မေထုနပါရာဇိက

ဝီကီပီးဒီးယား မှ

မေထုနပါရာဇိကသည် မြတ်စွာဘုရား၏ သာသနာတော်တွင် ပထမဆုံး ပညတ်တော်မူသည့် ပါရာဇိကသိက္ခာပုဒ် ဖြစ်သည်။ ရဟန်းတော်များသည် မေထုနပါရာဇိကကို ကျူးလွန်မိပါက ရဟန်းအဖြစ်မှ လျှောကျရ၏။ ထို့အတွက်ကြောင့် မေထုနပါရာဇိကအာပတ်ကို မကျူးလွန်မိအောင် စောင့်ထိန်းကြရလေသည်။[၁]

အရှင်သုဒိန်[ပြင်ဆင်ရန်]

ကလန္ဒသူဌေးသား သုဒိန်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းအဖြစ်ဖြင့် “အရညိက”၊ “ပိဏ္ဍပါတိက”၊ “ပံသုကူလိက”၊ “သပဒါနစာရိက” စသည့် ဓုတင်များကို ကျင့်ကြံအားထုတ်လျက် ရှိ၏။ အရှင်သုဒိန် သီတင်းသုံးရာ ဝဇ္ဇီတိုင်းသည် အသက်မွေးရန် ခေါင်းပါးခဲယဉ်း၏။ ထို့ကြောင့် မိမိတို့၏ ဆွေမျိုးများရှိရာ ဝေသာလီမြို့သို့ သွားရောက်နေထိုင်သော် မိမိကို အမှီပြု၍ အဖော်ရဟန်းတို့သည် လာဘ်ရမည်၊ ဆွမ်းကိစ္စတွင် မပင်ပန်းဘဲ တရားအားထုတ်နိုင်ပေလိမ့်မည်ဟု တွေးမိ၏။ ထို့နောက် အရှင်သုဒိန်သည် ဝေသာလီသို့ ကြွခဲ့၏။ ထိုမြို့ရှိ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီးတွင် သီတင်းသုံး၏။

ဝေသာလီမြို့သို့ အရှင်သုဒိန်ရောက်လာသည်ကို ကြားသော ဆွေမျိုးသားချင်းတို့သည် ဆွမ်းအိုးခြောက်ဆယ်ကို ပို့လှူကြ၏။ အရှင်သုဒိန်သည် ထိုဆွမ်းတို့အား အခြားရဟန်းတို့ကို ပေးလှူ၏။ မိမိမှာမူ သပိတ်သင်္ကန်းကို ဆောင်ယူကာ ကလန္ဒရွာသို့ ဆွမ်းခံဝင်၏။ ထိုသို့ ဆွမ်းခံရာတွင် အရှင်သုဒိန်သည် မိမိ၏ အဖဖြစ်သူအိမ်သို့ ချဉ်းကပ်မိ၏။ ထိုအချိန်တွင် ဆွေမျိုးတို့၏ ကျွန်မသည် သိုးလေပြီးသော မုယောမုန့်ကို စွန့်ပစ်မည့် အချိန်နှင့် ကြုံကြိုက်၏။ ထိုအခါ အရှင်သုဒိန်သည် စွန့်ပစ်မည်ဆိုပါက မိမိအား လောင်းလှူရန် ပြောကြားကာ အလှူခံ၏။ ထိုကျွန်မလည်း လှူဒါန်း၏။ ထို့နောက် အရှင်သုဒိန်၏ အသံ၊ လက်၊ ခြေ စသည်တို့ကို မှတ်သားပြီး “အရှင်သုဒိန် ရောက်လာပြီး” ဖြစ်ကြောင်း အမိကို ပြောပြ၏။

ထိုအချိန်တွင် အရှင်သုဒိန်သည် နံရံခြေတစ်ခုကိုမှီကာ သိုးနေသော မုယောမုန့်ကို ဘုဉ်းပေး၏။ ထိုအခါ အဖဖြစ်သူသည် သားဖြစ်သူကို မြင်၏။ ထို့နောက် မနက်ဖြန်အတွက် ဆွမ်းကို လက်ခံပါဟု ဖိတ်ကြား၏။ အရှင်သုဒိန်လည်း ဆိတ်ဆိတ်နေကာ လက်ခံပြီး နေရာမှ ထသွား၏။

နံနက်အချိန် ရောက်လတ်၍ အရှင်သုဒိန်သည် မိဘတို့၏ အိမ်သို့ ရောက်လာ၏။ မိဘတို့သည် သားဖြစ်သူအား ရွှေ၊ ငွေ၊ ဥစ္စာတို့ဖြင့်လည်းကောင်း၊ မယားဟောင်းအား အမျိုးမျိုးသော အလှတန်ဆာတို့ကို ဝတ်ဆင်စေခြင်းဖြင့်လည်းကောင်း သားဖြစ်သူရဟန်းကို ဖြားယောင်းကာ လူထွက်ရန် တိုက်တွန်း၏။ ထိုသို့ သုံးကြိမ်မြောက်တိုင်အောင် တိုက်တွန်းပါသော်လည်း အရှင်သုဒိန်သည် လက်မခံပေ။ မိမိသည် လူမထွက်နိုင်ပါဟု ငြင်းဆန်၏။

