ဉာတိပဝါရိတ

ဝီကီပီးဒီးယား မှ

ဆွေမျိုးဉာတိများ[ပြင်ဆင်ရန်]

ရဟန်းတော်တို့သည် မိမိအတွက် လိုအပ်သောဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်း(၄) ပါးတို့ကို တောင်းရမ်း အလှူခံ၍ မသုံးဆောင်ကောင်းပေ။ တောင်းရမ်းခြင်းသည် ရဟန်းတော်တို့အလုပ် မဟုတ်ပေ၊ ရဟန်းတော်တို့သည် အလှူခံပုဂ္ဂိုလ်သာဖြစ်သည်၊ ကာယဝိညတ်ဖြင့် ဆွမ်းခံကြွနိုင်၊ ဆွမ်းရပ်နိုင်သော်လည်း ဝစီဝိညတ်ဖြင့် ဆွမ်းတောင်း၍ မစားကောင်းပေ၊ စေတနာ သဒ္ဓါထက်သန်သူတို့က လှူဒါန်းမှသာ ခံယူသုံးဆောင်နိုင်ပေသည်။ ဤသည်မှာ ရဟန်းတော်တို့သည် တောင်းစားသူများ မဟုတ်ကြောင်း ပေါ်လွင်လေသည်။ ရဟန်းတော်တို့သည် မိမိနှင့် ဆွေမျိုးဉာတိတော်စပ် သူများထံတွင်ကား ပစ္စည်းလေးပါး လိုအပ်လျှင် တောင်းခံ နိုင်သည်။ သို့ဖြစ်၍ ဆွေ(၇) ဆက် မျိုး(၇) ဆက်အကြောင်း အနည်းငယ် ဖော်ပြလိုပေသည်။ [၁]

ဉာယတိတိ ဉာတိ-အတွင်းသားဟု သိအပ်သောကြောင့် ဉာတိဟု ခေါ်၏၊ မိမိ၏ အတွင်းသား သွေးသားတော်စပ်သူကို ဉာတိ (ဆွေမျိုး) ဟု ခေါ်၏။ ဆွေ(၇) ဆက် မျိုး(၇) ဆက် ရှိသည်။ “ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ဘောင်၊ ဘော့”ဟု မိမိအထက် ဆွေမျိုး (၇) ဆက်ရှိ၏။ “သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆက်”ဟု မိမိအောက် ဆွေမျိုး (၇) ဆက်ရှိ၏။

ဤသို့ ဆွေ(၇) ဆက်၊ မျိုး(၇) ဆက်တွင် အထက် အောက် မပါဝင်သူ၊ သွေးသားချင်းဆက်သွယ်၍ မရနိုင်သူကို “အညာတိက”ဟု ခေါ်၏။ သား၏မယားနှင့် ထိုမယားဘက်မှ ဆက်သွယ်လာသူတို့သည် ယခုအခါ၌ လူ့လောကတွင် ဆွေမျိုး ဟု အသိအမှတ်ပြုရသော်လည်း ဝိနည်းတော်အရ ဆွေမျိုး မဟုတ်ကြပေ၊ မိမိ၏ ဇနီးဟောင်းနှင့် ဇနီးဘက်မှ ဆွေမျိုးများလည်း ရဟန်းဖြစ်သူအတွက် ဆွေမျိုး မဟုတ်ကြပေ။ [၁]

ဆွေမျိုးဉာတိတို့သည် ဝိနည်းကြောင်းအရ အလှူခံ ထိုက်သူများ ဖြစ်ကြသဖြင့် ... ကပ္ပိယကာရကတို့သည်လည်း ဆွေမျိုးဉာတိအကြောင်းကို သိထားသင့်ပေသည်။ အညာတကဝိညတ္တိသိက္ခာပုဒ်အရ ဆွေမျိုးဉာတိတော်စပ်သူနှင့် ပဝါရိတ ဖိတ်ကြားထားသူများထံ သင်္ကန်းအလှူခံနိုင်သည်။ သူပေါဒနဝိညတ္တိသိက္ခာပုဒ်အရ ဆွမ်း၊ ဟင်းများကိုလည်း တောင်းနိုင် အလှူခံနိုင်သည်။ [၁]


ပစ္စည်းလေးပါး ဖိတ်ကြားထားပါ[ပြင်ဆင်ရန်]

ဝိနည်းသိက္ခာပုဒ်တော်အရ ဉာတိ၊ ပဝါရိတတို့ထံ သင်္ကန်း ဆွမ်းအလှူခံနိုင်သောအခါမျိုးလည်း ရှိတတ်ပါသည်။ ဉာတိမှာမူ မိမိ၏ သွေးသားရင်းချာတော်စပ်သူဖြစ်သဖြင့် တောင်းရမ်း၍ အပြစ် မဖြစ်သကဲ့သို့ပင် ရဟန်းတော်တို့အား “အလိုရှိသောအခါ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကို တောင်းတော်မူပါ၊ အလိုရှိရာ အလှူခံတော်မူပါ၊ တပည့်တော် စွမ်းအားအလျောက် လှူဒါန်းပါမည်ဘုရား”ဟု လျှောက်ထားသူကို ပဝါရိတ (ဖိတ်မန်ထားသူ၊ ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားထားသူ၊ ပစ္စည်းလေးပါးဒကာ)ဟု ခေါ်၏။ [၁]

ဤသို့ ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားထားသူသည် ဝိနည်းအရာဝယ် ဉာတိဆွေမျိုးရင်းချာနှင့် တူညီသွားလေသည်။ ရဟန်းတော်များ အလိုရှိသောအခါ အလှူခံနိုင်၊ တောင်းရမ်း နှုတ်မြွတ်နိုင်ခွင့် ရရှိသွားလေသည်။ ဒကာအနေဖြင့်လည်း မိမိဖိတ်မန်ထားသော ရဟန်းတော်များအတွက် ပစ္စည်းလေးပါး ကြိုးစား လှူဒါန်းနေရသဖြင့် ထာဝရကုသိုလ် တိုးပွားနေသည်။ သို့ဖြစ်၍ ဒကာဒကာမများသည် ပစ္စည်းလေးပါး ဖိတ်ကြားထားသူ ဖြစ်လာရန်အတွက် ကပ္ပိယကာရကတို့က ကူညီသင့်လှပေသည်။

ဆွေမျိုးနှင့် ဖိတ်ကြားထားသူ အတူတူ ဖြစ်သည်ဟု ဆိုသော်လည်း အနည်းငယ် သတိပြုစရာ ရှိသေးသည်။ ဖိတ်ကြားထားသူသည် ပစ္စည်း(၄) ပါးအနက် တစ်မျိုးကို ဖိတ်လျှင် တစ်မျိုးသာတောင်းရသည်။ ဆွမ်းဖိတ်လျှင် ဆွမ်းသာ တောင်းကောင်းသည်၊ အားလုံးဖိတ်မှ အားလုံး တောင်းကောင်းသည်၊ ဖိတ်သူတို့ အကြည်ညိုပျက်မှန်း သိလျှင်မူ မတောင်းကောင်းတော့ပေ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၁၉၉၆)။ ကပ္ပိယကောင်းတစ်ယောက်။ pp. ၈၆-၈၈။