အဒိန္နာပါရာဇိက

ဝီကီပီးဒီးယား မှ

အဒိန္နာပါရာဇိကသည် မြတ်စွာဘုရား၏ သာသနာတော်တွင် ဒုတိယပညတ်တော်မူသည့် ပါရာဇိကသိက္ခာပုဒ် ဖြစ်သည်။ ရဟန်းတော်များသည် အဒိန္နာပါရာဇိကကို ကျူးလွန်မိပါက ရဟန်းအဖြစ်မှ လျှောကျရ၏။ ထို့အတွက်ကြောင့် အဒိန္နာပါရာဇိကအာပတ်ကို မကျူးလွန်မိအောင် စောင့်ထိန်းကြရလေသည်။[၁]

ဓနိယရဟန်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်၏။ ထိုအချိန်တွင် များစွာသောရဟန်းတို့သည် ဣသိဂိလိတောင်နံပါးတွင် မြက်မိုးကျောင်းငယ်တို့ကို ပြုလုပ်ကာ ဝါကပ်တော်မူ၏။ သုံးလလွန်မြောက်သော် ကျောင်းငယ်တို့ကို ဖျက်ကာ သွားလိုရာသို့ ဖဲကုန်၏။ သို့သော် အသျှင်ဓနိယသည် ထိုအရပ်၌သာ ဆောင်းရော နွေပါ ဆက်လက်နေ၏။

ထိုအခါ အသျှင်ဓနိယ၏ မြက်မိုးကျောင်းငယ်ကို မြက်ရိတ်သူ၊ ထင်းခွေသူတို့သည် ဖျက်၍ မြက်နှင့် သစ်သားတို့ကို ယူ၏။ ထို့နောက် အသျှင်ဓနိယသည် ကျောင်းငယ်ကို ပြန်လည် ဆောက်လုပ်၏။ ထိုအခါတွင်လည်း မြက်ရိတ်သူ၊ ထင်းခွေသူတို့သည် ကျောင်းငယ်ကို ဖျက်ဆီးကာ ယူကြပြန်၏။ ဤသို့ဖြင့် သုံးကြိမ်တိုင်အောင်ပင် ကျောင်းငယ်သည် အဖျက်ဆီးခံရလေသည်။ ထိုအခါ အသျှင်ဓနိယသည် မြေညက်ဖြင့်ပြီးသော ကျောင်းကို ဆောက်လုပ်ပြန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်ခြေမှ ဆင်းသက်တော်မူလာ၍ အသျှင်ဓနိယ၏ ကျောင်းကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ထို(မဂ်ဖိုလ်) မှ အချည်းနှီးဖြစ်သော ယောက်ျားအား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်။ ရဟန်းတို့ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်” ပေဟု မိန့်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် “ရဟန်းတို့ မြေညက်ဖြင့် ပြီးသော ကျောင်းငယ်ကို မပြုလုပ်အပ်။ ပြုလုပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။ ထို့နောက် ရဟန်းတို့သည် အသျှင်ဓနိယ၏ ကျောင်းငယ်ကို ဖျက်ဆီးကုန်၏။

ထိုအခါ အသျှင်ဓနိယသည် သစ်ထိန်းအရာရှိထံမှ သစ်သားများကို တောင်းယူကာ သစ်သားကျောင်းငယ်ဆောက်ရန် အကြံဖြစ်၏။ ထို့နောက် အသျှင်ဓနိယသည် သစ်ထိန်းအရာရှိထံမှ သစ်သားများကို ကျောင်းငယ်ဆောက်တည်ရန် လိုအပ်ကြောင်း ပြော၏။ သစ်ထိန်းအရာရှိလည်း အသျှင်ဘုရားအား ပေးရန် သစ်သား မရှိပါဟု ဆို၏။ သို့သော် ဘေးရန်အလို့ငှါထားသော မင်း၏ သစ်သားများ ရှိသည်။ ဘုရင်မင်းမြတ်က ပေးပါက သယ်ယူတော်မူပါဟု ဆို၏။ ထိုအခါ အသျှင်ဓနိယသည် “ဘုရင်သည် ပေးလှူပြီးပြီ” ဟု ဆို၏။ ထို့နောက် အသျှင်ဓနိယသည် သစ်သားကျောင်းငယ်ကို တည်ဆောက်၏။

ထိုအခါ မဂဓတိုင်း၏ အမတ်ကြီးဖြစ်သော ဝေဿကာရပုဏ္ဏားသည် ဘေးရန်အတွက်ထားသော သစ်များကို အသျှင်ဓနိယအား အဘယ်ကြောင့် ပေးလှူဘိသနည်းဟု နှလုံးမသာမယာ ဖြစ်၏။ ထို့နောက် မင်းအား “အသျှင်ဓနိယအား သစ်များကို ပေးလှူလိုက်ပြီဆိုသည်မှာ မှန်ပါသလော” မေး၏။

