အဋ္ဌဝတ္ထုကာပါရာဇိက

ဝီကီပီးဒီးယား မှ

အမှု—ယောက်ျား၏ လက်ဆွဲခြင်းစသော ရှစ်မျိုးကို သာယာမှု။

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။


ဆဗ္ဗဂ္ဂီ ဘိက္ခုနီများ[ပြင်ဆင်ရန်]

[ဆဗ္ဗဂ္ဂီရဟန်းများ၏ ဩဝါဒခံ၊ ဘိက္ခုနီများကို “ဆဗ္ဗဂ္ဂီဘိက္ခုနီ”ဟု ခေါ်၏။] ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် ကိုယ်လက် နှီးနှောလိုသောရာဂဖြင့် စိုစွပ်သည်ဖြစ်၍ ကိလေသာ မိုးရေစို၍ နေသော ယောက်ျား၏-

၁။ (တတောင်ဆစ်မှအထက်) လက်ဆွဲမှုကိုလည်း သာယာကြကုန်၏။

၂။ မိမိဝတ်ထားသော သင်္ကန်းကိုင်မှုကိုလည်း သာယာကြကုန်၏။

၃။ ယောက်ျား၏အနီး၌လည်း ရပ်နေကြကုန်၏။

၄။ နီးနီးကပ်ကပ်လည်း စကားပြောနေကြကုန်၏။

၅။ မည်သည့်နေရာ လာခဲ့ပါဟု ယောက်ျားက ချိန်းချက်လိုက်လျှင် ထိုနေရာသို့လည်း သွားကြကုန်၏။

၆။ မိမိဆီသို့ ယောက်ျားလာနေသည်ကိုလည်း သာယာကြကုန်၏။

၇။ ကိုယ်လက်နှီးနှောခံလို၍ အမိုးအကာရှိသော အရပ်သို့လည်း ဝင်ကြကုန်၏။

၈။ ကိုယ်လက်နှီးနှောခံလို၍ မိမိကိုယ်ကိုလည်း ယောက်ျား အနီးသို့ တိုးပေးကြကုန်၏။

ထိုအကြောင်းအရာကို မြင်ကုန်ကြားကုန်သော ဘိက္ခုနီတို့သည် ကဲ့ရဲ့ ရှုတ်ချ၍ ဘိက္ခုတို့အား လျှောက်ကြလေရာ ဘိက္ခုတို့ကတဆင့် ဘုရားရှင်အား လျှောက်ထားသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ အဝဿုတာ အဝဿုတဿ ပုရိသပုဂ္ဂလဿ ဟတ္ထဂ္ဂဟဏံ ဝါ သာဒိယေယျ, သံဃာဋိကဏ္ဏဂ္ဂဟဏံ ဝါ သာဒိယေယျ, သန္တိဋ္ဌေယျ ဝါ, သလ္လပေယျ ဝါ, သင်္ကေတံ ဝါ ဂစ္ဆေယျ, ပုရိသဿ ဝါ အဗ္ဘာဂမနံ သာဒိယေယျ, ဆန္နံ ဝါ အနုပဝိသေယျ, ကာယံ ဝါ တဒတ္ထာယ ဥပသံဟရေယျ ဧတဿ အသဒ္ဓမ္မဿ ပဋိသေဝနတ္ထာယ, အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ အဋ္ဌဝတ္ထုကာ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် ကိုယ်လက် နှီးနှောလိုသော ရာဂ မိုးရေ စိုစေအပ်သည်ဖြစ်၍ ထိုရာဂမိုးရေ စိုစေအပ်သော ယောက်ျား၏လက်ဆွဲမှုကိုလည်း သာယာအံ့၊ အဝတ်သင်္ကန်းကိုင်ဆွဲမှုကိုလည်း သာယာအံ့၊ ၂-တောင့်ထွာအတွင်း အနီး၌လည်း ရပ်နေ့အံ့၊ နီးနီးကပ်ကပ်လည်း စကားပြောအံ့၊ ယောက်ျား ချိန်းချက်အပ်သော အရပ်သို့လည်း သွားအံ့၊ မိမိဆီသို့ ယောက်ျား၏ လာမှုကိုလည်း သာယာအံ့၊ အမိုးအကာရှိသော အရပ်သို့လည်း ဝင်အံ့၊ ကိုယ်ကိုလည်း ထိုကိုယ်လက်နှီးနှောဖို့ရာ အနီးသို့ ညွှတ်ပေးအံ့၊ ဤဘိက္ခုနီလည်း အဋ္ဌဝတ္ထုကာမည်သော ပါရာဇိကကျ၏၊ ဘိက္ခုနီ ကောင်းတို့နှင့် အပေါင်းအသင်းမရှိရ။ [၁]

