ဆံထုံး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဆံပင်ကို ဆင်ယင်ထုံးဖွဲ့ခြင်း၌ လူတစ်မျိုးနှင့်တစ်မျိုး ကွဲပြား ခြားနားသည်။ မြန်မာလူမျိုးတို့သည် ဆံပင်ကို အမြတ်တနိုး ထား၍၊ အမျိုးမျိုးထုံးဖွဲ့လေ့ရှိကြသည်။ မြန်မာ့ရိုးရာအစဉ် အလာတွင် အသက်အရွယ်ကိုလိုက်၍ ဆံပင်ထုံးဖွဲ့ပုံ ကွဲပြား သည်။ ဤဆောင်းပါးတွင် ခေတ်အလျောက် မြန်မာတို့၏ ဆံပင်ထုံးဖွဲ့နည်းပြောင်းလဲသည်ကို စာပေကောက်နုတ်ချက် များဖြင့် ကိုးကား၍ဖေါ်ပြထားသည်။


မြန်မာလူမျိုးတို့သည် ဆံပင်ကို အမြတ်တနိုးထား၍ အမျိုးမျိုး ထုံးဖွဲ့လေ့ရှိကြသည်။ ဆံပင်ထုံးဖွဲ့ပုံများသည် ထုံးဖွဲ့သူတို့၏ အသက်အရွယ်ကိုလိုက်၍ ကွဲပြားခြားနားသည်။ မြန်မာ့ရိုး ရာ အစဉ်အလာတွင် မွေးဖွားပြီးနောက် ခုနစ်ရက်လည်သော ကလေးကို ခေါင်းဆေး၍ ခေါင်းတုံး တုံးပေးရသည်။ ထို့နောက် ထိုကလေးကို ကာလအတန်ကြာမျှ ခေါင်းတုံးနှင့်ပင်ထားရှိပြီး သော်၊ ခေါင်းထိပ် တည့်တည့်တွင် ဦးစွန်းဖုတ် ထားပေးရ၏။ ဦးစွန်းဖုတ်နေရာမှ လွဲ၍၊ ကျန်ဦးခေါင်းပတ်ပတ်လည်၌ ဆံပင် ကို ရိတ်ထားသည်။ ဦးစွန်း ဖုတ်မှ ဆံပင်များကိုသာ ၂ လက် မခန့်ထိ အရှည်ခံ၍ ရှေ့သို့ဖြီးချပေးရ၏။ အချို့ကလေးများကို ၂ နှစ်သား၊ ၃ နှစ်သားအရွယ်၌ နားပန်းဆံထားပေးသည်။ ယင်းမှာ ဦးခေါင်းဘေး တစ်ဖက်တစ်ချက်၌ ဦးစွန်းဖုတ်ကဲ့သို့ ပင် ဆံပင်ကွက်၍ ထားခြင်းဖြစ်သည်။ ထိုမှတစ်ဖန် ခေါင်းတုံး တုံးပြီးလျှင်၊ ကြာကွက်ထားပေး၏။ ကြာကွက်ဟူသည်ကား၊ နဖူးဆံစမှ ဦးခေါင်ပတ်ပတ်လည် စက်ဝိုင်းသဏ္ဌာန်ရစ်ထား သော အကွက်ကြီးဖြစ်သည်။ ယင်းကြာကွက်မှဆံပင်ကို အရှည် ခံလျက် ကျန်နေရာများကို ဆံရိတ်မြဲရိတ်ရ၏။ နားပန်းဆံမ ထားသော ကလေးများ၌ ဦးစွန်းဖုတ်နေရာကို ချဲ့ ချဲ့ ပေးခြင်း ဖြင့် ကြာကွက်ဖြစ်လာသည်။ အများအားဖြင့် ခေါင်းတုံးမှ ကြာ ကွက်အဖြစ် ထားရှိသည်ကများ၏။

