သာသနာရေး ဦးစီးဌာန
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၁၅ မတ် ၁၉၇၂ |
ဌာနချုပ် | ရုံးအမှတ် (၃၅)၊ နေပြည်တော် |
ဝန်ကြီးများ | ဦးတင်ဦးလွင် |
ဌာနအကြီးအမှူးများ | ဦးမျိုးညွန့်အောင်၊ ညွှန်ကြားရေးမှူးချုပ် |
မိခင်အဖွဲ့အစည်း | သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန |
ဝက်ဘ်ဆိုက် | dra.gov.mm |
သာသနာရေး ဦးစီးဌာန (အင်္ဂလိပ်: Department of Religious Affairs) သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနလက်အောက်ရှိ သာသနာရေးဆိုင်ရာဌာနတစ်ခုဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]သာသနာရေးဆိုင်ရာများဆောင်ရွက်ရန် လွတ်လပ်ရေးမရမီကပင် သာသနာရေးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့သည်။[၁] ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိပြီးနောက် ၁၉၅၀ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် နိုင်ငံတော် ဗုဒ္ဓသာသနာ့အဖွဲ့ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ နိုင်ငံတော်ဗုဒ္ဓသာသနာ့အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ၁၉၅၁ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) ဗုဒ္ဓဘာသာအသင်းတည်ရာ ခန်းမကြီး၌ ကျင်းပခဲ့ပြီး သာသနာရေးကိစ္စအဝဝတို့ကို အသီးသီး တာဝန်ခွဲစေ၍ ကောင်းမွန်စွာဆောင်ရွက် နိုင်ရန် အောက်ပါအဖွဲ့ငယ်(၄) ခုကို ဥပဒေပုဒ်မ ၂၃ နှင့် အညီ ဖွဲ့စည်းခဲ့သည်။
- ပရိယတ္တိအဖွဲ့ငယ်
- ပဋိပတ္တိအဖွဲ့ငယ်
- ဗုဒ္ဓသာသနာဖြန့်ချိရေးအဖွဲ့ငယ်
- ဘဏ္ဍာရေးအဖွဲ့ငယ်
တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့အဖြစ် ဆက်လက် ရပ်တည်ခဲ့ရာမှ ၁၉၆၂ ခုနှစ် မေလ ၁၇ ရက်နေ့တွင် နိုင်ငံတော်ဗုဒ္ဓသာသနာ့အဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး အောက်ဖော်ပြပါ ဌာနခွဲများဖြင့် သီးခြားဝန်ကြီးဌာန တစ်ခုအဖြစ် ၁၉၇၂ ခုနှစ် မတ်လ ၁၄ ရက်နေ့အထိ တည်ရှိခဲ့သည်-
- သာသနာ့ညွှန်ကြားရေးဝန်ဌာနခွဲ
- ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယဌာနခွဲ
- ပါဠိပညာရေးဌာနခွဲ
- ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
- ဗုဒ္ဓသာသနာ့အဖွဲ့
- တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့
၁၉၇၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အုပ်ချုပ်ရေးစနစ်သစ် ဖော်ထုတ်မှုအစီအစဉ်အရ ယခင်ဖွဲ့စည်းတည်ရှိခဲ့သော ဖော်ပြပါဌာနခွဲများကို ပူးပေါင်း၍ သာသနာရေးဦးစီးဌာနကို ဖွဲ့စည်းပြီး ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအောက်တွင် သာသနာရေးဦးစီးဌာနလည်း ပါဝင်ခဲ့သည်။ ထိုစဉ်အခါက သာသနာရေးဦးစီးဌာနကို-
- သာသနာ့ရေးရာနှင့် စာမေးပွဲဌာနခွဲ
- စီမံခန့်ခွဲရေးနှင့် ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ
- သုတေသနနှင့် ကျမ်းပြုဌာနခွဲ ဟူ၍(၃)ခုဖြင့် ဖွဲ့စည်းထားရှိခဲ့သည်။
