လူ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
လူ[၁]
Temporal range: 0.2–0 Ma
Pleistocene - Recent
PPlaqueB.png
လူအား ဖော်ပြပုံ
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
Domain: Eukarya
လောက: Animalia
မျိုးပေါင်းစု: Chordata
Superclass: Tetrapoda
မျိုးပေါင်း: Mammalia
Infraclass: Eutheria
မျိုးစဉ်: Primates
မျိုးစဉ်သေး: Haplorrhini
Infraorder: Simiiformes
Parvorder: Catarrhini
Superfamily: Hominoidea
မျိုးရင်း: Hominidae
မျိုးရင်းသေး: Homininae
မျိုးဇာတ်: Hominini
မျိုးစု: Homo
မျိုးစိတ်: H. sapiens
မျိုးစိတ်သေး: H. s. sapiens
တြိနာမ
Homo sapiens sapiens
Linnaeus, 1758

လူသား (Human Being)၊ လူ (Human) - သိပ္ပံအမည်မှာ "Homo Sapeins" ဖြစ်ပြီး မြန်မာလို အဓိပ္ပာယ်အားဖြင့် "ဉာဏ်ပညာရှိသူ၊ သိတတ်နားလည်သူ" - သည် ဟိုမိုနီဒယ် (Hominidae) မိသားစု မျိုးနွယ်ဝင် ဘိုင်ပေဒယ် ပရိုင်းမိတ် (Bipedal Primates - ခြေနှစ်ချောင်းနှင့် လမ်းလျှောက်သူ) များဖြစ်သည်။ မိုက်တိုကွန်ဒရီရယ်ဒီအန်အေနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများမှ တွေ့ရှိချက်အရ ခေတ်သစ် လူသား (Moden human) သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀,၀၀၀ ခန့်က အာဖရိက မှ ဆင်းသက်လာသည်။[၂] လူတွင် အလွန် အဆင့်မြင့်သော ဦးနှောက် ပါသဖြင့် ကျိုးကြောင်းဆီလျော်စွာ ချင့်ချိန်နိုင်စွမ်း၊ စကားပြောနိုင်စွမ်း၊ ပြန်လည် သုံးသပ်နိုင်စွမ်း (introspection)၊ ပြဿနာ ဖြေရှင်းနိုင်စွမ်းနှင့် စိတ်ခံစားနိုင်စွမ်း (emotion) ရှိသည်။ ဤသို့သော စိတ်စွမ်းအားများနှင့် မတ်မတ်ရပ်နိုင်သော ကိုယ်ခန္ဓာများက ရှေ့လက်အား စိတ်လိုလက်ကျ လွတ်လွတ်လပ်လပ် အသုံးပြုစေနိုင်ပြီး အခြားမျိုးစိတ် (species) များထက် ကိရိယာများကို တီထွင် အသုံးပြုနိုင်သည်။ လူသည် ကမ္ဘာ့ နေရာ အနှံ့အပြားတွင် နေထိုင်ကျက်စားလျက်ရှိပြီး ကမ္ဘာ ပေါ်တွင် အန္တာတိက မှအပ အခြားတိုက်ကြီးများတွင် တွေ့ရှိနိုင်သည်။ ၂၀ဝ၉ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းအရ ကမ္ဘာပေါ်တွင် လူဦးရေ ၆.၇ ဘီလျံခန့် ရှိသည်။[၃] ၎င်းသည် ထိုမျိုးစိတ်တွင် Homo sapiens sapiens ဟု တစ်ခုတည်းသော မျိုးစိတ်ကွဲ (subspecies) သာ မပျောက်ကွယ်ပဲ ကျန်ရှိသည်။

မနုဿတ္တ ဒုလ္လဘ[ပြင်​ဆင်​ရန်​]

နှစ်ပေါင်းမည်မျှဟု မခန့်မှန်းနိုင်သော အချိန်အခါ၌ ကမ္ဘာပေါ်တွင် တိရစ္ဆာန်ရိုင်းများ သွားလာကျက်စားနေကြစဉ်က တိရစ္ဆာန်ရိုင်းများ၏ အရိပ်အခြည်ကို ချောင်းမြောင်းကြည့်ရှု၍ ခိုးကြောင်ခိုးဝှက် သွား လာကျက်စားနေရသော သတ္တဝါမျိုးရှိခဲ့၏။ ထိုသတ္တဝါကား နောင်နှစ်ပေါင်းများစွာ ကြာသောအခါ လူဟူ၍ဖြစ်လာသော သတ္တဝါတည်း။

လူ[ပြင်​ဆင်​ရန်​]

