ဆား

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဆား
ဆား၏ပုံဆောင်ခဲ (NaCl)

ဆား သည်လူသားတို့အတွက် လိုအပ်သော သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး သတ္တဝါတို့၏ ရှင်သန်မှုအတွက် အရေးကြီးပြီး အပင်တို့အတွက်မူ အဆိပ်ဖြစ်စေသော ဆိုဒီယမ်ကလိုရိုက်ဓာတ်ဖြင့် အဓိကအားဖြင့်ဖွဲ့စည်းထားသည်။ ဆားငန်အရသာသည် အခြေခံအရသာတစ်မျိုးဖြစ်ပြီး ဆားသည် အစားအစာတို့၏ အရသာတွင် ထင်ရှားသော ဓာတ်တစ်မျိုးဖြစ်သည်။ ထို့ပြင်ဆားသည် အစားအသောက်များကြာရှည်ခံရန်အတွက် အရေးပါသောပစ္စည်းတစ်မျိုးလည်း ဖြစ်သည်။

လူတို့စားသုံးရန်အတွက် ဆားကို ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ကြသည်။ ဆားကြမ်း (ဥပမာ - ပင်လယ်ဆား)၊ ဆားနု (ဥပမာ - စားပွဲတင်ဆား) နှင့် အိုင်အိုဒင်းဆားတို့ဖြစ်သည်။ ဆားသည် ကြည်လင်နေသော အစိုင်အခဲဖြစ်ပြီး အဖြူရောင်၊ ပန်းနုရောင် နှင့် မီးခိုးနုရောင်တို့ ရှိတတ်ပြီး ပုံမှန်အားဖြင့် ပင်လယ်ရေ သို့မဟုတ် ကျောက်စိုင်များတွင် တင်ကျန်နေခြင်းမှ ရရှိသည်။ စားသုံးနိုင်သော ကျောက်ဆားများမှာ သတ္တုဓာတ်ပါဝင်မှုကြောင့် မီးခိုးရောင်အနည်းငယ်သန်းသည်။

ဆားတွင် အဓိကပါဝင်သည့် ဓာတ် ၂မျိုးဖြစ်သည့် ကလိုရိုက်နှင့် ဆိုဒီယမ် အိုင်းယွန်းများမှာ လူအပါအဝင် သက်ရှိသတ္တဝါတို့ ၏ ဆက်လက်အသက်ရှင် ရပ်တည်ရေးအတွက် လိုအပ်သည်။ ဆားသည် ခန္ဒာကိုယ်အတွင်း ရေတို့လည်ပတ်ရန် (fluid balance) ပြုမူရာတွင် ပါဝင်သည်။ ဆားဓာတ်ကို တောင့်တခြင်းသည် သတ္တုဓာတ်လုံလောက်စွာ မရရှိခြင်းကြောင့် ဖြစ်နိုင်သည့်အပြင် ဆိုဒီယမ်ကလိုရိုက် မလုံလောက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ဆန့်ကျင်ဖက်အားဖြင့် ဆားဓာတ်ကို အလွန်အကျွံစားသုံးပါက သွေးတိုးခြင်းအပါအဝင် ကျန်းမာရေးပြသနာများဖြစ်ပေါ်ရန် အန္တရာယ်ရှိသည်။


ကျွန်ုပ်တို့နေ့စဉ် သုံးစွဲလျက်ရှိသော ဟင်းခတ်ဆားကို သိပ္ပံဝေါဟာရအလိုအားဖြင့် ဆိုဒီယမ် ကလိုရိုက်ဟု ခေါ်၏။ ဆိုဒီယမ်ကလိုရိုက်၏ ဓာတုသင်္ကေတမှာ NaCl ဖြစ်သည်။ ဆားကို ကမ္ဘာမြေပေါ်တွင် အနှံ့အပြားတွေ့ရ၏။ ပင်လယ်ရေ တွင် ဆားပါရှိမှန်းလူတိုင်သိ၏။ ထိုသို့ပါရှိရခြင်းမှာ မိုးရေ သည် မြေတွင်ရှိသော ဆားကိုပျော်ဝင်စေပြီးလျှင် ပင်လယ်ထဲသို့ ဆောင်ယူသွားသောကြောင့်ဖြစ်၏။ ပင်လယ်မှရေသည် နေ၏ အပူကြောင့် အငွေ့ပျံတက်သွားပြီးလျှင် မိုးရေအဖြစ်သို့ ပြောင်း လဲသွားသည်။