ထို့နောက် မင်းကြီးသည် အသျှင်ဓနိယအား “အသျှင်ဘုရား တပည့်တော်သည် မြို့ရွာ ပြုပြင်ရေးနှင့် (မီးလောင်ခြင်းစသော) ဘေးရန် အလို့ငှါ ထားသော မင်း၏ သစ်တော်တို့ကို အသျှင်ဘုရားအား လှူလိုက်ပြီဆိုသည်မှာ မှန်ပါသလော” ဟု မေးလျှောက်၏။ ထိုအခါ အသျှင်ဓနိယသည် “မှန်ပေသည်” ဟု ဖြေကြား၏။ ထိုအခါ မင်းကြီးသည် မိမိသည် များစွာသောကိစ္စရှိကြသည့်အတွက် သတိရအောင် မိန့်ပါရန် တောင်းပန်ပြောကြား၏။ အသျှင်ဓနိယသည် မင်းကြီးအား “မြက်၊ ထင်း၊ ရေတို့ကို သုံးဆောင်တော်မူကြကုန်ဟု ရဟန်းပုဏ္ဏားတို့ကို ပေးလှူပြီးသာလျှင် ဖြစ်၏” ဟု ပထမဦးစွာ အဘိသိက်ခံယူစဉ်က ပြောခဲ့ဖူးသည်ဟု ပြောကြား၏။

ထိုအခါ မင်းကြီးသည် ထိုသို့ပြောခြင်းမှာ တောအတွင်းမှာ မသိမ်းပိုက်အပ်ကုန်သော ထင်း၊ မြက်၊ ရေတို့ကိုသာ ဆိုလိုခြင်း ဖြစ်၏။ နောင် ဤကဲ့သို့သော အမှုကို မပြုလုပ်ပါရန် မင်းကြီးသည် လျှောက်ထား၏။[၁]

သိက္ခာပုဒ်ပညတ်ခြင်း[ပြင်ဆင်ရန်]

ထိုသို့ အသျှင်ဓနိယသည် မင်း၏ သစ်တော်များကို မပေးပါဘဲလျက် ကျောင်းငယ်ဆောက်လုပ်သော် လူတို့သည် ဘုရားအနွယ်တော် သာကီဝင်ရဟန်းတို့ကို ကဲ့ရဲ့ ကြ၏။ ထိုသို့ ကဲ့ရဲ့ကြသည်ကို ရဟန်းတို့သည် ကြား၏။ ထို့နောက် ရဟန်းတို့သည် မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ထားကြ၏။

မြတ်စွာဘုရားသည် ရဟန်းတို့ကို စုဝေးစေလျှက် ဓနိယရဟန်းအား ကဲ့ရဲ့ကာ ပါရာဇိကသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ “အကြင်ရဟန်းသည် ခိုးလိုသော စိတ်အစုဖြင့် မပေးအပ်သော ဥစ္စာကို ယူငြားအံ့၊ အကြင်သို့သဘောရှိသော မပေးအပ်သော ဥစ္စာကိုယူသော ဤရဟန်းသည်လည်း သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏။ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ” ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။[၁]

ဖြတ်ထုံးများ[ပြင်ဆင်ရန်]

  • (၁) တစ်ရံရောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခဝါဆိပ်သို့ သွား၍ ခဝါထုပ်ကို ခိုးကုန်၏။ ထိုရဟန်းတို့အား “မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီး ဖြစ်၏။ ငါတို့သည် ပါရာဇိက ကျကုန်ပြီလော” ဟု တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းအရာကို လျှောက်ထားကုန်၏။ “ရဟန်းတို့ သင်တို့သည် ပါရာဇိက ကျကုန်ပြီ” ဟု မိန့်တော်မူ၏။


  • (၂) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ခဝါဆိပ်သို့ သွား၍ အဖိုးများစွာထိုက်သော အဝတ်ကို မြင်လတ်သော် ခိုးလိုသောစိတ် ဖြစ်ပေါ်၏။ ထိုရဟန်းအား “ငါသည် ပါရာဇိကကျပြီလော” ဟု တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။ “ရဟန်း စိတ်ဖြစ်ကာမျှဖြင့် အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၃) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ခဝါဆိပ်သို့ သွား၍ အဖိုးများစွာထိုက်တန်သော အဝတ်ကို မြင်လတ်သော် ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ သုံးသပ်၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။


  • (၄) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ခဝါဆိပ်သို့သွား၍ အဖိုးများစွာ ထိုက်တန်သော အဝတ်ကို မြင်လတ်သော် ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ လှုပ်စေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း ပါရာဇိကအာပတ်မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏” ဟု မိန့်တော်မူ၏။


  • (၅) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ခဝါဆိပ်သို့သွား၍ အဖိုးများစွာ ထိုက်တန်သော အဝတ်ကို မြင်လတ်သော် ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ နေရာမှ ရွေ့စေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။


