လေတိုက်ခတ်ခြင်း

ဝီကီပီးဒီးယား မှ
တစ်နာရီလျင် ၄၉ မိုင်နှုန်းဖြင့် တိုက်ခတ်နေစဉ် ချယ်ရီပင်လှုပ်ယမ်းနေပုံ

လေတိုက်ခတ်ခြင်းသည် အရေးကြီးသောအရာဖြစ်၍ လေမတိုက်ခတ်လျှင် မိုးရွာနိုင်မည်မဟုတ်။ လေသည် ပင်လယ်မှ မိုးရေကို ယူဆောင်ခဲ့၏။ ကမ္ဘာမြေမျက်နှာသွင်ပြင်ကို ပြောင်းလဲပေး၏။ သို့ဖြစ်၍ လေတိုက်ခတ်ခြင်း၏ အကြောင်းရင်းကို လေ့လာပေသည်။ နေရောင်ခြည်များသည် မြေနှင့်ရေ‌ပေါ်သို့ ညီတူညီမျှကျရောက်စေကာမူ နေရောင်ခြည်မှ အပူဓာတ်ကိုစုပ်ယူရာ၌ မြေနှင့် ရေမတူချေ။ ပင်လယ်ပေါ်သို့ ကျရောက်သော အပူဓာတ်မှာ ရေကိုရေခိုး ရေငွေ့အဖြစ်သို့ ပြောင်လဲရာ၌ အမြောက်အမြား ကုန်ခန်းသွား၏။ ရေကလည်း အပူဓာတ်ကို နှေးနှေးစုတ်ယူ၏။ မြေကြီးကား အပူဓာတ်ကို မြန်မြန်စုတ်ယူ၏။ မြေကြီးပေါ်မှ ရေခိုးရေငွေ့အဖြစ်သို့ ပြောင်းလဲစေသဖြင့် ကုန်ခန်းသွားသော အပူဓာတ်ကလည်းနည်းပါး၏။ အပူဓာတ်ကို စုတ်ယူရာ၌ အင်အားချင်းမတူသည့်နည်းတူ ထုတ်ပစ်ရာ၌လည်း အင်အားချင်း ကွာခြား၏။ မြေကြီးက ရေထက် လျင်မြန်စွာ အပူဓာတ်ကို ထုတ်ပစ်၏။ နေ့အခါ၌ ကုန်းပေါ်ရှိလေသည် ပူ၍ပျံတက်သွားသဖြင့် လေဖိအားနည်းသွား၏။ ထိုအခါ အေးသဖြင့် ဖိအားများနေသော ပင်လယ်မှ လေသည် ကုန်းဘက်သို့ တိုက်ခတ်၏။ ညဉ့်အခါ၌ကား မြေကြီးသည် ပင် လယ်ထက် လျင်မြန်စွာ အေးသွား၍ ကုန်းမှလေသည် ဖိအားများသဖြင့် ပင်လယ်ဘက်သို့ တိုက်ခတ်၏။ သို့ဖြစ်၍ လေတိုက်ခတ်ခြင်းမှာ လေ၏ဖိအား တစ်နေရာနှင့်တစ်နေရာ မတူသောကြောင့်ဖြစ်၏။ လေသည် ဖိအားများသောနေရာမှ နည်းသောနေရာသို့ တိုက်ခတ်စမြဲဖြစ်၏။ ကမ္ဘာပေါ်တွင် အီကွေတာဖြတ်သွားသော အရပ်ဒေသများသည် တစ်နှစ်လုံးပူပြင်း၍ လေသည် အထက်သို့တက်သဖြင့် ဖိအားနည်း၏။ ထိုလေသည် ဝင်ရိုးစွန်းများဘက်သို့ ရွေ့သွားရာအပေါ်၌ အအေးဓာတ်နှင့် တွေ့ပြီးလျှင် အီကွေတာ၏ မြောက်နှင့်တောင်လတ္တီတွဒ် ၃ဝ အနီးတွင် မြေပေါ်သို့ သက်ဆင်း၏။ သို့ဖြစ်၍ မြောက်ယဉ်စွန်းတန်း၏ မြောက်ဘက်နှင့် တောင်ယဉ်စွန်းတန်း၏ တောင်ဘက်တွင် လေ၏ဖိအားများ၏။ အာတိတ်စက်ဝိုင်း အရပ်များအနီး၌ကား ကမ္ဘာလည်နေသဖြင့် လေဖိအား နည်းသွားပြန်၏။ သို့ဖြစ်၍ လေဖိအားများသော မြောက်ယဉ်စွန်းနှင့် တောင် ယဉ်စွန်းအနီးအနားမှ လေတို့သည် ဖိအားနည်းသော အီကွေတာအရပ် ဝင်ရိုးစွန်းအရပ်များသို့ တိုက်ခတ်ကြ၏။ ထိုသို့တိုက်ခတ်ရာ၌ ကမ္ဘာဂြိုဟ်က မိမိဝင်ရိုးပေါ်၌ လည်နေသဖြင့် လေတိုက်ခတ်ရာလမ်းကြောင်းသည် ကမ္ဘာ့မြောက်ပိုင်း၌ လက်ယာဘက်သို့လည်းကောင်း၊ တောင်ပိုင်း၌ လက်ဝဲဘက် သို့လည်းကောင်း ရွေ့စောင်းသွား၏။ သို့ဖြစ်၍ နဂိုမူလက မြောက်နှင့်တောင်သို့ တိုက်ခတ်မည်ဖြစ်သော လေလမ်းကြောင်းကို ဖော်ပြပါပုံအတိုင်း တွေ့ရ၏။