ကမ္ဘာပေါ်တွင် လူဟူ၍ ပညတ်ခေါ်ဝေါ်ရသော သတ္တဝါသည်မည်သည့်အချိန်ကစ၍ ပေါက်လာခဲ့သည်ကို မည်သူမျှ တပ်အပ်သေချာစွာမပြောနိုင်ပေ။ သိပ္ပံပညာရှင်ကြီးများပင်လျှင် ကမ္ဘာမြေလွှာ အထပ်ထပ်အောက်တွင် နစ်မြုပ်နေသောအရိုးများ၊ ကျောက်သားမှဖဲ့၍ ပြုလုပ်ထားသော လက်နက်အသုံးအဆောင်ကိရိယာများ၊ တိရစ္ဆာန်များ၏ ဦးချိုနှင့် အစွယ်များ ဖြင့်ပြုလုပ်သော အရာဝတ္ထုများနှင့် မြေအောက်လှိုဏ်ဂူနံရံများတွင် ရေးဆွဲထားသည်။ ယခုအခါတွင် တိမ်ကောပပျောက်နေပြီဖြစ်သော တိရိစ္ဆာန်ကြီး များ၏ ရုပ်ပုံများအစရှိသော ရှေးခေတ်၏ အမွေအနှစ်ပစ္စည်းများကို လေ့လာကြည့်ရှုကာ ကမ္ဘာဦးလူများ၏အကြောင်းကို မှန်းဆရုံမျှသာလျှင် မှန်းဆနိုင်ကြလေသည်။ အမှန်အားဖြင့်ကား လူဟူသောသတ္တဝါသည် တွေးထင်သည်ထက် များစွာပိုမို၍ ရှေးကျသောအခါကပင်လျှင် ကမ္ဘာပေါ်၌ ပေါ်ပေါက်ခဲ့လေသည်။ ကမ္ဘာတွင် လူသတ္တဝါဟူ၍ စတင်ပေါ်ပေါက်နေသည်မှာ ကမ္ဘာ့သမိုင်းကို စတင်မရေးသားမီ နှစ်ပေါင်းသိန်းသန်းများစွာကပင် ဖြစ်တန်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့သမိုင်းကို ခရစ်မပေါ်မီ နှစ်ပေါင်း သုံးလေးထောင် လောက်ကမှသာ အက္ခရာစာလုံးများဖြင့် စတင်မှတ်တမ်းတင်ကြသောကြောင့်ဖြစ်၏။ ထို့အပြင် ကျောက်သားဖြင့်ပြုလုပ်သော နှစ်ပေါင်းထောင်သောင်းများစွာကပင် အသုံးပြုခဲ့ကြသော အရာဝတ္ထုများဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယူဆကြလေသည်။ ထိုကျောက်ကိရိယာပစ္စည်းများကို လူများသည် နှစ်ပေါင်းမည်မျှကြာမှ လုပ်ကိုင်အသုံးချလာတတ်သည်ကိုလည်း ကျွန်ုပ်တို့ခန့်မှန်းရာတွင် ထည့်တွက်ရပေဦးမည်။

ဤသို့ နှစ်ပေါင်းမည်မျှဟု မခန့်မှန်းနိုင်သော အချိန်အခါက ကမ္ဘာမြေပြင်ပေါ်တွင် တိရစ္ဆာန်ရိုင်းများ သွားလာကျက်စားနေကြ သောအခါ သစ်ပင်အကိုင်းအခက်များအကြားမှနေ၍ တိရစ္ဆာန်ရိုင်းများ၏ အရိပ်အခြည်ကို ချောင်းမြောင်းကြည့်ရှု၍ ခိုးကြောင်ခိုးဝှက် သွားလာကျက်စားနေရသော သတ္တဝါတစ်မျိုးရှိ၏။ ထိုသတ္တဝါကား နောင်နှစ်ပေါင်းများစွာ ကြာသောအခါ လူဟူ၍ဖြစ်လာသော သတ္တဝါပေတည်း။ ထိုသတ္တဝါသည် လူဝံများကဲ့သို့အမွှေးစုပ်ဖွားရှိ၍ လက်သည်း၊ ခြေသည်းရှည်ကြီးများနှင့် ဖြစ်သော်လည်း ယခုလူကဲ့သို့ မတ်တတ်ရပ်၍ ခြေဖြင့်လမ်းမလျှောက်နိုင်သေးချေ။ မျောက်များကဲ့သို့သာ ခြေလက်များကို မြေပေါ်၌ထောက်၍ ခုန်ဆွခုန်ဆွ သွားလာနေကြလေသည်။ ကိုယ်လုံးကိုယ် ထည်မှာ ကြီးမားသန်စွမ်းသော်လည်း မိမိထက်ကြမ်းတမ်းခက်ထန်သော သားရဲတိရစ္ဆာန်များအနီးသို့ မချဉ်းကပ်ဝံ့ချေ။ စားရာတွင်လည်း တိရစ္ဆာန်များ၏ စားကြွင်းစားကျန်များနှင့် သစ်ဥသစ်ဖုများကိုသာ ရှာဖွေစားသောက် ရလေသည်။ ဤသို့ ရှာဖွေစားသောက်ရင်း အချို့မှာ သားရဲတိရစ္ဆာန်များ၏ ဘေးရန်ကို မခုခံနိုင်သောကြောင့် အစားခံကြရသည်။ အချို့မှာ ရှောင်နိုင် တိမ်းနိုင် ပြေးနိုင် လွှားနိုင်၍ ချမ်းသာရာရကြ၏။ အဖိုအမ ဟူ၍ရှိသော်လည်း အသိုက်အမြုံနှင့် အတူတကွ နေလေ့မရှိဘဲ တစ်ယောက်တည်း အစာရေစာပေါများ၍ ဘေးလွတ်ကင်းရာ အရပ်များတွင် နေလေ့ရှိတတ်ကြသည်။