တစ်ဖန်မိုးရေသည်မြေသို့ကျ ၍ မြေမှဆားကို ထပ်မံယူဆောင်သွားပြန်သည်။ ထိုသို့ဖြစ်နေ သည်မှာ နှစ်ပေါင်းသန်းပေါင်းများစွာရှိပြီးဖြစ်သောကြောင့် ယခု အခါပင် လယ်ရေတစ်ဂါလံတွင် ပျမ်းမျှခြင်းအားဖြင့် ဆား ၄ အောင်စခန့် ပါရှိနေ။ အပူပိုင်းဒေသပင်လယ်တွင် အခြားအရပ် ဒေသရှိ ပင်လယ်များထက် ရေငွေ့အလွန်များစွာ ပျံတက်လျက် ရှိသဖြင့် ဆားပိုမိုပါရှိလေသည်။ ပင်လယ်သမုဒ္ဒရာတွင် ပျော်ဝင် ပါရှိသည့် ဆားကို ဖြန့်လိုက်လျှင် အမေရိကန်ပြည်ထောင်စု ကဲ့သို့ ကျယ်ပြောသော မြေနေရာကွက်ကြီးပေါ်တွင် တစ်မိုင်ခန့် ထူထက်လာနိုင်ပေသည်။

ယူးတားပြည်နယ်ရှိ ရေငန်အိုင်ကြီးနှင့် ဒက်ဆီးပင်လယ် တို့တွင် ဆားအများပါရှိ၏။ ထိုအိုင်ကြီးနှင့် ပင်လယ်တို့သည် သမုဒ္ဒရာနှင့် ဆက်စပ်လျက်မတည်ရှိသောကြောင့် ဆား၏ အတိုင်းအဆမှာ အလွန်များ လေသည်။ ပျော်ဝင်ပါရှိသည့် ဆား၏အတိုင်းအဆမှာ အလွန်များသောကြောင့် ထိုရေငန်အိုင် နှင့် ပင်လယ်ထဲတွင် လူ၏ ကိုယ်ခန္ဓာကို နစ်မြုပ်အောင်ပြု လုပ်သော်လည်း မနစ်မြုပ်နိုင်ချေ။ အထူးသဖြင့် ဒက်ဆီး ပင်လယ်တွင် ဆားများလွန်းသဖြင့် ရေထဲတွင် ငါးများမနေနိုင် ကြချေ။ ကမ်းခြေအနီးတွင်လည်း အပင်များ မပေါက်နိုင်ပေ။ ထိုပင်လယ်ရှိရေသည် သမုဒ္ဒရာရေထက် ရှစ်ဆမျှ အလေးချိန်စီး သည်။