  • (၆ − ၉) တစ်ရံရောအခါ ဆွမ်းခံရဟန်းတစ်ပါးသည် အဖိုးများစွာ ထိုက်တန်သော အပေါ်လွှမ်းအခင်းကို မြင်လတ်သော ခိုးလိုသောစိတ် ဖြစ်လာ၏။ ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ သုံးသပ်၏။ ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ လှုပ်စေ၏။ ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ နေရာမှ ရွေ့စေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း သင်သည် ပါရာဇိက ကျပြီ” ဟု မိန့်တော်မူ၏။


  • (၁၀ − ၁၃) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နေ့အခါ ပစ္စည်းကို မြင်၍ “ညဉ့်မှ ခိုးမည်” ဟု အမှတ်အသား ပြုထား၏။ ထိုရဟန်းအား ထိုပစ္စည်းဟု ထင်မှတ်၍ ထိုပစ္စည်းကိုပင် ခိုး၏။ ထိုပစ္စည်းဟု ထင်မှတ်၍ အခြားပစ္စည်းကို ခိုး၏။ အခြားပစ္စည်းဟု ထင်မှတ်၍ ထိုပစ္စည်းကို ခိုး၏။ အခြားပစ္စည်းဟု ထင်မှတ်၍ အခြားပစ္စည်းကိုပင် ခိုး၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။


  • (၁၄) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နေ့အခါ ပစ္စည်းကို မြင်၍ “ညဉ့်မှ ခိုးမည်ဟု အမှတ်အသား ပြုထား၏။ ထိုရဟန်းသည် ထိုပစ္စည်းဟု ထင်မှတ်၍ မိမိပစ္စည်းကို ခိုး၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု မိန့်တော်မူ၏။


  • (၁၅ − ၂၅) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါး၏ ပစ္စည်းကို ဆောင်ယူစဉ် ဦးခေါင်းပေါ်ရှိ ဝန်ကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်၏။ ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ လှုပ်စေ၏။ ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ ပခုံးသို့ ချ၏။ ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ ပခုံးရှိဝန်ကို သုံးသပ်၏။ ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ လှုပ်စေ၏။ ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ ခါးသို့ ချ၏။ ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ ခါးရှိဝန်ကို သုံးသပ်၏။ ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ လှုပ်စေ၏။ ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ လက်ဖြင့်ယူ၏။ ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ လက်ရှိ ဝန်ကို မြေ၌ ချ၏။ ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ မြေမှ ယူလေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။


  • (၂၆) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် လွင်ပြင်၌ သင်္ကန်းကို ဖြန့်၍ ကျောင်းသို့ ဝင်၏။ ရဟန်းတစ်ပါးက “ဤသင်္ကန်းများ မပျက်စီးပါစေလင့်” ဟု သိမ်းဆည်းထား၏။ ထို (သင်္ကန်းရှင်) ရဟန်းထွက်လာ၍ ထိုရဟန်းကို “ငါ့သျှင် ငါ၏ သင်္ကန်းကို မည်သူခိုးသနည်း” ဟု မေး၏။ ထိုအခါ သင်္ကန်းသိမ်းဆည်းထားသော ရဟန်းက “ငါ ခိုးသည်” ဟု ပြော၏။ ထိုအခါ သင်္ကန်းရှင်ရဟန်းက “သင်ရဟန်း မဟုတ်တော့ပြီ” ဟု စွပ်စွဲ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏။ မြတ်စွာဘုရားသည် “ရဟန်းသည် စကားအလျဉ်းသင့်၍ ပြောဆိုပါက အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၂၇ − ၂၉) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် အင်းပျဉ် “ခုံရှည်” ၌ သင်္ကန်းကို ချထား၍။ အင်းပျဉ် “ခုံရှည်” ၌ နိသီဒိုင် “နေရာထိုင်အခင်း” ကို ချထား၍။ အင်းပျဉ် “ခုံရှည်” အောက်၌ သပိတ်ကို ချထား၍ ကျောင်းတွင်းသို့ ဝင်၏။ ရဟန်းတစ်ပါးသည် “ဤသပိတ် မပျက်စီးပါစေလင့်ဟု သိမ်ဆည်းထား၏။ သပိတ်ရှင်ရဟန်းသည် “ငါ့သျှင် ငါ၏ သပိတ်ကို မည်သူခိုးသနည်း” ဟု မေး၏။ ထိုအခါ သိမ်းဆည်းသူရဟန်းက “ငါ ခိုးသည်” ဟု ပြော၏။ သပိတ်ရှင်ရဟန်းက “သင် ရဟန်းမဟုတ်တော့ပြီ” ဟု ဆို၏။ ထိုအခါ သိမ်းဆည်းပေးသည့် ရဟန်းသည် တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း စကားအလျဉ်းသင့်၍ ပြောခြင်း၌ အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၃၀) တစ်ရံရောအခါ ရဟန်းမိန်းမတစ်ယောက်သည် စောင်ရန်း “စည်းရိုး” ၌ သင်္ကန်းကို ဖြန့်၍ ကျောင်းတွင်းသို့ ဝင်၏။ ရဟန်းမိန်းမတစ်ယောက်သည် သင်္ကန်းကို မပျက်စီးပါစေလင့်ဟု သိမ်းဆည်း၏။ ပိုင်ရှင်ရဟန်းမထွက်လာ၍ “ငါ၏ သင်္ကန်းကို မည်သူခိုးသနည်း” ဟု မေး၏။ ထိုအခါ သိမ်းဆည့်သူရဟန်းမက “ ငါ ခိုးသည်” ဟု ဖြေ၏။ ထိုအခါ ပိုင်ရှင်ရဟန်းမ “သျှင်မသည် ရဟန်းမိန်းမ မဟုတ်တော့ပြီ” ဟု စွပ်စွဲ၏။ ထိုအခါ သိမ်းဆည်းသူရဟန်းမသည် တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်းတို့ စကားအလျဉ်းသင့်၍ ပြောခြင်း၌ အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၃၁) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် လေဗွေတိုက်၍ လွင့်လာသော အဝတ်ကို မြင်၍ “ဥစ္စာရှင်တို့အား ပြန်ပေးမည်” ဟု ဖမ်းယူ၏။ ဥစ္စာရှင်တို့သည် ထိုရဟန်းအား “အသျှင်ဘုရားသည် ရဟန်းမဟုတ်တော့ပြီ” ဟု စွပ်စွဲ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း ခိုးလိုစိတ်မရှိသူအား အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၃၂) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် လေဗွေတိုက်၍ လွင့်လာသော ခေါင်းပေါင်းကို “ဥစ္စာရှင်များ မမြင်မီ ယူအံ့”ဟု ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ ဖမ်းယူ၏။ ဥစ္စာရှင်တို့က အသျှင်ဘုရားသည် “ရဟန်း မဟုတ်တော့ပြီ” ဟု စွပ်စွဲ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” သည် ဖြစ်၏။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။


