သတ္တာဟကာလိက

ဝီကီပီးဒီးယား မှ

ဆေး (၅)မျိုး ဘေသဇ္ဇသိက္ခာပုဒ်တော်တွင် ဆေးပစ္စည်း (၅) မျိုးတို့ကို ဖွင့်ပြထား၏။ ယင်း ဆေးပစ္စည်းတို့မှာ-

(၁) သပ္ပိ = ထောပတ်၊

(၂) နဝနိတံ = ဆီဦး

(၃) တေလံ = ဆီ

(၄) မဓု = ပျားရည်

(၅) ဖာဏိတံ = တင်လဲတို့ ဖြစ်ကြသည်။ ထောပတ်စသည့် (၅) မျိုးကို အကပ်ခံပြီးနောက် (၇) ရက်အထိ သိမ်းဆည်း၍ ဆေးအဖြစ် သုံးဆောင်နိုင်၏၊ ဆာလောင်မွတ်သိပ်ရုံ သက်သက်ဖြင့် ရဟန်းတော်များ မသုံးဆောင်ကောင်းပေ၊ အားနည်းသောရောဂါ၊ ပိန်ခြောက်သော ရောဂါ၊ လေနာရောဂါ စသည်ရှိမှသာ သုံးဆောင်ကောင်းသည်။[၁]

တေလ-ဆီ ဟူရာ၌ နှမ်းဆီ၊ မုန်ညင်းဆီ၊ ကြက်ဆူဆီ၊ သားဆီများကိုပါ သွင်းယူကြသည်။ ဝံဆီ၊ ငါးဆီ၊ လင်းပိုင် (လပိုင်) ဆီ၊ ဝက်ဆီ၊ မြည်းဆီစသည်တို့ကို ဝသာတေလ = သားဆီဟု ဆိုသည်။ ငါးဆီများသည် ဆေးအဖြစ် အပ်စပ်သဖြင့် ငါးကြီးဆီများလည်း အပ်စပ်သည်၊ ဖာဏိတ (တင်လဲ) ဟူသည်မှာ ကြံမှဖြစ်သော တင်လဲ၊ ထန်းပင်မှဖြစ်သော တင်လဲတို့တည်း။ အဖတ်မပါအောင် စစ်ပြီးသောကြံရည်မှစ၍ ကြံနှင့်ဆိုင်သမျှအားလုံးကို ဖာဏိတဟု ဆိုသဖြင့် သကြားထန်းရည်၊ သကာ၊ ထန်းလျက်များလည်း အပ်စပ်သည်။

ဘေသဇ္ဇခန္ဓက၌ “ဂိလာနအတွက် ကြံသကာ၊ ထန်းလျက် အခဲကိုလည်းကောင်း၊ ဂိလာန မဟုတ်သူအတွက် ကြံရည်၊ ထန်းရည်၊ ထန်းလျက်ရည်များကိုလည်းကောင်း ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူသောကြောင့် ဆာလောင် မွတ်သိပ်လျှင် သောက်ကောင်း၏။ ရဟန်းတော်များအတွက် သင့်လျော်သော ဆေးမျိုးများကို လေ့လာထားပြီး သန္နိဓိ မဖြစ်အောင် ကပ္ပိယတို့က ဆောင်ရွက် သင့်ပေသည်။ အစာအာဟာရအဖြစ် အသုံးမပြုသော အမြစ်၊ အခေါက်၊ အဥ၊ အရွက်၊ အသီးတို့ဖြင့် ပြုလုပ်ထားသော တိုင်းရင်း ဆေးများနှင့် နိုင်ငံခြားဖြစ် ဆေးဝါးအချို့မှာမူ ယာဝဇီဝိက ဆေးဝါးများ ဖြစ်ကြပါသည်။ [၁]


ဆေးတို့ကို အပ်စပ်အောင် ဆက်ကပ်ခြင်း[ပြင်ဆင်ရန်]