ပင်လယ်နှင့် ဆားငန်အိုင်တို့အပြင် မြေအောက်တွင် ရှိသောရေ၌လည်း ဆားပါရှိတတ်သည်။ ဤဆားရေ အစုမှာ ဆားလွှာမှရေများ ယိုစိမ့်ထွက်လာသောကြောင့် ဖြစ်လာဟန် တူသည်။ တစ်ခါတစ်ရံ ပင်လယ်လက်ကြား တစ်ခုသည် ပင်လယ်နှင့် အဆက်ပြတ်၍ ခန်းခြောက်သွားတတ်သည်။ တစ်ခါတစ်ရံဆားအိုင်များသည် တစ်ဖြည်းဖြည်းခန်းခြောက်၍ ဆားလွှာများ အနည်ထိုင်၍ ကျန်ရစ်တတ်သည်။ ဤကဲ့သို့ ရှေးနှစ်ပေါင်း သန်းပေါင်းများစွာ ဖြစ်ပျက်ခဲ့၍ ကာလကြာမြင့် သောအခါ အထက်မှ မြေနှင့်ရွံ့များ တစ်ဖြည်းဖြည်းပို့လာသဖြင့် မြေအောက်တွင် ဆားလွှာများနစ်မြုပ်လျက်ရှိနေတော့သည်။ ထိုသို့ ခန်းခြောက်၍ ဆားလွှာ ဖြစ်သွားသော ဆားမျိုးကို သိန္ဓောဆားဟု ခေါ်လေ့ရှိ၏။ နယူယော့မြို့၊ မစ်ရှီဂန်ပြည်နယ်၊ လူဝီးဇီယန္နား ပြည်နယ်၊ ပိုလန်နိုင်ငံတို့တွင် တွေ့ရှိကြရသော သိန္ဓောဆားများမှာ ဤနည်းဖြင့်ဖြစ်ခဲ့ကြဟန်တူသည်။ ကမ္ဘာ ပေါ်တွင် အကြီးဆုံး ဆားတွင်းများကို ပိုလန်နိုင်ငံတွင်တွေ့ရ၏။ ထိုနိုင်ငံရှိ ဆားလွှာတစ်ခုသည် မိုင် ၅ဝဝ ခန့်ရှည်၍၊ မိုင် ၂ဝ ခန့်ကျယ်ပြီးလျှင်၊ ပေ ၁၂ဝဝ ခန့်ထူသည်။ အထူးသဖြင့် ဗျေလိကခေါ်အရပ်တွင် ၁၃ ရာစုကတည်းကပင် ဆားကိုတူး ဖော်ယူခဲ့သည်၊ ထိုအရပ်တွင် ဆားလုပ်ငန်းအတွက် တည် ဆောက်ထားသော အလွန်ထူးဆန်း၍လှပသည့် မြေအောက်မြို့ ကြီးတစ်မြို့ရှိ၏။ မြို့အတွင်း၌ရှိသော မီးရထားဘူတာရုံ၊ လူနေ အိမ်၊ ဘုရားရှိခိုးကျောင်းအစရှိသည့် အဆောက်အအုံအားလုံးကို သိန္ဓောဆားဖြင့် တည်ဆောက်ထားသည်။ ထိုမြို့ရှိလူအချို့တို့မှာ မွေးဖွားသည့်အချိန်မှ သေသည်အထိ မြေပြင်ပေါ်သို့ တခေါက် တစ်ခါမျှပင် မရောက်ဘူးကြချေ။

ဆားလွှာရှိသော အရပ်ဒေသများတွင် ဆားကိုမြေအောက်မှ ကျောက်မီးသွေးတူသကဲ့သို့ တူးဖော်ယူကြရသည်။ အခြားအရပ် ဒေသများတွင် ဆားကိုပင်လယ်ရေမှ ထုတ်ယူကြသည်။ အပူ ပိုင်းဒေသများပ ဆားငန်ရေမှ ဆားထုတ်ယူပုံနည်း တစ်နည်းမှာ နေဖြင့် ရေကို အခြောက်ခံယူသည့်နည်းပင်ဖြစ်၏။ အီဂျစ်နိုင်ငံ အယ်လက်ဇန္ဒြီးယားမြို့တွင် ခြောက်သွေ့လျက်ရှိသော မားယု အိုင်မှ ဆားကို ဤနည်းဖြင့်ထုတ်ယူသည်။ ဆားထုတ်ယူရာ၌ ပထမဆုံး အိုင်ထဲတွင် တိုင်များကို အနှံ့အပြားစိုက်ရသည်။ ထို့နောက် ရေသွင်းပေးရသည်။ ရေသည် အိုင်ထဲ၌တင်လျက် ရှိသော ဆားကို ပျော်ဝင်စေ၍ ဆားရည်အဖြစ်သို့ ပြောင်းလဲ သွားစေသည်။ ထိုပျော်ဝင်ရည်သည် နေပူကြောင့်ခန်းခြောက် သွားသောအခါ ဆားသည် တိုင်များပတ်လည်၌ ခဲ၍ကျန်ရစ် သည်။ ထိုဆားကို ပေါက်ချွန်းဖြင့် ပေါက်ယူကြရသည်။ ဤ နည်းအားဖြင့် တစ်နှစ်လျှင် မားယုအိုင် တစ်ခုတည်းမှ ဆား တန်ချိန် ၁ဝဝဝဝဝ ခန့်ကို ထုတ်ယူနိုင်သည်။ အခြားတိုင်း ပြည်တို့၌မူ ဆားရည်ကို မီးဖြင့်ချက်၍ ထုတ်ယူကြသည်။ မြန်မာနိုင်ငံတွင် ဆားထုတ်ယူသောနည်းမှာ ပထမ၌ ဆား ရည်ကို အသင့်အတင့် ခန်းခြောက်သွားသည်အထိ မြေတွင်းများ တွင်နေလှန်း၍၊ ထိုဆားရည်ကိုတစ်ဖန် မီးဖြင့်ချက်ယူကြသည်။ အချို့သော အရပ်ဒေသ များတွင်မူကား၊ ဆားရေတွင် နစ်မြုပ် လျက်ရှိသော သစ်ဆွေးတုံးများကို ဆယ်တင်၍ အခြောက်ခံထား ပြီးလျှင် မီးတိုက်ပေးသည်။ ကျန်ရစ်သောပြာကို ဆားပြာဟုခေါ် ၍၊ ထိုပြာတွင် ဆားအမြောက်အများ ပါရှိလေသည်။ ဆားပြာ ကို တစ်ဖန် ပင်လယ်ရေတွင်ဖျော်၍ ထိုရေငန်ကို မီးဖြင့်ချက်ယူ ကြလေသည်။ ဆားကို အဓိကတင်ပို့ရောင်းချသော တိုင်းပြည် များသည်ကား အင်္ဂလန်ပြင်သစ်ဂျာမနီအီတလီ၊ ရုရှ၊ အိန္ဒိယအမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံများဖြစ်ကြ သည်။ ထိုသို့ တင်ပို့ရောင်းချသော ဆားအနက် အချို့မှာ ပင်လယ်ရေကိုချက်၍ ရရှိသည့် ဆားဖြစ်သည်။