  • (၃၃) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ကိုယ်မပျက်သေးသော သူသေကောင်၌ ပံ့သကူ ကောက်ယူ၏။ ထိုသူသေကောင်တွင် “ဖုတ်တစ္ဆေ” ဝင်ပူးနေ၏။ ထိုဖုတ်တစ္ဆေက “အသျှင်ဘုရား တပည့်တော်၏။ အဝတ်ကို မယူပါလင့်” ဟု ပြော၏။ ထိုရဟန်းသည် နားမထောင်ဘဲ ယူ၏။ ထိုအခါ သူသေကောင်သည် ရဟန်းနောက်သို့ လိုက်၏။ ရဟန်းသည် ကျောင်းသို့ဝင်၍ တံခါးပိတ်၏။ သူသေကောင်းလည်း ထိုနေရာ၌ လဲကျ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း ပါရာဇိကအာပတ်မသင့်။ သို့သော်လည်း ရဟန်းတို့ ကို်ယ်မပျက်သေးသော သူသေကောင်၌ ပံ့သကူ မကောက်ယူအပ်၊ ကောက်ယူသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။


  • (၃၄) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သံဃာ့သင်္ကန်းကို ဝေဖန်ရာတွင် ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ မဲလက်မှတ် “ကမ္ပည်း” ပြောင်း၍ သင်္ကန်းကို ယူ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။


  • (၃၅) တစ်ရံရောအခါ အသျှင်အာနန္ဒာသည် ရေချိုးခန်း “ဇရုံးအိမ်” ၌ ရဟန်းတစ်ပါး၏ သင်းပိုင်ကို မိမိသင်းပိုင် ထင်မှတ်၍ ဝတ်၏။ ထိုအခါ ရဟန်းသည် အသျှင်အာနန္ဒာအား “အဘယ့်ကြောင့် မိမိ၏ သင်းပိုင်ကို ဝတ်ပါသနည်း” ဟု မေး၏။ ထိုအခါ “မိမိသင်းပိုင်မှတ်၍ ဝတ်ပါသည်” ဟု ဖြေ၏။ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထား၏။ “ရဟန်းတို့ မိမိဥစ္စာဟု တင်မှတ်သော ရဟန်းအား အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၃၆) တစ်ရံရောအခါ များစွာသော ရဟန်းတို့သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်ကြသော် ခြင်္သေ့စားကြွင်းကို မြင်ကြ၍ ချက်စေပြီးလျှင် သုံးဆောင်ကြ၏။ ထိုရဟန်းတို့အား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်းတို့ ခြင်္သေ့၏ စားကြွင်း၌ အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၃၇ − ၄၀) တစ်ရံရောအခါ များစွာသော ရဟန်းတို့သည် ဂိဇ္ဈကုဋ်တောင်ခြေမှ ဆင်းသက်လာကြသော် ကျားစားကြွင်းကို မြင်ကြ၍။ သစ်စားကြွင်းကို မြင်ကြ၍။ အောင်းစားကြွင်းကို မြင်ကြ၍။ တောခွေးစားကြွင်းကို မြင်ကြ၍ ချက်စေပြီးလျှင် သုံးဆောင်ကြကုန်၏။ ထိုရဟန်းတို့အား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်ကြ၏။ “ရဟန်းတို့ တိရစ္ဆာန်တို့ သိမ်းဆည်းထားသော ဥစ္စာ၌ အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၄၁) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သံဃာ့ဆွမ်းကို ဝေဖန်ရာတွင် “အခြားရဟန်းအတွက် ပေးပါ” ဟု အခြေအမြစ်မရှိဘဲ လိမ်လည်တောင်းယူ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း ပါရာဇိကအာပတ်မသင့်၊ မဟုတ်မမှန် ပြောဆိုမှုကြောင့် ပါစိတ်အာပတ်သင့်၏” ဟု မိန့်တော်မူ၏။