မှတ်ချက်[ပြင်ဆင်ရန်]

ဤပါရာဇိက၌ ရှစ်ပါးလုံးကျူးလွန်မှ ပါရာဇိကကျသည်၊ “ရှစ်ပါးလုံး”ဟူရာ၌ တဆက်ထည်း ကျူးလွန်မှမဟုတ်၊ ယနေ့တစ်ခု ကျူးလွန်, နောက်ရက်၌ တစ်ခုကျူးလွန်ခြင်းစသည်ဖြင့် ကျူးလွန်လျှင် ရှစ်ပါးပြည့်သောအခါ ပါရာဇိကကျ၏။ တစ်ခုခုကျူးလွန်ပြီးနောက် သံဝေဂဖြစ်၍ (ကျူးလွန်မိတာ မှားပေါ့-ဟု နောင်တရသဖြင့် နောက်မကျူးလွန်တော့ပါဘူးဟု ဆုံးဖြတ်၍ ဒေသနာပြော (အာပတ်ဖြေ) နိုင်လျှင် ထိုအာပတ် ပျောက်သွား၏၊ ထို့နောက် စိတ်ကို ထိန်းနိုင်၍ နောက်ထပ် အခြားအဖြစ်များကို ကျူးလွန်သော်လည်း “ရှစ်ပါးအပြည့်”ဟု မဆိုရ၊ ဤအပြစ်ကိုလည်း ကျူးလွန်မည် ထိုထိုအပြစ်များကိုလည်း ကျူးလွန် မည်ဟု နောက်မဆုတ်သောစိတ်ဖြင့် တမျိုးပြီးတမျိုး ကျူးလွန်မှသာ “ရှစ်ပါးပြည့်”ဟုဆိုရသည်။ [၁]

အမှာ[ပြင်ဆင်ရန်]

ဘိက္ခုနီများအတွက် သီးခြားပညတ်တော်မူအပ်သော ဤပါရာဇိက ၄-ပါးအပြင်, ဘိက္ခုတို့အားပညတ်အပ်သော “မေထုန်မှီဝဲမှု, လူ့ဥစ္စာခိုးမှု, လူကိုသတ်မှု, ဈာန်မဂ်ဖိုလ်မရဘဲနှင့်ရသည်ဟု လိမ်မှု” ၁၄-ပါးကိုလည်း ဘိက္ခုနီများလိုက်နာရသည်၊ ထို့ကြောင့် ဘိက္ခုနီများ၌ ပါရာဇိကရှစ်ပါးရှိ၏။ [၁]

မှတ်ချက်[ပြင်ဆင်ရန်]

ဘိက္ခုတို့၌ ကိုယ်လက်နှီးနှောမှုကို သံဃာဒိသေသ် အာပတ်မျှသာ ပညတ်ထားသော်လည်း ဘိက္ခုနီများ၌ တတောင်ဆစ်ဒူးဆစ်ညှပ်ရိုးတို့၏ အတွင်းဘက်ကို နှီးနှောရာဝယ် သာယာရုံမျှဖြင့် ပါရာဇိကကျ၏။ ကြွင်းသော မျက်နှာလက်ခြေတို့ကို ကိုင်ရာ၌ သာယာမှုကြောင့်ကား ဘိက္ခုနီတို့၌ ထုလ္လစ္စဉ်းသာသင့်၍ ဘိက္ခုတို့၌ မိမိကကိုင်လျှင် သံဃာဒိသေသ်သင့်၏၊ သူကလာကိုင်၍ သာယာရာ၌ကား မိမိက မလှုပ်မရှားလျှင် အာပတ်ပင် မသင့်၊ ခြုံ၍စဉ်းစားလျင် ဘိက္ခုနီများအတွက် အဘက်ဘက်မှာပင် ကြီးလေးသော အာပတ်ကိုသာ ပညတ်ထားတော်မူကြောင်း တွေ့ရ၏၊ ထိုသို့ မိန်းမသားတို့သည် နဂိုကပင် စိတ်ထား နုနယ်သေးငယ်သူများ ဖြစ်၍ အထူးစောင့်စည်းထိန်းသိမ်းရမည့် သူများဖြစ်သောကြောင့် ထိုကဲ့သို့ ပညတ်တော်မူဟန်ရှိသည်၊ ယခု လူ့လောက၌ သားယောက်ျားကို အချို့နေရာ၌ လွတ်လပ်ခွင့် ပေးထားနိုင်သော်လည်း ထိုနေရာမျိုးမှာပင် သ္မီးမိန်းမကို မျက်နှာသာ မပေးနိုင်သကဲ့သို့တည်း။

ပါရာဇိကအခန်းပြီး၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး