ဝိသာခါ
ဝိသာခါ ကျောင်းအမ
[ပြင်ဆင်ရန်]ရာဇဂြိုဟ်ပြည် ဗိမ္ဗိသာရမင်း၏ အခွန်ထမ်းရာဖြစ်သော အင်္ဂတိုင်း၊ ဘိဒ္ဒယမြို့ မေဏ္ဍကသူဌေးကြီး၏သားဓနဉ္စယသူဌေး နှင့် သုမနာအမည်ရှိသော သူဌေးကတော်မှ ဝိသာခါ သတို့သမီးကို ဖွားမြင်၏။ ဝိသာခါသည် ဂေါတမမြတ်စွာဘုရားအလောင်း ဒုက္ကရစရိယာကျင့်၍ နှစ်နှစ်ကျော်တွင် ဖွားဟန်ရှိသည်။ ဝိသာခါခုနစ်နှစ်သမီးအရွယ်သို့ အရောက်တွင် ဂေါတမမြတ်စွာဘုရား ကြွရောက်လာမည်ဖြစ်၍ ထိုအကြောင်းကို အဖိုးဖြစ်သူမေဏ္ဍကသူဌေးကြီးက ပြောသဖြင့် အခြံအရံဖြစ်သော သတို့သမီးငါးရာတို့နှင့်အတူ ဘုရားရှင်အား ခရီးဦးကြိုဆိုခြင်းပြုခဲ့ရာမှ တရားတော်ကို နာကြားခဲ့ရပြီးလျှင် တရားတော်၏အဆုံးတွင် ငါးရာကုန်သော သတို့သမီးငယ်တို့နှင့်အတူ ဝိသာခါသည် သောတပတ္တိဖိုလ်၌ တည်လေသည်။
ထို့နောက်တွင် ဗိမ္ဗိသာရမင်း၏ ယောက်ဖတော်သာဝတ္ထိပြည် ပသေနဒိကောသလမင်းက တောင်းဆိုသောကြောင့် ဝိသာခါ၏အဖ ဓနဉ္စယသူဌေးသည် ပသေနဒီကောသလမင်း၏ နောက်သို့ လိုက်ပါသွားရပြီးလျှင် သာဝတ္ထိပြည်နှင့် ခုနစ်ယူဇနာကျော်ဝေးကွာသည့်အရပ်၌ သာကေတမြို့တည်ကာ နေထိုင်ခွင့်ရလေသည်။ ဝိသာခါ၏အဖ သာကေတမြို့တည်၍ ခြောက်နှစ် ခုနစ်နှစ်ခန့် ရှိလာသောအခါ သာဝတ္ထိပြည် မိဂါရသူဌေး၏သား ပုဏ္ဏဝဃန သတို့သားနှင့် ဝိသာခါသတို့သမီးကို ထိမ်းမြားလက်ထပ်ပေးလေသည်။ ဓနဉ္စယသူဌေးသည် သမီးအား ယောက္ခမအိမ်သို့ လိုက်သွားရလတ္တံ့သောအခါ အသပြာ ကိုးကုဋေထိုက်တန်သော မဟာလတာတန်ဆာနှင့်တကွ ပစ္စည်းဥစ္စာ အမြောက်အမြား ပေးလိုက်သည့်အပြင် -
- အတွင်းမီးကို အပြင်ဘက်သို့ မထုတ်ဆောင်အပ်၊
- အပြင်ဘက်ဖြစ်သော မီးကို အတွင်းသို့ မသွင်းအပ်၊
- ပေးကမ်းသောသူကိုသာလျှင် ပေးကမ်းအပ်၏၊
- မပေးကမ်းသောသူကို မပေးမကမ်းအပ်၊
- ပေးကမ်းသော သူကိုလည်းကောင်း၊ မပေးမကမ်းသောသူကိုလည်းကောင်း ပေးကမ်းအပ်၏။
- ချမ်းသာစွာ နေထိုင်အပ်၏။