၁၉၈၀-ပြည့်နှစ်တွင် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ပေါ်ပေါက်လာခဲ့သဖြင့် များပြားလှသော သာသနာရေးလုပ်ငန်းများကို တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန်လိုအပ်ချက်အရလည်းကောင်း၊ ပြည်ထဲရေး နှင့် သာသနာရေးဝန်ကြီးဌာန(ဝန်ကြီးရုံး)၏ ၁၆-၃-၁၉၉၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၉၁)ဖြင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနကို အသစ်ဖွဲ့စည်းရာတွင် သာသနာရေး ဦးစီးဌာနမှ သုတေသနနှင့်ကျမ်းပြုဌာနခွဲ၏ လုပ်ငန်းတာဝန်များဖြစ်သည့် စာကြည့်တိုက်၊ ပြတိုက် နှင့်ပေစာဌာန၊ တောင်တန်း သာသနာပြုဌာနတို့ကို သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနသို့ လူအင်အားနှင့်တကွ လွဲပြောင်းပေးခဲ့ရခြင်းကြောင့် သာသနာရေးဦးစီးဌာန၏ ဖွဲ့စည်းပုံကို ပြင်ဆင် ရေးဆွဲရန် လိုအပ်လာသည်။ သို့ဖြစ်ပါ၍ သာသနာရေးဦးစီးဌာနကို-
- သာသနာ့ရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ
- စာမေးပွဲဌာနခွဲ
- စီမံခန့်ခွဲရေးဌာနခွဲ
- ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ
ဟူ၍ဌာနခွဲ(၄)ခုဖြင့် ဖွဲ့စည်း၍ ၂၀-၃-၁၉၉၂ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၂၃/၉၂ဖြင့် သာသနာရေးဝန်ကြီးဌာနကို သီးခြားဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ယင်းဝန်ကြီးဌာနအောက်တွင် ဦးစီးဌာန(၂)ဌာနအပြင် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ဟူ၍ ခွဲဝေတာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ၂၀၁၆ ခုနှစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းရာ သာသနာရေးမှ ဦးစီးဌာန ၂ခုနှင့် တက္ကသိုလ်တစ်ခု၊ ယဉ်ကျေးမှုမှ ဦးစီးဌာန ၃ခုဖြင့် ဖွဲ့စည်းခဲ့သည်။[၂]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]- သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ (Religious Affairs and Vinnicchaya Division)
- စာမေးပွဲဌာနခွဲ (Examination Division)
- စီမံခန့်ခွဲရေးဌာနခွဲ (Administrative Division)
- ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ (Printing and Publishing Division)
ရည်ရွယ်ချက်
[ပြင်ဆင်ရန်]- နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသိအမှတ်ပြုထားသော ဘာသာအသီးသီး၏ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ရရှိရေး ကူညီဆောင်ရွက်ရန်၊
- ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အလေးထားဆောင်ရွက်ရန်၊
- ဘာသာအသီးသီး၏နေ့ထူးနေ့မြတ်များသတ်မှတ်ခြင်းနှင့် အခမ်းအနားများ ကျင်းပရေး ကူညီ ဆောင်ရွက်ရန်
- ဘာသာအသီးသီးခေါင်းဆောင်များနှင့် အခါအားလျော်စွာ တွေ့ဆုံခြင်း၊ ဘာသာရေး အခမ်းအနားများသို့ တက်ရောက်ခြင်းနှင့် ကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်ရန်၊
- သံဃာအချင်းချင်း၊ ဂိုဏ်းအချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန်၊
- သံဃာအဖွဲ့အစည်းအဆင့်ဆင့်၊ သာသနာ့နွယ်ဝင် သီလရှင်အဖွဲ့အစည်းအဆင့်ဆင့် ရွေးချယ် ဖွဲ့စည်းခြင်း၊ ဝါဆိုသံဃာစာရင်း၊ ဝါဆိုသီလရှင်စာရင်း နှစ်စဉ်ကောက်ယူရေး ဆောင် ရွက်ရန်၊
- သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ မှုခင်းကိစ္စရပ်များ၊ ဝိနိစ္ဆယရေးရာမှုခင်းများ၌ သာသနာ့ ရေးရာ ထောက်ပံ့ ကူညီဆောင်ရွက်ပေးရန်၊
- ဝိနိစ္ဆယမှုခင်းဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ လုံခြုံရေးအထောက်အကူကို ရယူဆောင်ရွက်ရန်၊
- နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့နှင့် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီး၏ ပုံမှန်နှင့် အထူးအစည်းအဝေးများ ပြုလုပ်ရာ၌ စီစဉ် ဆောင်ရွက်ပေးရန်၊
