ပါဠိစာပေ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
“ပါဠိစာပေ”ဟူသော စကားဖြင့် ပါဠိဘာသာ ဝါ-မာဂဓဘာသာဖြင့် ရေးသားထားသမျှသော စာပေအားလုံးကိုပင် ဆိုလိုပေသည်၊ သို့ရာတွင် ပါဠိနှင့် တိုင်းရင်းဘာသာ ရောစပ်၍ ရေးသား အပ်သည့် နိသျကဲ့သို့သော ကျမ်းစာမျိုးနှင့် ပါဠိပိဋကကို အမှီပြု၍ တိုင်းရင်းဘာသာဖြင့် ရေးသားအပ်သည့် ကျမ်းဂန်မျိုးတို့ကိုလည်း ပါဠိစာပေ၌ပင် ထည့်သွင်းရေတွက် အပ်ပေသည်။ [၁]
အကျုံးဝင်သော ကျမ်းဂန်များ
[ပြင်ဆင်ရန်]ပါဠိစာပေ၌ အကျုံးဝင်သော ကျမ်းဂန်များကို အမျိုးအစားအားဖြင့် ခွဲဝေလျှင် ပါဠိတော်, အဋ္ဌကထာ, ဋီကာ, အနု, မဓု, လက်သန်း, ဂဏ္ဌိ, ယောဇနာ, ဒီပနီ, နိသျ, အရကောက် စသည်ဖြင့် များလှစွာ၏။ [၁]
ပါဠိတော်
[ပြင်ဆင်ရန်]ထိုတွင် ပါဠိတော် ဟူသည်မှာ မြတ်စွာဘုရားရှင် သာမုက္ကံသိကဒေသနာအဖြစ်ဖြင့် ဟောတော်မူအပ်သော တရားတော်များနှင့် သာဝက စသည်တို့ ဟောသော တရားတော်များကို ပြသော စကားရပ်တို့ကို ဆိုလိုပေသည်။ [၁]
အဋ္ဌကထာ
[ပြင်ဆင်ရန်]အဋ္ဌကထာ ဟူသည်မှာ ပါဠိတော်၏ အနက် အဓိပ္ပါယ်ကို ဖွင့်ပြသောကျမ်း ဖြစ်လေသည်၊ ဤကျမ်းမျိုးတွင် ပါဠိတော်၏ ပုဒ်နက်ကိုသာမကပဲ ပါဠိတော်နှင့် စပ်သွယ်၍ သိသင့်သိထိုက်သော ခက်ခဲနက်နဲသည့် အဆုံးအဖြတ်များ, ဥဒါဟရုဏ် ပုံပြင်သက်သေများကိုပါ ထည့်သွင်း၍ ဖွင့်ပြသည်ကို တွေ့ရှိရပေသည်၊ များသောအားဖြင့် ဤကျမ်းတို့သည် ကျမ်းဦးအစ၌ အကျယ်တဝင့် ဖွင့်ဆိုပြီး နောက်အပိုင်းတို့၌မူကား ဂန္ထဂရုဒေါသကို ပယ်ရှားလျက် အသိခက်သော အရာများကိုသာ ဖွင့်ဆိုကြလေသည်။ [၁]
ဋီကာ
[ပြင်ဆင်ရန်]ဋီကာ ဟူသည်မှာ အဋ္ဌကထာကိုပင် ဖွင့်ပြသောကျမ်း ဖြစ်လေသည်၊ ယင်းကား အဋ္ဌကထာ ဖွင့်နည်းမျိုးကိုပင် အတုယူ၍ ဖွင့်ပြသောကျမ်း ဖြစ်လေရာ ၎င်းတွင် အဋ္ဌကထာ၌ အသိခက်သော အရာများကို ဖွင့်ပြခြင်း, တိမ်မြုပ်သော အဓိပ္ပါယ်တို့ကို ပေါ်လွင်စေခြင်း, အချို့အရာတို့၌ အဋ္ဌကထာလာ အယူအဆတို့ကို ဝေဖန်စိစစ်ခြင်း စသည်များကိုပါ တွေ့ရှိနိုင်ပေသည်။ [၁]
အနုဋီကာ
