ခွက်များတွင်လည်း ဤစနစ် မူကိုယူ၍ ပြုလုပ်ထားလေသည်။
မိုး
[ပြင်ဆင်ရန်]ကမ္ဘာပေါ်တွင် မြေဩဇာအကြွယ်ဝဆုံး လယ်ယာမြေ ဖြစ်လင့်ကစား မိုးရေ သို့မဟုတ် ဆည်မြောင်းဖြင့် သွင်းပေး သော ရေမရလျှင် စိုက်ပျိုးရေးအတွက် အဖိုးတန်တော့မည် မဟုတ်ချေ။ လယ်ယာမြေတို့ကို ဆည်မြောင်းဖြင့် သွင်းပေး သော တေသည်လည်း မူလက မိုးရေပင်ဖြစ်သည်။ ရေများများရ သော လယ်ယာမြေသာလျှင် တန်ဖိုးရှိသည်။
မိုးမများလွန်း မနည်းလွန်းဘဲ မိုးမျှတသော အရပ် ဒေသတို့၌ အများအားဖြင့် လူဦးရေပေါများ စည်ကားသည့် အပြင် လူတို့အတွက် အလွန်အသုံးဝင်သော စိုက်ပျိုးပင် ကောက်ပင် သီးနှံများလည်း ကြီးပွားဖြစ်ထွန်းကြလေသည်။ အာသံပြည်၊ ချာရာပွန်ဂျီမြို့၌ နှစ်စဉ် မိုးရေချိန်လက်မ ၄၅ဝ အထိ မိုးရွာသွန်းလေ့ရှိရာ၊ ဥတုရာသီ စိုစွတ်ထိုင်းမှိုင်းလွန်း သောကြောင့် လူတို့နေထိုင်မှု သာယာနှစ်သိမ့်စရာ မရှိပေ။ တစ်ဖန် အာဖရိကတိုက် အနောက်တောင်ပိုင်း ဝဲလဗစ်ပင်လယ် ကွေ့ အရပ်၌ နှစ်စဉ် မိုးရေချိန် ဝ.၃ လက်မသာ ရွာသော ကြောင့် ဥတုရာသီ ခြောက်သွေ့ပူပြင်းလွန်းသဖြင့် ထိုအရပ် ဒေသ၌လည်း လူတို့နေထိုင်မှု သာယာနှစ်သိမ့်ဖွယ် မရှိပေ။
ဥတုရာသီမျှတသော အရပ်ဒေသတို့၌သာလျှင် လူတို့နေထိုင်မှု သာယာနှစ်သိမ့်ဖွယ်ရာ ကောင်းသောကြောင့် လူဦးရေ ပေါများ စည်ကားလေသည်။
ကောက်ပဲသီးနှံ သဘာဝပေါက်ပင်တို့သည် မိုးကောင်း သလို မိုးနည်းများ အခြေအနေကိုလိုက်၍ ပေါက်ရောက် ဖြစ် ထွန်းကြသည်။ ဆဟားရားသဲကန္တာရ၊ ဩစတြေးလီးယားပြည် အလယ်ပိုင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းကဲ့သို့ ခြောက်သွေ့သော ဒေသတို့၌ ကောက်ပဲသီးနှံ၊ သစ်ပင်မြက်ပင်များ အနည်းငယ် သာပေါက်ရောက်သည်။ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း နယ်များ၊ ဥရောပနိုင်ငံများနှင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်နယ်
များကဲ့သို့ မိုးမျှတသောဒေသ၌ ကောက်ပဲသီးနှံများ ကောင်းစွာ ပေါက်ရောက်ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံ ရခိုင်တိုင်းကဲ့သို့ အလွန်အမင်း မိုးအားကြီးသောဒေသတို့၌ကား သီးနှံသစ်ပင်များ ပေါက်ရောက်လွန်း၍ တားဆီးမနိုင်အောင်ပင် ဖြစ်လေသည်။
ရေခိုးရေငွေ့ပါ၍ စိုထိုင်းသောလေသည် အထက်သို့ ပျံ တက်သောအခါ လေထဲ၌ပါသော ရေခိုးရေငွေ့တို့သည် အေးလာ ၍ ရေစက်ရေပေါက်အဖြစ် စုခဲသွားပြီးလျှင် မိုးအဖြစ် ရွာချလေ သည်။ လေအထက်သို့ ပျံတက်သောအကြောင်း သုံးမျိုးရှိသည်။ ပထမအကြောင်းကား နေပူရှိန်ကြောင့် သာမန်ရေငွေ့ပျံခြင်း ဖြစ် သည်။ ဒုတိယအကြောင်းကား လေစီးကြောင်းတွင် ကာဆီးနေ သော တောင်တန်းက လေကိုအထက်သို့ မြင့်တက်စေခြင်းဖြစ် သည်။ တတိယအကြောင်းကား လေထုနှစ်မျိုး တွေ့ဆုံရာ မျက်နှာစာတွင် လေအေးထုက အောက်ခံပင့်တင်ပေး၍ စိုထိုင်း သော လေကြောင်း အထက်သို့မြင့်တက်ခြင်း ဖြစ်သည်။