ယင်းကဲ့သို့ တိရစ္ဆာန်များနှင့် ဘာမျှမခြားနားသော အရိုင်းဘဝမှနေ၍ ရှေးဦးလူသတ္တဝါများသည် တဖြည်းဖြည်းယဉ်ကျေးလာ၍ အသိဉာဏ် တိုးပြီးလျှင် အနေအထိုင်များ ပြောင်းလဲလာကြလေသည်။ သစ်ပင်များပေါ်၌သာ နေထိုင်ကျက်စားလေ့ရှိရာမှ မြေပြင်ပေါ်သို့ သက်ဆင်းနေထိုင်စပြုလာကြသည်။ မြေကြီးပေါ်တွင် အနေများလာသောအခါ တစ်စတစ်စနှင့် မတ်တတ်ရပ်နိုင်လာသည်။ ရှေးကကဲ့သို့ မြေကြီးပေါ်တွင် လက်ထောက်၍ ခုန်ဆွခုန်ဆွနှင့် သွားလာရန်မလိုတော့ဘဲ တစ်ခါတည်းခြေထောက်ပေါ်တွင် ရပ်ကာ ကိုယ်ကို မတ်မတ်ထားပြီးလျှင် လမ်းလျှောက်နိုင်လာ၏။ အဖို အမ တွဲ၍လည်းနေစပြု၏။

သစ်ရွက်သစ်ခက်များဖြင့် အဆောက်အအုံများကို ပြုလုပ်ကြ၏။ အစာရှာဖွေရန် ထွက်သောအခါ သစ်ကိုင်းများ တုတ်တိုများ ကိုကိုင်စွဲလျက်တိရစ္ဆာန်ငယ်များကို လိုက်လံသတ်ဖြတ်၍ အစိမ်းလိုက် ကိုက်ဖဲ့စားသောက်ကြသည်။ ထိုအချိန်က ရိုင်းစိုင်းကြမ်းတမ်းသော အသားစား လူသတ္တဝါများသာ ဖြစ်နေပေသေးသည်။

လူများသည် ဤမျှ ရိုင်းစိုင်းသောအခြေအနေတွင်ရှိစဉ် မီး၏အသုံးဝင်ပုံကို နားလည်ခဲ့ကြဟန် တူပေသည်။ သို့ရာတွင် မိမိတို့ အလို အလျောက် မီးဖိုခြင်း၊ မီးမွှေးခြင်းကိုမူကား မပြုလုပ်တတ်ကြသေးချေ။ ထိုသူများ မီး၏အသုံးဝင်ပုံကို သိရှိလာကြပုံမှာအတော်ပင် စိတ်ဝင်စားစရာ ကောင်းပေသည်။ တောတွင်း၌တစ်ခါတစ်ရံ မိုးကြိုးပစ် လောင်မီးကျသော အခါ တောထဲရှိ သစ်ပင်အချို့ကို မီးစွဲလောင်သဖြင့် အလွန်သန်စွမ်းသော တိရစ္ဆာန်သားကောင်ကြီးများသည် ထွန်းလင်းတောက်လောင်သော မီးရောင်ကို ကြောက်လန့်ကာ ထွက်ပြေးကြလေသည်။ ထိုမီး၏ အပူရှိန်ကြောင့် အေးချမ်းသောညဉ့်အခါများတွင်လည်း အနွေးဓာတ်ကိုရရှိကြသည်။ ထိုအခါမှစ၍ လူများသည်မီး၏ အသုံးဝင်ပုံကို သိလာကြလေသည်။ ထို့ပြင် မီးစွဲလောင်နေသော သစ်ကိုင်းသစ်ခက်များကို တစ်နေရာမှ တစ်နေရာသို့ ယူဆောင်သွားခြင်းဖြင့် မီးအလင်းရောင်ကို အသုံးချရမှန်းသိလာကြသည်။ တောမီးထဲသို့ ရောက်၍ သေဆုံးသော သားကောင်အချို့၏အသားများကိုစားကြည့်ကြသောအခါ ယခင်က အစိမ်းလိုက် ကိုက်ဖဲ့စားရသည်ထက် ပို၍အရသာရှိကြောင်းကိုလည်း တွေ့ရှိလာကြသည်။

ထိုမှတစ်ဆင့် ကျောက်တုံးတစ်ခုနှင့်တစ်ခု ထိခိုက်ပွတ်တိုက်မိရာမှ မီးပွင့်လာသည်ကို တွေ့ရှိသော လူများသည် မီးကို ကျောက်ဖြင့်လည်းကောင်း၊ သစ်ကိုင်း တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်းဖြင့်လည်းကောင်း ဖြစ်ပေါ်စေနိုင်သည်ကို သိရှိလာကြသည်။ ဤကားအလွန်တရာအရေးပါသောအသစ်တွေ့ရှိမှုကြီးတစ်ရပ်ပင်ဖြစ်လေသည်။ ယခုခေတ်တိုင်အောင် မည်သည့်သားရဲတိရိစ္ဆာန်မှ မီးကိုမည်ကဲ့သို့ပြုလုပ်ရမည်ဟု မသိရှိကြလေရာ မီးကိုပြုလုပ်တတ်သော လူများသည် တိရစ္ဆာန်များထက် တပန်းသာ၍ တိုးတက်လာကြလေသည်။ မီးမွှေးနည်းကို တွေ့ရှိကြသည့်အချိန်မှစ၍ လူများ၏ ယဉ်ကျေးမှုသည် တစ်စထက်တစ်စ တိုးတက်လာပြီးလျှင် အသက်ကို ကာကွယ်ရန်လည်းကောင်း၊ အနွေးဓာတ်ကို ရရှိရန်လည်းကောင်း၊ အစားအစာများ ချက်ပြုတ်ရန်လည်းကောင်း မီးကို အသုံးပြုတတ်လာကြသည်။