- သံဃာတော်များဦးဆောင်လျက် သံဃနာယကသင်တန်းနှင့် ဝိနည်းဓိုရ်သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချရန်၊
- သာသနာရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရန်၊
- ပရိယတ္တိဆိုင်ရာ ဘွဲ့တံဆိပ်တော် ၆-မျိုး၊ ဓမ္မကထိကဘွဲ့တံဆိပ်တော် ၂-မျိုးတို့ကို စိစစ် တင်ပြ၍ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်ပွဲ ကျင်းပနိုင်ရေးဆောင်ရွက်ရန်၊
- ဗဒ္ဓသိမ်သမုတ်ရန်ကိစ္စ၊ သာသနာ့မြေလျှောက်ထားသည့်ကိစ္စ ဂေါပကစည်းမျဉ်းများနှင့် သာသနိက အဆောက်အဦများ ဆောက်လုပ်ခြင်းစသော ကိစ္စရပ်များတွင် စိစစ်ထောက်ခံ ဆောင်ရွက်ပေးရန်၊
- တိပိဋကဓရ တိပိဋကကောဝိဒ၊ ဓမ္မာစရိယ၊ ပထမပြန်၊ နိကာယ်ငါးရပ်နှင့် အဘိဓမ္မာ နှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲများ၊ စာဖြေဌာနများ ဖွင့်လှစ်ကျင်းပခြင်း၊ အောင်စာရင်းထုတ်ပြန် ခြင်းတို့ကို ဆောင်ရွက်ရန်၊
- တိပိဋက ချီးကျူးပူဇော်ပွဲ၊ မဟာဘွဲ့နှင်းသဘင်၊ စူဠဘွဲ့နှင်းသဘင် အခမ်းအနားများ ကျင်းပ၍ စာအောင်ဆုများ ဆက်ကပ်ခြင်းကို ဆောင်ရွက်ရန်၊
- ဆဋ္ဌသင်္ဂါယနာတင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်း၊ ပါဠိတော်-မြန်မာပြန်ကျမ်း၊ တိပိဋက ပါဠိ-မြန်မာအဘိဓာန်ကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း၊ စာသင်သားသုံး၊ ပြဋ္ဌာန်းကျမ်း၊ ပညာရှင်များ ပြုစုရေးသားသော ကျမ်းစာအုပ်များကို ဆဋ္ဌသင်္ဂါယနာ မူမပျက် ပုံနှိပ် ထုတ်ဝေဖြန့်ချိရန်၊
- နိုင်ငံတော်မူဝါဒများနှင့်အညီ စီမံကိန်း၊ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်၊
- နှစ်(၃၀)စီမံကိန်း ရည်မှန်းချက်များကို မျက်ခြေမပြတ် ပြန်လည်ဆန်းစစ်၍ အချိန်ကာလအားလျော်စွာ (၅)နှစ်စီမံကိန်းများအတိုင်း အကောင်အထည်ဖော်ရန်၊
- e-Government လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ရေး ဆောင်ရွက်ရန်၊
- ဝန်ထမ်းများရုံးလုပ်ငန်းတွင် စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ သက်ဆိုင်ရာသင်တန်းများသို့ ပို့လွှတ်၍ သင်တန်းများတက်ရောက်စေခြင်းတို့ကို ဆောင်ရွက်ရန်၊
- နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝန်ထမ်းများ စည်းကမ်းလိုက်နာရေးနှင့် အကျင့်စာရိတ္တ မြင့်မားရေးအတွက် စာကြည့်တိုက် ဖွင့်လှစ်ခြင်း၊ ဓမ္မစာပေသင်တန်းပို့ချ ခြင်း၊ ဟောပြောခြင်းများ ဆောင်ရွက်ရန်၊
- တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများ၊ ရုံးလုပ်ငန်းများကို စီမံကြီးကြပ် ဆောင်ရွက်ရန်၊
- သမိုင်းဝင်ထင်ရှားသည့် သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းစောင့်ရှောက်ရန်၊
- သာသနာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူ၍ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနနှင့် အပြည်ပြည် ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တို့နှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန်။
ဆက်စပ်ကြည့်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "သာသနာရေး ဦးစီးဌာန"၊ သာသနာရေး ဝန်ကြီးဌာန။
- ↑ "သာသနာရေး ဦးစီးဌာနသမိုင်းကြောင်း"၊ သာသနာရေးဦးစီးဌာန၊ သာသနာရေး ဝန်ကြီးဌာန။ Archived from the original on 14 April 2019။