- ချမ်းသာစွာ စားသောက်အပ်၏။
- ချမ်းသာစွာ အိပ်စက်အပ်၏။
- မီးကို လုပ်ကျွေးအပ်၏။
- အိမ်တွင်းနတ်ကို လေးစား၍ ပေးကမ်း အမျှဝေအပ်၏ ဟု ဤဆယ်ပါးသော အဆုံးအမဩဝါဒကို ပေးလိုက်လေသည်။
မိဂါရသူဌေးသည် သားပုဏ္ဏဝဃနအား ထိမ်းမြားမင်္ဂလာပြုသော် အဦးဖြစ်သော ကျောင်းတော်၌နေသော မြတ်စွာဘုရားကို ပစ်ထား၍ အခါ လေးမြင့်ဖြစ်သော ချစ်ခြင်းရှိသော ချည်စည်း အဝတ်မဝတ်သော တိတ္ထိတို့ကိုသာ ကျွေးမွေးလျက် ငါ၏အရှင်တို့အား ပူဇော်သက္ကာရပြုအံ့ဟု များစွာကုန်သော အိုးသစ်တို့ဖြင့် ရေမရပါသော နို့ဃနာကို ချက်စေ၍ ငါးရာသော အစေလကတိတ္ထိတို့ကိုပင့်ဖိတ်ကာ အိမ်တွင်းသို့ ဝင်စေပြီးသော် ချွေးမသည်ဖြစ်သူလာသည့်အခါ "ရဟန္တာအရှင်ကောင်းတို့ကို ရှိခိုးလှည့်" ဟု ဝိသာခါကို စေလိုက်၏။ အရိယာ သောတာပန်ဖြစ်သော ဝိသာခါသည် ထိုတိတ္ထိတို့ ထမင်းကျွေးရာသို့ လာ၍ကြည့်သော် "ဤသို့ အရှက်အကြောက်ကို ကြဉ်၍ ရဟန္တာမဖြစ်နိုင်ကုန်၊ စက်ဆုတ်ဖွယ်သာ ဖြစ်ကုန်သည်" ဟု ကဲ့ရဲ့၍ မိမိ နေရာသို့ သွားလေသည်။
ထိုအခါ အဝတ်မဝတ်သော တိတ္ထိတို့က ရဟန်းဂေါတမ၏တပည့် သူယုတ်မကို နှင်ထုတ်ပစ်ရန် သူဌေးကြီးကို တိုက်တွန်းပြောဆိုရာ၊ သူဌေးကြီးက "အမျိုးနွယ်ကြီးမြင့်သူ၏ သမီးဖြစ်၍ ထိုသူတို့၏စကားဖြင့် နှင်ထုတ်အံ့သောငှာ မတတ်ကောင်း" ဟု ကြံဆ၍ တိတ္ထိတို့ကို တောင်းပန်ပြောဆို၍ ပြန် လွှတ်လိုက်လေသည်။
ထို့နောက် သူဌေးကြီးသည် မြတ်သောနေရာ၌နေ၍ ရွှေခွက်ဖြင့် ရေမရှိသောနို့ဃနာကို စားနေသည့်အခိုက် ဆွမ်းခံသွားသော မထေရ်တစ်ပါးသည် ဆွမ်းအလို့ငှာ ထိုအိမ်သို့ ဝင်လေသည်။ သို့သော်သူဌေးမိုက်သည် မထေရ်ကိုမြင်သော်လည်း မမြင်သကဲ့သို့ အောက်သို့ မျက်နှာချ၍ စားနေ၏။ ထိုအခါ ယောက္ခမကိုယပ်ခပ်၍ ပေးနေသော ဝိသာခါက "မထေရ်ကိုမြင်၍လည်း ငါ၏ယောက္ခမသည် ရဟန်းဟူသော အသိအမှတ်ကိုမျှ မပြု" ဟု သိ၍ "ကန်တော့ပါ၏ အရှင်ဘုရား၊ အကျွန်ုပ်၏ ယောက္ခမသည် အသစ်ကိုမပြု၊ အဟောင်းကိုသာ စားပါ၏" ဟု ဆို၏။ သူဌေးကြီးသည်နိဂဏ္ဌတို့ကို ဆိုသောအခါ သည်းခံ၍၊ အဟောင်းကိုသာစားသည်ဟုဆိုသော ခဏ၌ လက်ကိုဖယ်၍ "ဤဃနာကို ဆောင်လေကုန်၊ ဤသူယုတ်မကိုလည်း အိမ်မှ နှင်ထုတ်လေအံ့၊ ဤချွေးမသည် ငါ့အား ဤမင်္ဂလာအခါ၌ မစင်စားသည်ဆို၏" ဟု ဆိုလေ၏။
ဝိသာခါသည် ယောက္ခမ၏စကားကိုကြား၍ "ဤမျှဖြင့် ငါတို့သည် မထွက်ကုန်သေး။ အဖတို့သည် ငါ့ကို ရေဆိပ်မှ ရေခပ်ကျွန်မကဲ့သို့ ဆောင်အပ်သည် မဟုတ်။ ထင်ရှားရှိသော မိဖ၏သမီးတည်း။ ဤမျှဖြင့် မထွက်သေး။ ဤသို့သောအကြောင်းကြောင့်ပင် အကျွန်ုပ်အဖသည် ဤမြို့သို့ လာသောအခါ၌ ဤ ရှစ်ယောက်သော သူကြွယ်တို့ကို "အကယ်၍ ငါ၏သမီးအား အပြစ်ဖြစ်အံ့၊ သင်တို့ သုတ်သင်ပါလေကုန်"ဟု အကျွန်ုပ်ကို ထိုသူတို့၏ လက်၌အပ်ထား၏။ ထိုသူကြွယ်တို့ကိုခေါ်၍ ကျွန်ုပ်၏အပြစ်ကို သုတ်သင်ပါစေလော့" ဟု ဆိုသော် သူဌေးကြီးက "ဤချွေးမသည် မကောင်းသောစကားကို ဆို၏" ဟု သူကြွယ်တို့ကိုခေါ်စေ၍ "ဤသူငယ်မသည် မင်္ဂလာပြုသောအခါ၌ ရွှေခွက်ဖြင့် နို့ဃနာစားသော ငါ့ကို မစင်စားသည်ဆို၏။ ထို့ကြောင့် ဤချွေးမအား အိမ်မှ နှင်ထုတ်ကုန်လော့" ဟု ဆို၏။ "ဤသို့ဆိုသည်မှာ မှန်လေသလော" ဟု သူကြွယ်တို့ကမေးသော် "အကျွန်ုပ် ဤသို့မဆိုပါ။ မထေရ်တစ်ပါး ဆွမ်းခံရပ်လာသည်ရှိသော် ယောက္ခမသည် ရေမရှိသောနို့ဃနာကို မိမိသာစားနေ၍ ထိုမထေရ်ကို သတိမမူပါသောကြောင့် ငါ၏ ယောက္ခမသည် ကောင်းမှုသစ်ကိုမပြု၊ အဟောင်းကိုသာ ပြုသည်" ဟု ကြံ၍ ယောက္ခမသည် အဟောင်းကိုသာလျှင် စားသည်ဟုဆို၏။ ဤစကား၌ ငါ့အား အဘယ်အပြစ်ရှိအံ့နည်း ဆို၏။
