မနုဿဝိဂ္ဂဟပါရာဇိက

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

မနုဿဝိဂ္ဂဟပါရာဇိက သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာကျင့်သုံးရန် ပညတ်ခဲ့သည့် သိက္ခာပုဒ် ဖြစ်၏။ ထိုပါရာဇိကသိက္ခာပုဒ်ကို ကျူးလွန်သော ရဟန်းသည် ရဟန်းအဖြစ်မှ လျှောကျရမည်ဖြစ်သည့်အတွက် မကျူးလွန်မိအောင် ထိန်းသိမ်းစောင့်ရှောက်ကြရ၏။ ထိုသိက္ခာပုဒ်ကို မြတ်စွာဘုရားသည် မိဂလဏ္ဍိက ရဟန်းယောင်က ကျူးလွန်ခဲ့သည့်အတွက် စတင်ပညတ်ခဲ့ခြင်း ဖြစ်သည်။[၁]

အသုဘကမ္မဋ္ဌာန်း ဟောကြားခြင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် ဝေသာလီမြို့ မဟာဝုန်တောရှိ ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီးတွင် သီတင်းသုံးနေတော်နေခိုက် ဖြစ်၏။ ရဟန်းတို့အား အသုဘကမ္မဋ္ဌာန်းကို ဟောကြားတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် တစ်ဆယ့်ငါးရက်တိုင်တိုင် တစ်ပါးတည်း ကိန်းအောင်းနေတော်မူ၏။ ရဟန်းတို့သည်လည်း အသုဘဘာဝနာ၌ အားထုတ်ခြင်းကို ကြိုးစားလျက် ရှိ၏။

ထိုအခါ ရဟန်းတို့သည် မိမိတို့၏ ခန္ဓာကို ငြီးငွေ့ကုန်၏၊ ရှက်နိုးကုန်၏၊ စက်ဆုပ်ကုန်၏။ ထို့ကြောင့် ရဟန်းတို့သည် မိမိတို့ကိုယ်ကိုယ် မိမိတို့ကိုယ်တိုင် အသက် ဇီဝိတိန္ဒြေမှ ချကုန်၏။ အချင်းချင်းလည်း အသက်မှ ချကုန်၏။ မိဂလဏ္ဍိကရဟန်းယောင်ထံတွင် မိမိတို့အား အသက်မှ ချပေးရန်တောင်းပန်ကာ အသက်မှ ချစေ၏။ မိဂလဏ္ဍိကရဟန်းယောင်သည် သတ်ခအဖြစ် သပိတ်သင်္ကန်းတို့ကို ရသဖြင့် သတ်၏။

ထို့နောက် မိဂလဏ္ဍိကရဟန်းယောင် သည် ဝဂ္ဂုမုကဒါမြစ်တွင် သန်လျက်ကို သွေးတို့မှ စင်ကြယ်စေရန် ဆေးကြော၏။ ထိုအခါ မိဂလဏ္ဍိကရဟန်းယောင်သည် ရဟန်းတို့ကိုသတ်သည့်အတွက် ပူပန်ခြင်း၊ နှလုံးမသာယာခြင်းများ ဖြစ်ပေါ်လာသည်။ ထိုအခါ မာရ်နတ်၏ ဂိုဏ်းဝင်နတ်သားသည် ရေပြင်ပေါ်၌ လျှောက်လာ၍ သံသရာမှ မကူးမြောက်နိုင်သေးသော ရဟန်းတို့ကို ကူးမြောက်စေရလေပြီ အစရှိသည်ဖြင့် ဖြားယောင်း ပြောဆို၏။ ရဟန်းယောင်လည်း ထိုနတ်၏ စကားကို သဘောကျနှစ်ခြိုက်စွာဖြင့် အခြားသော ရဟန်းတို့ကို မည်သူ့ကို သံသရာမှ ကူးမြောက်စေရမည်နည်းဟု မေးမြန်းကာ ရဟန်းတို့ကို အသက်မှ ချ၏။[၁]