ထိုအခါ မိခင်ဖြစ်သူသည် “မိမိတို့တွင် အမွေဆက်ခံမည့် အမွေခံသား မရှိပေ။ ထိုသို့ အမွေခံသား မရှိသော မိမိတို့၏ စည်းစိမ်ဥစ္စာတို့ကို လိစ္ဆဝီမင်းတို့သည် မင်းဘဏ္ဍာအဖြစ် သိမ်းယူပေလိမ့်မည်” ဟု ပြောကြား၏။ ထိုအခါ အရှင်သုဒိန်သည် မိခင်အား သားမျိုးပေးခြင်း ကိစ္စကို ပေးနိုင်သည်ဟု ပြော၏။[၁]

မေထုန်အမှုကို ကျူးလွန်ခြင်း[ပြင်ဆင်ရန်]

အရှင်သုဒိန်၏ မယားဟောင်းသည် မိန်းမတို့ ဖြစ်မြဲ ဓမ္မတာလာသည့်အခါတွင် မိခင်ဖြစ်သူနှင့်အတူ မဟာဝုန်တောသို့ သွားရောက်၏။ ထို့နောက်တွင် မိခင်သည် သားဖြစ်သူအား စည်းစိမ်ဥစ္စာတို့ဖြင့် ဖြားယောင်းကာ လူထွက်ရန် ပြောဆိုပြန်၏။ သို့သော် အရှင်သုဒိန်သည် ငြင်းဆန်၏။ ထို့နောက်တွင်မူ မိခင်သည် မိမိတို့အား အမွေခံသား မရှိပါ၊ မိမိတို့၏ စည်းစိမ်ဥစ္စာတို့ကို မင်းတို့သည် မယူဆောင်ကြကုန်စေလိုပါဟု ပြော၏။ ထိုအခါ အရှင်သုဒိန်သည် သားမျိုးပေးခြင်း ကိစ္စကို မိမိဆောင်ရွက်နိုင်သည်ဟု ဆိုကာ မယားဟောင်း၏ လက်မောင်းကို ကိုင်ဆွဲကာ မဟာဝုန်တောသို့ဝင်၍ ပထမပါရာဇိကသိက္ခာပုဒ် မပညတ်ရသေးမီ မယားဟောင်းနှင့်အတူ မေထုန်မှီဝဲ၏။ သုံးကြိမ်တိုင်အောင် ပြုကျင့်ကာ မယားဟောင်းသည် ကိုယ်ဝန်ရလေသည်။[၁]

သိက္ခာပုဒ်ပညတ်ခြင်း[ပြင်ဆင်ရန်]

အရှင်သုဒိန်၏ မယားဟောင်းသည် ကိုယ်ဝန်ရင့်၍ သားငယ်ကို ဖွားမြင်၏။ ထိုသားအမိနှစ်ယောက်သည် နောင်အခါတွင် သာသနာ့ဘောင်သို့ ဝင်ရောက်လာကြကာ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ကြကုန်၏။ ထိုအခါ အရှင်သုဒိန်သည် မိမိမှာမူ ဈာန်မဂ်ဖိုလ်ကို မရပေ၊ မိမိသည် သာသာနာတော်တွင် “ဓမ္မဝိနယ”၌ ရဟန်းပြု၍ စင်ကြယ်စွာ ကျင့်ရန် မတတ်နိုင်ခဲ့ပေဟု စဉ်းစားတွေးတောကာ နှလုံးမသာမယာ ဖြစ်၏။ ထိုစိတ်ဖြင့် ရုပ်အဆင်းတို့သည်လည်း ဆုတ်ယုတ်ခေါင်းပါးလာ၏။ ထိုအခါ ရဟန်းအဖော်တို့က အဘယ်အတွက်ကြောင့် ပိန်လှီညှိုးနွမ်းနေသနည်းဟု မေး၏။ ထိုအခါ အရှင်သုဒိန်သည် မယားဟောင်းကို မေထုန်ပြုမိသည့် မကောင်းမှုအတွက် နှလုံးမသာမယာဖြစ်နေရကြောင်း ပြော၏။

ထိုအခါ များစွာသော ရဟန်းတို့သည် အရှင်သုဒိန်ကို ကဲ့ရဲ့ပြစ်တင်ကြ၏။ ထို့နောက် မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား စည်းဝေးစေပြီး အရှင်သုဒိန်အား “မှန်ကန်သလော” ဟု မေးမြန်း၏။ အရှင်သုဒိန်လည်း ဟုတ်တိုင်းမှန်စွာ လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် များစွာသောအကြောင်းတို့ဖြင့် အရှင်သုဒိန်အား ကဲ့ရဲ့၏။ ထို့နောက် ရဟန်းတို့အား “အကြင် ရဟန်းသည် မေထုန်အမှုကို (ပြုကျင့်) မှီဝဲငြားအံ့၊ ထိုရဟန်းသည် သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏။ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ” ဤသို့ ပြုကြကုန်လော့ဟု မိန့်တော်မူကာ သိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]

ဖြတ်ထုံးများ[ပြင်ဆင်ရန်]

  • (၁) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မျောက်မ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီး ဖြစ်၏။ ငါသည် ပါရာဇိက ကျလေသလောဟု ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။ ရဟန်းသင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၂) တစ်ရံရောအခါ ဝေသာလီမြို့နေ ဝဇ္ဇီတိုင်းသား ရဟန်းများစွာတို့သည် သိက္ခာမချ။ အားနည်းမှုကို ထင်ရှားစွာ မပြုကုန်မူ၍ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲကုန်၏။ မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီး ဖြစ်၏။ ငါတို့သည် ပါရာဇိက ကျကုန်လေသလောဟု ထိုရဟန်းတို့အား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။ ရဟန်း သင်သည် ပါရာဇီကကျပြီဟု မိန့်တော်မူ၏။