ကမ္ဘာ့သမပိုင်းရှိ တိုင်းနိုင်ငံတို့တွင် အများအားဖြင့် တတိယအကြောင်းကြောင့် မိုးရွာသွန်းလေသည်။ ထိုအကြောင်း အပြင် တောင်တန်းကုန်းမြင့်ဒေသတို့ကို ဖြတ်သန်းသွားရသော အခါ ထိုအရပ်ဒေသတို့၌ ပိုမိုရွာသွန်းလေသည်။ ထိုသို့ မိုးရွာ သွန်းရာ၌ တောင်တန်း၏လေကြေဘက်တွင် မိုးအလွန်နည်းပါး ၍ လေညာဘက်တွင် မိုးပိုမိုများပြားလေသည်။ ရေခိုးရေငွေ့ သယ်ဆောင်လာသောကြောင့် လေသည် မြင့်မားသော တောင် တန်းနှင့် တွေ့ဆုံသောအခါ တောင်တန်းကို ဖြတ်ကျော်နိုင်ရန် အထက်သို့မြင့်တက်၍ လေထဲ၌ပါသော ရေခိုးရေငွေ့တို့ ရေစက် ရေပေါက်အဖြစ် ပြောင်းလဲပြီးလျှင် မိုးရွာသွန်းချလေသည်။ အနောက်တောင် မုတ်သုန်ရာသီလေ တိုက်ခတ်ရာ မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတွင်၊ မြန်မာနိုင်ငံ ရခိုင်နှင့် တနင်္သာရီ ကမ်း မြောင်ဒေသများ၌ ရခိုင်ရိုးမနှင့် တနင်္သာရီရိုးမ တောင်တန်းကြီး များကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘက် ကမ်းရိုး တန်းဒေသများတွင် အနောက်ဂတ်တောင်တန်းကြီးကြောင့်လည်း ကောင်း အခြားဒေသများထက် မိုးပိုမိုရွာသွန်းသည်မှာ အထက် ပါ အချက်ကို ထောက်ခံသော ဥဒါဟရုဏ်ပင်ဖြစ်လေသည်။
ကမ္ဘာ့အပူပိုင်းနိုင်ငံများ၏ အလယ်ပိုင်းဒေသများသည် မိုးနည်းပါး၍ သဲကန္တာရအပိုင်းများ ဖြစ်ကြသည်။ ထိုဒေသများ၌ ပြောပလောက်အောင် မိုးရွာသွန်းသည်ကို မတွေ့ရချေ။ ဥရောပနိုင်ငံအများ၌ပင် နှစ်စဉ် မိုးရေချိန် လက်မ ၂ဝ ကျော် မိုးရွာလေသည်။ အိန္ဒိယ၊ တိဗက်နှင့် တရုတ်နိုင်ငံတို့မှ တစ်ပါး ကျန်အာရှတိုက်ဒေသများ၌ များသောအားဖြင့် နှစ်စဉ်မိုးရေချိန် လက်မ ၂ဝ ထက် နည်းပါးလေသည်။ အာရေဗျနိုင်ငံ၊ မွန်ဂိုလီးယားပြည်၊ ဩစတြေးလီးယား တိုက်အလယ်ပိုင်း၊ အာဖရိကတိုက်အနောက်တောင်ပိုင်း စသော ဒေသများ၌ နှစ်စဉ်မိုးရေချိန် ၁ဝ လက်မထက်ပင် နည်းသေး သည်။ မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသ၊ အိန္ဒိယနိုင်ငံ အနောက် ကမ်းရိုးတန်းဒေသ၊ အာသံပြည်နှင့် အီကွေတာနှင့် ၁ဝ ဒီဂရီ မြောက် လတ္တီတွဒ်ကြားရှိ အာဖရိကတိုက်အနောက်ကမ်းရိုးတန်း ဒေသများတွင် နှစ်စဉ် မိုးရေချိန်လက်မ ၁ဝဝ ထက်ပို၍ မိုးကြီး လေသည်။ ကမ္ဘာပေါ်၌ မိုးအရွာဆုံးဒေသသည် အာသံပြည်၊ ချာရာပွန်ဂျီမြို့ ဖြစ်၍ နှစ်စဉ် မိုးရေချိန်လက်မ ၁ဝဝ ထက် ပို၍ မိုးကြီးလေသည်။
ကမ္ဘာပေါ်၌ မိုးအရွာဆုံးဒေသသည် အာသံပြည် ချာရာ ပွန်ဂျီမြို့ဖြစ်၍ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၄၂၈ လက်မ ရွာသွန်း လေသည်။
မြန်မာနိုင်ငံတွင် မိုးအရွာဆုံး ခရိုင်သည် ထားဝယ် ခရိုင်ဖြစ်၍ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၂၁၁ လက်မခန့် ရွာသည်။ မိုးအနည်းဆုံးခရိုင်သည် စစ်ကိုင်းခရိုင်ဖြစ်၍ နှစ်စဉ်ပျမ်းမျှ မိုး ရေချိန် ၂၉ လက်မသာ ရွာလေသည်။
မြန်မာနိုင်ငံတွင် မိုးအရွာဆုံးမြို့သည် သထုံမြို့ဖြစ်၍ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၂၁၇ လက်မရွာသည်။ မိုးအနည်းဆုံး မြို့သည် ပခုက္ကူမြို့ဖြစ်၍ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၂၄ လက်မ သာ ရွာလေသည်။ ရန်ကုန်မြို့၏ နှစ်စဉ် ပျမ်းမျှမိုးရေချိန် သည် ၁ဝ၅ လက်မဖြစ်သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)