ရှေးဦးလူများသည် ပထမတွင် တုတ်တိုများ၊ ကျောက်ခဲများ၊ အရိုးများမှ လွဲ၍ အခြားလက်နက်များကို မပြုလုပ်မသုံးစွဲတတ်ချေ။ သို့ရာတွင် ကျောက်ခဲများ၊ အရိုးများကို လက်နက်များဖြစ်အောင် တဖြည်းဖြည်း ပြုပြင်ပြောင်းလဲ၍ အသုံးပြုလာကြသည်။ သူတို့၏ ခန္ဓာများပေါ်တွင် အဝတ်မစားဗလာနတ္ထိ၊ သို့မဟုတ် အနည်းငယ်မျှ သာရှိလေသည်။ ပူအိုက်သော ရာသီတွင်ကား အဝတ်အစားလုံးဝမလိုချေ။ ညဉ့်အခါများတွင်ကား သစ်ပင်ထက်၌လည်းကောင်း၊ ဂူများအတွင်း၌လည်းကောင်း ခိုလှုံနေရ၍ သားရဲတိရစ္ဆာန်များ၏ ဘေးကိုတထိတ်ထိတ် တလန့်လန့်နှင့်ပင် နေကြရသေးသည်။

ထိုခေတ်က လူများ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ယဉ်ကျေးလာပုံကိုကား အထောက်အထား အစအနများစွာမရှိသေး၍ အသေအချာ မသိရှိရသေးဘဲ မှန်းဆရုံသာ မှန်းဆကြည့်ရပေသည်။ သို့ရာတွင် ရှေးဦးလူများသည် ကျောက်ဂူများတွင် ခိုလှုံကြသောအခါသူတို့၏ နောင်လာ နောက်သား အစဉ်အဆက်များသည်လည်း ကျောက်ဂူများ၌သာ ဆက်လက် နေထိုင်ကြ၍ မိမိတို့အသုံးပြုခဲ့ကြသော ကျောက်အသုံးအဆောင်ကိရိယာများ၊ အရိုးများ စသည်တို့ကို ကျောက်ဂူများအတွင်း၌ ထားရစ်ခဲ့သည်ကို တွေ့ရှိရသည်။

ရှေးဦးလူများအကြောင်းနှင့် စပ်လျဉ်း၍ ကမ္ဘာပေါ်ရှိ သိပ္ပံပညာရှင်ကြီးတို့သည် မိမိတို့ကျွမ်းကျင်သည့်ဘက်မှစုံစမ်းရှာဖွေတွေ့ရှိရသော အချက်အလက်များကို စုပေါင်း၍ ဖက်စပ်ကြည့်ခြင်းအားဖြင့် ရှေးအကျဆုံး လူများ၏ ပုံသဏ္ဌာန်ကို မှန်းဆကြည့်ကြသည်။ ယင်းသို့ စုံစမ်းရှာဖွေကြရာ ၁၉၂၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ ပီကင်းမြို့တော်အနီး၌ မြေအောင်းဂူတစ်ခုထဲမှ လူ၏ဦးခေါင်းခွံတစ်ခုကို တူးဖော်တွေ့ရှိကြလေ သည်။ ဦးခေါင်းခွံမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၅,ဝဝဝ,ဝဝဝ မှ ၁,ဝဝဝ,ဝဝဝစပ်ကြားတွင် နေထိုင်ခဲ့သော လူ၏ဦးခေါင်းခွံ ဖြစ်လိမ့်မည်ဟု ယူဆကြသည်။ ထိုဦးခေါင်းခွံကို ရှေးဦးစွာတွေ့ရှိသူမှာ တရုတ်နိုင်ငံ ဘူမိဗေဒ သုတေသနအသင်းမှ ဒဗျူစီပေးဆိုသူဖြစ်၍ ဦးခေါင်းခွံကို လေ့လာစူးစမ်းသူ မှာ ပါမောက္ခဒေးဗစ်ဆန်ဗလက် အမည်ရှိ ကနေဒီယန်လူမျိုး သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။

ထိုဦးခေါင်းခွံကို လေ့လာကြည့်ရှုကြသောအခါ နောက်သို့ဆုတ်နေသော နဖူးနှင့် ကြီးထွားသန်မာသော မျက်ခုံးရိုးများကို တွေ့ရသည်။ ခေါင်းခွံရိုးမှာ လွန်စွာထူထဲ၍ ယခုခေတ် လူများ၏ပါးလွှာသော ခေါင်းခွံရိုးနှင့် သိသိသာသာကြီး ကွာခြားလေသည်။ သွားများမှာ လူ၏သွားကဲ့သို့ပင်ဖြစ်သော်လည်း မေးရိုးမှာကြီးထွားတုတ်ခိုင်သည်။ ဦးခေါင်းခွံရှင် လူ၏ အသိဉာဏ်မှာကား ယခုခေတ် ဉာဏ်အနည်းဆုံးရှိသော လူများ၏ အသိဉာဏ်လောက်သာရှိသည်ဟု ယူဆကြသည်။ အားလုံးကို ခြုံ၍ကြည့်လိုက်လျှင် မျောက်တစ်ဝက် လူတစ်ဝက်ဖြစ်သော ပုံသဏ္ဌာန်တစ်ခုကို ထင်မြင်လာပေမည်။