အသက် ၄ နှစ်ရွယ်မှ ၁ဝ နှစ်အရွယ်အတွင်း ယောက်ျား လေးများနှင့် မိန်းကလေးများသည် ကြက်တောင်စည်းနှင့်ဆံရစ် ဝိုင်းထား၏။ ကြာကွက်မှ ဆံပင်များသည် စု၍စည်းနိုင်လောက် သောအခါ၊ အလယ်တွင် ပန်းစည်းကြိုးနှင့် စုစည်းပြီးနောက် တစ်လက်မခွဲ နှစ်လက်မခန့်ရှိ ဆံရစ်များကို အောက်သို့ပတ် ပတ်လည်ချထားသည်။ အလယ်မှ ဆံပင်များသည် အတော် အတန်ရှည်လာသော်၊ တစ်ပတ်လျှိုယောင်တုံးနှင့် နှစ်ပတ်လျှို ယောင်တုံးများ ထုံးကြလေသည်။ တစ်ပတ်လျှိုဟူသည်မှာ ဆံပင်ကို ကွင်းသဏ္ဌာန်တစ်ပတ်ရစ်ပြီးလျှင် ထိုကွင်းထဲမှ လျှို၍ ဆံပင်စကို ထုတ်လိုက်ခြင်းဖြစ်၏။ နှစ်ပတ်လျှိုမှမူ၊ ရှေးနည်းတူ တစ်ပတ်ရစ်ထားသော ကွင်းသဏ္ဌာန်ကိုထပ်၍ တစ်ပတ်လိမ်ပြီး မှ ဆံပင်ကို လျှိုသွင်းပြီးလျှင် လိမ်ထားသောနေရာကို တွန်း၍ ဆံစကို ထုတ်လိုက် ခြင်းဖြစ်၏။ ဆံပင်တိုနေသေးလျှင် အထုံး မှထွက်နေသော ဆံမြိတ်ကို ဖားလျားချထားသည်။ ဆံမြိတ်ရှည် လာပါက ယင်းကိုလိမ်ကျစ်၍ အထုံးပတ်လည်တွင် ထောင် လိုက်ချပ်ပြားဝိုင်းဝိုင်း ဖြစ်လာသည်အထိ ရစ်ပတ်ထားသည်။ ယင်းကို မြင်းခွာယောင်ဟု ခေါ်သည်။

မိန်းကလေးများသည် ၁ဝ နှစ်မှ ၁၆ နှစ်၊ ၁၈ နှစ်ခန့် အရွယ်သို့ရောက်သော်၊ နဖူးရှေ့မှ ဆံရစ်များကို ရှိမြဲတိုင်းထား ၍၊ ကျန်ဆံရစ်ဝိုင်းမှ ဆံပင်များကို အရှည်ခံသည်။ နားရွက် စွန်းနှင့် တစ်ညီတည်းဖြစ်လာအောင် ညှိပေးသည်။ ယင်းကို ဆံထောက်ဟု ခေါ်သည်။ အချို့ဒေသတို့တွင် ဆံထောက်ကို ဆံလေးတိုဟုခေါ်ကြသည်။ အလယ်မှာမူ ရှေးနည်းတူပင် မြင်း ခွာဆံထုံး ထုံးသည်။ အချို့က နှစ်ပတ်လျှိုထုံး၍ ဆံမြိတ်ကို အကုန်မထုတ်ဘဲ၊ ကွင်းသဏ္ဌာန်လုပ်၍ ချထား၏။ နှစ်ပတ်လျှို ဆံမြိတ်ကွင်းဟု ခေါ်သည်။ အချို့ကမူ တစ်ပတ်လျှိုထုံး၍ ဆံ မြိတ်ဖားလျားချသည်။ ဆံတောက်တွင် နောက်ဖက်မှတို၍၊ ရှေ့ ဖက်သို့ရှည်လျက် ရှူးလာလျှင် ယင်းကို ရိုးရိုးဆံတောက်ဟု ခေါ်သည်။ ပတ်ပတ်လည် တစ်ညီတည်းထားလျှင် မြို့မဆံ ထောက်ဟုခေါ်၏။