[ပြင်ဆင်ရန်]အနုဋီကာ ဟူသည်မှာကား ဋီကာကိုပင် ထပ်ဆင့်၍ ဖွင့်ပြသောကျမ်း ဖြစ်ပေသည်။ ပါဠိစာပေတွင် ကျမ်းအမျိုးအစား တစ်ခုအနေဖြင့် အသိများသော်လည်း အမှန်မှာ အဘိဓမ္မာ မူလဋီကာ၏ အဖွင့်တကျမ်းကိုသာ အနုဋီကာဟု ခေါ်အပ်လေသည်။ [၁]
မဓု
[ပြင်ဆင်ရန်]မဓုဟူသည်မှာ ဋီကာရင်းဖြင့် အနက်အဓိပ္ပါယ်မကုန်၍ ကြွင်းကျန်သည်ကိုလည်းကောင်း, မသိသာသည်ကိုလည်းကောင်း, ကုန်စင်သိသာအောင် ဋီကာရင်းနှင့် ပေါင်း၍ပြသော ကျမ်းမျိုးဖြစ်လေသည်၊ ယင်းသို့ ပြသည်ဖြစ်၍ သိသာမြိန်မြတ်လှသောကြောင့်၎င်းကျမ်းမျိုးကို မဓုဒီပနီဟု ခေါ်လေသည်။ [၂][၁]
လက်သန်း
[ပြင်ဆင်ရန်]လက်သန်း ဆိုသည်မှာကား ပါဠိတော် အဋ္ဌကထာ စသည်တို့၌လာသော အနက်အဓိပ္ပါယ်တို့ကို မှတ်သား ဆောင်လွယ်စေရန် အကျဉ်းအားဖြင့် ရေးသားအပ်သည့် ကျမ်းငယ်မျိုး ဖြစ်ပေသည်၊ လက်သန်းသည် လက်ချောင်းတို့တွင် အငယ်ဆုံးဖြစ်သကဲ့သို့ လက်ညှိုးလက်မအလား ကြီးမားသော အဋ္ဌကထာ, ဋီကာကျမ်းများကို ထောက်ဆ၍ လက်သန်းကျမ်းဟု ခေါ်ဆိုရခြင်းဖြစ်ပေသည်၊ အချို့ ကလည်း အကျဉ်းချုပ် အမြွက်မျှသာ မှတ်၍ပြသောကျမ်းဖြစ်၍ လက္ခဏကျမ်း, ယင်းမှ လက္ချဏ်း, ယင်းမှတဖန် လက်သန်း ဖြစ်လာသည်ဟုလည်း ဆိုကြသည်၊ ၎င်းလက်သန်းကျမ်းသည်လည်း လက်သန်းအဋ္ဌကထာ, လက်သန်းဋီကာဟု ရှိပြန်သည်။ [၁]
ဂဏ္ဌိ
[ပြင်ဆင်ရန်]ဂဏ္ဌိ ဟူသည်မှာ အဋ္ဌကထာစသည်တို့ကဲ့သို့ ပုဒ်စဉ်ပါဌ်လျှောက်မဖွင့်ဆိုပဲ တိမ်မြုပ်ခဲကပ် အသိ ကြပ်၍ အဆစ်အဖုသဖွယ်ဖြစ်သည့် ခဲရာခဲဆစ် ပုဒ်, ပါဌ်, အဓိပ္ပါယ်လောက်ကိုသာ ဖွင့်ပြသည့် နက်နဲသောဉာဏ်၏ ကျက်စားရာကျမ်းမျိုး ဖြစ်ပေသည်။ ယောဇနာ ဟူသည်မှာ အဋ္ဌကထာ စသည်တို့၏ အနက်ကို လွယ်ကူသောနည်းဖြင့် ဖွင့်ပြသော ကျမ်းမျိုးဖြစ်သည်၊ ဤကျမ်းမျိုးတို့တွင် အကျယ်တဝင့် ဖွင့်ဆိုချက်များကို များစွာမတွေ့ရပဲ အဋ္ဌကထာစသည်၏ ပုဒ်နက်, ဝါကျနက် စသည်ကိုသာ ဖွင့်ပြသည်များကို တွေ့ရှိရပေသည်။ [၃][၁]
ဒီပနီ
[ပြင်ဆင်ရန်]ဒီပနီ ဟူသည်မှာလည်း အနက်အဓိပ္ပါယ်ကို ထင်ရှားစွာ ဖွင့်ပြသောကျမ်းမျိုး ဖြစ်ပေသည်၊ ဤကျမ်းမျိုးမှာ အချို့အရာ၌ အကြောင်းအရာ တစ်ခုတည်းကိုပင် အကျယ်တဝင့် ဖွင့်ဆိုရေးသားသောကျမ်းဖြစ်၍ အချို့အရာ၌ကား ဋီကာတို့ကဲ့သို့ ဖွင့်ပြသောကျမ်း ဖြစ်ပေသည်။ [၁]
နိသျ