မစ္စတာပေးသည် မိမိ၏ သုတေသနလုပ်ငန်းများကို ဆက်လက်ပြုလုပ်သွားရာ နောက်နှစ်နှစ်မျှ ကြာသောအခါ ဦးခေါင်းခွံကိုတွေ့ရှိသော ဂူထဲ၌ပင် ရှေးခေတ်လူများအသုံးပြုခဲ့ကြသည့် ကျောက်သားဖြင့် ပြုလုပ်ထားသော အသုံးအဆောင် ကိရိယာပစ္စည်းများကို တွေ့ရှိပြန်လေသည်။ ကျောက်ကိရိယာများနှင့်အတူ ရှေးလူများ မီးကိုသုံးစွဲခဲ့သည်ကိုပြသော အထောက် အထားများကိုပါ တွေ့ရှိသေးသည်ဟုဆို၏။ အထက်ပါတွေ့ရှိချက်များမှ ကျွန်ုပ်တို့သည် လွန်ခဲ့သည့် နှစ်ပေါင်း ငါးသိန်းမှ တစ်သန်းအထိ အချိန်အခါက လူများ၏ အသိဉာဏ်အဆင့်အတန်းကို ခန့်မှန်းကြည့်နိုင်ပေသည်။ ရှေးဦးလူများ အကြောင်းနှင့်စပ်လျဉ်း၍ အခြားအထောက်အထား တစ်ခုမှာ ၁၉ဝ၇ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဟိုင်းဒယ်ဗတ်မြို့အနီး၌ တွေ့ရှိ သော အောက်ပိုင်းပါးရိုးတစ်ခုပင် ဖြစ်သည်။ ထိုပါးရိုးကို အခြေခံထား၍ သတ္တဝါပုံပန်းသဏ္ဌာန်ကိုနှိုင်းယှဉ်သော ခန္ဒာဗေဒပညာဖြင့် မှန်းဆကြည့်သောအခါ ယခုလူများ၏ ပုံသဏ္ဌာန်နှင့် များစွာခြားနားသော လူတစ်ဦး၏ ပုံသဏ္ဌာန်ကို တွေ့ရှိရလေသည်။ ပါးရိုးမှာ တုတ်ခိုင်သန်မာ၍ မေးရိုးအဖြစ်ထိုးထွက်သောအပိုင်းကိုမတွေ့ရှိရချေ။ ထိုအရိုးကို တွေ့ရှိသောနေရာမှာ မြေအောက်ပေ ၈ဝ အနက်တွင်ဖြစ်၍ အနီးအနားတွင်လည်း ယခုခေတ်၌ တိမ်ကောနေပြီဖြစ်သော ဆင်ကြီး၊ ကြံ့ကြီး များ၏ အရိုးအစအနများကို တွေ့ရှိရသည်ကို ထောက်ခြင်းအားဖြင့် ပါးရိုးရှင်လူသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝ,ဝဝဝ ခန့်က နေထိုင်ခဲ့သောလူဟု ခန့်မှန်းရပေသည်။

ရှေးဦးလူများအကြောင်း စုံစမ်းရှာဖွေလာရာတွင် တစ်ခါတစ်ရံ သိပ္ပံပညာရှင်များ အချင်းချင်း အငြင်းပွားကြသည်။ ၁၉၁၁ ခုနှစ်တွင် အင်္ဂလန်ပြည် ဆပ်ဆက်နယ်၌ တူးဖော်ရရှိသော ပိလဒေါင်း ဦးခေါင်းခွံနှင့် စပ်လျဉ်း၍ အပြင်းအထန် အငြင်းပွားကြလေသည်။ ဦးခေါင်းခွံမှာ လူ၏ ဦးခေါင်းခွံမှန်း သိသာထင်ရှားသော်လည်း မေးမရှိသော အောက်ပါးရိုးနှင့် ကြီးမားသော သွားစွယ်များမှာကား မျောက်ဝံနှင့်တူလှ၏။ သို့ဖြစ်၍ ဦးခေါင်းခွံနှင့် ပါးရိုးရှင်များသည် တစ်ခြားစီလောဟု တွေးတောစရာ ဖြစ်နေ ပေသည်။

ဂျာမနီနိုင်ငံ၊ နေယန်းဒါတောနယ်တွင်လည်း ရှေးခေတ်လူများ၏ ရုပ်ကလာပ် အကြွင်းအကျန်များကို တွေ့ရှိရပေသည်။ နေယန်းဒါတော လူများမှာကာ လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝ,ဝဝဝ နှင့် ၁ဝဝ,ဝဝဝ အတွင်း နေထိုင်ခဲ့သည်ဟု ယူဆရသည်။ သူတို့ကား ကျောက်လက်နက် ကိရိယာများ ပြုလုပ်သုံးစွဲ၍ ဂူများ၌နေသည်။ မီးကိုလည်း အသုံးပြုရမှန်းသိ၍ တိရစ္ဆာန် ကလေးများကို လိုက်လံသတ်ဖြတ်၍ စားသောက်ကြသည်။ ပြင်သစ်နိုင်ငံတွင်တူးဖော်ရရှိသော အရိုးစုများမှာကား ကရိုမာညွှန်လူများ၏ ရုပ်ကလာပ်အစအနများ ဖြစ်ကြသည်။ သူတို့ကား အတော်အတန်ယဉ်ကျေးသော အဆင့်အတန်းသို့ရောက်နေ၍ ယခုခေတ်လူများနှင့် မျိုးစိတ်ချင်းအတူတူဖြစ်မည်ဟု ယူဆကြသည်။ ကရိုမာညွန်လူများနောက် နေထိုင်ကြသောသူများမှာ နောက်ဆုံးကျောက်ခေတ်လူများပင် ဖြစ်တော့သည်။ ရှေးဟောင်းပစ္စည်းများကို မြေကြီးထဲမှ တူးဖော်၍ လေ့လာသူ ပညာရှိကြီးများသည် လူ၏သမိုင်းကို ခေတ်အမျိုးမျိုး ပိုင်းခြားထားခဲ့ကြသည်။ ရှေးအကျဆုံးခေတ်မှာ ကျောက်သားဖြင့် ပြုလုပ်သည့် ကရိယာ အကြမ်းစားများကို စတင်အသုံးပြုသော ခေတ်ဖြစ်၍ ကျောက်ခေတ်၏ရှေ့ပြေးခေတ်ဟုခေါ်သည်။ ထိုခေတ်ကလူများသည် ကျောက်တုံး၊ ကျောက်ခဲများကို ထုရိုက်ခုတ်ထစ်စရာ ကိရိယာအဖြစ် စတင်အသုံးပြုကြသည်ဟု ယူဆရသည်။ သို့ရာတွင် ထိုကျောက်ကိရိယာများမှာ လူ၏လက်ဖြင့်ကျောက်သားမှ ထွင်းဖဲ့ကာ ပြုပြင်ယူရသော ပစ္စည်းများလော၊ သို့မဟုတ် သဘာဝအတိုင်း ပွန်းပဲ့ထိခိုက်ခြင်းဖြင့် အလိုအလျောက် လက်နက်ကိရိယာသဖွယ် ဖြစ်လာသောအရာများလောဟူ၍ တပ်အပ်သေချာစွာပြောနိုင်ရန် ခဲယဉ်းလေသည်။