အသက် ၁၈ နှစ်ခန့်ရောက်လျှင် ဆံထောက်မှ ဆံပင်များ ကို အရှည်ခံ၏။ ယင်းကို အုပ်လုံးသွင်းသည်ဟု ခေါ်သည်။ ထိုနောက် ဆံပင်ရှည်ကို ကုပ်နားတွင် တစ်ပတ်လျှိုထုံး၍ ရစ်ပတ်ထား၏။ ယင်းကို နောက်တွဲဟု ခေါ်သည်။ ဆံထောက် မှ ဆံပင်များကို ဆံညှပ် ဘီးကုပ်တို့ဖြင့် ဖိညှပ်ထားသည်။ ထို ဆံပင်များ အတန်ငယ်ရှည်လာသော်၊ တစ်ခေါင်းလုံးရှိ ဆံပင်ကို အပေါ်သို့ပင့်တင်၍ တစ်ပတ်လျှို ထုံးပြီးနောက်၊ ဆံမြိတ်ဖား လျားချလေသည်။ ဤကဲ့သို့သော ထုံးဖွဲ့နည်းကို တစ်ပတ်လျှို ဆံထုံးဟု ခေါ်သည်။ ၁၉၂ဝ ပြည့်နှစ်ခန့်တွင် တစ်ပတ်လျှို ဆံထုံးများကို အထုံးနည်းပါးလာ၏။ နောက်တွဲထုံးကိုသာအထုံး များသည်။

အသက် ၁၈ နှစ်ခန့်မှ ၃ဝ ကျော်အထိ အမျိုးသမီးများ သည် အလှူအတန်းပွဲနေပွဲထိုင်များ၌ ဆံထုံးကို ထုံးကြသည်။ ယင်းဆံတုံးများမှာ ရတနာပုံ မန္တလေးခေတ်က ခေတ်စားခဲ့သော ဘီးဆံပတ်ဆံထုံးကို မူတည်၍ ပြောင်းလဲပြုပြင်ထားခြင်းဖြစ် သည်။ ဘီးဆံပတ်ဆံထုံးမှာ ဦးခေါင်းထိပ်တွင် ဆံပင်ကို ပင့်တင်၍၊ ဘီးတစ်ချောင်းခံပြီးနောက်၊ ဆံပင်ကို နဖူးပြင်အစွန်း ၂ ဘက်နှင့်အမျှ အထပ်ထပ်ခွေထားခြင်း ဖြစ်သည်။ ထိုဆံထုံး မှတစ်ဆင့် ဘီးအငယ်ကလေးများနှင့် ဆံထုံးခံတစ်ခုကို မြှုပ်ခံ ၍၊ ဆံစုတို့ဖြင့်ရစ်ပတ်ကာ ထုံးရသော ဆံထုံးတစ်မျိုးခေတ်စား လာ၏။ ပုံစံမှာ ဘီးဆံပတ် ဆံထုံးထက် အောက်ခြေတွင် သိမ် ၍၊ ထိပ်ဝ၌ကားလေသည်။ ဆံထုံးတွင် ဆံထိုး ဆံညှပ် ဆံကျင် တို့ကို စိန်ရွှေ ကျောက်မျက်ရတနာတို့နှင့် ပြုလုပ်ဆင်ယင်၍၊ ပန်းကုံး ပန်းခိုင်တို့ကိုလည်း ပန်ဆင်လေသည်။ မိန်းမပျိုများ အဖို့ များသောအားဖြင့် ဆံထုံး၏ညာဘက်မှ ဆံမြိတ် ဖွားရရား ချလေ့ရှိသည်။ မိန်းမကြီးများအဖို့မူကား၊ ဆံမြိတ်ချမသုံးဘဲ၊ ဆံထုံးကိုသာ ကြီးကြီးခန့်ခန့် ထုံးကြသည်။ ဆံထုံးပုံစံသည် တသမတ်တည်းမရှိချေ။ ၁၉၂၉ ခုနှစ်ခန့်မှစ၍ ဆံထုံးကြီးများ သည် တစ်စတစ်စနှင့် ကြီးထွားမြင့်မားလာခဲ့ရာ၊ ထိုခေတ်က ကာတွန်း ရုပ်ပြောင်ဆရာများသည် ဆံထုံးကြီးများကို လှေကား ထောင်၍တက်ရမည့် အခြေမျိုးရောက်လေဟန်ကို ပြောင်လှောင် ရေးဆွဲခဲ့ကြဘူးသည်။ ထိုနောက် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ပွားမီ နှစ်အနည်းငယ်ခန့်မှစ၍ ဆံထုံးမြင့်မြင့်ထုံးသော