[ပြင်ဆင်ရန်]နိသျ (နိဿယ) ဟူသည်မှာကား ပါဠိတော်စသည်တို့ကို ပါဠိတပုဒ်, မြန်မာတပုဒ် ပြန်နည်းအားဖြင့် အနက်မြန်မာပြန်သော ကျမ်းမျိုးဖြစ်ပေသည်။ ဤကျမ်းမျိုးတို့တွင် အနက်မြန်မာပြန်သာ မကပဲ ဆိုင်ရာဆိုင်ရာ အမှာအထား အဆုံးအဖြတ်များကိုပါ တွေ့ရှိနိုင်သည်ဖြစ်၍ ပါဠိကျမ်းဂန်တို့ကို လေ့လာရာတွင် အားကိုးအားထား အပြုရဆုံးကျမ်းမျိုး ဖြစ်လေသည်။ ထို့ကြောင့်လည်း ဤကျမ်းမျိုးကို “နိသျ (နိဿယ) = မှီရာ အားကိုးရာကျမ်း” ဟု ခေါ်ဆိုရခြင်း ဖြစ်ပေသည်။[၁]
အရကောက်
[ပြင်ဆင်ရန်]အရကောက် ဟူသည်မှာ ပါဠိတော်စသည်တို့တွင် ပါရှိသည့် တပုဒ်တပုဒ်စီ၏ဖြစ်စေ, စာပိုဒ် တပိုဒ်တပိုဒ်စီ၏ဖြစ်စေ ရသင့်ရထိုက်သော တရားများကို ကောက်၍ပြသောကျမ်းမျိုး ဖြစ်ပေသည်။ အထူးသဖြင့် အဘိဓမ္မာဆိုင်ရာတွင် ဤကျမ်းတို့သည် ကျေးဇူးအများဆုံးပြုသောကျမ်းတို့ ဖြစ်ပေသည်၊ ဤအရကောက်ကျမ်းများမရှိလျှင် အဘိဓမ္မာပါဠိတော်တို့သို့ သက်ဝင်ခြင်းငှါပင် မလွယ်ကူပေ။ [၁]
ပိဋကသုံးပုံဆောင် အရှင်အာနန္ဒာ
[ပြင်ဆင်ရန်]အထက်ပါတို့တွင် ပါဠိတော်စာပေသည် ပါဠိဘာသာ ဝါ-မာဂဓဘာသာကို သာမုက္ကံသိကဒေသနာတော်အဖြစ် ဘုရားရှင် အသုံးပြု ဟောကြားသည့် အချိန်ကစ၍ ဖြစ်ပေါ်ခဲ့ပြီး အခါသင့် အခွင့်သာတိုင်း ဟောကြားခြင်းအားဖြင့် တစတစ အဆင့်ဆင့် တိုးပွါးပြန့်ကျယ်လာခဲ့ပေသည်။ ယင်း သာမုက္ကံသိက ဒေသနာတော်အားလုံးကို ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက အရှင်အာနန္ဒာ တစ်ပါးတည်းသာ အနက်အဓိပ္ပါယ်နှင့်တကွ ကြွင်းမဲ့ဥဿုံ အာဂုံဆောင်ခဲ့ပေသည်၊ အခြားသော မထေရ်တို့တွင်ကား အချို့က ပိဋကတပုံကိုသော်လည်းကောင်း, အချို့က နိကာယ်တရပ်ကိုသော်လည်းကောင်း, မိမိတို့ စွမ်းအားရှိသမျှ အနက်အဓိပ္ပါယ်နှင့်တကွ အာဂုံဆောင်ခဲ့ကြသည်။ [၁]
သင်္ဂါယနာတင်ပွဲအပြီး
[ပြင်ဆင်ရန်]သို့ရာတွင် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် ၃-လခန့်အကြာတွင် အရှင်မဟာကဿပ အမှူးရှိသော ရဟန္တာမထေရ် ၅၀၀-တို့ ပထမသင်္ဂါယနာတင်ပွဲကို ဆင်နွှဲခဲ့ကြလေရာ ၎င်းပထမ သင်္ဂါယနာတင်ပွဲအပြီးတွင် မြတ်စွာဘုရား၏ သာမုက္ကံသိက ဒေသနာတော်များ မပျက်မစီး အရှည် တည်တံ့စိမ့်သောငှါ ရဟန္တာမထေရ်တို့သည် အစုလိုက်ခွဲဝေ၍ တာဝန်ယူပြီးလျှင် တရားတော်များကို နှုတ်တက်အာဂုံ ဆောင်တော်မူခဲ့ကြပေသည်။