ကျွန်ုပ်တို့နှင့်တကွ သက်ရှိသတ္တဝါဟူသမျှတို့သည် အသက်တည်တံ့နေနိုင်ရန်အတွက် ဆားကိုလို၏။ ပမာအားဖြင့် ကျွန်ုပ်တို့သည် စားသောက်သည့် အစာကိုချေချက်ရန် ဟိုက်ဒရို ဂျင်ကလောရစ်အက်ဆစ်ကို လိုသည်ဖြစ်ရာ၊ ထိုလိုသော အက် ဆစ်ကို ဆားမှရရှိကြ၏။ ကျွန်ုပ်တို့၏ အစားအစာတွင် ကိုယ် ခန္ဓာ၌ လိုအပ်သောဆား လုံလုံလောက်လောက်မပါ တတ်သော ကြောင့် ဆားကိုဖြည့်စွက်၍ သုံးဆောင်ကြရသည်။ သမင်၊ ဒရယ်နှင့် အခြားသားရဲတိရိစ္ဆာန်တို့မှာမူကား မိမိတို့လိုသည့် ဆားကို ဆားကျင်းမှဖြစ်စေ၊ ဆားငန်ရည်ထွက်သော စမ်းမှ ဖြစ်စေ၊ ရရှိကြသည်။ တစ်ခါတစ်ရံ တောထဲ၌နေထိုင်သူတို့ သည် မိမိတို့၏ဆားကို ညအချိန်တွင် လုံခြုံစွာသိမ်းဆည်း မထားမိသဖြင့် တောတိရစ္ဆာန်များက ဝင်ရောက်စားသောက် သွားသည်ကို တွေ့ကြရသည်။