  • (၄၂ − ၄၅) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သံဃာ့ခဲဖွယ်ကို ဝေဖန်ရာတွင်။ သံဃာ့မုန့်ကို ဝေဖန်ရာတွင်။ သံဃာ့ကြံကို ဝေဖန်ရာတွင်။ သံဃာ့တည်သီးကို ဝေဖန်ရာတွင် “အခြားရဟန်းအတွက် ပေးပါ” ဟု အခြေအမြစ်မရှိဘဲ “လိမ်လည်၍” တောင်းယူ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း ပါရာဇိကအာပတ် မသင့်၊ သိလျက် မဟုတ်မမှန် ပြောဆိုမှုကြောင့် ပါစိတ်အာပတ်သင့်၏” ဟု မိန့်တော်မူ၏။


  • (၄၆) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် အစားအစာရှားပါးသောအခါ၌ ထမင်းချက်အိမ်သို့ ဝင်ပြီးလျှင် သပိတ်နှင့် အပြည့် ထမင်းကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ ခိုးယူ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။


  • (၄၇) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် အစားအစာ ရှားပါးသောအခါ၌ အမဲချက်သော အိမ်သို့ဝင်ပြီးလျှင် သပိနှင့်အပြည့် အမဲသားကို ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ ခိုးလေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။


  • (၄၈ − ၅၀) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် အစားအစာ ရှားပါးသော အခါ၌ မုန့်ဖိုသို့ ဝင်ပြီးလျှင် သပိတ်နှင့်အပြည့် မုန့်ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ ခိုးယူ၏။ သပိတ်နှင့်အပြည့် မုန့်ကျွဲသည်းတို့ကို ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ ခိုးယူ၏။ သပိတ်နှင့်အပြည့် ကတွတ်မုန့်တို့ကို ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ ခိုးယူ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။


  • (၅၁ − ၅၄) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နေ့၌ ပရိက္ခရာ “အသုံးအဆောင်” ကိုမြင်၍ “ညဉ့်၌ ခိုးမည်” ဟု အမှတ်အသား ပြုထား၏။ ထိုရဟန်းသည် ထိုပရိက္ခရာဟု ထင်မှတ်၍ ထိုပရိက္ခရာကိုပင် ခိုးယူ၏။ ထိုပရိက္ခရာဟု ထင်မှတ်၍ အခြားပရိက္ခရာကို ခိုးယူ၏။ အခြားပရိက္ခရာဟု ထင်မှတ်၍ ထိုပရိက္ခရာကိုပင် ခိုးယူ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။


  • (၅၅) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နေ့၌ ပရိက္ခရာကိုမြင်၍ “ ညဉ့်၌ ခိုးမည်” ဟု အမှတ်အသား ပြုထား၏။ ထိုရဟန်းသည် ထိုပရိက္ခရာဟု ထင်မှတ်၍ မိမိပရိက္ခရာကို ခိုးလေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း ပါရာဇိကအာပတ်မသင့်၊ ဒုက္ကဋ်အာပတ်သင့်၏” ဟု မိန့်တော်မူ၏။


  • (၅၆) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် အင်းပျဉ် ‘ခုံရှည်’ ၌ ရှိသော အိတ်ကိုမြင်၍ “ဤအင်းပျဉ် ‘ခုံရှည်’ မှယူသော် ပါရာဇိက ကျလိမ့်မည်” ဟု အင်းပျဉ် ‘ခုံရှည်’ နှင့်တကွ ပြောင်းရွှေ့၍ ယူ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” သည် ဖြစ်၏။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။


  • (၅၇) တစ်ရံရေအခါ ရဟန်းတစ်ပါးသည် သံဃာ့ဘုံလျို ‘ဖုံ’ ကို ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ ခိုးယူ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။