ထိုအခါ သူကြွယ်တို့က "ရှင်သူဌေး ဤစကား၌ အပြစ်မရှိ၊ ကျွန်ုပ်တို့၏သတို့သမီးသည် သင့်သည်ကိုသာ ဆိုပေ၏။ သင် အဘယ်ကြောင့် အမျက်ထွက်သနည်း" ဟုဆိုကြသော် "အရှင်တို့ ဤချွေးမသည် တစ်နေ့ ညဉ့်သန်းခေါင်ယံ၌ ကျွန်ယောက်ျား၊ ကျွန်မိန်းမခြံရံလျက် အိမ်အနောက်သို့ သွားလေသည်" ဟု ဆိုပြန်၏။ ဝိသာခါကလည်း "ဤအိမ်၌ မြည်းမ သားဖွားသည်ကို အမှတ်မဲ့နေအံ့သောငှာ မသင့်ဟုကြံ၍ ဆီမီးထွန်းလျက် ကျွန်မများနှင့်သွား၍ မြည်းမအား ရေနွေးနှင့် ဆေးကြောသန့်စင်ခြင်းကိုပြု၏။ ဤသို့ပြုရာ၌ အဘယ်အပြစ်ရှိအံ့နည်း" ဟု ဆိုလေသည်။ သူကြွယ်တို့ကလည်း "ကျွန်ုပ်တို့၏ သတို့သမီးသည် ကျွန်ုပ်တို့ မပြုသည့်အမှုကိုပင် ပြုပေသည်။ ဤသို့ သွားရာ၌ အဘယ်အပြစ်မြင်သနည်း" ဟု မေးလေသည်။ သူဌေးကြီးက "အရှင်တို့ ဤ၌ အပြစ်မရှိသော်လွတ်စေ။ ဤသူငယ်မ၏ အဖသည် ဤမြို့သို့လာခါနီးတွင် ပုန်းကွယ်ရာ၌နေ၍ အတွင်းကမီးကို အပြင်သို့မထုတ်အပ် စသည်ဖြင့် ဆယ်ပါးသော အဆုံးအမကို ဤ သူငယ်မအားပေး၏။ ဤဆယ်ပါးတို့၏ အနက်အဓိပ္ပာယ်ကို ဆိုအံ့သောငှာ အပ်၏။ ငါသည် အိမ်နီးချင်းတို့အား မီးကိုမပေးဘဲ နေအံ့သောငှာလည်းကောင်း၊ ထိုသူတို့၏ မီးကိုမယူဘဲ နေအံ့သောငှာလည်းကောင်း မတတ်နိုင်ပေ" ဟု ဆို၏။ ဤသို့ဆိုသည့်အတိုင်း မှန်သလောဟု မေးလေသော် -
"အကျွန်ုပ်၏အဖသည် ဤအကြောင်းများကို ရှည်၍ ဆိုသည်မဟုတ်။ ထိုဆုံးမခြင်းတို့၏ အနက်အဓိပ္ပာယ်မှာမူ အတွင်းဖြစ်သော ယောက္ခမ၊ လင်တို့၏ ကျေးဇူးမဲ့စကားကို အပြင်ဖြစ်သော မိန်းမ၊ ယောက်ျားတို့ကို မပြောဆိုလင့်၊ ပြင်ပဖြစ်သော မိန်းမ ယောက်ျားတို့၏ ယောက္ခမ၊ လင်တို့၏ ကျေးဇူးမဲ့စကားကို ဆောင်ခဲ့၍ ယောက္ခမ၊ လင်တို့အား မပြောဆိုလင့်၊ တစ်ခဏငှားရမ်းမိသော ဥစ္စာကို ပြန်ပို့လာသူတို့အား ပေးကမ်းအပ်၏။ ပြန်မပို့သူတို့အား မပေးကမ်းအပ်။ ပြန်ပေးလာသည်ဖြစ်စေ၊ ပြန်မပေးလာသည်ဖြစ်စေ ဆွေဆင်းရဲ၊ မျိုးဆင်းရဲတို့မူကား သင်္ဂြိုဟ်ထောက်မသဖြင့် ပေးအပ်၏။ ယောက္ခမ၊ လင်တို့ကိုမြင်လျှင် ထရပြောင်းရမည့်အရပ်၌ မနေမူ၍ ချမ်းသာစွာ မပြောင်းမထရမည့် အရပ်၌နေအပ်၏။ ယောက္ခမ၊ လင်တို့မစားခင် မစားမူ၍ အရိုအသေပြုအပ်၏။ ယောက္ခမ၊ လင်တို့ကို