သိက္ခာပုဒ်ပညတ်ခြင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် တစ်ဆက်ငါးရက်လွန်မြောက်၍ ရဟန်းတို့သည် အရေအတွက်နည်းနေသည်ကို မေးမြန်း၏။ အရှင်အာနန္ဒာသည် ဖြစ်ကြောင်းကုန်စင်ကို လျှောက်ထား၏။

ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့အား စုဝေးစေ၏။ မိမိတို့ကိုယ်ကိုလည်း အသက်မှ ချကုန်၏။ အချင်းချင်းလည်း အသက်မှ ချကုန်၏။ မိဂလဏ္ဍိကရဟန်းယောင်ကိုလည်း တောင်းပန်ကာ အသက်မှ ချစေသည် ဆိုသည်မှာ ဟုတ်ပါသလော ဟု မေးမြန်း၏။ ရဟန်းတို့သည် မှန်ပါသည်ဟု လျှောက်ထား၏။ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ ရဟန်းတို့ကို အောက်ပါအတိုင်း တတိယပါရာဇိကသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

အကြင်ရဟန်းသည် (သတ်လိုသော စိတ်စေတနာ) ဖြင့်စေ့ဆော်၍ လူဇာတ်ဖြစ်သောသူ၏ ကိုယ်ကို အသက် ဇိဝိတိန္ဒြေမှ ချငြားအံ့၊ ထိုသူ၏ အသက် ဇီဝိတိန္ဒြေကို ဆောင်တတ်သော ဓားလက်နက်ကိုလည်း ရှာ၍ (အနီး) ထားငြားအံ့၊ ဤရဟန်းသည်လည်း သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏။ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ ဟု မိန့်တော်မူ၏။[၁]

ဖြတ်ထုံးများ[ပြင်ဆင်ရန်]

