ဝဂ်

ဝီကီပီးဒီးယား မှ

ဝဂ် ဟူသော စကားမှာ ‘ဝဂ္ဂ’ ဟူသော ပါဠိစကားမှ လာသည်။ အစုဟု အဓိပ္ပာယ်ရသည်။ ဗျည်းများကို အသံဖြစ်ရာနေရာ ဌာန်တူရာတူရာ စုဖွဲ့ထားသည်။ ထိုဗျည်းအစုတို့ကို ဝဂ် ဟုခေါ်သည်။

သာဓက။ ။ က၊ ခ၊ ဂ၊ ဃ၊ င (ကဝဂ်)

‘က၊ ခ၊ ဂ၊ ဃ၊ င’ ဟူသော ဗျည်း (၅) လုံးသည် ဖြစ်ရာ ဌာန်တူကြသည်။ အစုလိုက် အလွယ်တကူ ရွတ်ဆို၍ ရသည်။ ထို့ကြောင့် ယင်းဗျည်း (၅) လုံးအစုကို ဝဂ်ဟု ခေါ်သည်။ ‘က’ ဗျည်းဖြင့် စသည့်ဝဂ် ဖြစ်ခြင်းကြောင့် ‘ကဝဂ်’ ဟု အမည်တွင်သည်။

ထို့ကြောင့် -

က၊ ခ၊ ဂ၊ ဃ၊ င

စ၊ ဆ၊ ဇ၊ ဈ၊ ည

ဋ၊ ဌ၊ ဋ၊ ဎ၊ ဏ

တ၊ ထ၊ ဒ၊ ဓ၊ န

ပ၊ ဖ၊ ဗ၊ ဘ၊ မ

တို့သည် ကဝဂ်၊ စဝဂ်၊ ဋဝဂ်၊ တဝဂ်၊ ပဝဂ် ဟု အသီးသီး အမည်တွင်ကြသည်။[၁]

ဝဂ်ဗျည်း[ပြင်ဆင်ရန်]

ဝဂ်၌ ပါဝင်သော ဗျည်းများကို ‘’ဝဂ်ဗျည်း’’ ဟု ခေါ်သည်။ ‘က၊ စ၊ ဋ၊ တ၊ ပ’ ဝဂ် (၅) ခု ရှိ၍ ဝဂ်တစ်ခု၌ ဗျည်း (၅) လုံးစီ ပါဝင်ခြင်းကြောင့် ဝဂ်ဗျည်းပေါင်း (၂၅) လုံး ရှိသည်။[၁]

အဝဂ်[ပြင်ဆင်ရန်]

‘အဝဂ်’ ဟူသောစကားမှာ ‘အဝဂ္ဂ’ ဟူသော ပါဠိစကားမှလာသည်။ အစုမဟုတ်ဟု အဓိပ္ပာယ်ရသည်။ ဗျည်းအချို့သည် ဖြစ်ရာဌာန် တူညီမှုမရှိသောကြောင့် အစုဖွဲ့မရချေ။ ထိုသို့ အစုမဟုတ်သည်ကို အဝဂ်ဟု ခေါ်သည်။ [၁]

အဝဂ်ဗျည်း[ပြင်ဆင်ရန်]

ဝဂ်ဗျည်း (၂၅) လုံး၌ မပါဝင်သော ဗျည်းများသည် အဝဂ်ဗျည်းများ ဖြစ်ကြသည်။ အဝဂ်ဗျည်း (၈) လုံး ရှိသည်။ ၎င်းတို့မှာ − ‘ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ၊ ဠ၊ အ’ တို့ ဖြစ်ကြသည်။[၁]

ဝဂ္ဂန္တ[ပြင်ဆင်ရန်]

‘ဝဂ္ဂန္တ’ ဟူသော စကားမှာ ပါဠိစကား ဖြစ်သည်။ အစု၏ အဆုံးဟု အဓိပ္ပာယ်ရသည်။ [၁]

ဝဂ္ဂန္တဗျည်း[ပြင်ဆင်ရန်]

ဝဂ်ဗျည်း (၅) လုံးအစု တစ်စုစီ၏ အဆုံး၌ ရှိသောကြောင့် ဝဂ္ဂန္တဗျည်း ဟု ခေါ်သည်။

‘င’ ဗျည်းသည် ကဝဂ်၏ အဆုံးဗျည်း ဖြစ်သည်။

‘ည’ ဗျည်းသည် စဝဂ်၏ အဆုံးဗျည်း ဖြစ်သည်။

‘ဏ’ ဗျည်းသည် ဋဝဂ်၏ အဆုံးဗျည်း ဖြစ်သည်။

‘န’ ဗျည်းသည် တဝဂ်၏ အဆုံးဗျည်း ဖြစ်သည်။

‘မ’ ဗျည်းသည် ပဝဂ်၏ အဆုံးဗျည်း ဖြစ်သည်။

ထို’င၊ ည၊ ဏ၊ န၊ မ’ ဗျည်း (၅) လုံးတို့သည် ဝဂ္ဂန္တဗျည်းများ ဖြစ်ကြသည်။ [၁]

ဝဂ်ဗျည်းနှင့် အဝဂ်ဗျည်းပြဇယား[ပြင်ဆင်ရန်]

ဝဂ်အမည် ဗျည်း
ကဝဂ် က၊ ခ၊ ဂ၊ ဃ၊ င
စဝဂ် စ၊ ဆ၊ ဇ၊ ဈ၊ ည
ဋဝဂ် ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ
တဝဂ် တ၊ ထ၊ ဒ၊ ဓ၊ န
ပဝဂ် ပ၊ ဖ၊ ဗ၊ ဘ၊ မ
အဝဂ် ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ၊ ဠ၊ အ

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ မြန်မာသဒ္ဒါ အတွဲ (၂)