  • (၅၈) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်္ကန်းတန်း၌ သင်္ကန်းကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ ခိုးယူ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း သင်သည် ပါရာဇိကကျပြီ” ဟု မိန့်တော်မူ၏။


  • (၅၉) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ကျောင်း၌ ရှိသော သင်္ကန်းကို ခိုး၍ “ဤ(ကျောင်း) မှ ထွက်သွားပါက ပါရာဇိက ကျလိမ့်မည်” ဟု (အောက်မေ့၍) ကျောင်းမှ မထွက်ဘဲ နေ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။ “ရဟန်းတို့ ထို(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျားသည် ထွက်သွားသည် ဖြစ်စေ၊ မထွက်ဘဲ နေသည်ဖြစ်စေ ပါရာဇိကအာပတ် သင့်၏” ဟု မိန့်တော်မူ၏။


  • (၆၀) တစ်ရံရောအခါ ရဟန်းနှစ်ပါးသည် သူငယ်ချင်း ဖြစ်၏။ ရဟန်းတစ်ပါးသည် ဆွမ်းခံဝင်ခိုက် အဖော်ရဟန်းသည် သံဃာ့ခဲဖွယ်ကို ဝေဖန်ရာတွင် သူငယ်ချင်းရဟန်း၏ အစု ‘ဝေပုံကျ’ ကို ယူ၍ ထို(သူငယချင်း) ရဟန်းနှင့် အကျွမ်းတဝင် သုံးဆောင်၏။ ထို(ဆွမ်းခံ) ရဟန်းသည် သိ၍ (သုံးဆောင်သော) ရဟန်းကို “သင် ရဟန်းမဟုတ်တော့ပြီ” ဟု စွပ်စွဲ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်။ “ရဟန်း သင်သည် အဘယ်စိတ် ရှိသနည်း” ဟု မေး၏။ ထိုအခါ “ တပည့်တော် ခိုးလိုစိတ် မရှိပါ၊ အကျွမ်းဝင်၍ ယူခြင်း ဖြစ်သည်” ဟု လျှောက်ထား၏။ “ရဟန်း အကျွမ်းဝင်၍ ယူခြင်း၌ အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၆၁) တစ်ရံရောအခါ များစွာသောရဟန်းတို့သည် သင်္ကန်းချုပ်မှုကို ပြုကုန်၏။ သံဃာအား ခဲဖွယ်ကို ဝေဖန်သည်ရှိသော် ရဟန်းအားလုံးအတွက် ဝေစုကို ယူဆောင်ထားကုန်၏။ ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးအတွက် ဝေစုကို မိမိအတွက် ထင်မှတ်၍ သုံးဆောင်၏။ ထိုရဟန်းသည် သိ၍ ထို(သုံးဆောင်သော) ရဟန်းကို “သင် ရဟန်းမဟုတ်တော့ပြီ” ဟု စွပ်စွဲ၏။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ “ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်း” ဟု မေး၏။ “မြတ်စွာဘုရား တပည့်တော်သည် (ခိုးလိုသောစိတ် မရှိပါ)၊ မိမိဥစ္စာဟု ထင်မှတ်ပါသည်” ဟု လျှောက်ထား၏။ “ရဟန်း မိမိဥစ္စာဟု ထင်မှတ်သော ရဟန်းအား အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၆၂)တစ်ရံရောအခါ များစွာသောရဟန်းတို့သည် သင်္ကန်းချုပ်မှုကို ပြုကြကုန်၏။ သံဃာအား ခဲဖွယ်ကို ဝေဖန်သည်ရှိသော် ရဟန်းတစ်ပါး၏ သပိတ်ဖြင့် ရဟန်းတစ်ပါးအတွက်ဝေစုကို ယူဆောင်၍ ထား၏။ သပိတ်ရှင် ရဟန်းသည် မိမိဥစ္စာဟု ထင်မှတ်၍ သုံးဆောင်၏။ ထို (ပစ္စည်းရှင်) ရဟန်းသည် သိ၍ ထို(သပိတ်ရှင်) ရဟန်းကို “သင် ရဟန်းမဟုတ်တော့ပြီ” ဟု စွပ်စွဲ၏။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း မိမိဥစ္စာဟု ထင်မှတ်သောရဟန်းအား အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၆၃) တစ်ရံရောအခါ သရက်သီးခိုးသူတို့သည် သရက်သီးကို ချွေချပြီး သရက်သီးထုပ်ကို ယူဆောင်၍ သွားကုန်၏။ ဥစ္စာရှင်တို့သည် ထိုသူခိုးတို့ကို လိုက်ကြရာ သူခိုးတို့သည် ဥစ္စာရှင်ကို မြင်၍ အထုပ်ကို ချပြီး ပြေးကြ၏။ ရဟန်းတို့သည် ပံ့သုကူဟု ထင်မှတ်၍ အကပ်ခံပြီး သုံးဆောင်ကုန်၏။ ဥစ္စာရှင်တို့သည် ထိုရဟန်းတို့ကို “သင်(အသျှင်ဘုရား) တို့သည် ရဟန်း မဟုတ်ကြတော့ပြီ” ဟု စွပ်စွဲကုန်၏။ ထိုရဟန်းတို့အား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။ “ရဟန်းတို့ သင်တို့သည် အဘယ်စိတ်ရှိကြသနည်း” ဟု မေး၏။ “မြတ်စွာဘုရား တပည့်တော်တို့သည် (ခိုးလိုသောစိတ် မရှိကြပါ)၊ ပံ့သုကူဟု ထင်မှတ်ကြသည်” ဟု လျှောက်ထား၏။