ထိုသို့ တာဝန်ယူကြရာတွင် အရှင်ဥပါလိနှင့် တပည့်တို့အား ဝိနည်းပိဋကကိုလည်းကောင်း, အရှင်အာနန္ဒာ နှင့် တပည့်တို့အား ဒီဃနိကာယ်ကိုလည်းကောင်း, အရှင်သာရိပုတြာ၏တပည့်တို့အား မဇ္ဈိမနိကာယ်ကိုလည်းကောင်း, အရှင်မဟာကဿပနှင့် တပည့်တို့အား သံယုတ္တနိကာယ်ကိုလည်းကောင်း, အရှင်အနုရုဒ္ဓါနှင့် တပည့်တို့အား အင်္ဂုတ္တရနိကာယ်ကိုလည်းကောင်း, အသီးအသီး တာဝန်ခွဲဝေပေးကြောင်းကို သီလက္ခန်အဋ္ဌကထာတွင် မိန့်ဆိုလျက်ရှိလေသည်။ [၄]
ယင်းသို့ မထေရ်တို့ အဆက်ဆက်ဆောင်ယူခဲ့ကြရာ ပါဠိတော်၏ အနက်အဓိပ္ပါယ်ကို ဖွင့်ပြသော ကျမ်းများ လိုအပ်လာ၍ ပါဠိတော်၏ အဖွင့်ဖြစ်သည့် အဋ္ဌကထာခေါ် ကျမ်းများ တဖန် အဋ္ဌကထာ၏ အဖွင့်ဖြစ်သည့် ဋီကာခေါ်ကျမ်းများပါ ပေါ်ပေါက်လာခဲ့ပြန်သည်။ [၁]
ဆက်လက်ဖတ်ရှုရန်
[ပြင်ဆင်ရန်]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ တိပိဋကအဘိဓာန် အတွဲ-၁ နိဒါန်း
- ↑ ၁။ သာသနာလင်္ကာရစာတမ်း စာမျက်နှာ-၄၆ ကြည့်ပါ။
- ↑ ၂။ ၎င်းကျမ်း ၄၇ ကြည့်ပါ။
- ↑ ၁။ ဒီ၊ဋ္ဌ၊၁၊၁၄-၁၅။ ဤအဋ္ဌကထာ၌ အဘိဓမ္မာပိဋကကို မည်သည့်ပုဂ္ဂိုလ်တို့အား တာဝန်ပေးအပ်သည်ဟု ပြဆိုချက် မပါသော်လည်း တာဝတိံသာ၌ ဟောတော်မူအပ်သော အဘိဓမ္မာတရားကို ဘုရားရှင်က အရှင်သာရိပုတြာအား အကျဉ်းဟောပြီး အရှင်သာရိပုတြာက တဆင့် လင်းနို့သား၅၀၀ ဖြစ်ခဲ့ဘူးသော မိမိ၏ တပည့် ရဟန်း ၅၀၀-တို့အား ဟောခဲ့ပုံကိုလည်းကောင်း, အဘိဓမ္မာပိဋက၌ ချပို့ရိုးအစဉ်သည် အရှင်သာရိပုတြာမှ စတင် ဖြစ်ပေါ်လာသည်ကိုလည်းကောင်း, ပြဆိုသော အဋ္ဌသာလိနီအဋ္ဌကထာ(၁၇-၁၈) လာ စကားအရ အရှင်သာရိပုတြာ၏ တပည့် အဆက်ဆက်တို့ကပင် အဘိဓမ္မာပိဋကကို မပျက်မကွက် ဆောင်ရွက်ခဲ့ကြသည် ဟု မှတ်ယူအပ်၏။ တရုတ်ရဟန်းတော် ဟူယင်ဆင်၏ မှတ်တမ်းတွင်လည်း မိမိ မထုရာပြည်သို့ရောက်စဉ် အဘိဓမ္မာကို လေ့လာကြသော ရဟန်းတို့ အရှင်သာရိပုတြာ၏ ဓာတ်တော်ကိန်းဝပ်သော စေတီတော်ကို နှစ်စဉ် ပူဇော်ကြသည်ကို တွေ့ရှိရကြောင်း မှတ်တမ်းရှိပေသည်။ (The Life of Hsuan-Tsang, စာမျက်နှာ-၇၇)