သတ္တာဟကာလိကဖြစ်သော ဆေးဝါးပစ္စည်းများ၊ စတုမဓုများ၊ ပျားရည်၊ တင်လဲ၊ ထန်းလျက်၊ သကြား၊ ငါးကြီးဆီ စသည်များကို ဆက်ကပ်ရာ၌ ထိုဆေးဝါးတို့သည် အကပ်ခံချိန်မှ ၇-ရက်အတွင်းသာ သုံးဆောင်ကောင်းသဖြင့် ကပ္ပိယကာရကတို့သည် ၇-ရက်စာလောက်သာ မှန်း၍ ဆက်ကပ်ရမည်။ ပုလင်းလိုက်၊ ဘူးလိုက် မဆက်ကပ် သင့်ပေ။ အလှူအတန်း ပူဇော်ပွဲများ၌လည်း ယာဝကာလိက၊ ယာမကာလိက၊ သတ္တာဟကာလိက အရာဝတ္ထုများကို ရဟန်း သံဃာတော်တို့အား တိုက်ရိုက် မကပ်သင့်ပေ။ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ သိမ်ဆင်းပွဲ စသည့်ပွဲကြီးများ၌ အလှူရှင်တို့သည် သာဟတ္ထိကဒါနခေါ် လက်ထိလက်ရောက် ဆက်ကပ်လိုသော စေတနာဖြင့် ဆွမ်းဆန် စသည်တို့ကို လေ့ရှိ၏၊ ထိုသို့ ဆက်ကပ်လိုက်သဖြင့် ထိုဆွမ်းဆန် စသော အရာဝတ္ထုများကို နောက်နေ့များ၌ သံဃာတော်တို့ မသုံးကောင်း တော့ပေ၊ သပိတ်၊ သင်္ကန်း၊ ထီး၊ ဖိနပ်စသော ပရိက္ခရာ ပစ္စည်း အသုံးအဆောင်များနှင့် ယာဝဇီဝိက ပစ္စည်းများမှ တပါး ကျန်လှူဘွယ်များကို သက်ဆိုင်ရာ ကပ္ပိယတို့အား လောင်းလှူလိုက်လျှင်လည်း သာဟတ္ထိကဒါနမြောက်ပြီ ဖြစ်သဖြင့် ရဟန်းတော်တို့အား တိုက်ရိုက်လောင်းလှူမှုမျိုးကို အားမထုတ်သင့်ပေ။

ယာဝဇီဝိကပစ္စည်းများနှင့်အချို့သော ဆေးဝါးများ မှာမူ အကပ်ခံပြီး မကုန်မချင်း သုံးစွဲကောင်းသဖြင့် ရဟန်းတော်တို့အား အဆင်ပြေသလို ကပ်ထားနိုင်ပါသည်။ [၁]

ဆေးပစ္စည်းတို့ကို အပ်စပ်အောင် သိမ်းဆည်းခြင်း[ပြင်ဆင်ရန်]

သတ္တာဟကာလိကဖြစ်သော ဆေး(၅) မျိုးနှင့် ယခု ခေတ်ပေါ်ဆေးမျိုးများသည် တစ်ခါ အကပ်ခံပြီးပါက (၇) ရက်ထိ သုံးစွဲနိုင်သည်။ ထိုရက်ကို ကျော်လွန်သွားပါက သန္နိဓိ ဖြစ်သွားလေသည်။ သန္နိဓိဖြစ်ပြီးသောဆေးဝါးများကို သံဃာတော်တို့ မသုံးဆောင်ကောင်းပေ။ သို့ဖြစ်၍ ကပ္ပိယ ကာရကတို့သည် ဆေးဝါးများကို စနစ်တကျ ဆက်ကပ်ရန်နှင့် သိမ်းဆည်းရန် တာဝန်ရှိလာပါသည်။

ကပ္ပိယကာရကတို့သည် သဒ္ဓါ၊ စေတနာ၊ ဉာဏ်ပညာ၊ ကြိုးစားမှု ဝီရိယနှင့် အစဉ်သတိရှိသော သူများ ဖြစ်သင့် ကြသည်။ သံဃာ့တာဝန်ကို ထမ်းဆောင်ရာ၌ မညည်းမညူ ကြည်ဖြူစွာ ထမ်းဆောင်သင့်ကြသည်၊ စေတနာ သဒ္ဓါ အပြည့်ဖြင့် ထမ်းဆောင်သင့်ကြသည်။ သံဃာတော်တို့ အပြစ် ကင်းစင်ရေးသည် ကပ္ပိယတို့အပေါ်တွင် တည်မှီနေသည်။ သို့ဖြစ်၍ ဆွမ်း၊ ကွမ်း၊ ဖျော်ရည်တို့ကို စနစ်တကျ သိမ်းဆည်းသလိုပင် ဆေးပစ္စည်းများကို ဆက်ကပ်ရာ၊ သိမ်းဆည်းရာ၌လည်း စနစ်တကျ ရှိရပေမည်။

ရဟန်းတော်၏ ကျန်းမာရေးအခြေအနေ၊ ရောဂါ အခြေအနေ၊ သုံးစွဲနိုင်မှုအခြေအနေတို့ကို သုံးသပ်ပြီး (၇) ရက်စာလောက် မှန်း၍ ရမည်။ ကျန်သော ဆေးဝါးပစ္စည်းများကို စနစ်တကျသိမ်းဆည်းထားရမည်။ အလှူပွဲများ၌လည်း သတ္တာဟကာလိကဝတ္ထု ပစ္စည်းများကို တစ်ခါတည်း မဆက်ကပ်မိရန် သတိပြုသင့်ပေသည်။ ကပ္ပိယမှတဆင့်သာ လှူသင့်ကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၁၉၉၆)။ ကပ္ပိယကောင်းတစ်ယောက်။ pp. ၇၂-၇၄, ၇၇။