  • (၃) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဤသို့ပြုလျှင် ငါ့အား အာပတ်သင့်မည် မဟုတ်ဟု(ကြံစည်၍) လူ့အသွင်ဖြင့် မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီး ဖြစ်၏။ ငါသည် ပါရာဇိက ကျလေသလောဟု ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု မိန့်တော်မူ၏။


  • (၄) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဤသို့ပြုလျှင် ငါ့အား အာပတ်သင့်မည်မဟုတ်ဟု အဝတ်မဆီး အချည်းနှီး “ကိုယ်တုံးလုံး” ပြု၍ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” သည် ဖြစ်၏။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။
  • (၅ − ၁၁) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဤသို့ပြုလျှင် ငါ့အား အာပတ်သင့်မည်မဟုတ်ဟု သမန်းမြက်သင်္ကန်းကို ဝတ်ရုံ၍။ လျှော်တေသင်္ကန်းကို ဝတ်ရုံ၍။ ပျဉ်ချပ်သင်္ကန်းကို ဝတ်ရုံ၍။ ဆံပင်ဖြင့်ရက်သော ကမ္ဗလာကို ဝတ်ရုံ၍။ သားမြီးဖြင့် ရက်သော ကမ္ဗလာကို ဝတ်ရုံ၍။ ခင်ပုပ်ငှက်တောင်ဖြင့်ရက်သော အဝတ်ကို ဝတ်ရုံ၍။ သစ်နက်ရေကို ဝတ်ရုံ၍ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၁၂) တစ်ရံရောအခါ ဆွမ်းခံရဟန်းတစ်ပါးသည် အင်းပျဉ် “ခုံရှည်” ၌ အိပ်နေသော သူငယ်မကိုမြင်၍ တပ်နှစ်သက်သော စိတ်ဖြစ်ပေါ်လာရကား ခြေမကို အင်္ဂါဇာတ်ထဲသို့ သွင်းလေရာ ထိုသူငယ်မသည် သေလေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကစ္စ” ဖြစ်၏။ ရဟန်းသည် ပါရာဇိကအာပတ် မသင့်။ သံဃာဒိသိသ်အာပတ် သင့်၏ဟု မိန့်တော်မူ၏။


  • (၁၃) တစ်ရံရောအခါ လုလင်ပျိုတစ်ယောက်သည် ဥပ္ပလဝဏ်ထေရီမ၌ တပ်စွဲသောစိတ် ဖြစ်နေ၏။ ထိုလုလင်ပျိုသည် ဥပ္ပလဝဏ်ထေရီမ ဆွမ်းခံကြွစဉ် ကျောင်းငယ်သို့ ဝင်၍ ပုန်းအောင်းနေ၏။ ဥပ္ပလဝဏ်ထေရီမသည် ဆွမ်းစားပြီးနောက် ဆွမ်းစားဇရပ်မှ ထွက်ခဲ့၍ ခြေဆေးပြီးလျှင် ကျောင်းငယ်သို့ ဝင်၍ ခုတင် “ညောင်စောင်း” ငယ်၌ ထို်င်လေ၏။ ထိုအခါ လုလင်ပျိုသည် ဥပ္ပလဝဏ်ထေရီမကို ဖမ်းကိုင်၍ ဖျက်ဆီးလေ၏။ ဥပ္ပလဝဏ်ထေရီမသည် ရဟန်းမိန်းမတို့အား ဤအကြောင်းကို လျှောက်လေ၏။ ရဟန်းမိန်းမတို့သည် ဤအကြောင်းကို ရဟန်းယောက်ျားတို့အား လျှောက်၏။ ရဟန်းယောက်ျားတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကုန်၏။ ရဟန်းတို့ မသာယာသော ရဟန်းမိန်းမအား အာပတ်မသင့်ဟု မိန့်တော်မူ၏။


  • (၁၄) တစ်ရံရောအခါ ရဟန်းတစ်ပါးအား ဣတ္ထိလိင် “မိန်းမအသွင်သဏ္ဌာန်” ထင်ရှားဖြစ်ပေါ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။ ရဟန်းတို့ ရဟန်းမိန်းမနှင့် ပေါင်းသင်းနေထိုင်ရန် ထို (ယောက်ျားလက်ထက် ယူသော) ဥပစ္ဈာယ် ထို (ယောက်ျားလက်ထက် ခံအပ်သော) ပဉ္စင်းအဖြစ် ထို (ယောက်ျားလက်ထက်ရေတွက်အပ်သော) နှစ် “ ဝါ”တို့ကိုသာ ခွင့်ပြုတော်မူ၏။ ရဟန်းယောက်ျားတို့၏ အကြင်အာပတ်တို့သည်ရဟန်းမိန်းမတို့နှင့် သက်ဆိုင်ကုန်၏။ ထိုအာပတ်တို့ကို ရဟန်းမိန်းမတို့၏ အထံ၌ ကုစားခြင်းငှါ ခွင့်ပြုတော်မူ၏။ ရဟန်းယောက်ျားတို့၏ အကြင်အာပတ်တို့သည် ရဟန်းမိန်းမတို့နှင့် မသက်ဆိုင်ကုန်။ ထိုအာပတ်တို့ဖြင့် အာပတ်မသင့်ပေဟု မိန့်တော်မူ၏။