ဓလေ့သည် တဖြည်းဖြည်း တိမ်ကောသွားလေသည်။ ထိုနောက် ယခုခေတ် တွင် တွေ့မြင်ရသော ဆံထုံးကဲ့သို့ မနိမ့်မမြင့် မကြီးမငယ် လုံးလုံးကလေး ထုံးလာကြသည်။ ဆံမြိတ်ချကိုလည်း အရှည်၊ အတို၊ အကွင်းဟူ၍ အမျိုးမျိုးထွင်ကြ၏။ ပွဲလမ်းမသွားသည့် အခါများ၌မူ၊ နောက်တွဲထုံး၊ ဘီးကျော်ပတ်တို့နှင့်သာ နေကြ သည်။

ဘီးကျော်ပတ်ဆိုသည်မှာ ကုပ်အထက်၌ ဘီးတစ်ချောင်း စိုက်၍ ဆံပင်ကို ဘီးပေါ်မှကျော်လျက် ရစ်ပတ်ထားခြင်းဖြစ်၏။ ဘီးကို အရှည်အတို အမျိုးမျိုးပြောင်းလဲ၍ အသုံးပြုသည်။ ရစ်ပတ်နည်းကိုလည်း အနည်းနည်း အဖုံဖုံ ထွင်ကြသည်။ လေယာဉ်ပျံ ဆံထုံးဟူ၍လည်း ခေတ်စားခဲ့၏။ ယင်းမှာ ဘီး ကျော်ပတ်တစ်မျိုးပင် ဖြစ်သည်။ ဘီးရှည်လွန်းသဖြင့် အစွန်း နှစ်ဘက်ထွက်နေသည်မှာ လေယာဉ်ပျံ တောင်ပံနှင့်တူသော ကြောင့် လေယာဉ်ပျံဆံထုံးဟု ခေါ်ခြင်းပင်ဖြစ်သည်။ ဆံထုံး ထုံးသောအလေ့သည် ရှေးမဆွကပင် ရှိခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုအစ တစ်ကောင်းခေတ်က သတိုးနဂါးနိုင် မင်း၏ မိဖုရားကြီးသည် 'ရာပေ၍ဆုပ်၊ ထောင်ပေးလို့ချုပ်၊ ချစ်သူ့အရိုးဆံထိုးလုပ်'ဟူ၍ စကားထာဝှက်ခဲ့ရာ၊ ယင်းကို ထောက်ရှု၍ ထိုခေတ်က ဆံထုံးထုံးခြင်း၊ ဆံထုံး၌ဆံထိုး ဆံညှပ်များ တပ်ဆင်ခြင်း စသည်တို့ကို သိရှိနိုင်လေသည်။ သာသနာနှစ် ၆ဝ မှ ၆ဝဝ အတွင်း သရေခေတ္တရာပျူများ ခေတ်တွင် နန်းတွင်းသူများသည် ဆံပင်ကို ထိပ်အလယ်တည့် တည့်တွင်တင်၍၊ ခပ်ဝိုင်းဝိုင်းဖြစ်အောင် အရစ်ရစ်ပတ်ထားသော ဆံထုံးကိုထုံး၍၊ ပုလဲသွယ် ငွေထည်ပန်းကုံးစသည်တို့ဖြင့် ဆင်ယင်ထားကြောင်းကို ရှေးဟောင်းကျောက်ပြားချပ်များမှ ထွင်းပုံများတွင် တွေ့ရ၏။ ချင်မင်းဆက် တရုတ်မှတ်တမ်းများ ၌လည်း ဖတ်ရှုရ၏။

ပုဂံခေတ်တွင် ဆံထုံးအမျိုးပေါင်း ၅၅ မျိုးရှိခဲ့ကြောင်းကို အမျိုးသမီးစာဆိုတော် ရဝေရှင်ထွေး၏ အန်ချင်းအရ သိရ၏။ ယင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ 'အစောတို့လေ၊ ရတနာတွေ၊ ရွှေမိုးစွေ၍၊ သပြေမည်ခံ၊ ပြည်ပုဂံဝယ်၊ နိုင်ငံကျယ်ပြော၊ ရှေးမင်းစောတို့၊ မုနောဇမ္ဗူ၊ ခံတော်မူက၊ မြိတ်ပြူမြိတ်စို့၊ သွယ်ညို့မြိတ်လွတ်၊ ရစ်ပတ်စု လည်း၊ ရော့ရည်းထုံးဖွဲ့၊ တုမဲ့ရွှေရောင်၊ တိမ်တောင်တက်သက်၊ လျှပ်စစ်ပြက်သို့၊ စဝှက်ရောင်ပြေး၊ နှင်းသွေးမစို့၊ ကြာညို့ဝတ်ဆံ၊ ဓူဝံနှိုင်းရှည့်၊ ရှုကြည့်မငြီး၊ ဦးပြည်းရွှင်ပျော်၊ ဇင်ယော် တန်းဝဲ၊ ပုလဲကိုးမုန်း၊ ဂမုန်းငုံအာ၊ လေသာဝေ့လည်၊ မြူခြည် မတင်၊ ယကင်ထုံထုံး၊ လုံးတင်ခရုချောင်၊ ထုံးကြောင်ထုံးကြား၊ ငါးပါးမြိတ်စို့၊ အောင်မျှို့နိမိတ်၊ မြိတ်ရစ်လှပ၊ ကရဝိကနှုတ်သီး၊ ဆိတ်သမီးနှင့်၊ ပြန်ပြီးဆယ်ထွေ၊ နေအရုဏ်ခံ၊ ညဉ့်ယံသောက် ရှူး၊ တိမ်ဦးနဂါး၊ လေးပါးရာသီ၊ နှိုင်ပြီစံလွတ်၊ နဂါးပတ် ကြော့ကွင်း၊ နန်းတွင်းမဉ္စူ၊ ထွက်ပြူမုတ်ဝ၊ ပဒုမသိဒ္ဓိ၊ မဏိကိုး ပါး၊ ချယားပွင့်သေး၊ ယုန်ရေးလဝယ်၊ နေလယ်ဥဒေါင်း၊ သုံး ချောင်းခြူးယှက်၊ စဝှက်ရောင်ချော၊ သင်္ဘောတမ်းခွန်၊ အနန္တ ဖုသျ၊ မောရဂီဝါ၊ ဟင်္သာစာခွံ့၊ ထုံးအံ့တကွင်း၊ ပဇင်းတောင် ဖြန့်၊ သည်းညွန့်လက်သင်၊ ကွမ်းလင် နောင်တွဲ၊ မုတ္တာရွဲနှင့်၊ ပုလဲကွန်ချာ၊ ရတနာမဏ္ဍိုင်၊ ပွင့်ဆိုင်ပုဏ္ဍရိတ်၊ နဂါးအိတ်လေး ထောင့်၊ ရှစ်မြောင့်ပြန်ကာဘက်၊ ပန်းယှက်ခေါင်ဗွေ၊ နန်းလုံးဝေ မျှ၊ မြူတေစံကျော်၊ နှိုင်းမမြော်ကို၊ လွမ်းတော်မမူ လှည့်ပြီလော လေ။ ဘော်ချင်းတို့လေဘော်ချင်းတို့။' ထိုဆံထုံးများမှာ သစ် စေးသာရိုးနက်ဖြင့် ပုံအမျိုးမျိုးပြုလုပ်ထားသော ပစ္စည်းတစ်ခုကို ဆံညှပ်သဖွယ်စိုက်ထောင်၍၊ ဆံမြိတ်ဖြင့် ရစ်ပတ်ထားခြင်းဖြစ် သည်။


အင်းဝခေတ်တွင် အထက်ပါဆံထုံးမျိုးတို့ကိုပင် ဆက် လက်ထုံးဖွဲ့ကြသည်။ ထိုခေတ်ပေါ် မယ်ဘွဲ့ကဗျာများ၌ 'လှမျိုး ကြွယ်သား၊ ဆံသွယ်မြမြိတ်စို့၊ ဆင်းရောင်ပျို့ကို'ဟူ၍၎င်း၊ 'ဆင်းစုံကြန်သား၊ အလွန်ရပေခက်၊ ပြူမြိတ်ရွက်နှင့်'ဟူ၍၎င်း၊ 'ကေသာနက်မည်း၊ ယကင်မည်းမျှ၊ စုလည်းသွယ်ပတ်၊ မမှီ တတ်၍၊ မြိတ်လွယ်မထုံး၊ ပုလဲကုံးတိ'ဟူ၍၎င်း၊ 'မဏိကိုးပါး၊ စီခြားခြယ်မြောင်၊ ခရုချောင်နှင့်'ဟူ၍၎င်း