လေတိုက်ခတ်ခြင်းသည် ကမ္ဘာ့လေထု၏ လည်ပတ်မှုတစ်ခုပင်ဖြစ်သည်။

အီကွေတာဖက်သို့ တိုက်ခိုက်သောလေများကို ကုန်သည်လေဟုခေါ်ခြင်းမှာ တစ်ခါက ထိုလေများသည် ရွက်သင်္ဘောဖြင့် ပင်လယ်၌ သွားလာကြရသော ကုန်သည်များအား အထောက်အပံ့ ဖြစ်စေခဲ့သောကြောင့် ထိုသို့ခေါ်ဝေါ်ခြင်း ဖြစ်တန်ရာ၏။ ယဉ်စွန်းတန်းများမှ ဝင်ရိုးစွန်းဘက်ဆီသို့ တိုက်ခတ်သောလေများမှာ ကုန်းမြေနည်းပါးသော ကမ္ဘာတောင်ပိုင်း၌ အထူး ပြင်းထန်လှ၏။ အီကွေတာနှင့် ယဉ်စွန်းတန်းများအကြားရှိ လေငြိမ်သက်သော အပိုင်းကို ဒေါလဒရမ်ခေါ်၍ ယဉ်စွန်းတန်းများအနီးရှိ လေငြိမ်သက်သော အပိုင်းကိုကား မြင်းစွန့်လေငြိမ်ရပ်ဝန်းဟုခေါ်၏။ ယင်းသို့ခေါ်ခြင်းမှာ ရှေးအခါကမြင်းများကို တင်ဆေင်လာသော သင်္ဘောများသည် ထိုနေရာ၌ လေငြိမ်သက်၍ သင်္ဘောများမသွားနိုင်သောအခါ ပါလာသောမြင်းများကို ပင်လယ်ထဲသို့ ပစ်ချရသောကြောင့် ခေါ်ခြင်းဖြစ်သည်ဟု ပြောစမှတ်ပြကြ၏။ ကမ္ဘာ့လေလမ်းကြောင်းများသည် အမြဲတည်ရှိသည်မဟုတ်။ လေ၏ဖိအားသည် နေ၏အပူဓာတ်ကို အမှီပြုရပေရာ၊ လေလမ်းကြောင်းများသည်လည်း နေကိုအမှီပြု၍ အနည်းငယ်ရွေ့ရှားရ၏။ ကမ္ဘာ့မြောက်ပိုင်းသို့ နေရောက်နေသောအခါ လေလမ်းကြောင်းများသည် မြောက်ဘက်သို့ နေရောက်သွားသောအခါ တောင်ဘက်သို့ အနည်းငယ်ရွေ့သွားကြောင်းကို သတိပြုသင့်ပေသည်။

မြန်မာနိုင်ငံသို့ မိုးရေယူဆောင်ခဲ့သောလေမှာ အနောက်တောင်မုတ်သုန်လေ ဖြစ်၏။ ထိုလေသည် နွေရာသီအာရှတိုက် အလယ်ပိုင်းတွင် အလွန်ပူပြင်းပြီးလျှင် လေဖိအားနည်းသောကြောင့် အိန္ဒိယသမုဒ္ဒရာမှ တိုက်ခတ်လာခြင်းဖြစ်သည်။ ထိုလေသည် နဂိုမူလက အရှေ့တောင်ကုန်သည်လေ ဖြစ်၏။ အီကွေတာကို ဖြတ်ကျော်မိသောအခါကျမှ ကမ္ဘာလည်နေသဖြင့် လမ်းကြောင်းပြောင်း၍ အနောက်တောင်မုတ်သုန်လေ ဖြစ်လာလေသည်။ [၁] )

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)