နဝကမ္မ

ဝီကီပီးဒီးယား မှ

ရဟန်းကိစ္စ နှစ်ဌာနဖြစ်သော ဂန္ထဓုရ၊ ဝိပဿနာ ဓုရုတို့သည် ဧကန်မလွဲမသွေကျင့်ရမည့် တာဝန်များဖြစ် သလို ရဟန်းတော်များအဖို့ ရှောင်လွှဲမရ၊ အပ်စပ်စွာ ဝိနည်းတော်နှင့်အညီ ဆောင်ရွက်သင့်သော ကိစ္စရပ်များလည်း ရှိသေးသည်။ လူ့လောကဝယ် လူရယ်လို့ ဖြစ်လာသောအခါ သဘာဝအရ ရှောင်လွှဲမရသော စားဝတ်နေရေး တာဝန်တို့ ရှိသေးသည်။ ရဟန်းတော်များအဖို့ ဆွမ်းကိစ္စ၊ ကျောင်းကိစ္စ၊ သင်္ကန်းကိစ္စ၊ ဆေးကိစ္စတို့ ရှိသေးသည်။ ထိုထိုကိစ္စ ကြီးငယ်တို့သည် အသက်ရှင် လှုပ်ရှားနေမှုအတွက် မပါမပြီး အရေးကြီးသော ကိစ္စများပင် ဖြစ်သည်။ သို့သော် ထိုတာဝန်တို့သည် ရဟန်းတော်တစ်ပါးအဖို့ ပင်မတာဝန် နှစ်ရပ်မှ တပါး အခြားတာဝန်သစ် လုပ်ငန်းသစ်များသာ ဖြစ်သည်။ သို့ဖြစ်၍ ထိုထိုများပြားလှသည့် ဆောင်ရွက်ဖွယ် တာဝန်တို့ကို “နဝကမ္မ” အလုပ်အကိုင်အသစ်အဆန်းများ၊ အပိုတာဝန်များဟု ဆိုကြသည်။ သင်္ကန်းဆိုး-သင်္ကန်း ဖွတ်-သင်္ကန်းချုပ်-ခေါင်းရိတ်-သပိတ်ဖုတ်-သပိတ်အိတ် ချုပ်-ကျောင်းဆောက်-ကျောင်းပြင်-ဆေးရှာ-ဆေးစပ် စသော မြတ်စွာဘုရား ခွင့်ပြုတော်မူခဲ့သော ရဟန်းတော်တို့နှင့် အပ်စပ်သော အလုပ်ကိစ္စများ အားလုံးသည် နဝကမ္မများ ဖြစ်ကြသည်၊ ပင်မတာဝန်ကြီးနှစ်ရပ်မှ အပိုတာဝန် အလုပ်အကိုင်အသစ်များပင် ဖြစ်သည်။

ထိုနဝကမ္မသည်လည်း သာသနာတော်ကြီ အရှည်တည်တံ့ ပြန့်ပွားထွန်းကား တိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည်သာ ဖြစ်သည်။ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက် ဆောင်ရွက်ရန် ဝိနည်းတော်က ခွင့်ပြုတော်မူခဲ့သော ထိုနဝကမ္မအလုပ်များအတွက် ရဟန်းဟော်တို့သည် ကြောင့်ကြစိုက်သင့်က စိုက်ရမည်သာဖြစ်ပါသည်။[၁]

နဝကမ္မအား လှူဒါန်းခြင်း[ပြင်ဆင်ရန်]