  • (၁၅) တစ်ရံရောအခါ ရဟန်းမိန်းမတစ်ယောက်အား ပုလ္လိင် “ယောက်ျားအသွင်သဏ္ဌာန်” ထင်ရှားဖြစ်ပေါ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။ ရဟန်းတိ့ ရဟန်းယောက်ျားတို့နှင့် ပေါင်းသင်းနေထိုင်ရန် ထို (မိန်းမလက်ထက်ယူသော) ဥပစ္ဈာယ် ထို (မိနမ်းမလက်ထက်ခံအပ်သော) ပဉ္စင်းအဖြစ် ထို (မိန်းမလက်ထက် ရေတွက်အပ်သော) နှစ် “ဝါ” တို့ကိုသာလျှင် ခွင့်ပြုတော်မူ၏။ ရဟန်းမိန်းမတို့၏ အကြင်အာပတ်တို့သည် ရဟန်းယောက်ျားတို့နှင့် သက်ဆိုင်ကုန်၏။ ထိုအာပတ်တို့ကို ရဟန်းယောက်ျားတို့၏ အထံ၌ ကုစားခြင်းငှါ ခွင့်ပြုတော်မူ၏။ ရဟန်းမိန်းမတို့၏ အကြင်အာပတ်တို့သည် ရဟန်းယောက်ျားတို့နှင့် မသက်ဆိုင်ကုန်။ ထိုအာပတ်တို့ဖြင့် အာပတ်မသင့်ပေဟု မိန့်တော်မူ၏။


  • (၁၆ − ၁၈) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဤသို့ပြုလျှင် ငါ့အား အာပတ်သင့်မည် မဟုတ်ဟု (ကြံစည်၍) အမိ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ သမီး၌ မေထုန်အမှုကို (ပြုကျင့်) မှီဝဲ၏။ အစ်မ နှမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ ငါသည် ပါရာဇိက ကျလေသလောဟု ထိုရဟန်းအားတွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၁၉) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မယားဟောင်း၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်းသင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၂၀) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နူးညံ့သော ကျောက်ကုန်းရှိ၏။ ကျောပျော့၏။ ထိုရဟန်းသည် မပျော်ပိုက်ခြင်း နှိပ်စက်ရကား ပျင်းရိသဖြင့် မိမိ၏ အင်္ဂါဇာတ်ကို ပါးစပ်ဖြင့် စုပ်လေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၂၁) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရှည်သော အင်္ဂါဇာတ်ရှိ၏။ ထိုရဟန်းသည် မပျော်ပိုက်ခြင်း နှိပ်စက်ရကား မိမိ၏ အင်္ဂါဇာတ်ကို မိမိ၏ ဝစ္စမဂ်အတွင်းသို့ သွင်းလေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၂၂) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သူသေကောင်ကို မြင်လေ၏။ ထိုသူသေကောင်၌ အင်္ဂါဇာတ်အနီးတွင် အိုင်းအမာနာ ရှိ၏။ ထိုရဟန်းသည် ဤသို့ပြုလျှင် ငါ့အား အာပတ်သင့်မည်မဟုတ်ဟု (သူသေ၏) အင်္ဂါဇာတ်၌ (မိမိ၏) အင်္ဂါဇာတ်ကို သွင်းပြီးလျှင် အိုင်းအမာအနာမှ ထုတ်၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၂၃) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သူသေကောင်ကို မြင်လေ၏။ ထိုသူသေကောင်၌ အင်္ဂါဇာတ်အနီး၌ အိုင်းအမာအနာ ရှိ၏။ ထိုရဟန်းသည် ဤသို့ပြုလျှင် ငါ့အား အာပတ်သင့်မည်မဟုတ်ဟု အိုင်းအမာအနာ၌ (မိမိ၏) အင်္ဂါဇာတ်ကို သွင်းပြီးလျှင် အင်္ဂါဇာတ်မှ ထုတ်၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၂၄) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် တပ်နှစ်သက်သောစိတ် ဖြစ်ပေါ်လာရကား ပန်းချီဆေးရေးရုပ်၏ နိမိတ်အင်္ဂါဇာတ်ကို (မိမိ) အင်္ဂါဇာတ်ဖြင့် တို့လေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း ပါရာဇိကအာပတ်မသင့်၊ ဒုက္ကဋ်အာပတ်သင့်၏ဟု မိန့်တော်မူ၏။


  • (၂၅) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် တပ်နှစ်သက်သောစိတ် ဖြစ်ပေါ်လာရကား သစ်သားယမင်းရုပ်၌ နိမိတ်အင်္ဂါဇာတ်ကို (မိမိ) အင်္ဂါဇာတ်ဖြင့် တို့လေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း သင်သည် ပါရာဇိကအာပတ်မသင့်၊ ဒုက္ကဋ်အာပတ်သင့်၏ဟု မိန့်တော်မူ၏။


  • (၂၆) တစ်ရံရောအခါ ရာဇဂြိုဟ်မြို့မှ ရဟန်းပြုသော သုန္ဒရမည်သော ရဟန်းသည် ရထားလမ်းခရီးဖြင့် သွား၏။ မိန်းမတစ်ယောက်သည် အသျှင်ဘုရား ခေတ္တ ဆိုင်းငံ့တော်မူပါ၊ ရှိခိုးပါရစေဟု လျှောက်ထားပြီးလျှင် ထိုမိန်းမသည် ရှိခိုးလျက် သင်းပိုင်ကိုမ၍ ပါးစပ်ဖြင့် အင်္ဂါကို စုပ်လေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း “သင်သည် သာယာသလော” ဟု မေးတော်မူရာ “မြတ်စွာဘုရား တပည့်တော် မသာယာပါ” ဟု လျှောက်၏။ ရဟန်း မသာယာသောသူအား အာပတ်မသင့်ဟု မိန့်တော်မူ၏။