  • (၁) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏၊ ရဟန်းတို့သည် ထိုရဟန်းအား သနားသဖြင့် သေရခြင်း၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုကြကုန်၏။ ထိုရဟန်းသည် သေလေ၏။ ထို (ချီးကျူးသော) ရဟန်းတို့အား “ငါတို့သည် ပါရာဇိက ကျလေကုန်သလော” ဟု တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား လျှောက်ထားကြရာ “ရဟန်းတို့ သင်တို့သည် ပါရာဇိက ကျကုန်ပြီ” ဟု မိန့်တော်မူ၏။
  • (၂) တစ်ရံရောအခါ ဆွမ်းခံရဟန်းတစ်ပါးသည် အင်းပျဉ် ‘ခုံရှည်’ ၌ အဝတ်ပိုင်း ဖုံးနေသော ကလေးသူငယ်ကို ထိုင်လိုက်ရာတွင် ဖိမိ၍ သေစေ၏၊ ထိုရဟန်းအား တွေးတောမှု ‘သံသကကုက္ကုစ္စ’ ဖြစ်၏။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သို့သော်လည်း ရဟန်းတို့ မဆင်ခြင် မစူးစမ်းဘဲ နေရာ၌ မထိုင်ရ၊ ထိုင်သောရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ ဟု မိန့်တော်မူ၏။
  • (၃) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရွာအတွင်းရှိ ဆွမ်းစားဇရပ်၌ နေရာခင်းသည် ရှိသော် ထောင်ပပြီးထားသော ကျည်ပွေ့တို့တွင် ကျည်ပွေ့တစ်ခုကို ယူရာ ဒုတိယကျည်ပွေ့သည် လဲ၍ ကလေးတစ်ယောက်၏ ဦးထိပ်၌ တည့်တည့်ကျသဖြင့် ထိုကလေးသည် သေလေ၏။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကစ္စ’ ဖြစ်၏။ “ရဟန်း သင်သည် အဘယ်စိတ် ရှိသနည်း” ဟု (မေးတော်မူရာ) “ မြတ်စွာဘုရား တပည့်တော်မှာ သေစေလိုစိတ် မရှိပါ” ဟု (လျှောက်ထား၏)။ “ရဟန်း သေစေလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့်” ဟု (မိန့်တော်မူ၏)။
  • (၄) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရွာတွင်းရှိ ဆွမ်းစားဇရပ်၌ နေရာခင်းရာ ဆုံလုပ်ရန် သစ်လုံးကို နင်းမိ၍ လိမ့်လေရာ ကလေးတစ်ယောက်ကို ဖိမိ၍ သေစေ၏၊ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း သေစေလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့်” ဟု (မိန့်တော်မူ၏)။
  • (၅) တစ်ရံရောအခါ သားအဖနှစ်ယောက်တို့သည် ရဟန်းများ အထံ၌ ရဟန်းပြုကြကုန်၏။ အချိန်အခါကို လျှောက်ထားရာ သားက အဖကို “အသျှင်ဘုရား ကြွပါ၊ သံဃာတော်သည် အသျှင်ဘုရားကို မျှော်နေပါသည်” ဟု လျှောက်ထား၍ ကျောက်ကုန်း၌ ကိုင်၍ တွန်းလေရာ ထိုရဟန်းသည် လဲကျ၍ သေလေ၏၊ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ “ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်း” ဟု (မေးတော်မူရာ) “မြတ်စွာဘုရား တပည့်တော်သည် သေစေလိုစိတ် မရှိပါ” ဟု (လျှောက်ထား၏)။ “ရဟန်းသေစေလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့်” ဟု မိန့်တော်မူ၏။
  • (၆) တစ်ရံရောအခါ သားအဖနှစ်ယောက်တို့သည် ရဟန်းများ အထံ၌ ရဟန်းပြုကြကုန်၏။ အချိန်အခါကို လျှောက်ထားရာ သားက အဖကို “အသျှင်ဘုရား ကြွပါ၊ သံဃာတော်သည် အသျှင်ဘုရားကို မျှော်လင့်နေပါသည်” ဟု လျှောက်ထား၍ သေစေလိုသဖြင့် ကျောက်ကုန်း၌ ကိုင်၍ တွန်းလေရာ ထိုရဟန်းသည် လဲကျသော်လည်း မသေချေ။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။
  • (၇) တစ်ရံရောအခါ သားအဖနှစ်ယောက်တို့သည် ရဟန်းများအထံ၌ ရဟန်းပြုကြကုန်၏။ အချိန်အခါကို လျှောက်ထားရာ သားက အဖကို “အသျှင်ဘုရား ကြွပါ၊ သံဃာတော်သည် အသျှင်ဘုရားကို မျှော်လင့်နေပါသည်” ဟု လျှောက်ထား၍ သေစေလိုသဖြင့် ကျောက်ကုန်း၌ ကိုင်၍ တွန်းလေရာ ထိုရဟန်းသည် လဲကျသော်လည်း မသေချေ။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း ပါရာဇိကအာပတ်မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏” ဟု မိန့်တော်မူ၏။
