ဟင်းသီးဟင်းရွက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရှေးခေတ်လူများကပင် ဆန် သို့မဟုတ် ဂျုံကိုသာ စားနေခြင်းဖြင့် လူကျန်းမာနိုင်မည် မဟုတ်ကြောင်း ကို သိခဲ့ကြလေသည်။ သိပ္ပံပညာ ထွန်းကားလာသောအခါတွင် ဆန်၊ သို့မဟုတ် ဂျုံသည် ပရိုတင်း၊ သို့မဟုတ် စတာ့(ကစီ)၊ သို့မဟုတ် သကြား ကြွယ်ဝသည်ဟု ဆိုသည်။ သို့သော် ဆန်၊ သို့မဟုတ် ဂျုံချည်းသာ စားနေမည်ဆိုလျှင် သွေးအားနည်းခြင်း၊ သွားနှင့်အရိုးမကောင်းခြင်းများ ဖြစ်နိုင်ပြီးလျှင် နာမကျန်း ဖြစ် တတ်သည်ကို တွေ့ရလေသည်။

ရှေးလူများသည် ဟင်းသီးဟင်းရွက် အရိုင်းများကို စားခြင်း ဖြင့် ကျန်းမာနိုင်ကြောင်းကို အကြမ်းအားဖြင့်သာ သိခဲ့ကြလေ သည်။ ထိုသို့ သိခဲ့ကြသည့်အတိုင်း ထိုအပင်ရိုင်းများကို စိုက်ပျိုးလာခဲ့ကြသဖြင့် ကျန်းမာရေး နှင့်ပြည့်စုံစေရုံသာမက ပို၍ အရသာရှိအောင် ဖန်တီးပေးရာသို့လည်း ရောက်စေလေ သည်။ ယခုအခါတွင် ကျွနု်ပ်တို့၏ ခန္ဓာကိုယ်က မည်သည့် အစာများလိုသည် ဆိုသည်ကို ရှေးလူများ သိခဲ့ကြသည်ထက် ပိုမို၍ သိလာကြလေပြီ။ ဟင်းသီးဟင်းရွက်များသည် လူ၏ ခန္ဓာကိုယ်အတွက် အရေးကြီးသည်မှာ ယင်းတို့၌ ဗီတာမင် များနှင့် တွင်းထွက်များပါရှိခြင်းကြောင့် ဖြစ်သည်။ ယင်းတို့၌ အထူးသဖြင့် ဗီတာမင် အေ၊ သိုင်ယာမင်း၊ နီယာမင်းနှင့် ဗီတာမင်စီတို့ကဲ့သို့သော ဗီတာမင်များ ကြွယ်ဝကြလေသည်။ ထိုပြင် ယင်းတို့၌ လိုအပ်သည့် တွင်းထွက်များဖြစ်သော ကယ်လဆီယမ်၊ ဖော့စဖောရပ်နှင့် သံစသည်တို့ကဲ့သို့သော တွင်းထွက် ပစ္စည်းများလည်း ပါရှိသေးသည်။ ထိုမျှမကသေး ယင်းတို့က အစာကို ကြေစေရာတွင် အထောက်အကူပြု၍ ခန္ဓာကိုယ်အတွက် လိုအပ်သော ပစ္စည်းများကို ပေးစွမ်းနိုင် သော်လည်း စွမ်းအင်တန်ဖိုးကိုကား မြောက်မြားစွာ မပေးနိုင် ချေ။ ပဲတောင့်ကဲ့သို့သော ဟင်းသီးဟင်းရွက်များမှအပ ကျန် ဟင်းသီးဟင်းရွက်များတွင် ပရိုတင်းဓာတ်များများ မပါဝင် ကြချေ။

ဟင်းသီးဟင်းရွက် အမျိုးမျိုးရှိရာ အချို့ကို အစေ့စားရ သည်။ ပုံစံမှာ ပဲလုံးဖြစ်သည်။ အချို့ကို အရွက်စား ရသည်။ ပုံစံမှာ ဆလပ်ဖြစ်သည်။ အချို့ကို ပင်စည်ကို စားရလေသည်။ ပုံစံမှာ ကညွတ်ဖြစ်သည်။

ဂေါ်ဘီပန်း၊ သို့မဟုတ် ပန်းမုန်လာဆိုသည်မှာ ဂေါ်ဘီထုပ်၊ သို့မဟုတ် မုန်လာထုပ်မျိုးရင်းဝင်တစ်ခုမှ ပွင့်လာသော ပန်းပွင့် တစ်မျိုးဖြစ်သည်။ ခရမ်းချဉ်သီးလည်း ဟင်းသီးဟင်းရွက်တွင် အပါအဝင်ဖြစ်သည်။ ကြက်သွန်ဥကြီး (ကြက်သွန်ဥနီ)နှင့်ကြက် သွန်ဖြူတို့သည်လည်း မြန်မာများ ကြိုက်နှစ်သက်သော ဟင်းသီးဟင်းရွက်တွင် ပါဝင်လေသည်။ ခရမ်း၊ ကန်စွန်း၊ ချဉ်ပေါင်၊ ဗူး၊ နံနံ၊ တရုတ်နံနံ စသည့် ဟင်းသီးဟင်းရွက် များလည်း အမြောက်အမြား ရှိသေးသည်။

