မာတိကာသို့ ခုန်သွားရန်

ဆွမ်း

ဝီကီပီးဒီးယား မှ

ဗုဒ္ဓဘာသာ ရဟန်းတော်များအတွက် ဆွမ်း (ပိဏ္ဍပါတ) ဟူသည် သပိတ်၌ ကျတတ်သောကြောင့် သို့မဟုတ် သပိတ်အတွင်းသို့ လောင်းထည့်အပ်သောကြောင့် ခေါ်ဆိုခြင်းဖြစ်ပြီး အာဟာရအလို့ငှာ ခဲအပ်၊ လျက်အပ်၊ သောက်အပ်သမျှသော အစားအစာအားလုံးကို ဆိုလိုသည်။ ရဟန်းတော်များသည် လူပုဂ္ဂိုလ်များကဲ့သို့ အချိန်အခါမရွေး စားသောက်ခွင့်မရှိဘဲ မြတ်စွာဘုရား ပညတ်တော်မူထားသည့် ကာလိက (၄) မျိုး သတ်မှတ်ချက်နှင့်အညီ သုံးဆောင်ကြရသည်။

၁။ အစားအစာ အမျိုးအစားများ

[ရင်းမြစ်ကို တည်းဖြတ်ရန်]

ရဟန်းတော်များ သုံးဆောင်အပ်သော အာဟာရများကို အဓိကအားဖြင့် အုပ်စုနှစ်စု ခွဲခြားနိုင်သည် -

  • ဘောဇဉ် (၅) ပါး: ထမင်း၊ ငါး၊ အသား၊ မုယောမုန့်နှင့် မုန့်လုံးတို့ ဖြစ်ကြသည်။
  • ခဲဖွယ် (၁၂) ပါး: အမြစ်၊ အဥ၊ အစွယ်၊ အညှောင့်၊ ပင်စည်၊ အခေါက် (သို့မဟုတ် အခွံ)၊ အရွက်၊ အပွင့်၊ အသီး၊ အစေ့၊ အမှုန့်နှင့် အစေးတို့ ဖြစ်ကြသည်။

၂။ ကာလိက (၄) မျိုး (သုံးဆောင်ခွင့် အချိန်ကာလ)

[ရင်းမြစ်ကို တည်းဖြတ်ရန်]

ရဟန်းတော်များ အစားအစာနှင့် ဆေးဝါးများကို သုံးဆောင်ရာ၌ အချိန်ကာလ ပိုင်းခြားသတ်မှတ်ချက်များ ရှိသည် -

  1. ယာဝကာလိက: အရုဏ်တက်ချိန်မှ မွန်းတည့်ချိန်အထိသာ သုံးဆောင်ကောင်းသော ဆွမ်း၊ ဘောဇဉ်နှင့် မုန့်ခဲဖွယ်များ ဖြစ်သည်။
  2. ယာမကာလိက: အကပ်ခံပြီးနောက် နောက်တစ်နေ့ အရုဏ်မတက်မီအထိ သုံးဆောင်ကောင်းသော သစ်သီးဖျော်ရည် (၈) မျိုးနှင့် ၎င်းနှင့် လျော်ကန်သော အဖျော်ရည်များ ဖြစ်သည်။ သို့သော် နေလွဲသောအခါတွင် အကြောင်းမဲ့မသောက်ရဘဲ ဆာလောင်မွတ်သိပ်မှသာ သောက်ကောင်းသည်။
  3. သတ္တာဟကာလိက: အကပ်ခံပြီးနောက် (၇) ရက်အတွင်း သိုမှီးသုံးဆောင်ကောင်းသော ဆေးပစ္စည်း (၅) မျိုး (ထောပတ်၊ ဆီဦး၊ ဆီ၊ ပျားရည်၊ တင်လဲ) ဖြစ်သည်။
  4. ယာဝဇီဝိက: အကပ်ခံပြီးနောက် တစ်သက်လုံး ဆေးအဖြစ် သုံးဆောင်ကောင်းသော အမြစ်၊ အခေါက်၊ အရွက်၊ ဆား၊ ချင်း၊ ငရုတ် စသည်တို့ ဖြစ်သည်။

၃။ အရေးကြီးသော ဝိနည်းဥပဒေများ

[ရင်းမြစ်ကို တည်းဖြတ်ရန်]

