သရက်ရွက်ချဉ်

ဝီကီပီးဒီးယား မှ

သရက်ရွက်ချဉ်သည် သရက်ရွက်ကို အချဉ်ဖောက်ထားခြင်း ဖြစ်ပြီး၊ ထမင်းနှင့် တွဲစားနိုင်သော မြန်မာ့ ရိုးရာနှုတ်မြိန်စားစရာ ဖြစ်သည်။ ရှေးမြန်မာ့ရိုးရာ သရက်ရွက်ချဉ် တည်နည်းကို ရှေးမြန်မာဘုရင်အဆက်ဆက်တို့ အသုံးတော်ခံ စားတော်ဆက်၊ စဖိုသည်တို့ ပြုစီမံခဲ့သည့် အရသာဖော်နည်း နိဿယည်း ခေါ် စားတော်ချက်ကျမ်းတွင် တွေ့ရသည်။ ယခုအခါ သရက်ရွက်ချဉ်ကို ပြုလုပ်စားသောက်လေ့ ရှိသူ၊ လုပ်တတ်သူ မရှိသလောက်ပင် ဖြစ်သည်။ သရက်သီးကိုသာ နည်းမျိုးစုံ အရသာမျိုးစုံ ပြုလုပ်၍ စားဖူးမည်၊ ဤဖန်တွသော သရက်ရွက်ကို အချဉ်တည်ရသည်ဟူ၍ ကြားဖူးမည် မဟုတ်ချေ။

အချဉ်တည်နည်း[ပြင်ဆင်ရန်]

သရက်ရွက်ကို အတန်တန်ညီညာအောင် လှပစွာ စီ၍ ရေနွေးကျိုက်ကျိုက်ဆူမှာ နွမ်းဖတ်သွားရုံ နှစ်၍ ပြန်ဆယ်ရမည်။ အအေးခံထားပြီး၊ အေးသွားလျှင် ဆားငန်ငန်နှင့် မပျက်မစီးရအောင် အိုးထဲတွင် ကြပ်နေအောင် ဖိသိပ်ရသည်။ ဖက်ဖြင့် လုံအောင် ပိတ်၊ ကုပ်ကို ကြပ်ကြပ်နှိပ်၊ တစ်နှစ် ခံ၏။ အသုံးအလိုရှိသောအခါဝယ်၊ ဆား, ငါးပိ, ငရုတ်, ကြက်သွန်, ဆီနှင့် မကျိုးမပဲ့ရအောင် သုပ်သည်။ အဆင်းလှပြီး အနံ့အရသာ ကောင်းလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. (ပေမှ ကူးယူပုံနှိပ်ခြင်း) (၁၉၆၅ ခုနှစ်)။ စားတော်ချက်ကျမ်း။ ဟံသာဝတီပုံနှိပ်တိုက်။ p. ၆။ Unknown parameter |month= ignored (အကူအညီ); |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)