သမဝါယမ ဦးစီးဌာန

ဝီကီပီးဒီးယား မှ
သမဝါယမ ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၃၀ အောက်တိုဘာ ၁၉၉၁
ဝန်ကြီးများဦးလှမိုး
မိခင်အဖွဲ့အစည်းသမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်moali.gov.mm

သမဝါယမ ဦးစီးဌာန (အင်္ဂလိပ်: Cooperative Department) သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကိုလိုနီခေတ်၊ ၁၉၀၄ ခုနှစ်တွင် မေမြို့(ပြင်ဦးလွင်)၌ သမဝါယမမင်းကြီးရုံးကို စတင် ဖွင့်လှစ်ခဲ့သည်။ သမဝါယမဦးစီးဌာန၏ဖွဲ့စည်းပုံကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစည်း အဝေးအမှတ်(၃၉/၉၁)မှသဘောတူခွင့်ပြုချက်အရ ၁၉၉၁ခုနှစ်၊ အောက်တိုဘာ(၃၀)ရက်နေ့မှ စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ယင်းသို့ဆောင်ရွက်လျက်ရှိစဉ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ဥပဒေအမှတ်(၉/၉၂)ဖြင့်ထုတ်ပြန်ခဲ့သော သမဝါယမအသင်းဥပဒေသစ်အရ လုပ်ငန်းတာဝန်များတိုးချဲ့ပြောင်းလဲဆောင်ရွက်မှုများ ပြုလုပ်လာရ၍ သမဝါယမဦးစီးဌာန၏ (၅-၆-၁၉၉၄)ရက်စွဲပါ အစည်းအဝေးအမှတ်စဉ် (၂၁/၉၄) အရဖွဲ့စည်းပုံအင်အား အရာထမ်းရာထူး(၉၈၀)နေရာ၊ အမှုထမ်းရာထူး(၁၆၃၃၂)နေရာ စုစုပေါင်းရာထူး (၁၇၃၁၂) နေရာဖြင့် စတင်ဆောင်ရွက်ခဲ့သည်။

(၁၅-၁-၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၅)၏ သဘောတူခွင့်ပြုချက်အရ သမဝါယမဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ ဖွဲ့စည်းပုံအား အရာထမ်းရာထူး(၁၄၈၃)နေရာ၊ အမှုထမ်းရာထူး(၁၆၈၆၄)နေရာ၊စုစုပေါင်းရာထူး(၁၈၃၄၇)နေရာဖြင့်ဖွဲ့စည်းထားရှိရာမှ အရာထမ်း ရာထူး (၇၀၃)နေရာ၊ အမှုထမ်းရာထူး(၁၅၆၉၆) နေရာ စုစုပေါင်းရာထူး (၁၆၃၉၉)နေရာဖြင့် သမဝါယမဦးစီးဌာနအဖြစ် (၁-၄-၂၀၁၅) ရက်နေ့မှစ၍ ပြင်ဆင် ဖွဲ့စည်းခဲ့သည်။[၁][၂]

(၅-၂-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၀)၏သဘောတူဆုံးဖြတ်ချက်အရ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ဖွဲ့စည်းပုံအား (၅-၂-၂၀၂၀)ရက်နေ့မှစ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

(၁၇-၆-၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့် အမှတ် (၁၄၀/၂၀၂၁) အရ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပြီး သမဝါယမ ဦးစီးဌာနကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဦးစီးဌာနတစ်ခု အဖြစ် ဖွဲ့စည်းခဲ့ပါသည်။

သမဝါယမဦးစီးဌာန ပေါ်ပေါက်လာပုံနောက်ခံသမိုင်းကြောင်းနှင့် နောက်ခံသမိုင်းအကျဉ်းချုပ်[ပြင်ဆင်ရန်]

အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၌ “၁၉၀၄ ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ သမဝါယမငွေစုငွေချေးအသင်းများဆိုင်ရာအက်ဥပဒေ"ကိုပြဋ္ဌာန်းပြီး သမဝါယမလုပ်ငန်းများပေါ်ပေါက် လာသဖြင့် ယင်းအချိန်တွင် အိန္ဒိယနိုင်ငံ၌ လက်အောက်ခံပြည်နယ်ခွဲတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ တွင်လည်း သမဝါယမငွေစုငွေချေးအသင်းများ ဖွဲ့စည်းထူထောင်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး သမဝါယမအသင်းအဖြစ် မြင်းမူမြို့နယ်ငွေစုငွေချေး သမဝါယမအသင်းကို (၁၉၀၅) ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်တွင် ဖွဲ့စည်းမှတ်ပုံတင်ပေးခဲ့သည်။ ၎င်းနောက် "၁၉၁၂ ခုနှစ် သမဝါယမအ သင်းများဆိုင်ရာ အက်ဥပဒေ"ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါအက်ဥပဒေအရ သမဝါယမဗဟိုဘဏ်များ၊ အခြေခံကျေးလက် ငွေစုငွေချေးအသင်းများ၊ ယူနီယံခေါ်အသင်းစုများ၊ ခရိုင်သမဝါယမအသင်းများ၊ အသင်းစုချုပ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သမဝါယမကောင်စီဟူ၍ အဆင့်ဆင့်ဖွဲ့စည်း တည်ထောင် ခဲ့ပါသည်။ ၁၉၂၅ ခုနှစ် နောက်ပိုင်းတွင် သမဝါယမလုပ်ငန်း အခြေအနေယိမ်းယိုင်လာခဲ့ပြီး အသင်း အရေအတွက်မှာလည်း လျော့နည်းခဲ့ပါသည်။ အဆိုပါအခြေအနေများကြောင့် ချေးငွေကျန်များ ကောက်ခံနိုင်ရန်နှင့် စာရင်းရှင်းနိုင်သည့်အာဏာများ လိုအပ်လာသဖြင့် ၁၉၂၇ ခုနှစ်၊ မြန်မာနိုင်ငံ သမဝါယမအသင်းများဆိုင်ရာ အက်ဥပဒေအမှတ်(၆)ကို အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ သမဝါယမ အသင်းများ၏ ဆုတ်ယုတ်လာမှုအခြေအနေများအား အောင်မြင်မှုဖြစ်ပေါ်လာစေရေးအတွက် ၁၉၃၅ ခုနှစ်တွင် မြေစာရင်းအရာရှိ ဦးတင်ကြီးကို သမဝါယမမင်းကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဦးတင်ကြီး သမဝါယမပြုပြင်ရေးစီမံကိန်းကိုရေးဆွဲပြီး အစိုးရထံတင်သွင်းခဲ့ရာ အချိန်ကာလနှင့် လိုက်လျော ညီထွေမှုရှိသဖြင့် အစိုးရက သဘောတူအတည်ပြုပေးခဲ့သည်။ အဆိုပါစီမံကိန်းအရ စားသုံးသူ သမဝါယမအသင်းများ (ကွန်ကိုးအသင်းများ) ဖွဲ့စည်းခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အသင်း ပေါင်း(၇၀၀၀)ကျော်၊ အသင်းဝင်(၃)သန်းခွဲနှင့် အစု(၉)သန်းခန့်အထိ အောင်မြင်တိုးတက်ခဲ့သည်။

ပါလီမန်ခေတ်မြန်မာ့သမဝါယမ[ပြင်ဆင်ရန်]

ယင်းအချိန်တွင် သမဝါယမမင်းကြီး၌ အာဏာအပြည့်အဝရှိစေရန်အတွက် ၁၉၂၇ ခုနှစ် သမဝါယမအက်ဥပဒေကို ရုပ်သိမ်း၍ ၁၉၅၆ ခုနှစ် သမဝါယမအသင်းများအက်ဥပဒေကို ပြဋ္ဌာန်း ခဲ့ပါသည်။ သမဝါယမစုပေါင်းရောင်းချရေးလုပ်ငန်းကို ၁၉၅၁-၅၂ ခုနှစ်တွင် စတင် လုပ်ကိုင်ခဲ့ပြီး ဆန်စပါး၊ ဝါဂွမ်းနှင့် ကြံများအဓိကထားလုပ်ကိုင်ခဲ့သည်။ ဆန်စပါးစုပေါင်းရောင်းချရေးစီမံကိန်းအရ ခရိုင်သမဝါယမများမှတစ်ဆင့် နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးစပါးဒိုင်တွင် ရောင်းချသည်။ ဝါဂွမ်းစုပေါင်း ရောင်းချရေးစီမံကိန်းတွင် လက္ကားသမဝါယမအဖွဲ့ချုပ်သည် တစ်ဦးတည်း ကုန်ထုတ် လိုင်စင်ယူ၍ ပြည်ပသို့ ဝါရောင်းချရေးလုပ်ငန်းကို ဦးစီးလုပ်ကိုင်သည်အထိ တိုးတက်အောင်မြင် ခဲ့ပါသည်။