ရှေးအခါက ပင်လယ်ကမ်းမှ ဝေးလံသော အရပ်ဒေသ၌ နေထိုင်သူတို့တွင် ဆားရရှိရန်မလွယ်ကူချေ။ ထိုလူများသည် ဆားကို ဆားငန်ရည်စမ်းများမှ ရကြ၏။ တစ်ခါတစ်ရံ ဤစမ်း များကို သူပိုင်သည် ငါပိုင်သည်ဟု အငြင်းအခုံဖြစ်ပြီးလျှင် တစ်ဦးနှင့်တစ်ဦး အလွန်ရက်စက်စွာ သတ်ဖြတ်လေ့ရှိခဲ့ဘူးလေ သည်။ သဲကန္တာရများတွင် ရှေးအခါက ဆားကို အိုအေးဆစ် များမှ ရရှိခဲ့ကြ၏။ ယခုလည်း အချို့သဲကန္တာရရှိ အရပ်ဒေသ များတွင် အိုအေးဆစ်မှထွက်သည့် ဆားကို မှီခိုကြရလျက်ပင် ရှိသေးသည်။ သဲကန္တာရများတွင် ဝန်တင်ကုန်သည်စုမျာ အသုံး ပြုလျက်ရှိသော လမ်းများမှာလည်း အလွန်ပူပြင်းသည့် သဲပြင် ပေါ်တွင် မနေမနား ဆားရှာထွက်ခဲ့သောလူများ သတ်မှတ်ထား ခဲ့ကြသည့် လမ်းများဖြစ်သည်။ ကမ္ဘာပေါ်ရှိ ရှေးအကျဆုံး လမ်းများတွင် အချို့လမ်းများမှာ ဆားသယ်ယူရန်အတွက် ဖောက်လုပ်ခဲ့ကြသောလမ်းများဖြစ်၏။ အီတလီနိုင်ငံရှိ ဆား လမ်းဟု အဓိပ္ပါယ်ရသော ဗိုင်ယာဆာလဲရီးယားခေါ် လမ်းမကြီး သည် ထိုသို့အသုံး ပြုရန်ဖောက်လုပ်ခဲ့သော လမ်းဖြစ်သည်။ လမ်းပန်းအဆက်အသွယ် ခက်ခဲမှုကြောင့် လူသူ အရောက် အပေါက် နည်းသည့်ကမ္ဘာပေါ်ရှိ အချို့အရပ်ဒေသများတွင် ယခု ထက်တိုင်အောင်ပင် ဆားအလွန်ရှားပါးလျက် ရှိသေးသည်။ အာဖရိကတိုက်ရှိ အချို့လူရိုင်းများသည် ဆားကိုမရရှိနိုင်သည့် အတွက် မျက်နှာဖြူလူမျိုး ခရီးသည်များထံမှ ဆားကိုတွေ့လျှင် ငမ်းငမ်းတက်လက်ဖြင့် ကျုံးယူစားသောက်တတ်ကြသည်။ ဆားကို အစားအသောက်၌ အသုံးပြုသည့်အပြင် အစား အစာများကို တာရှည်ခံအောင် စီမံရာ၌လည်း အသုံးပြုကြ၏။ ဆားနယ်ထားသော အသား သို့မဟုတ် ငါးသည် ပုပ်သိုးခြင်း ကိုဖြစ်စေသည့် ဗက်တီးရီးယားများမှကင်းနိုင်သဖြင့် မပုပ်သိုးဘဲ တာရှည်ခံ၏။


ရောဂါပိုးများကို သေစေ နိုင်သောကြောင့် လည်ချောင်းနာသည့် အခါ၌ဖြစ်စေ၊ သွားနာ သည့်အခါ၌ဖြစ်စေ ဆားရည်ဖြင့် အာခလောက်ပေးရ၏။ ရေခဲ ပေါ်တွင်း ဆားဖြူးပေးသောအခါ ရေခဲမှာ အရည်ပျော်၍၊ ထို အရည်သည် ရေခဲထက်ပို၍ အေးသည်။ ကြွေရည်သုတ်ခြင်း၊ ဖန်ချက်ခြင်း၊ ဆပ်ပြာချက်ခြင်းနှင့် ဓာတ်မြေဩဇာ ပြုလုပ်ခြင်း စသော လုပ်ငန်းတို့တွင် ဆားကို အသုံးပြုရသည်။

ရှေးအထက်ကျော်ကာလကပင် ဆားသည် လူတို့၏ ကျန်းမာမှုနှင့် ပျော်ရွှင်မှုအတွက် အလွန်အရေးကြီးကြောင်း သိရှိခဲ့ကြသဖြင့် ဆားနှင့်စပ်လျဉ်း၍ အလေ့အထနှင့် အသုံး အနှုန်းများစွာပေါ်ပေါက်လာခဲ့သည်။ အင်္ဂလိပ်ဝေါဟာရတွင် လစာငွေဟု အဓိပ္ပါယ်ထွက်သော စကားလုံးသည် လက်တင် ဝေါဟာရ ဆာလာရီယမ် ဟုခေါ်သော စကားမှဆင်းသက်ခဲ့ သည်။ ဆာလာရီယမ်မှာ ဆားဝယ်ငွေဟု အဓိပ္ပါယ်ရ၍၊ ရောမ နိုင်ငံ ကောင်းစားစဉ်က စစ်သည်တော်များအား ဆားဝယ်ရန် ပေးကမ်းချီးမြှင့်သော ငွေကို ခေါ်သည့်စကားဖြစ်၏။ မြန်မာ လူမျိုးများတွင် နေရာတိုင်း၌ မပါလျှင်မပြီးသူကို ပဲခူးဆား ဟူ၍၎င်း၊ ပေါ့သောအဓိပ္ပါယ်ကို ပြောလိုလျှင် ဆားမပါသော ဟင်းလျာကဲ့သို့ဟူ၍၎င်း ပြောဆိုလေ့ရှိကြ၏။[၁]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)