ထို့နောက် တစ်ခေတ်ပြောင်းခဲ့ပြန်ရာ ကျောက်ခေတ်ဟောင်းသို့ ရောက်လာကြလေသည်။ ကျောက်ခေတ်ဟောင်းကျမှ သာလျှင် လူများသည် ကျောက်ကိရိယာများကို ပြုပြင်၍ အသုံးပြုကြလေသည်။ ထိုခေတ်က လူများကို ကျောက်ခေတ်ဟောင်းလူများဟုခေါ်သည်။ ကျောက်ခေတ်ဟောင်းတွင် အသုံးပြုကြသော ကျောက်ကိရိယာများမှာ လက်ရာကြမ်းတမ်း၍ မောင်းချထားသဏ္ဌာန် ချွန်ထက်သောအစောင်းများရှိသည်။ သို့ရာတွင် ထိုခေတ်၏ နောက်ပိုင်း၌ အသုံးပြုကြသည့် ကျောက်ကိရိယာများမှာ ရှေးကထက်ပို၍ လက်ရာချောမွေ့လာလေသည်။ ကျောက်ကိရိယာများကို ပြုလုပ်ရာတွင် ယခင်ကကဲ့သို့ ကျောက်အချင်းချင်းထုရိုက်ခြင်းဖြင့် မဟုတ်ဘဲ လိုရာ ပုံသဏ္ဌာန်ရအောင် ဖိ၍သွေးခြင်းဖြင့်ပြုလုပ်ကြရာ ကျောက်ကိရိယာများမှာ ပိုမိုသေသပ်၍ တစ်ခုနှင့်တစ်ခု မကွဲပြားလှချေ။ ကျောက်ခေတ်ဟောင်းကုန် ခါနီးတွင် နေထိုင်ခဲ့ကြသော လူများသည် ချောမွေ့သော ကျောက်ကိရိယာ များသာမက တိရစ္ဆာန်များ၏ အရိုးများ၊ ဦးချိုများနှင့် အစွယ်များဖြင့်လည်း ကိရိယာများကို ပြုလုပ်ကြ၏။ ကျောက်ခေတ်ဟောင်း၏ သက်တမ်းမှာ နှစ် ထောင်ပေါင်းများစွာကြာသည်ဟုခန့်မှန်းကြသည်။ အဘယ်ကြောင့်ဆိုသော် ကျောက်ခေတ်ဟောင်းတွင် အသုံးပြုခဲ့ကြသော ကျောက်ကိရိယာများကို အတိမ်အနက်အမျိုးမျိုးရှိသော မြေကြီးအောက်မှ တူးဖော်ရရှိ၍ အလွန်ကြမ်းတမ်းသော အဆင့်မှ လက်ရာချောမွေ့လာသော အဆင့်များအထိအဆင့်ဆင့် တိုးတက်လာပုံကို တွေ့ရှိရသောကြောင့်ဖြစ်ပေသည်။

ကျောက်ခေတ်ဟောင်း ကုန်ဆုံးသွားသောအခါ အလယ်ပိုင်း ကျောက်ခေတ်သို့ ရောက်ရှိလာသည်။ ထိုခေတ်မှာ ကျောက်ခေတ်ဟောင်းမှ ကျောက်ခေတ်သစ်သို့ အကူကြားကာလဖြစ်သည်။ ထိုခေတ်တွင် အသုံးပြုသော ကျောက်ကိရိယာများမှာ ကျောက်ခေတ်ဟောင်းကိရိယာများထက် လက်ရာအနည်းငယ်ညံ့လာသည်ကိုတွေ့ရှိရသည်။ သို့ရာတွင် ထိုခေတ်က အသုံးပြုခဲ့ကြဟန်တူသော ဆေးရောင်ခြယ်ထားသည့် ကျောက်စရစ်ခဲကလေးများကို တွေ့ရှိရလေရာ ထိုကျောက်စရစ်များကို အက္ခရာစာလုံး အမှတ်အသားအဖြစ် အသုံးပြုခဲ့ကြသလော၊ သို့မဟုတ် အယူဝါဒဆိုင်ရာ အထိမ်းအမှတ်အဖြစ် အသုံးပြုခဲ့ကြသလောဟု အမျိုးမျိုးတွေးတောစရာ ဖြစ်နေသည်။