စပ်ဆိုထားကြသည်ကို ထောက်ရှုသိသာနိုင်သည်။ အင်းဝခေတ်မှာပင် ဗျာပါဆံချသော အလေ့ပေါ်လာသည်ဟု ယူဆကြ၏။ ဗျာပါဆံမှာ ဆံထုံးအကြား မှ နားရွက်နှစ်ဘက်အစွန်းနောက်သို့ ချထားသော ဆံပင်များ ဖြစ်သည်။ အမရပူရ၊ ကုန်းဘောင်၊ မန္တလေးခေတ်တို့တိုင်အောင် ဗျာပါဆံချသော အလေ့ရှိခဲ့သည်။


အမရပူရခေတ်တွင် ဆံထုံးနောက်တွဲ ထုံးသည်ကိုလည်း တွေ့ရသည်။ ဝန်ကတော်တစ်ဦး၏ ပုံတွင်တွေ့ရသော ဆံထုံးမှာ ထိပ်လယ်တွင် ရှည်မျောမျောကွင်းသဏ္ဌာန် ဖြစ်၏။ အတွင်းဝန် ကတော် တစ်ဦးမှာကား ဦးထိပ်၌ ဆံထုံးပုံ့ပုံ့နှင့် ဗျာပါဆံချ ထားသည်ကို တွေ့ရသည်။ ထိုခေတ်တွင် မင်းခမ်းဝင် ဆံထုံး တော်ခုနစ်မျိုးအဖြစ် မြိတ်ပြူ၊ မြိတ်စို့၊ မြိတ်လွတ်၊ စုလည်း၊ ယကင်၊ လုံးတင်၊ မြိတ်ရစ်တို့ကို သတ်မှတ်ထားရှိလေသည်။ ကုန်းဘောင်ခေတ်တွင် ထိုဆံထုံးခုနစ်မျိုးကိုပင် ဆက် လက်ထားရှိခဲ့သည်။ ထိုအပြင် ပူပုံထုံးဟူသော ဆံထုံးတစ်မျိုး ခေတ်စားလာပြန်သည်။ စတင်ထုံးဖွဲ့သူမှာ ရွှေဘိုမင်း၏ အနောက်နန်းမိဖုရား မမြကလေးဖြစ်သည်ဟု ဆိုသည်။ ယင်းကို ပြည်မင်းသားနှင့်ကြံရာပါဟုဆို၍ ကွပ်မျက်ရန် အနောက်တံခါး မှ ထုတ်လာရာ၊ မမြကလေးသည် စိတ်မချမ်းမြေ့ခိုက်ဖြစ်သဖြင့် ဆံပင်ကို နောက်ဖက်၌ တစ်ပတ်လျှိုလျော့လျော့ထုံး၍၊ ဆံမြိတ် ဖားလျားချလျက် ထွက်လာသည်။ ယင်းကဲ့သို့ ထုံးဖွဲ့သည်ကို အတုယူ၍ နောက်ကာလများ၌ထုံးကြ၏။ မန္တလေးခေတ်တွင် ဗျာပါဆံနှင့် ဆံထုံးများခေတ်စား၏။ ဘီးဆံပတ် ဆံထုံးကြီးများ ကို ယင်းခေတ်၌ပင် စတင်တွေ့ရှိ၏။

မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းယူပြီးသည့်နောက်တွင် မြန်မာတို့၏ အစဉ်အလာ ဆံပင်ထုံးဖွဲ့နည်း အမျိုးမျိုးသည် တစ်စတစ်စနှင့် ခေတ်မှိန်လာခဲ့သည်။ ကြာကွက် ဆံရစ်ဝိုင်းဆံ တောက် စသည်တို့ကို ကျေးလက်တောရွာများ၌သာ တွေ့မြင် နိုင်ပေတော့၏။ ဆံထုံးကိုမူ မင်္ဂလာအခမ်းအနားများနှင့် ယဉ် ကျေးမှုကို ဖော်ထုတ်သော ပွဲလမ်းသဘင်များ၌ ထုံးဖွဲ့ကြ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)