သမဝါယမ ဦးစီးဌာန

ဝီကီပီးဒီးယား မှ
၂၃:၄၉၊ ၁၅ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 2 ခုကို ကယ်ဆယ်ပြီး 1 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
သမဝါယမ ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၃၀ ​အောက်တိုဘာ ၁၉၉၁
ဝန်ကြီးများ​ဒေါက်တာ​အောင်သူ
မိခင်အဖွဲ့အစည်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဝက်ဘ်ဆိုက်moali.gov.mm

သမဝါယမ ဦးစီးဌာန (အင်္ဂလိပ်: Cooperative Department) သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

သမိုင်းကြောင်း

ကိုလိုနီခေတ်၊ ၁၉၀၄ ခုနှစ်တွင် မေမြို့(ပြင်ဦးလွင်)၌ သမဝါယမမင်းကြီးရုံးကို စတင် ဖွင့်လှစ်ခဲ့သည်။သမဝါယမဦးစီးဌာန၏ဖွဲ့စည်းပုံကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစည်း အဝေးအမှတ်(၃၉/၉၁)မှသဘောတူခွင့်ပြုချက်အရ ၁၉၉၁ခုနှစ်၊ အောက်တိုဘာ(၃၀)ရက်နေ့မှ စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ယင်းသို့ဆောင်ရွက်လျက်ရှိစဉ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ဥပဒေအမှတ်(၉/၉၂)ဖြင့်ထုတ်ပြန်ခဲ့သော သမဝါယမအသင်းဥပဒေသစ်အရ လုပ်ငန်းတာဝန်များတိုးချဲ့ပြောင်းလဲဆောင်ရွက်မှုများ ပြုလုပ်လာရ၍ သမဝါယမဦးစီးဌာန၏ (၅-၆-၁၉၉၄)ရက်စွဲပါ အစည်းအဝေးအမှတ်စဉ် (၂၁/၉၄) အရဖွဲ့စည်းပုံအင်အား အရာထမ်းရာထူး(၉၈၀)နေရာ၊ အမှုထမ်းရာထူး(၁၆၃၃၂)နေရာ ​​​စုစုပေါင်းရာထူး (၁၇၃၁၂) နေရာဖြင့် စတင်ဆောင်ရွက်ခဲ့သည်။

(၁၅-၁-၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၅)၏ သဘောတူခွင့်ပြုချက်အရ သမဝါယမဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ ဖွဲ့စည်းပုံအား အရာထမ်းရာထူး(၁၄၈၃)နေရာ၊ အမှုထမ်းရာထူး(၁၆၈၆၄)နေရာ၊စုစုပေါင်းရာထူး(၁၈၃၄၇)နေရာဖြင့်ဖွဲ့စည်းထားရှိရာမှ အရာထမ်း ရာထူး (၇၀၃)နေရာ၊ အမှုထမ်းရာထူး(၁၅၆၉၆) နေရာ စုစုပေါင်းရာထူး (၁၆၃၉၉)နေရာဖြင့် သမဝါယမဦးစီးဌာနအဖြစ် (၁-၄-၂၀၁၅) ရက်နေ့မှစ၍ ပြင်ဆင် ဖွဲ့စည်းခဲ့သည်။[၁][၂]

ဖွဲ့စည်းပုံ

သမဝါယမ ဦးစီးဌာနကို အောက်ပါအတိုင်းဖွဲ့စည်းထားသည်။

  • ညွှန်ကြားရေးမှူးချုပ်ရုံး
    • တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနများ
      • မြို့နယ်သမဝါယမဦးစီးဌာနများ
  • သမဝါယမတက္ကသိုလ် (၂)ကျောင်း
  • သမဝါယမဒီဂရီကောလိပ် (၂)ကျောင်း
  • သမဝါယမသင်တန်းကျောင်း (၄)ကျောင်း
  • သမဝါယမကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်း (၃)ကျောင်း

လုပ်ငန်းတာဝန်များ

သမဝါယမဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အသင်းဖွဲ့စည်းရန် စည်းရုံးခြင်း၊ အသင်းဖွဲ့စည်းရေးဆောင်ရွက်ခြင်း၊ သမဝါယမပညာပြန့်ပွားအောင် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတော်၏ မူဝါဒများ၊ သမဝါယမအခြေခံမူများ၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ရန် ထိန်းကျောင်း တည့်မတ်ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။

သမဝါယမအသင်းများဖွဲ့စည်းခြင်း

၁၉၉၂ခုနှစ် သမဝါယမအသင်းဥပဒေပါ အခြေခံမူများနှင့်အညီ မိမိတို့ဆန္ဒအလျောက် အသင်းသားများစုစည်း၍ ထုတ်လုပ်မှုသမဝါယမအသင်းများ၊ ဝန်ဆောင်မှုသမဝါယမအသင်းများ ကုန်သွယ်မှုသမဝါယမအသင်းများ အထွေထွေသမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်လျက် ရှိသည်။ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေနှင့်အညီ အခြေခံသမဝါယမအသင်းကို အနည်းဆုံး ပုဂ္ဂိုလ်(၅)ဦးဖြင့်လည်းကောင်း၊ အခြေခံသမဝါယမအသင်း အနည်းဆုံး(၃)သင်းကို စုပေါင်း၍ သမဝါယမအသင်းစုကိုလည်းကောင်း၊ အသင်းစုများပါဝင်သည့် အသင်းစုချုပ်ကိုလည်းကောင်း၊ အသင်းစုနှင့် အသင်းစုချုပ်များပါဝင်သည့် ဗဟိုသမဝါယမအသင်းကိုလည်းကောင်း ဖွဲ့စည်းထားရာ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ စုစုပေါင်း(၃၀၂၆၇)သင်းဖြစ်ပြီး ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ [၃]

  • ဗဟိုသမဝါယမအသင်း (၁)သင်း
    • အသင်းစုချုပ် (၂၀)သင်း
      • အသင်းစု (၄၆၁)သင်း
        • အခြေခံအသင်း (၂၉၀၄၉)သင်း

အသင်းသား အရည်အချင်းသတ်မှတ်ချက်

အခြေခံသမဝါယမ အသင်းတွင် အောက်ပါအရည်အချင်းများနှင်‌့ ပြည်‌့စုံသူသည် အသင်းသားအဖြစ် ပါဝင်ခွင်‌့ရှိသည်။

  • နိုင်ငံသား၊ ဧည်‌့နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင်‌့ရသူ၊
  • အသက် (၁၈)နှစ် ပြည်‌့ပြီးသူ၊
  • အသင်း၏ စည်းကမ်းအရ သတ်မှတ်ထားသော အစုတစ်စု၏ တန်ဖိုးငွေ ကို အပြည်‌့အဝ ထည်‌့ဝင်သူ၊
  • စိတ်ပေါ့သွပ်ခြင်း မရှိသူ။

အောက်ပါ အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်သည်‌့အခါ အသင်းသားအဖြစ်မှ ရပ်စဲသည်။

  • သေဆုံးခြင်း၊
  • အသင်းသားအဖြစ်မှ ရပ်စဲခံရခြင်း၊
  • နုတ်ထွက်ခြင်း၊
  • မိမိပိုင် အစုအားလုံးကို အပြီးအပိုင် လွှဲပြောင်းခြင်း၊
  • စိတ်ပေါ့သွပ်ခြင်း၊
  • အသင်း၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ထုတ်ပယ်ခြင်း၊
  • သာသနာ့ဝန်ထမ်းအဖြစ် အမြဲတမ်း ကူးပြောင်းခြင်း။

ကိုးကား

ဆက်လက်ဖတ်ရှုရန်