  • (၆၄ − ၆၉) တစ်ရံရောအခါ သပြေသီးခိုးသူတို့သည်။ တောင်ပိန္နဲသီးခိုးသူတို့သည်။ ပိန္နဲသီးခိုးသူတို့သည်။ ထန်းသီးခိုးသူတို့သည်။ ကြံခိုးသူတို့သည်။ တည်သီးခိုးသူတို့သည် တည်သီးကို ဆွတ်ခူး၍ တည်သီးထုပ်ကို ယူလျက် သွားကုန်၏။ ဥစ္စာရှင်တို့သည် ထိုသူခိုးတို့ကို လိုက်ကြရာ ခိုးသူတို့သည် ဥစ္စာရှင်တို့ကို မြင်၍ အထုပ်ကိုချ၍ ပြေးကုန်၏။ ရဟန်းတို့သည် ပံ့သကူဟု ထင်မှတ်ကြ၍ အကပ်ခံပြီး သုံးဆောင်ကြကုန်၏။ ဥစ္စာရှင်တို့သည် ထိုရဟန်းတို့ကို “သင် (အသျှင်ဘုရား) တို့သည် ရဟန်းမဟုတ်ကြတော့ပြီ” ဟု စွပ်စွဲကုန်၏။ ထိုရဟန်းတို့အား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ “ရဟန်းတို့ ပံ့သကူဟု ထင်မှတ်သော ရဟန်းအား အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၇၀) တစ်ရံရောအခါ သရက်သီးခိုးသူတို့သည် သရက်သီးကို ချွေချပြီး သရက်သီးထုပ်ကို ယူ၍ သွားကုန်၏။ ဥစ္စာရှင်တို့သည် ထိုသူခိုးတို့ကို လိုက်ကြရာ သူခိုးတို့သည် ဥစ္စာရှင်တို့ကို မြင်၍ အထုပ်ကို ပစ်ချ၍ ပြေးကြကုန်၏။ ရဟန်းတို့သည် “ဥစ္စာရှင်များ မမြင်မီ သုံးဆောင်အံ့” ဟု ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ သုံးဆောင်ကြကုန်၏။ ဥစ္စာရှင်တို့သည် ထိုရဟန်းတို့ကို “သင် (အသျှင်ဘုရား) တို့သည် ရဟန်းမဟုတ်ကြတော့ပြီ” ဟု စွပ်စွဲကြကုန်၏။ ထိုရဟန်းတို့အား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ “ရဟန်းတို့ သင့်တို့သည် ပါရာဇိက ကျကုန်ပြီ” ဟု မိန့်တော်မူ၏။


  • (၇၁ − ၇၆) တစ်ရံရောအခါ သပြေသီးခိုးသူတို့သည်။ တောင်ပိန္နဲသီး ခိုးသူတို့သည်။ ပိန္နဲသီး ခိုးသူတို့သည်။ ထန်းသီးမှည့် ခိုးသူတို့သည်။ ကြံခိုးသူတို့သည်။ တည်သီးခိုးသူတို့သည် တည်သီးတို့ကို ဆွတ်ခူး၍ တည်သီးထုပ်ကို ယူ၍ ပြေးကုန်၏။ ဥစ္စာရှင်တို့သည် ခိုးသူတို့ကို လိုက်ကြရာ သူခိုးတို့သည် ဥစ္စာရှင်တို့ကို မြင်၍ အထုပ်ကို ပစ်ချ၍ ပြေးကုန်၏။ ရဟန်းတို့သည် “ဥစ္စာရှင်များ မမြင်မီ သုံးဆောင်အံ့” ဟု ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ သုံးဆောင်ကြကုန်၏။ ဥစ္စာရှင်တို့သည် ထိုရဟန်းတို့ကို “သင် (အသျှင်ဘုရား) တို့သည် ရဟန်းမဟုတ်ကြတော့ပြီ” ဟု စွပ်စွဲကြကုန်၏။ ထိုရဟန်းတို့အား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ “ရဟန်းတို့ သင်တို့သည် ပါရာဇိကကျကုန်ပြီ” ဟု မိန့်တော်မူ၏။