ရဟန်းတော်များ အာဟာရ သုံးဆောင်ရာ၌ အောက်ပါ အာပတ် (ဝိနည်းပြစ်ဒဏ်) များ မသင့်စေရန် ဆင်ခြင်ရသည် -

  • ဝိကာလဘောဇန: မွန်းတည့်ချိန်မှ နောက်တစ်နေ့ အရုဏ်တက်ချိန်အတွင်း (ဝိကာလ) ၌ ခဲဖွယ်ဘောဇဉ်ကို စားပါက ပါစိတ်အာပတ် သင့်သည်။
  • သန္နိဓိကာရက: အကပ်ခံထားသော အစားအစာများကို တစ်ညဉ့်လွန်အောင် သိုမှီးသိမ်းဆည်း၍ စားခြင်းကို ခွင့်မပြုပေ။
  • ဒန္တပေါဏ: ရေနှင့် ဒန်ပူမှတစ်ပါး အခြားသော အာဟာရမှန်သမျှကို လူ သို့မဟုတ် သာမဏေထံမှ စနစ်တကျ အကပ်ခံပြီးမှသာ သုံးဆောင်ရသည်။
  • ပဏီတဘောဇန: မနာဖျားသော ရဟန်းသည် မိမိအတွက် ထောပတ်၊ ဆီ၊ ငါး၊ အသား စသည့် မွန်မြတ်သော အစားအစာများကို တောင်း၍ စားခြင်းကို ကန့်သတ်ထားသည်။[]

၄။ ဆက်ကပ်ခြင်းနှင့် ကပ္ပိခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း

[ရင်းမြစ်ကို တည်းဖြတ်ရန်]

လူဒါယကာ (ကပ္ပိယ) များသည် ရဟန်းတော်များအား အစားအစာ ဆက်ကပ်ရာ၌ အကပ်မြောက်စေရန် အင်္ဂါ (၅) ပါးနှင့် ညီညွတ်ရသည် -

  1. အလှူခံမည့် ရဟန်းထံသို့ ရှေးရှုဆောင်ယူလာခြင်း။
  2. ရဟန်းနှင့် (၂) တောင့်ထွာ (ဟတ္ထပါသ်) အတွင်း ရှိနေခြင်း။
  3. သာမန်လူတစ်ယောက် မြှောက်ချီနိုင်သော အလေးချိန်ရှိခြင်း။
  4. ကိုယ်ဖြင့်ဖြစ်စေ၊ ကိုင်ထားသော ဝတ္ထုဖြင့်ဖြစ်စေ ပေးခြင်း။
  5. ရဟန်းက ကိုယ်တိုင် သို့မဟုတ် ကိုင်ထားသော ဝတ္ထုဖြင့် ခံယူခြင်း။

ထို့ပြင် အပင်ပေါက်နိုင်သော သစ်သီး၊ မျိုးစေ့များကို ရဟန်းတော်များ တိုက်ရိုက်မစားကောင်းသဖြင့် ကပ္ပိယတို့က မီးဖြင့်ထိုးခြင်း သို့မဟုတ် ဓား၊ လက်သည်းတို့ဖြင့် ဆိတ်ဖြတ်ခြင်း စသည့် ကပ္ပိခြင်း ဝိနည်းကံကို ပြုလုပ်ပေးရသည်။

၅။ ကပ္ပိယကုဋီ (အချက်အပြုတ်နှင့် သိုမှီးရာနေရာ)

[ရင်းမြစ်ကို တည်းဖြတ်ရန်]

ရဟန်းတော်များ နေထိုင်သော ကျောင်းဝင်းအတွင်း၌ ဆွမ်းချက်ခြင်းနှင့် အစားအစာ သိုမှီးခြင်းတို့အတွက် အန္တောဝုတ္ထ၊ အန္တောပက္က အပြစ်များမှ လွတ်ကင်းစေရန် ကပ္ပိယကုဋီ (၄) မျိုး (ဥဿာဝနန္တိကာ၊ ဂေါနိသာဒိကာ၊ ဂဟပတိ၊ သမ္မုတိ) ကို ခွင့်ပြုထားသည်။

ဆက်လက်ဖတ်ရှုရန်

[ရင်းမြစ်ကို တည်းဖြတ်ရန်]
  1. လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း