  • (၈) တစ်ရံရောအခါ ရဟန်းတစ်ပါးအး ဆွမ်းစားစဉ် အမဲသားတုံးသည် လည်ချောင်း၌ နင့် ‘ဆို့’ နေ၏၊ ရဟန်းတစ်ပါးသည် ထိုရဟန်း၏ လည်ပင်းကို ရိုက်လေရာ သွေးနှင့်တကွ အမဲသားတုံးကျလာပြီး ထိုရဟန်းသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း သေစေလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့်” ဟု မိန့်တော်မူ၏။
  • (၉) တစ်ရံရောအခါ ရဟန်းတစ်ပါးအား ဆွမ်းစားစဉ် အမဲသားတုံးသည် လည်ချောင်း၌ နင် ‘ဆို့’ နေ၏။ ရဟန်းတစ်ပါးသည် သေစေလို၍ ထိုရဟန်း၏ လည်ပင်းကို ရိုက်လေရာ သွေးနှင့်တကွ အမဲသားတုံးသည် ကျလာပြီးလျှင် ထိုရဟန်းသည် သေလေ၏။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။
  • (၁၀) တစ်ရံရောအခါ ရဟန်းတစ်ပါးအား ဆွမ်းစားစဉ် အမဲသားတုံးသည် လည်ချောင်း၌ နင် ‘ဆို့’ နေ၏။ ရဟန်းတစ်ပါးသည် သေစေလို၍ ထိုရဟန်း၏ လည်ပင်းကို ရိုက်လေရာ သွေးနှင့်တကွ အမဲသားတုံးသည် ကျလာသော်လည်း ထိုရဟန်းသည် မသေချေ။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏” ဟု မိန့်တော်မူ၏။
  • (၁၁) တစ်ရံရောအခါ ဆွမ်းခံရဟန်းတစ်ပါးသည် အဆိပ်ပါသော ဆွမ်းကို ရလာခဲ့၍ ဆွမ်းစားဇရပ်သို့ ယူခဲ့ပြီးနောက် ရဟန်းတို့အား စားဦးကို လှူလေ၏။ ထိုရဟန်းတို့သည် သေကြကုန်၏။ ထို (စားဦးလှူသော) ရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်း” ဟု (မေးတော်မူရာ) “မြတ်စွာဘုရား တပည့်တော် မသိပါ” ဟု (လျှောက်ထား၏)။ “ရဟန်း မသိသော ရဟန်းအား အာပတ် မသင့်” ဟု မိန့်တော်မူ၏။
  • (၁၂) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် စမ်းသပ်လို၍ ရဟန်းတစ်ပါးအား အဆိပ်ကို ပေးရာ ထိုရဟန်းသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ရှိ၏။ ပ။ “ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်း” ဟု (မေးတော်မူရာ) “မြတ်စွာဘုရား တပည့်တော် စမ်းသပ်လိုစိတ် ရှိပါသည်” ဟု (လျှောက်ထား၏)။ “ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏” ဟု မိန့်တော်မူ၏။
  • (၁၃) တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် ကျောင်းမြေရာကို စီရင်ပြုလုပ်ကြရာ ရဟန်းတစ်ပါးသည် အောက်မှ နေ၍ ကျောက်ကို ပင့်မြှောက်၍ ပေး၏။ အထက်က ရဟန်းသည် မကောင်းသဖြင့် ကိုင်ယူသည်ဖြစ်၍ ကျောက်သည် အောက်က ရဟန်း၏ ဦးထိပ်၌ တည့်တည့်ကျ၍ ထိုရဟန်းသည် သေလေ၏။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း သေစေလိုစိတ် မရှိသော ရဟန်းအား အာပတ်မသင့်” ဟု မိန့်တော်မူ၏။
  • (၁၄ - ၁၅) တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် ကျောင်းမြေရာကို စီရင်ပြုလုပ်ကြရာ ရဟန်းတစ်ပါးသည် အောက်မှ နေ၍ ကျောက်ကို ပင့်မြှောက်၍ ပေး၏။ အထက်က ရဟန်းသည် သေစေလို၍ အောက်ကရဟန်း၏ ဦးထိပ်၌ ကျောက်ကို လွှတ်ချလေရာ ထိုရဟန်းသည် သေလေ၏။ ပ။ ထိုရဟန်းသည် မသေချေ။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ထိုရဟန်းအား ပါရာဇိကအာပတ်မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏” ဟု မိန့်တော်မူ၏။
  • (၁၆) တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် ကျောင်းနံရံ ဆောက်လုပ်ကြရာ ရဟန်းတစ်ပါးသည် အောက်မှနေ၍ အုတ်ကို ပင့်မြှောက်ပေး၏။ အထက်က ရဟန်းသည် မကောင်းသဖြင့် ကိုင်ယူသည်ဖြစ်၍ အုတ်သည် အောက်က ရဟန်း၏ ဦးထိပ်၌ တည့်တည့်ကျ၍ ထိုရဟန်းသည် သေလေ၏။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း သေစေလိုစိတ် မရှိသော ရဟန်းအား အာပတ်မသင့်” ဟု မိန့်တော်မူ၏။