တိုးတက်နေသော ယာသမားများသည် ဟင်းသီးဟင်းရွက် များ အခါမလပ် ထွက်စေရန် ကြိုတင်ပြင်ဆင်မှု မှန်သမျှကို ပြုလုပ်ထားကြလေသည်။ ထင်ရှားစေရန် ဖော်ပြရလျှင် မိုးခေါင် သောအခါမျိုးတွင် ရေမရှိမည် စိုးသဖြင့် ကန်ကြီးများမှ ရေကို ပိုက်များဖြင့် လိုလျှင် လိုသလို သွယ်ယူနိုင်ရန် ဖန်တီးထားကြ သည်။ ပိုးဖျက်မည်ကို စိုးသဖြင့် လိုအပ်သော ပိုးသတ်ဆေးများ ကိုလည်း ထားရှိကြသည်။

ထိုမျှမက အမေရိကန် ပြည်ထောင်စုမှ ရုက္ခဗေဒပါမောက္ခ တစ်ဦးဖြစ်သူ ဝီလျံ အက်(ဖ) ဂါးရစ်ဆိုသူက ဟင်းသီးဟင်း ရွက်ပင်များကို ရေထဲတွင် စိုက်ပျိုးကြည့်ခဲ့ရာ အောင်မြင်လေ သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ခုနစ်ဆယ်ခန့်ကပင် အချို့ ပုဂ္ဂိုလ် များက ရေထဲတွင် လိုအပ်သည့် ဓာတ်ပစ္စည်းများသာရှိလျှင် အပင်များ ပေါက်ရောက်နိုင်မည် ဆိုသည်ကို သိခဲ့ကြသော် လည်း စမ်းသပ်ခြင်းကား မပြုလုပ်ခဲ့ကြချေ။ ထိုပါမောက္ခကြီး ကသာ လက်တွေ့စမ်းသပ်ကြည့်ရာ အောင်မြင်သည်ကို တွေ့ခဲ့ လေသည်။ သူစိုက်ပျိုးလိုသော အပင်တပင်ကို လေမရှိသည့် ဗူးတဗူးအတွင်း၌ မီးရှို့ပြီးလျှင် ဖြစ်ပေါ်လာသော ပြာများကို ဓာတ်ခွဲ၍ ကြည့်ခြင်းဖြင့် ပါဝင်သည့် ဓာတ်ပစ္စည်းအမျိုးမျိုး၏ အချိုးကို သိနိုင်ခဲ့လေသည်။

မကြာမီအတွင်းတွင် ဧကတရာနှင့်ညီမျှသော ကန်တကန်ကို တောက်ပသည့်အနီရောင်ရှိသော ခရမ်းချဉ် သီးပေါင်း ၁၂၂၆ ပေါင် ထွက်စေသည်ကို တွေ့ခဲ့လေသည်။ အခြား ဟင်းသီး ဟင်းရွက်များကို စမ်းသပ်ကြည့်သောအခါတွင်လည်း အလားတူ အောင်မြင်မှုများ ရရှိသည်ကို တွေ့ခဲ့လေသည်။

ရေထဲ၌ စိုက်ပျိုးခြင်း မပင်ပန်းချေ။ ရေကန်ကို သံဆန်ခါ တစ်ခုဖြင့် ဖုံးပြီးသောအခါတွင် ထို သံဆန်ကာပေါ်တွင် လွှစာ၊ သို့မဟုတ် အခြားသင့်လျော်သည့် ပစ္စည်းတစ်မျိုးမျိုး ဖြူးထား ပေးပြီးလျှင် မျိုးစေ့များကို ကြဲ ပေးရလေသည်။ မျိုးစေ့များမှ အပင်များ ပေါက်လာ၍ ကြီးပြီးလာသောအခါတွင် ယင်းတို့၏ အမြစ်များသည် အောက်ဘက်ရှိ ရေထဲထိုးဝင်သွားကြပြီးလျှင် လိုအပ်သည့် ဓာတ်ပစ္စည်းများကို ရနိုင်ပေသည်။ ဆောင်းရာသီ၌ ရေများ အေးနေလျှင် လျှပ်စစ်ဓာတ်ဖြင့် လိုအပ်သည့် အပူချိန် သို့ မြင့်လာသည်အထိ ရေကို ဖန်တီးပေးနိုင် လေသည်။

ထိုနည်းဖြင့် စိုက်ပျိုးလျှင် မြေကြီးကို တူးဆွပေးရန် မလိုသည့် အပြင် ပေါင်းပင်များကို ရှင်းလင်း ပစ်ရန်လည်း မလိုချေ။ ဟင်းသီးဟင်းရွက် အထွက်မှာလည်း သုံးဆမှ ငါးဆအထိ ပို၍ ထွက်နိုင်သည်ကို တွေ့ခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)