  • (၂၇) တစ်ရံရောအခါ မိန်းမတစ်ယောက်သည် ရဟန်းကို မြင်၍ အသျှင်ဘုရား ကြွလာတော်မူပါ။ မေထုန်အကျင့်ကို ပြုကျင့်ပြီး မှီဝဲတော်မူပါဟု လျှောက်ထား၏။ နှမ မသင့်တော်ပေ၊ ဤကိစ္စသည် မအပ်ဟု ပြောဆို၏။ အရှင်ဘုရား ကြွလာတော်မူပါ။ တပည့်တော်မသည် အားထုတ်ပါမည်၊ အသျှင်ဘုရား အားမထုတ်ပါလင့်။ ဤသို့ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါဟု လျှောက်ထား၏။ ထိုရဟန်းသည် ထိုမိန်းမဆိတိုင်း ပြု၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း သင်သည် ပါရာဇိကကျပြီ ဟု မိန့်တော်မူ၏။


  • (၂၈) တစ်ရံရောအခါ မိန်းမတစ်ယောက်သည် ရဟန်းကို မြင်၍ အသျှင်ဘုရား ကြွလာတော်မူပါ။ မေထုန်အကျင့်ကို ပြုကျင့်မှီဝဲတော်မူပါဟု လျှောက်ထား၏။ နှမ မသင့်တော်၊ ဤကိစ္စသည် မအပ်စပ်ဟု ပြောဆို၏။ အသျှင်ဘုရား …. ကြွလာတော်မူပါ။ အသျှင်ဘုရား အားထုတ်တော်မူပါ။ တပည့်တော်မ …. အားမထုတ်ဘဲ နေပါမည်။ ဤသို့ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါဟု လျှောက်ထား၏။ ထိုရဟန်းသည် ထိုမိန်းမဆိုတိုင်း ပြု၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်းသင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၂၉ − ၃၀) တစ်ရံရောအခါ မိန်းမတစ်ယောက်သည် ရဟန်းကိုမြင်၍ အသျှင်ဘုရား ကြွလာတော်မူပါ။ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲတော်မူပါဟု လျှောက်ထား၏။ နှမ …. မသင့်တော်၊ ဤကိစ္စသည် မအပ်စပ်ဟု ပြောဆို၏။ အသျှင်ဘုရား ကြွလာတော်မူပါ။ အတွင်း၌ စေ့ဆော်အားထုတ်၍ အပြင်၌ သုက်ကို လွှတ်ပါ။ အပြင်၌ စေ့ဆော်အားထုတ်၍ အတွင်း၌ သုက်ကို လွှတ်ပါ။ ဤသို့ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါဟု လျှောက်ထား၏။ ထိုရဟန်းသည် ထိုမိန်းမဆိုတိုင်း ပြု၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၃၁) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်္ချိုင်းသို့သွားရာ ခွေးမစားသေးသော သူသေကောင်ကို မြင်၍ ထိုသူသေကောင်၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၃၂) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်္ချိုင်းသို့သွားရာ များသောအားဖြင့် ခွေးမစားသေးသော သူသေကောင်ကို မြင်၍ ထိုသူသေကောင်၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” သည် ဖြစ်၏။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၃၃) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်္ချိုင်းသို့ သွားလေရာ များသောအားဖြင့် ခွေးစားပြီးသော သူသေကောင်ကို မြင်၍ ထိုသူသေကောင်၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲလေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း ပါရာဇိကအာပတ်မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု မိန့်တော်မူ၏။


  • (၃၄) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်္ချိုင်းသို့သွားရာ ဦးခေါင်းပြတ်ကို မြင်၍ ဟင်းလင်းပွင့်သော ပါးစပ်၌ (နံပါးအစောက်ကို) ထိစေလျက် အင်္ဂါဇာတ်ကို သွင်း၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၃၅) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်္ချိုင်းသို့သွားရာ ဦးခေါင်းပြတ်ကိုမြင်၍ ဟင်းလင်းပွင့်သော ပါးစပ်၌ (နံပါးအစောက်ကို) မထိစေမူ၍ အင်္ဂါဇာတ်ကို သွင်း၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု မိန့်တော်မူ၏။


  • (၃၆) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မိန်းမတစ်ယောက်၌ တပ်နှစ်သက်သောစိတ် ဖြစ်နေ၏။ ထိုမိန်းမသေ၍ သင်္ချိုင်းသို့ စွန့်ပစ်ထားရာ အရိုးတို့သည် ပြန့်ကျဲ၍ နေကုန်၏။ ထိုရဟန်းသည် သင်္ချိုင်းသို့ သွား၍ အရိုးတို့ကို စုရုံးပြီးလျှင် နိမိတ်နေရာ၌ အင်္ဂါဇာတ်ကို ကျစေ၏ “သွင်း၏”။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု မိန့်တော်မူ၏။


  • (၃၇ − ၄၀) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နဂါးမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ နတ်မိန်းမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ ပြိတ္တာမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ ပဏ္ဍုတ်အား (ဝစ္စမဂ် မုခမဂ်၌) မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၄၁) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ကာယပသာဒ ပျက်နေ၏။ ထိုရဟန်းသည် “ငါသည် ကောင်းမကောင်းကို မခံစားနိုင်၊ ငါ့အား အာပတ်သင့်မည် မဟုတ်” ဟု မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြ၏။ “ရဟန်းတို့ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားသည် ခံစားနိုင်သည်ဖြစ်စေ၊ မခံစားနိုင်သည်ဖြစ်စေ ပါရာဇိကအာပတ် သင့်၏” ဟု မိန့်တော်မူ၏။