အလယ်ပိုင်းကျောက်ခေတ် ကုန်ဆုံးသွားသောအခါ နောက်ဆုံးဖြစ်သော ကျေက်ခေတ်သစ်သို့ရောက်ရှိလာလေသည်။ နောက်ဆုံးကျောက်ခေတ်သစ် ထွန်းကားသောအချိန်မှာ တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည်တွင် တစ်ပြိုင်တည်းမဟုတ်ဘဲ နှစ်ပေါင်းများစွာ ခြားနားလေသည်။ အီဂျစ်နိုင်ငံတွင် ကျောက်ခေတ်သစ်ထွန်းကားချိန်မှာ လွန်ခဲ့သော နှစ်ပေါင်း ၂ဝ,ဝဝဝ ခန့်က ဖြစ်၍ ကရိကျွန်းတွင်မူ လွန်ခဲ့သော နှစ်ပေါင်း ၁၄,ဝဝဝ ခန့်ကလည်းကောင်း၊ ဥရောပ အနောက်ပိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၇ဝဝဝ မှ ၈ဝဝဝ ခန့်ကလည်းကောင်း အသီးအသီး ထွန်းကားခဲ့ကြလေသည်။

ကျောက်ခေတ်သစ်တွင် အသုံးပြုသော ကျောက်ကိရိယာများသည် ယခင်ခေတ်များကထက် လှပချောမွေ့လာပြီးလျှင် အသုံးကျပုံနယ်ပယ်မှာလည်း ပိုမို၍ ကျယ်ဝန်းလာလေသည်။ ထိုခေတ်တွင် နေထိုင်ကြသော လူများသည် အိုးခွက်များနှင့် လေးမြားတို့ကိုလည်း အသုံးပြုကြလေသည်။ ထို့အပြင် တောထဲမှ တိရစ္ဆာန်အရိုင်းများကို အိမ်တွင် ယဉ်ပါးအောင်မွေးမြူခြင်း၊ အသီးအနှံပင်များစိုက်ပျိုးခြင်း၊ အဝတ်အထည်ရက်လုပ်ခြင်း စသည်တို့မှာလည်း ကျောက်ခေတ်သစ်၏ မှတ်သားဖွယ်ရာ အကြီးအကျယ် တိုးတက်မှုများပင် ဖြစ်လေသည်။

နောက်ဆုံး ကျောက်ခေတ်သစ်တွင် လူများကို အရိုင်းဘဝမှ ယဉ်ကျေးသော လူများအဖြစ်သို့ ပို့ဆောင်လိုက်သောအရာမှာ အိုးခွက်များကို ရှေးဦးစွာ အသုံးပြုခြင်းပင် ဖြစ်၏။ အိုးခွက်များကို တီထွင်ပြုလုပ်နိုင် သောအခါ အစားအစာများကို ချက်ပြုတ်၍စားသောက်ကြလေသည်။ လူများ၏ အစားအစာနယ်ပယ် ကျယ်ဝန်းလာ၍ အငွေ့တထောင်းထောင်းထကာ ဆူပွက်နေအောင် ချက်ထားသော အိုးပတ်လည်တွင် လူများအစုလိုက် ဝိုင်းရံ ၍ နေတတ်ကြသည်။ ထို့အပြင် ရှေးကထက် တိုးတက်ကောင်းမွန်သော ကျောက်ကိရိယာများကို အသုံးပြု၍ နေထိုင်ရန် အိမ်များ၊ မြစ်ချောင်း အင်းအိုင်များကို ဖြတ်ကူးရန် လှေများနှင့် အစားအစာများထည့်ရန် သစ်သားပန်းကန် အိုးခွက်များကို ပြုလုပ်ကြလေသည်။ ဥရောပတိုက် ဒိန်းမတ်နိုင်ငံ ပင်လယ်ကမ်းခြေတစ်လျှောက်တွင် ကျောက်ခေတ်သစ်လူများ နေထိုင်ခဲ့သော နေရာများစွာရှိလေသည်။ ထိုနေရာ တစ်ဝိုက်တွင် ရှေးဦးလူများသည် ကျောက်များပေါ်တွင် အခြေခံထားကာ ကျူပင်များကိုရက်၍ ရွှံ့များဖြင့် မံပြီးလျှင် တဲငယ်များဆောက်၍ နေထိုင်ခဲ့ကြလေသည်။ သူတို့သည် အကြမ်းပြုလုပ်ထားသော လှေများဖြင့် ပင်လယ်ကမ်းခြေမှထွက်ခွာ၍ ခရု၊ ကမာ စသည်များကို လိုက်လံရှာဖွေကြသည်။