လုပ်ကျွေး၍ ထိုသူတို့ စားရသည် မစားရသည်ကိုသိရသည့် နောက်မှစားအပ်၏။ ယောက္ခမ၊ လင်တို့၏ ရှေးဦးစွာ အိပ်ရာသို့တက်၍ မအိပ်မူ၍ ထိုသူတို့အား ပြုအပ်သော ဝတ်ကြီးဝတ်ငယ်တို့ကိုပြု၍ နောက်မှအိပ်အပ်၏။ ယောက္ခမ၊ လင်တို့ကို မီးပုံကြီး ကဲ့သို့မှတ်၍ အရိုအသေပြုအပ်၏။ ယောက္ခမ လင်တို့ကို နတ်တို့ကဲ့သို့ ပြု၍ ရှုအံ့သောငှာအပ်၏" ဟူ၍သာ ဆိုလိုကြောင်း ဖြေလေသည်။ ထို့နောက်တွင် သူဌေးကြီးသည် မည်သို့မျှ ထပ်၍ အပြစ်မဆိုနိုင်ရှိသည့်အပြင် မသိ၍ဆိုမိသည်များကိုပင် သည်းခံရန် တောင်းပန်ရလေသည်။ ဝိသာခါကိုလည်း သူ၏ သဘောအတိုင်း ရဟန်းသံဃာတို့အား လုပ်ကျွေးခွင့်ပေးရလေသည်။
ဝိသာခါသည် ထိမ်းမြားမင်္ဂလာပြု၍ မိုးသောက်သောနေ့၌ မြတ်စွာဘုရားကို ဆွမ်းဖိတ်၍ လုပ်ကျွေး၏။ တိတ္ထိတို့သည် မြတ်စွာဘုရား မိဂါရသူဌေးအိမ်သို့ ကြွတော်မူသောအဖြစ်ကို သိလျှင် အိမ်၏နောက်ဘက်၌ ခြံရံ၍ နေကြကုန်၏။ ဝိသာခါသည် အလုံးစုံပူဇော်သက္ကာရကို စီရင်ပြီး၍ "ငါ၏ယောက္ခမသည် အသင်တို့ကို မြတ်စွာဘုရားကို လာ၍ လုပ်ကျွေးလှည့်" ဟု စေလိုက်၏။ သို့သော် တိတ္ထိတို့ကတားမြစ်၍ မလာဘဲနေကြသောအခါ ဝိသာခါသည် ဘုရားအမှူးရှိသော သံဃာတို့ကိုလုပ်ကျွေး၍ ဆွမ်းဘုဉ်းပေးပြီးသော် တရားနာရန် ခေါ်ပြန်၏။ ထိုအခါတွင် တိတ္ထိတို့သည် မိမိတို့၏ ဆရာသမားတိတ္ထိတို့ ပြောဆိုသည့်အတိုင်း ကန့်လန့်ကာအပြင်၌နေ၍ တရားကိုနာလေသည်။ သူဌေးလည်း ကန့်လန့်ကာ အပြင်၌နေလျက်ပင် သောတပတ္ထိဖိုလ်၌တည်လေသည်။ ထိုအခါ ကန့်လန့်ကာကို မလျက် ဝင်လာပြီးလျှင် ဝိသာခါ၏သားမြတ်ကို နှုတ်သီးဖြင့်စုတ်၍ "ယနေ့မှစ၍ သင်သည် ကျွန်ုပ်၏အမိတည်း" ဟု ဝိသာခါကိုအမိ၏အရာ၌ ထား၏။ ထိုကြောင့် ဝိသာခါသည် မိဂါရမာတာ ဟူ၍ တွင်လေသည်။ ထို့နောက်တွင် မိဂါရသူဌေးကြီးက "ငါ၏ချွေးမဝိသာခါသည် ကျေးဇူးရှိလေစွ၊ ကြည်ညိုသောအချင်းအရာကို ပြုကုန်အံ့" ဟု အဖိုးတစ်သိန်းထိုက်သော