ဆိုရှယ်လစ်ခေတ်မြန်မာ့သမဝါယမ[ပြင်ဆင်ရန်]

၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီတက်ရောက်ခဲ့ပြီး တော်လှန်ရေးကောင်စီက ၁၉၇၀ ခုနှစ် သမဝါယမစီမံကိန်းအရ ၁၉၇၀ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမ အသင်းဥပဒေကို (၂၈-၅-၁၉၇၀)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ၎င်းဥပဒေအရ သမဝါယမ လုပ်ငန်းများကို ဆိုရှယ်လစ် စီးပွားရေးစီမံကိန်းဘောင်အတွင်းမှဆောင်ရွက်ကြရပါသည်။ သမဝါယမအသင်းများသည် နိုင်ငံတော် ၏ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ဆောက်လုပ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေး၊ အိမ်ငှား၊ ပြည်တွင်းလက္ကား ကုန်သွယ်ရေး၊ ပြည်တွင်း လက်လီ ကုန်သွယ်ရေးကဏ္ဍများစသောကဏ္ဍအားလုံးတွင်ပါဝင်ဆောင်ရွက်ခဲ့ကြရသည်။ သမဝါယမ အသင်းများ ကိုလည်း ၁၉၇၀ ခုနှစ် သမဝါယမအသင်းဥပဒေအရ မြို့ပေါ်ရပ်ကွက်၊ ဌာနဆိုင်ရာများ နှင့် ကျေးရွာများ ပါ မကျန် တစ်ပြည်လုံးအရှိန်ဟုန်ဖြင့် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။

ဈေးကွက်စီးပွားရေးခေတ်မြန်မာ့သမဝါယမ[ပြင်ဆင်ရန်]

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့တွင် ၁၉၇၀ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမ အသင်းဥပဒေပါပုဒ်မအချို့အား ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပြင်ဆင်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းထားသည့်အသင်းပေါင်း (၂၀၀၀၀)ကျော်အနက် ဆိုရှယ်လစ် ခေတ်က ပါဝင်ခဲ့သော အမှုဆောင်ကော်မတီများကို သမဝါယမဝန်ကြီးဌာန၏ (၂-၁-၁၉၈၈) ရက်စွဲ ပါအမိန့်စာဖြင့် တာဝန်မှရပ်စဲခဲ့ပြီး ဝန်ထမ်းများနှင့် အရပ်ဖက်မှသင့်လျော်သူများကို ရွေးချယ်၍ အစားထိုးခန့်အပ်ခဲ့သည်။ ထို့နောက် ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေအား ပြဋ္ဌာန်းခဲ့ပြီး သမဝါယမအသင်းသစ်များကို ဖွဲ့စည်း၍ အသင်းဟောင်းများကို ပြန်လည်ပြုပြင်ဖွဲ့စည်းခဲ့ရာ (၃၁-၇-၂၀၀၄) ရက်နေ့စာရင်းအရ အသင်းစုစုပေါင်း (၁၇၉၀၅)သင်း ပြုပြင်ဖွဲ့စည်းသည်။


ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

သမဝါယမ ဦးစီးဌာနကို အောက်ပါအတိုင်းဖွဲ့စည်းထားသည်။

  • ညွှန်ကြားရေးမှူးချုပ်ရုံး
    • တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနများ (၁၅)ရုံး
      • မြို့နယ်သမဝါယမဦးစီးဌာနများ (၃၀၇)ရုံး
  • သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (၂)ကျောင်း
    • သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
    • သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
  • သမဝါယမဒီဂရီကောလိပ် (၂)ကျောင်း
    • သမဝါယမကောလိပ်(ဖောင်ကြီး)
    • သမဝါယမကောလိပ်(မန္တလေး)
  • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (၅)ကျောင်း
    • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)
    • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်(ပုသိမ်)
    • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်(မော်လမြိုင်)
    • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)
    • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မန္တလေး)

သမဝါယမဦးစီးဌာန၏ လုပ်ငန်းဌာနခွဲ (၆)ခု[ပြင်ဆင်ရန်]