  • (၄၂)တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မိန်းမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲအံ့ဟု တို့ကာမျှ၌ နှလုံးမသာ ဖြစ်၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သံဃာဒိသိသ်အာပတ် သင့်၏ဟု မိန့်တော်မူ၏။


  • (၄၃) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဘဒ္ဒိယမြို့ မုလေး “မြကလေး” တော၌ နေသန့်စင်ရာသို့ ကပ်လျက် လျောင်းစက်နေ၏။ ထိုရဟန်း၏ အင်္ဂါကြီးငယ်တို့သည် လေကြောင့် တောင့်တင်းခိုင်မာကုန်၏။ မိန်းမတစ်ယောက်သည် မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်ပြီးလျှင် အလိုရှိတိုင်း “သဘောကျ” ပြု၍ ထွက်ခွာသွားလေ၏။ ရဟန်းတို့သည် သုက်အလိမ်းလိမ်း ကပ်သည်ကို မြင်၍ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကုန်၏။ ရဟန်းတို့ ရာဂကြောင့်လည်းကောင်း၊ ကျင်ကြီးကြောင့်လည်းကောင်း၊ ကျင်ငယ်ကြောင့်လည်းကောင်း၊ လေကြောင့်လည်းကောင်း၊ သုက်ပိုး “ဥစ္စလိင်္ဂပါဏ” ထိုးခြင်းကြောင့်လည်းကောင်း ဤအကြောင်းငါးမျိုးတို့ကြောင့် အင်္ဂါဇာတ်သည် ပြုခြင်းငှါ အသင့်ဖြစ်၏၊ တောင့်တင်းခိုင်မာ၏။ ရဟန်းတို့ ထို (မုလေးတော၌ အိပ်ပျော်သော) ရဟန်းအား ရာဂကြောင့် အင်္ဂါဇာတ်သည် ပြုခြင်းငှါ အသင့်ဖြစ်ဖို့ရန် အကြောင်း မရှိနိုင်ပေ။ ရဟန်းတို့ ထိုရဟန်းသည် ရဟန္တာပေတည်း။ ထိုဂရဟန်းအား အာပတ်မသင့်ဟု မိန့်တော်မူ၏။


  • (၄၄) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သာဝတ္ထိမြို့ အန္ဓဝန်တော၌ နေသန့်စင်ရာသို့ ကပ်လျက် လျောင်းစက်နေ၏။ ဆိတ်ကျောင်းသူမ တစ်ယောက်သည် မင်၍ အင်္ဂါဇာတ်ကို စပ်ယှက်၏။ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာ၏၊ ဝင်ဆဲခဏ၌ သာယာ၏၊ တည်ဆဲခဏ၌ သာယာ၏၊ ထုတ်ဆဲခဏ၌ သာယာ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၄၅ − ၄၇) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သာဝတ္ထိမြို့ အန္ဓဝန်တော၌ နေသန့်စင်ရာသို့ ကပ်လျက် လျောင်းစက်နေ၏။ ဆိတ်ကျောင်းသူငယ်မတစ်ယောက်သည် မြင်၍၊ ထင်းခွေသူမတစ်ယောက်သည် မြင်၍၊ နွားချေးကောက်သူမတစ်ယောက်သည် မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်၏။ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာ၏၊ ဝင်ဆဲခဏ၌ သာယာ၏၊ တည်ဆဲခဏ၌ သာယာ၏၊ နုတ်ဆဲခဏ၌ သာယာ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။