မဟလ္လတာတန်ဆာကိုပြု၍ပြီးသည်ရှိသော် ဘုရားအမှူးရှိသော သံဃာတော်တို့ကို ဆွမ်းဖိတ်၍ ဆွမ်းလုပ်ကျွေး၏။ ဝိသာခါကို တစ်ဆယ့်ခြောက်လုံးသော နံ့သာရေတို့ဖြင့် ချိုးစေ၍ ထိုတန်ဆာကိုဆင်စေ၍ မြတ်စွာဘုရားကိုရှိခိုးစေ၏။ ဝိသာခါသည် ထိုအခါမှစ၍ အလှူအစရှိသောကောင်းမှုတို့ကိုပြု၍ မြတ်စွာဘုရားအထံ၌ ဆုရှစ်ပါးတို့ကိုရသည်ဖြစ်၍ ကောင်းကင်၌လကဲ့သို့ ထင်ရှား၏။ သားသမီးတို့ဖြင့် ကြီးပွားတိုးတက်ခြင်းသို့ရောက်၏။ သားယောက်ျား တစ်ကျိပ်၊ သမီးမိန်းမ တစ်ကျိပ်တို့သည် ဖြစ်ကုန်၏။ ထိုသားသမီးတို့တွင် တစ်ယောက် တစ်ယောက်၌လည်း သားတစ်ကျိပ် သမီးတစ်ကျိပ်အားဖြင့် နှစ်ကျိပ်စီရရှိသည်ဖြစ်၍ မြေးလေးရာဖြစ်၏။ မြေးတို့တွင်လည်း တစ်ယောက် တစ်ယောက်၌ နှစ်ကျိပ်စီရရှိသည်ဖြစ်၍ မြစ်ရှစ်ထောင်ဖြစ်၏။ ဝိသာခါသည် အသက်တစ်ရာ့နှစ်ဆယ်နေရသော်လည်း ဆံဖြူတစ်ပင်မျှမပေါက်။ တစ်ဆယ့်ခြောက်နှစ်အရွယ်ကဲ့သို့ အမြဲဖြစ်၏။ သားမြေးမြစ်တို့နှင့် ကျောင်းသို့သွားသော် ဤသူတို့တွင် ဝိသာခါသည် အဘယ်နည်းဟုမေးရကုန်၏။ ဣရိယာပုတ်လေးပါးလုံး၌ပင် တင့်တယ်၏။ ဝိသာခါသည် ဆင်ငါးစီးအားကိုဆောင်၏။ ထိုအခါ သာဝတ္ထိပြည်၌ ဝိသာခါသည် သားမြေးမြစ် များစွာဖြစ်၍ အလွန်မင်္ဂလာရှိသောသူဟု သမုတ်အပ်၏။ သားမြေးမြစ်တို့တွင် တစ်ယောက်သောသူမျှအကြား၌ သေသူဟူ၍ မရှိ၊ မင်္ဂလာပွဲလမ်းသဘင်တို့၌ ဝိသာခါကို ဖိတ်မန်၍ ရှေးဦးစွာကျွေးမွေးကုန်၏။ ဝိသာခါသည် သာဝတ္ထိပြည် အရှေ့တံခါး၌ ကျောင်းရာမြေအတွက် အသပြာ ကိုးကုဋေ၊ အလှူအတွက် အသပြာ ကိုးကုဋေအားဖြင့် ၂၇ ကုဋေသော အသပြာတို့ကို အကုန်အကျခံလျက် ဘုံခုနစ်ဆင့်ရှိသော ပုဗ္ဗာရုံကျောင်းကို မြတ်စွာဘုရားရှင်အား ဆောက်လုပ်လှူဒါန်းသည်။ ထိုအခါမှစ၍ ဝိသာခါကို "ပုဗ္ဗာရုံ ကျောင်းအမကြီး ဝိသာခါ" ဟုလည်းခေါ်စမှတ်ပြုကြလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)