  • လူ့စွမ်းအားအရင်းအမြစ်အုပ်ချုပ်မှုနှင့် ဘဏ္ဍာရေးဌာနခွဲ
    • စီမံရေးရာဌာနစု
    • ငွေစာရင်းဌာနစု
  • သမဝါယမလုပ်ငန်းများစစ်ဆေးရေးဌာနခွဲ
    • စစ်ဆေးရေးဌာနစု
  • သမဝါယမမူဝါဒ၊လုပ်ထုံးလုပ်နည်းနှင့်ပညာပေးရေးဌာနခွဲ
    • ဖွဲ့စည်းရေးနှင့်စာရင်းရှင်းလင်းဖျက်သိမ်းရေးဌာနစု
    • သမဝါယမပညာပေးရေးနှင့်သတင်းပြန်ကြားရေးဌာနစု
  • ကုန်ထုတ်၊စက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းဌာနခွဲ
    • ကုန်ထုတ်လုပ်ငန်းဌာနစု
    • စက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းဌာနစု
  • စီးပွားရေးစီမံခန့်ခွဲမှုသုတေသနနှင့်စာရင်းအင်းဌာနခွဲ
    • စီးပွားရေးစီမံခန့်ခွဲမှုသုတေသနနှင့်စာရင်းအင်းဌာနစု
  • ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် ကုန်သွယ်ရေးဌာနခွဲ
    • ပြည်တွင်း/ပြည်ပဆက်ဆံရေးဌာနစု
    • ကုန်သွယ်မှုဌာနစု

လုပ်ငန်းတာဝန်များ[ပြင်ဆင်ရန်]

သမဝါယမဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အသင်းဖွဲ့စည်းရန် စည်းရုံးခြင်း၊ အသင်းဖွဲ့စည်းရေးဆောင်ရွက်ခြင်း၊ သမဝါယမပညာပြန့်ပွားအောင် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတော်၏ မူဝါဒများ၊ သမဝါယမအခြေခံမူများ၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ရန် ထိန်းကျောင်း တည့်မတ်ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။

သမဝါယမအသင်း[ပြင်ဆင်ရန်]

သမဝါယမအသင်းဆိုသည်မှာ ဆန္ဒအလျှောက်ပူးပေါင်းကြသူတို့က မိမိတို့၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်နှင့် လိုအင်ဆန္ဒများ ဖြည့်ဆည်းရန်အလို့ငှာ ပူးပေါင်းပိုင်ဆိုင်ပြီး အများဆန္ဒနှင့် အညီ စီမံခန့်ခွဲဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သည်။

သမဝါယမအသင်းများဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

၁၉၉၂ခုနှစ် သမဝါယမအသင်းဥပဒေပါ အခြေခံမူများနှင့်အညီ မိမိတို့ဆန္ဒအလျောက် အသင်းသားများစုစည်း၍ ထုတ်လုပ်မှုသမဝါယမအသင်းများ၊ ဝန်ဆောင်မှုသမဝါယမအသင်းများ ကုန်သွယ်မှုသမဝါယမအသင်းများ အထွေထွေသမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်လျက် ရှိသည်။ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေနှင့်အညီ အခြေခံသမဝါယမအသင်းကို အနည်းဆုံး ပုဂ္ဂိုလ်(၅)ဦးဖြင့်လည်းကောင်း၊ အခြေခံသမဝါယမအသင်း အနည်းဆုံး(၃)သင်းကို စုပေါင်း၍ သမဝါယမအသင်းစုကိုလည်းကောင်း၊ အသင်းစုများပါဝင်သည့် အသင်းစုချုပ်ကိုလည်းကောင်း၊ အသင်းစုနှင့် အသင်းစုချုပ်များပါဝင်သည့် ဗဟိုသမဝါယမအသင်းကိုလည်းကောင်း ဖွဲ့စည်းထားရာ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ စုစုပေါင်း(၃၀၂၆၇)သင်းဖြစ်ပြီး ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ [၃]

  • ဗဟိုသမဝါယမအသင်း (၁)သင်း
    • အသင်းစုချုပ် (၂၀)သင်း
      • အသင်းစု (၄၆၁)သင်း
        • အခြေခံအသင်း (၂၉၀၄၉)သင်း

ကိုးကား[ပြင်ဆင်ရန်]

ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]