အနုရုဒ္ဓါထေရ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အနုရုဒ္ဓါထေရ်သည် ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် ထင်ရှားသော ထေရ် တစ်ပါးဖြစ်သည်။ မြတ်စွာဘုရားခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ညီတော်ဖြစ်သော သုက္ကောဒနမင်း၏ သားတော် အငယ်ဖြစ်သည်။ ငယ်စဉ်က အဆင်းလှ၍ ဘုန်းကံကြီးလျက် သိမ်မွေ့နူးညံ့သည်။ မရှိ ဟူသော စကားကို တစ်ရံခါမျှ မကြားစဖူးချေ။ တစ်ရံရောအခါ အနုရုဒ္ဓါမင်းသားသည် ဂုဏ်ဝါတူမျှသော အခြားသာကီဝင်မင်းသားတို့နှင့် အံကစားယင်း မုန့်များကို အလောင်းအစားပြုရာ ရှုံးသဖြင့် မုန့်ကုန်ပြန်သော် မိခင်ထံသို့ စေလွှတ်၍ တောင်းသည်။ မိခင်သည် သုံးလေးကြိမ်ရှိသော် မရှိတော့ဟူ၍ ပြောလိုက်ရာ ထိုစကားကို မုန့်အမည်ပင် ထင်မှတ်၍ မရှိ့မုန့်ကို တောင်းသည်။ မိခင်က မရှိကြောင်းကို သိစေလို၍ ရွှေဖလားချည်း ပေးလိုက်ရာ နုစဉ်က ပစ္စေကဗုဒ္ဓတစ်ပါးအား ထမင်းလှူခဲ့သော မင်းသား၏ ဘုန်းကံကြောင့် နတ်များက မုန့်ကို ထည့်ပေးကြသည်။ ထိုအကြောင်းကို မိခင်သိလျှင် ငါ့သားသည် ဘုန်းရှိသော ယောကျာ်းဖြစ်သည်။ ရှေးဆုတောင်း အကြောင်းကြီးစွာ ရှိလိမ့်မည်ဟု အောက်မေ့၍ မုံ့စားလို၍ တောင်းလျှင် အချည်းနှီးသော ရွှေခွက်ကို ဖုံးလျက်သာ ပေးလိုက်၏။ ထိုမှစ၍ အိမ်ရာထောင်သော လူ့ဘောင်၌ နေသမျှကာလပတ်လုံး နတ်ပေးသော မုန့်များကို အစဉ် စားရလ်သည်။

အရွယ်ရောက်သော နောင်တော်မဟာနန်မင်းသားက တိုင်ပင်လာသည့်အတိုင်း အခြား သာကီဝင်မင်းတို့ကဲ့သို့ ရဟန်းပြုရန် မယ်တော်အား တောင်းပန်ကာ မြတ်စွာဘုရားကျောင်းတော်သို့ သွားရောက် ရဟန်းပြုသည်။ အနုရုဒ္ဓါနှင့်အတူ အာနန္ဒာ၊ ဘဒ္ဒိယ၊ ကိမိလ၊ ဘဂု၊ ဒေဝဒတ်ဟူသော မင်းသားငါးပါးနှင့် ဆတ္တာသည် ဥပါလိ လိုက်ပါကြသည်။ မြတ်စွာဘုရား အထံတော်သို့ ရောက်လျှင် ဇာတိမာန်ခက်ထန်သော သာကီဝင် မင်းမျိုးအဖို့ ရဟန်းဖြစ်သောအခါ ရိုသေရာဖြစ်စေရန် ဥပါလိကို ဦးစွာ ရဟန်းပြုပေးပြီးမှ မင်းသားတို့ကို ရဟန်းပြုပေးသည်။ ရဟန်းဖြစ်ပြီးသော် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရလျှင် ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူသည်။ ထိုနောက် ရှင်သာရိပုတ္တရာထံ၌ ကမ္မဋ္ဌာန်းကို သင်ကြားပြီးနောက်၊ စေတိယတိုင်း ပါစီနဝံသမြို့သို့သွား၍ တရားအားထုတ်ရာ ပဋိသမ္ဘိဒါနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်သည်။ ထိုအခါ ရှင်အနုရုဒ္ဓါထေရ်ဟု လွန်စွာ ထင်ရှားသည်။

ရှင်အနုရုဒ္ဓါထေရ်သည် ပဒုမုတ္တရဘုရားလက်ထက်တွင် အပါကဋမည်သော သူကြွယ်တစ်ဦးဖြစ်၍၊ ဘုရားကျောင်းတော်သို့ သွားရောက်တရားတော်ကို နာကြားရာဝယ် ဒိဗ္ဗစက္ခုအဘိဉာဉ်အရာ၌ ဧတဒဂ်ရသော ရဟန္တာတစ်ပါးကို အားကျ၍ ဘုရားရှင်အား အလှူပေးကာ ပန်ဆင်ခဲ့သည့် ဆုထူးကြောင့် ဒိဗ္ဗစက္ခု အမြင်ထက်သန်ရာတွင် ထူးကဲ စွမ်းဆောင်နိုင်သဖြင့် ဒိဗ္ဗစက္ခုအရာတွင် ဧတဒဂ်ဘွဲ့ဖြင့် မြတ်စွာဘုရားက ချီးမြှောက်တော်မူသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)