  • (၇၇ − ၈၃) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သံဃာ့သရက်သီးကို ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ ခိုး၏။ သံဃာ့သပြေသီးကို ခိုး၏။ သံဃာ့တောင်ပိန္နဲသီးကို ခိုး၏။ သံဃာ့ပိန္နဲသီးကို ခိုး၏။ သံဃာ့ထန်းသီးမှန့်ကို။ သံဃာ့ကြံကို။ သံဃာ့တည်သီးကို ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ ခိုး၏ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ "ရဟန်း သင်သည် ပါရာဇိကကျပြီ" ဟု မိန့်တော်မူ၏။


  • (၈၄) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ပန်းဥယျာဉ်သို့သွား၍ ဆွတ်ခူးပြီးသော ငါးပဲတန်ပန်းကို ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ ခိုး၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ "ရဟန်း သင်သည် ပါရာဇိကကျပြီ" ဟု မိန့်တော်မူ၏။


  • (၈၅) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ပန်းဥယျာဉ်သို့သွား၍ ငါးပဲတန်ပန်းကို ဆွတ်ခူးပြီးလျှင် ခိုးလိုသောစိတ် ရှိသည်ဖြစ်၍ ခိုး၏။ ထိုရဟန်းအား တွေးတောမှု "သံသယကုက္ကုစ္စ" ဖြစ်၏။ "ရဟန်း သင်သည် ပါရာဇိကကျပြီ" ဟု မိန့်တော်မူ၏။


  • (၈၆) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရွာငယ်တစ်ခုသို့သွားရာ အခြားရဟန်းတစ်ပါးကို "ငါ့သျှင် သင်၏ အလုပ်အကျေွး အမျိုး'ဒါယကာ' ကို သင်မှာတိုင်း ငါပြောမည်" ဟု ဆို၏။ ထိုရဟန်းသည် သွား၍ အဝတ်တစ်ထည်ကို ဆောင်ယူစေပြီးလျှင် မိမိသည် သုံ:ဆောင်၏။ ထိုမှာသော ရဟန်းသည် သိ၍ ထိုသုံးစွဲသောရဟန်းကို "သင် ရဟန်း မဟုတ်တော့ပြီ" ဟု စွပ်စွဲ၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ "ရဟန်း ပါရာဇိကအာပတ်မသင့်၊ သို့သော်လည်း ရဟန်းတို့ သင်မှာတိုင်းပြောမည် ဟု မဆိုရ။ ဆိုသောရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏" ဟု မိန့်တော်မူ၏။


  • (၈၇) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရွာငယ်တစ်ခုသို့ သွားရာ အခြားရဟန်းတစ်ပါးကို "ငါ့သျှင် ငါ၏ အမျိုးဒါယကာကို ငါမှာတိုင်း ပြောလိုက်ပါ” ဟု ဆို၏။ ထိုရဟန်းသည် သွား၍ အဝတ်တစ်စုံကို ယူဆောင်စေပြီးလျှင် တစ်ထည်ကို မိမိသုံးဆောင်၏။ တစ်ထည်ကို မှာလိုက်သော ရဟန်းအား ပေး၏။ မှာလိုက်သော ရဟန်းသည် သုံးဆောင်သောရဟန်းကို “သင်ရဟန်း မဟုတ်တော့ပြီ” ဟု စွပ်စွဲ၏။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ “ရဟန်း ပါရာဇိကအာပတ် မသင့်။ သို့သော်လည်း ရဟန်းတို့ ငါမှာတိုင်းပြောလိုက်ပါဟု မဆိုရ၊ ဆိုသောရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။


  • (၈၈) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရွာငယ်တစ်ခုသို့သွားရာ ရဟန်းတစ်ပါးကို “ငါ့သျှင် သင်၏ အလုပ်အကျွေးအမျိုးဒါယကာကို သင်မှာတိုင်း ပြောမည်” ဟု ဆို၏။ ထိုရဟန်းကလည်း “ငါမှာတိုင်း ပြောလိုက်ပါ” ဟု ဆို၏။ ထိုရဟန်းသည် သွား၍ ထောပတ်တစ်ကွမ်းစား တင်လဲတစ်ချိန် ဆန်တစ်စိတ်ကို ဆောင်ယူစေ၍ မိမိကိုယ်တိုင် သုံးဆောင်၏။ ထိုမှာသော ရဟန်းသည် သိ၍ ထိုရဟန်းကို “သင်ရဟန်း မဟုတ်တောပြီ” ဟု စွပ်စွဲ၏။ ထိုရဟန်းအား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏။ “ရဟန်း ပါရာဇိကအာပတ်မသင့်။ သို့သော်လည်း ရဟန်းတို့ သင်မှာတိုင်းပြောမည်ဟု မဆိုရ၊ ငါမှာတိုင်း ပြေလိုက်ပါဟုလည်း မဆိုရ၊ ဆိုသောရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏” ဟု မိန့်တော်မူ၏။


[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန် Text "publisher" ignored (အကူအညီ)