  • (၄၈) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တော၌ နေသန့်စင်ရာသို့ ကပ်လျက် လျောင်းစက်နေ၏။ မိန်းမတစ်ယောက်သည် မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်ပြီးလျှင် အလိုရှိတိုင်း “သဘောကျ” ပြု၍ အနီး၌ ရယ်မောလျက် ရပ်နေ၏။ ထိုရဟန်းသည် နိုး၍ ထိုမိန်းမအား “ဤအမှုသည် သင့်အမှုလော” ဟု(မေးသောအခါ) “မှန်ပါသည်၊ တပည့်တော်မ အမှုပါ” ဟု လျှောက်၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း သင်သည် သာယာသလောဟု မေးတော်မူရာ “မြတ်စွာဘုရား၊ တပည့်တော် မသိရပါ” ဟု လျှောက်ထား၏။ ရဟန်း “မသိသူအား အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၄၉) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တော၌ နေ့သန့်စင်ရာသို့ ကပ်လျက် သစ်ပင်ကို မှီ၍ ကျိန်းစက်နေ၏။ မိန်းမတစ်ယောက်သည် မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်၏။ ထိုရဟန်းသည် အလျင်အမြန် ထလေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း “သင်သည် သာယာသလော” ဟု မေး၏။ “မြတ်စွာဘုရား၊ တပည့်တော် မသာယာပါ” ဟု လျှောက်ထား၏။ “ရဟန်း၊ မသာယာသူအား အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၅၀) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တော၌ နေ့သန့်စင်ရာသို့ ကပ်လျက် သစ်ပင်ကို မှီ၍ ကျိန်းစက်နေ၏။ မိန်းမတစ်ယောက်သည် မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်လေ၏။ ထိုရဟန်းသည် ခြေနှင့်ကန်၍ လဲစေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ “ရဟန်း၊ သင်သည် သာယာသလော” ဟု မေး၏။ “မြတ်စွာဘုရား၊ တပည့်တော် မသာယာပါ” လျှောက်ထား၏။ “ရဟန်း မသာယာသူအား အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၅၁) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ နေ့သန့်စင်ရာသို့ ကပ်လျက် တံခါးကို ဖွင့်၍ လျောင်းစက်နေ၏။ ထိုရဟန်း၏ အင်္ဂါကြီးငယ်တို့သည် လေကြောင့် တောင့်တင်းခိုင်မာကုန်၏။ ထိုအခါ ကျောင်းသို့ လာကြသော မိန်းမတို့သည် ပန်း၊ နံ့သာကို ယူဆောင်လျက် အရံတွင်းသို့ ဝင်လာကုန်၏။ ထိုအခါ မိန်းမတို့သည် ထိုရဟန်းကို မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်ပြီးလျှင် အလိုရှိတိုင်း သဘောကျ ပြုကြပြီး၍ “ဤရဟန်းကား ယောက်ျားမြတ် အာဇာနည်ပေတကား” ဟု ပြောကြပြီးနောက် ပန်းနံ့သာကို တင်၍ ထွက်သွားကုန်၏။ ရဟန်းတို့သည် သုက်အလိမ်းလိမ်း ကပ်သည်ကို မြင်၍ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ရာဂကြောင့်လည်းကောင်း၊ ကျင်ကြီးကြောင့်လည်းကောင်း၊ ကျင်ငယ်ကြောင့်လည်းကောင်း၊ လေကြောင့်လည်းကောင်း၊ သုက်ပိုး “ဥစ္စာလိင်္ဂပါဏ” ထိုးခြင်းကြောင့်လည်းကောင်း ဤအကြောင်း ငါးမျိုးတို့ကြောင့် အင်္ဂါဇာတ်သည် ပြုခြင်းငှါ အသင့်ဖြစ်၏ “တောင့်တင်းခိုင်မာ၏”။ ရဟန်းတို့ ထို (တံခါးဖွင့်၍ ကျိန်းစက်သော) ရဟန်းအား ရာဂကြောင့် အင်္ဂါဇာတ်သည် ပြုခြင်းငှါ အသင့်ဖြစ်ရန် “တောင့်တင်းခိုင်မာရန်” အကြောင်းမရှိပေ။ ရဟန်းတို့ ထိုရဟန်းသည် ရဟန္တာ ပေတည်း။ ထိုရဟန်းအား အာပတ်မသင့်။ ‘’ရဟန်းတို့ နေ့အခါ ကျိန်းစက်သော ရဟန်းသည် တံခါးကိုပိတ်၍ ကျိန်းစက်ခြင်းငှါ ခွင့်ပြုတော်မူ၏။’’ ဟု မိန့်တော်မူ၏။


  • (၅၂) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဘာရုကစ္ဆက သင်္ဘောဆိပ်နေ ရဟန်းတစ်ပါးသည် အိပ်မက်ထဲ၌ မယားဟောင်းအား မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၍ ငါသည် ရဟန်းမဟုတ်တော့ပြီ၊ လူထွက်တော့အံ့ဟု ဘာရုကစ္ဆက သင်္ဘောဆိပ်သို့ သွားလတ်သော် လမ်းခရီးအကြား၌ အသျှင်ဥပါလိနှင့်တွေ့၍ ဤအကြောင်းကို လျှောက်ထား၏။ အသျှင်ဥပါလိက “ငါ့သျှင် အိပ်မက်ဖြင့် အာပတ်မသင့်” ဟု မိန့်တော်မူ၏။


  • (၅၃ − ၆၁) တစ်ရံရောအခါ ရာဇာဂြိုဟ်မြို့၌ သုဗ္ဗာခေါ် ဥပါသိကာမ “သီတင်းသည်မ” သည် အကျိုးမရှိရာ၌ ကြည်ညိုတတ်၏။ ထိုဥပါသိကာမသည် “မေထုန်အကျင့်ကို လှူသော မိန်းမသည် မြတ်သော အလှူကို ပေးလှူသည် မည်၏” ဟု အယူရှိ၏။ ထိုဥပါသိကာမ “သီတင်းသည်မ” သည် ရဟန်းကို မြင်၍ − “အသျှင်ဘုရား၊ ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို ပြုကျင့်မှီဝဲတော်မူပါ” ဟု လျှောက်၏။ “နှမ မသင့်တော်၊ ဤကိစ္စသည် မအပ်စပ်” ဟု ပြောဆို၏။ အသျှင်ဘုရား၊ ကြွလာတော်မူပါ၊ ပေါင်ကြား၌ စေ့ဆော်အားထုတ်တော်မူပါ။ ဤသို့ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည်မဟုတ်ပါ။ ချက်၌၊ ဝမ်းပျဉ်း၌၊ လက်ကတီးကြား “ချိုင်းကြား”၌၊ လည်၌၊ နားပေါက်၌၊ ဆံထုံးခွေ၌၊ လက်ချောင်းကြား၌ စေ့ဆော်အားထုတ်တော်မူပါ။ လက်ဖြင့် လုံ့လပြု၍ သုက်လွှတ်စေပါမည်။ ဤသို့ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါဟု လျှောက်၏။ ထိုရဟန်းသည် ထိုဥပါသိကာမဆိုတိုင်း ပြု၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း၊ ပါရာဇိကအာပတ် မသင့်၊ သံဃာဒိသိသ်အာပတ်သင့်၏ဟု မိန့်တော်မူ၏။


  • (၆၂ − ၇၀) တစ်ရံရောအခါ သာဝတ္ထိမြို့၌ သဒ္ဓါခေါ် ဥပါသိကာမ “သီတင်းသည်မ” သည် အကျိုးမရှိရာ၌ ကြည်ညိုတတ်၏။ ထိုဥပါသိကာမသည် “မေထုန်အကျင့်ကို လှူသော မိန်းမသည် မြတ်သော အလှူကို ပေးလှူသည် မည်၏” ဟု အယူရှိ၏။ ထိုဥပါသိကာမ “သီတင်းသည်မ” သည် ရဟန်းကို မြင်၍ − “အသျှင်ဘုရား၊ ကြွလာတော်မူပါ။ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲတော်မူပါ” ဟုလျှောက်ထား၏။ “နှမ၊ မသင့်တော် ဤကိစ္စသည် မအပ်စပ်” ဟု ပြောဆို၏။ အသျှင်ဘုရား ကြွလာတော်မူပါ။ ပေါင်ကြား၌ စေ့ဆော်အားထုတ်တော်မူပါ။ အသျှင်ဘုရား ကြွလာတော်မူပါ၊ လက်ဖြင့် လုံ့လပြု၍ သုက်လွှတ်စေပါမည်။ ဤသို့ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါဟု လျှောက်၏။ ထိုရဟန်းသည် ထိုဥပါသိကာမဆိုတိုင်း ပြု၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ ရဟန်း ပါရာဇိကအာပတ်မသင့်၊ သံဃာဒိသိသ်အာပတ်သင့်၏ ဟု မိန့်တော်မူ၏။


  • (၇၃ − ၇၆) တစ်ရံရောအခါ ဝေသာလီမြို့၌ လိစ္ဆဝီမင်းသားငယ်တို့သည် ရဟန်းကို ဖမ်း၍ ရဟန်းမိန်းမ၌ ဖောက်လွှဲဖောက်ပြန် “မတော်မလျော်” ပြုကျင့်စေကုန်၏။ သိက္ခမာန်မ၌ ဖောက်လွဲဖောက်ပြန် ပြုကျင့်စေကုန်၏။ သာမဏေ၌ ဖောက်လွဲဖောက်ပြန် ပြုကျင့်စေကုန်၏။ နှစ်ဦးလုံး သာယာကုန်အံ့၊ နှစ်ဦးလုံးတို့ကို ဖျက်ဆီးအပ်ကုန်၏။ နှစ်ဦးလုံး မသာယာကုန်အံ့၊ နှစ်ဦးလုံး အာပတ်မသင့်ကုန်။


  • (၇၇ − ၈၂) တစ်ရံရောအခါ ဝေသာလီမြို့၌ လိစ္ဆဝိမင်းသားငယ်တို့သည် ရဟန်းကို ဖမ်း၍ ပြည့်တန်ဆာမ၌ ဖောက်လွှဲဖောက်ပြန် “မတော်မလျော်” ပြုကျင့်စေကုန်၏။ ပဏ္ဍုက်၌ ဖောက်လွဲဖောက်ပြန် ပြုကျင့်စေကုန်၏။ လူမိန်းမ၌ ဖောက်လွဲဖောက်ပြန် ပြုကျင့်စေကုန်၏။ ရဟန်းသည် သာယာအံ့၊ ရဟန်းကို ဖျက်ဆီးအပ်၏။ ရဟန်းသည် မသာယာအံ့၊ ရဟန်းအား အာပတ်မသင့်။


  • (၈၃ − ၈၄) တစ်ရံရောအခါ ဝေသာလီမြို့၌ လိစ္ဆဝီမင်းသားငယ်တို့သည် ရဟန်းကို ဖမ်း၍ အချင်းချင်း ဖောက်လွဲဖောက်ပြန် ပြုကျင့်စေကုန်၏။ နှစ်ဦးလုံး သာယာကုန်အံ့၊ နှစ်ဦးလုံးတို့ကို ဖျက်ဆီးအပ်ကုန်၏။ နှစ်ဦးလုံး မသာယာကုန်အံ့၊ နှစ်ဦးလုံး အာပတ်မသင့်ကုန်။


  • (၈၅) တစ်ရံရောအခါ ရဟန်းကြီး (ကြီးမှရဟန်းပြုသူ) တစ်ပါးသည် မယားဟောင်းကို ကြည့်ရှုရန် သွားလေ၏။ ထိုမိန်းမသည် “အသျှင်ဘုရား ကြွလာတော်မူပါ၊ လူထွက်တော်မူပါ” ဟု ပြော၍ ဖမ်းထားလေ၏။ ထိုရဟန်းသည် နောက်ပြန်ဆုတ်ရာ ပက်လက်လန်လဲကျသွားလေ၏။ ထိုမိန်းမသည် အဝတ်ကို ပင့်၍ အင်္ဂါဇာတ်ကို စပ်ယှက်၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်လေ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားလေ၏။ ရဟန်း သင်သည် သာယာသလောဟု (မေးတော်မူရာ) မြတ်စွာဘုရား တပည့်တော် မသာယာပါဟု လျှောက်ထား၏။ ရဟန်း မသာယာသောသူအား အာပတ်မသင့်ဟု မိန့်တော်မူ၏။


  • (၈၆) တစ်ရံရောအခါ ရဟန်းတစ်ပါးသည် တော၌ နေ၏။ သမင်ငယ်တစ်ကောင်သည် ထိုရဟန်း ကျင်ငယ်စွန့်ရာအရပ်သို့ လာ၍ ကျင်ငယ်ကို သောက်လျက် ပါးစပ်ဖြင့် အင်္ဂါဇာတ်ကို ဖမ်းယူစုပ်လေရာ ထိုရဟန်းသည် သာယာလေ၏။ ထိုရဟန်းအား တွေးတောမှု “သံသယကုက္ကုစ္စ” ဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားလေ၏။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု မိန့်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန် Text "publisher" ignored (အကူအညီ)