  • (၁၇ - ၁၈) တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် ကျောင်းနံရံ ဆောက်လုပ်ကြရာ ရဟန်းတစ်ပါးသည် အောက်မှနေ၍ အုတ်ကို ပင့်မြှောက်ပေး၏။ အထက်က ရဟန်းသည် သေစေလို၍ အောက်ကရဟန်း၏ ဦးထိပ်၌ အုတ်ကို လွှတ်ချလေရာ ထိုရဟန်းသည် သေလေ၏။ ပ။ ထိုရဟန်းသည် မသေချေ။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ “ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ်သင့်၏” ဟု မိန့်တော်မူ၏။
  • (၁၉) တစ်ရံရောအခါ အာဠဝီမြို့သားရဟန်းတို့သည် အမှုသစ် ‘ကျောင်းဝေယျာဝစ္စ’ ကို ပြုလုပ်ကြရာ ရဟန်းတစ်ပါးသည် အောက်မှနေ၍ ပဲခွပ်ကို ပင့်မြှောက်၍ ပေး၏။ အထက်က ရဟန်းသည် မကောင်းသဖြင့် ကိုင်ယူသည်ဖြစ်၍ ပဲခွပ်သည် အောက်က ရဟန်း၏ ဦးထိပ်၌ တည့်တည့်ကျ၍ ထိုရဟန်းသည် သေလေ၏။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း သေစေလိုစိတ်မရှိသော ရဟန်းအား အာပတ် မသင့်” ဟု (မိန့်တော်မူ၏)။
  • (၂၀ - ၂၁) တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် အမှုသစ်ကို ပြုလုပ်ကြရာ ရဟန်းတစ်ပါးသည် အောက်မှနေ၍ ပဲခွပ်ကို ပင့်မြှောက်၍ ပေး၏။ အထက်က ရဟန်းသည် သေစေလို၍ အောက်က ရဟန်း၏ ဦးထိပ်၌ လွှတ်ချလေရာ ထိုရဟန်းသည် သေလေ၏။ ပ။ ထိုရဟန်းသည် မသေချေ။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ “ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ်သင့်၏” ဟု မိန့်တော်မူ၏။
  • (၂၂) တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် အမှုသစ်ကို ပြုလုပ်ကြရာ ရဟန်းတစ်ပါးသည် အောက်မှနေ၍ အခြင်ရနယ်ကို ပင့်မြှောက်၍ ပေး၏။ အထက်က ရဟန်းသည် မကောင်းသဖြင့် ကိုင်ယူသည်ဖြစ်၍ အခြင်ရနယ်သည် အောက်က ရဟန်း၏ ဦးထိပ်၌ တည့်တည့်ကျလေရာ ထိုရဟန်းသည် သေလေ၏။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ “ရဟန်း သေစေလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့်” ဟု (မိန့်တော်မူ၏)။
  • (၂၃ - ၂၄) တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် အမှုသစ်ကို ပြုလုပ်ကြရာ ရဟန်းတစ်ပါးသည် အောက်မှနေ၍ အခြင်ရနယ်ကို ပင့်မြှောက်၍ ပေး၏။ အထက်က ရဟန်းသည် သေစေလို၍ အောက်က ရဟန်း၏ ဦးထိပ်၌ အခြင်ရနယ်ကို လွှတ်ချလေရာ ထိုရဟန်းသည် သေလေ၏။ သေလေ၏။ ပ။ ထိုရဟန်းသည် မသေချေ။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ “ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ်သင့်၏” ဟု မိန့်တော်မူ၏။
  • (၂၅) တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် အမှုသစ်ကို ပြုကြရာ ငြမ်းကို ဖွဲ့ချည်ကြ ကုန်၏၊ ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို “ငါ့သျှင် ဤဘက်၌ ရပ်၍ ဖွဲ့ချည်လော့” ဟု ဆိုရာ ထိုရဟန်းသည် ထိုခိုင်းသောဘက်၌ ရပ်၍ ဖွဲ့ချည်စဉ် လိမ့်ကျ၍ သေလေ၏၊ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ ပ။ “ရဟန်း သင်သည် အဘယ်စိတ် ရှိသနည်း” ဟု (မေးတော်မူရာ) “မြတ်စွာဘုရား တပည့်တော်သည် သေစေလိုစိတ် မရှိပါ” ဟု (လျှောက်ထား၏)။ “ရဟန်း သေစေလိုစိတ် မရှိသော ရဟန်းအား အာပတ် မသင့်” (လျှောက်ထား၏)။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန် Text "publisher" ignored (အကူအညီ)