ရွှေငွေကို လှူဒါန်းကြရာ၌ အပ်စပ်အောင် လှူဒါန်းတတ်ဖို့ အရေးကြီးလှပါသည်။ ဒကာလုပ်သူက အပ်စပ်အောင် လှူဒါန်းပါလျှင် ရဟန်းတော်များအနေဖြင့် ပယ်မြစ်နေရန် မလိုတော့ပါ။ ကပ္ပိယညွှန်း၍ စီမံသုံးစွဲနိုင်ပါသည်။ ဒကာလုပ်သူက သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်ကို သီးခြား မသုံးသပ်ဘဲ “ဤရွှေငွေများကို စေတီတော်အတွက် လှူဒါန်း ကြပါကုန်၏၊ ကျောင်းအတွက် လှူဒါန်းကြပါကုန်၏၊ နဝကမ္မအတွက် လှူဒါန်းကြပါကုန်၏”ဟု ပြောဆို လှူဒါန်းကြပါလျှင် မတားမြစ်ကောင်းကြောင်း ဝိနည်းအဋ္ဌကထာ၌ ဖွင့်ဆိုထား ပါသည်။

ထို့ကြောင့် ရွှေငွေလှူဒါန်းလိုကြသော ဒကာဒကာမတို့သည် သာသနာတော်အား အထောက်အပံ့ပြုကြရာ၌ ဘုရားစေတီတော်အား လှူဒါန်းလိုပါလျှင်-

“ဤရွှေငွေများကို စေတီတော်အား လှူဒါန်းပါကုန်၏ အရှင်ဘုရား”ဟု-

လျှောက်ထား၍ လှူဒါန်းရပါမည်။ ကျောင်းတိုက်တာအား လှူဒါန်းလိုပါလျှင်-

“ဤရွှေငွေများကို ကျောင်းအား လှူဒါန်းပါကုန်၏ အရှင်ဘုရား”ဟု-

လျှောက်ထား၍ လှူဒါန်းရပါမည်။ ရဟန်းသံဃာတော်များ၏ အမှုကိစ္စသစ်အား လှူဒါန်းလိုပါလျှင်-

ဤရွှေငွေများကို အရှင်ဘုရား၏ အမှုကိစ္စသစ် (နဝကမ္မ)အား လှူဒါန်းပါကုန်၏အရှင်ဘုရား”ဟု-လျှောက်ထား၍ လှူဒါန်းရပါမည်။

ထိုသို့ သာသနာတော်အား လှူဒါန်းလာသော ရွှေငွေပစ္စည်းများကို ကိုယ်တိုင် ကိုင်တွယ်သုံးစွဲမှုကို မပြုဘဲ ကပ္ပိယကာရကညွှန်၍ ကပ္ပိယကာရကဖြင့် စီမံခန့်ခွဲ သုံးစွဲ နိုင်ပါသည်။[၁]

ကပ္ပိယညွှန်းပုံ[ပြင်ဆင်ရန်]

ယခုခေတ်၌ ငွေအသုံးချမှု ကျယ်ပြန့်လာသည်။ ငွေသည် ခရီးသွားလာရေး၊ ပစ္စည်းရောင်းဝယ်ရေး၊ လှူရေး တန်းရေး၊ သာရေး နာရေး၊ ကျန်းမာရေးတို့တွင် မပါမပြီး အရေးကြီးလာသည်၊ ရဟန်းတော်တို့သည် ငွေအလှူခံမှု-ငွေကိုင်တွယ်သုံးစွဲမှုများကို မလွှဲမရှောင်သာ ဆောင်ရွက် လာရသည့်အခါများ ရှိလာ၏။

မြတ်စွာဘုရားရှင်က ငွေရေး ကြေးရေးနှင့် ပတ်သက်၍ ဤသို့ ပညတ်တော်မူ၏။ သဒ္ဓါတရားရှိသူတို့က “ဤငွေဖြင့် ရဟန်းတော်တို့အား အပ်စပ်သော ပစ္စည်းကို ဘုန်းကြီးအား လှူပါ”ဟု မှာထား၍ ကပ္ပိယထံ ငွေကို အပ်နှံထားတတ်ကြသည်၊ ထိုသို့ အပ်ထားကြရာ၌ ထိုငွေမှ အပ်စပ်သောပစ္စည်းကို သာယာကောင်း၏၊ တောင်း ယူကောင်း၏၊ ရွှေ ငွေကိုကား မည်သည့်ပရိယာယ်နှင့်မျှ မသာယာကောင်းဟု မိန့်တော်မူ၏။

သို့ဖြစ်၍ ရွှေငွေကို အလှူခံဖွယ်ကိစ္စ ကြုံတွေ့ လာလျှင် အောက်ပါအတိုင်း ကပ္ပိယညွှန်၍ ဆောင်ရွက် သင့်ပေသည်။[၁]

ကပ္ပိယကာရက ဖြစ်ထိုက်သူ[ပြင်ဆင်ရန်]

သီတင်းသုံးဘော် (၅) ဦးဖြစ်သော ရဟန်း-ရဟန်းမ-သိက္ခမာန်-သာမဏေ-သာမဏေမမှ တပါး အခြားမည်သူ့ကိုမဆို ကပ္ပိယအဖြစ် ညွှန်ပြနိုင်သည်၊ ယခုခေတ်၌ ရဟန်းနှင့်သာမဏေမှတပါး အားလုံးကို ညွှန်ပြနိုင်သည်ဟု ဆိုရပေမည်။[၁]

ကပ္ပိယနှင့် ဆက်သွယ် လှူဒါန်းခြင်းသည်သာ[ပြင်ဆင်ရန်]

ငွေရေး ကြေးရေးကိစ္စသည် ယခုအခါ အရေးပါသောအရာ ဖြစ်လာသည်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကို စာပေအဆိုအတိုင်း ထပ်တူထပ်မျှ ကျင့်သုံးဖို့ရန် ခက်ခဲလာသည်။ အကပ္ပိယဝတ္ထုဖြစ်သော ငွေသည် အစစ အရာရာ အဆင်ပြေအောင် ဖန်တီးပေးနိုင်သောအရာ ဖြစ်လာသည်။ အလှူအတန်းများတွင် အလှူငွေ၊ ဝတ္ထုငွေ၊ အနာမာသဝတ္ထု-နဝကမ္မဝတ္ထု စသောအမည်များတပ်၍ လှူဒါန်းလာကြသည်၊ ငွေဆွမ်းလောင်းမှု၊ ငွေပဒေသာပင် လှူဒါန်းမှု၊ ငွေ မှုများကို ကိုယ်တိုင်ကိုယ်ကျ လှူလာ ကြသည်။

ရဟန်းတော်များအနေနှင့်လည်း ငွေကြေးကို တိုက်ရိုက်ကိုင်ကာ သုံးစွဲမှု မပြုလုပ်ချင်သော်လည်း ခေတ် ကာလ သွားရေးလာရေး၊ ဝယ်ရေးချမ်းရေး၊ ဆွမ်းကွမ်း ဆိုင်ရာ အဖြာဖြာတွင် ငွေကြေးမပါလျှင် ကိစ္စမပြီးသဖြင့် ငွေကြေးကိစ္စ ကိုင်တွယ်နေကြရသည်။ ငွေကြေးလောင်း လှူပွဲများတွင် တိုက်ရိုက် လက်ခံမှုကို ရှောင်လွှဲလိုသည့် တချို့သော ရဟန်းတော်များအနေဖြင့် ယပ်တောင်နှင့် အလှူခံမှု၊ သပိတ်ဖြင့် အလှူခံမှု၊ သင်္ကန်းဖြင့်။ အိတ်ဖြင့် အလှူခံမှု စသည်ကို ပြုလုပ်လာကြရသည်။

ငွေလှူဒါန်းမှုကို တိုက်ရိုက်မပြုကောင်းဟု သဘော ပေါက်ထားကြသော အလှူရှင်များအနေဖြင့်လည်း ငွေစက္ကူများကို တိုက်ရိုက် ဆက်ကပ်မှုအစား စာအိတ်တွင်းထည့်၍ လှူဒါန်းမှု၊ စာအုပ်ကြားညှပ်၍ လှူဒါန်းမှု၊ အိတ်အမျိုးမျိုး ဖြင့်ထည့်ကာ ဖုံးဖိလှူဒါန်းမှု ပြုလာကြသည်။ ဘုရားပညတ်တော်အရ ဆိုရပါမူ မည်သည့်နည်းနှင့်မျှ ကိုယ်တိုင် ကိုင်တွယ်၍ တိုက်ရိုက် အလှူမခံကောင်းပေ။ ငွေရေး ကြေးရေးနှင့် ပတ်သက်လာလျှင် ကပ္ပိယနှင့် ဆက်သွယ် လှူဒါန်းခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေသည်။ ထိုအချက်ကို သာသနာပြုလိုသူတိုင်း အလေးအနက် သတိပြု သင့်ကြသည်။ [၁]

ကြိုတင် သင်ယူထားပါ[ပြင်ဆင်ရန်]

ငွေရေးကြေးရေးနှင့် ပတ်သက်၍ ရဟန်းတော်များသည် ဝိနည်းတော် ပညတ်တော်ကို အလေးဂရုပြု သောအားဖြင့် ဝိနည်းထုံးစံကို ကြိုတင် သင်ပြကောင်းသည့် အားလျော်စွာ ကပ္ပိယကာရကများကို ကြိုတင် သင်ပြထားသင့်သည်။ ထိုကပ္ပိယကာရကတို့သည် အလှူရှင်က ငွေများကို လာရောက် လှူဒါန်းသောအခါ၌လည်းကောင်း၊ ရဟန်းတော်တို့က ငွေကို အလှူမခံ ပယ်လှန်လိုက်သော်လည်းကောင်း၊ အလှူရှင်ကိုယ်တိုင်က ဝိနည်းပညတ်တော်ကို နားလည်ပြီးဖြစ်၍ ကပ္ပိယထံ အပ်နှံသော်လည်းကောင်း ကပ္ပိယက ထိုငွေကို လက်ခံထားပြီးလျှင်-

တပည့်တော် မောင်လှထံ ၁၀၀ ကျပ်တန် အပ်စပ်သော ပစ္စည်းများကို တောင်းခံတော်မူပါ ဘုရား၊ လုံခြုံရာအရပ်ကိုလည်း ညွှန်ပြတော်မူပါ ဘုရား”ဟု လျှောက်ထားကြရသည်။

ကပ္ပိယကာရက-က ထိုသို့ လျှောက်ထားလျှင် အလှူရှင်ဒကာက အထူး လျှောက်ထားသည်ဖြစ်စေ၊ မလျှောက်ထားသည်ဖြစ်စေ ပဝါရိတ(ဖိတ်မန်သူ) ဖြစ်သွားပြီ ဖြစ်သဖြင့် ထိုငွေနှင့်တန်သလောက် အလိုရှိရာအပ်သော ပစ္စည်းများကို တောင်းကောင်း၏။ ငွေကိုလည်း မည်သည့် နေရာ၌ လုံခြုံသည်ဟု ပြောပြကောင်းလေသည်။ “မည်သည့် နေရာမှာ ထားလိုက်”ဟုကား မပြောကောင်းပေ။

ဤသို့ ကပ္ပိယကာရက ညွှန်း၍ စနစ်တကျ သိမ်းဆည်းကာ အလိုရှိရာ သုံးစွဲခြင်းသည် ငွေကြေးဆိုင်ရာ ပညတ်တော်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း မည်ပေသည်၊ ဝိနည်းတော်နှင့်အညီ ငွေရေးကြေးရေးကို အလှူခံခြင်း ဖြစ်သဖြင့် ပိုမို ကောင်းမွန်လှပါသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၁၉၉၆)။ ကပ္ပိယကောင်းတစ်ယောက်။ pp. ၁၃၁-၁၃၆, ၁၄၅, ၁၄၆။

ဆက်စပ် ဖတ်ရှုရန်များ[ပြင်ဆင်ရန်]

အပ်စပ်အောင် လှူဒါန်းခြင်း

အကပ္ပိယဝတ္ထု