ကုန်းပေါ်တွင်ကား နွားရိုင်းများကို လိုက်လံပစ်ခတ်ကြသည်။ အစာရသောအခါ မီးဖိုဘေးပတ်လည်တွင်ဝိုင်း၍ စားကြပြီးလျှင်အခွံများ၊ အရိုးများနှင့် အမှိုက်များကို အနားတွင်ပစ်ထားလေရာအပုံကြီးများ အဖြစ် ကျန်ရစ်နေ လေသည်။ ရှေးဟောင်းပစ္စည်းများအဖြစ် ကျန်ရစ်နေလေသည်။ ရှေးဟောင်းပစ္စည်းများကိုတူးဖော်၍ ထိုခေတ်ကလူများ မည်သို့မည်ပုံ နေထိုင်ကြသည်ကို တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်းများကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ ယင်းသို့အားဖြင့် လူများသည် ရှေးဟောင်းကျောက်ခေတ်မှ ခေတ်အဆက်ဆက် နေထိုင်လာခဲ့ကြလေရာ တဖြည်းဖြည်း လူများ၏အသိဉာဏ် တိုးတက်လာသည်နှင့်အမျှ နေရေးထိုင်ရေး အဆင့်အတန်းမှာလည်း မြင့်တက်လာလေသည်။ လူများသည် သီးနှံပင်များကိုစိုက်ပျိုးခြင်း၊ တောတိရစ္ဆာန်ရိုင်းများကို အိမ်၌ယဉ်ပါးအောင် မွေးမြူနိုင်ခြင်း စသည်တို့ကို တတ်ကျွမ်းလာသောအခါ လူများ၏အသက်မွေးမှု နည်းလမ်းများသည်လည်း နှစ်မျိုးနှစ်စား ကွဲပြားလာလေသည်။ အချို့သော လူများသည် တစ်နေရာတွင် လယ်ယာစိုက်ပျိုးခြင်းကို လုပ်ကိုင်ကာ အသက်မွေးမြူကြ၍ အချို့မှာ မြက်ခင်းရှိရာ ဒေသများတွင် သိုး၊ ဆိတ်၊ ကျွဲ၊ နွားများကို ထိန်းကျောင်း ခြင်းဖြင့် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းနေထိုင်ကြသည်။ တိရစ္ဆာန်များကို ထိန်းကျောင်း၍ အသက်မွေးသော သူများသည်နွေအခါတွင် မြောက်ပိုင်းရှိ မြက်ခင်းများတွင်နေထိုင်ကြ၍ ဆောင်းရာသီတွင် တောင်ပိုင်းရှိ မြက်ခင်းများသို့ ပြောင်းရွှေ့ကာ သိုးသား၊ ဆိတ်သားများနှင့် နွားနို့၊ ဆတ်နို့များကို စားသောက်နေထိုင်ကြသည်။ ထိုသူများမှာ နေဒဏ်၊ မိုးဒဏ် ကိုခံကာ အလုပ်ကြမ်းကို လုပ်ကိုင်နေထိုင်ကြရသောကြောင့် ကိုယ်ခန္ဓာကြမ်းတမ်းခက်ထန်ပြီးလျှင် တစ်နေရာတည်းတွင် အိုးအိမ်အတည်တကျ နေထိုင်လေ့ရှိကြသော လယ်ယာသမားများကို သွားရောက်တိုက်ခိုက်လေ့ရှိကြလေသည်။

ကျောက်ခေတ်များ ကုန်ဆုံးပြီးနောက်တွင်ကား သတ္တုခေတ်သို့ ရောက်ရှိလာသည်။ လူတို့ ပထမဦးစွာ အသုံးပြုသော သတ္တုကိရိယာများမှာ ကြေးနီဖြင့်လုပ်သော ကိရိယာတန်ဆာပလာများဖြစ်သည်။ ကြေးနီခေတ် ကုန်ဆုံးသွားသည့်နောက် နှစ်ပေါင်း ၁၅ဝဝ မျှကြာသောအခါ ကြေးဝါ ခေတ်သို့ ရောက်ရှိလာသည်။ သံကိုမူ ခရစ်မပေါ်မီ နှစ်ပေါင်း ၁ဝဝဝ ခန့်ကမှသာ ဥရောပတိုက်တွင် စတင်အသုံးပြုခဲ့ကြလေသည်။ ယင်းသို့အားဖြင့် သိပ္ပံပညာရှင်ကြီးများ စုံစမ်းရှာဖွေရရှိသော ပါဏဗေဒနှင့် ဘူမိဗေဒဆိုင်ရာ အထောက်အထားများကို ထည့်သွင်းစဉ်းစားသောအခါ လူသည် မိမိထက်နိမ့်ကျသော သတ္တဝါတစ်ခုမှ တဖြည်းဖြည်းပြောင်းလဲဆင်းသက်လာသည်ဟူသော အဆုံးသတ်အဖြေ ရရှိလေသည်။ ထို့အပြင် ယနေ့သိရှိကြသည့်အတိုင်း လူမျိုးများသည် တဖြည်းဖြည်း ပြောင်းလဲလာခြင်းမှ ပေါက်ဖွားလာသည် ဟူသောအချက်ကို ရရှိလေသည်။ သို့ရာတွင် ယခုခေတ်လူများ ဖြစ်ပေါ်ပုံအစနှင့် တိမ်ကောသွားပြီဖြစ်သော မျောက်ဝံတစ်မျိုး၏ သဏ္ဌာန်အကြားတွင် မည်သို့ဖြစ်ပျက်သည်ဟူသော အထောက်အထားများကိုမူ ယခုထက်တိုင်စုံစမ်းရှာဖွေ၍ မရသေးချေ။[၄]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Groves, C.P. (2005). Mammal Species of the World: A Taxonomic and Geographic Reference, 3rd, Baltimore: Johns Hopkins University Press. ISBN 0-801-88221-4. OCLC 62265494. 
  2. The Smithsonian Institution, Human Origins Program
  3. World POPClock Projection။ U.S. Census Bureau, Population Division/International Programs Center။ 2009-09-19 တွင် ပြန်စစ်ပြီး။
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)