သရက်ပင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ထူးကဲသောအနံ့အရသာနှင့် ပြည့်စုံသည့် အသီးကိုအကြောင်းပြု၍ သရက်ပင်သည်ကမ္ဘာ့အပူပိုင်း ဒေသ၌ ထင်ရှားကျော်ကြားသော သီးစားသစ်ပင် တစ်မျိုးဖြစ်ပေသည်။ စားကောင်းသောက်ဖွယ်များ၏ထူးခြားကောင်း မွန်သောအရသာနှင့်စပ်လျဉ်း၍ အသီးတွင်သရက်၊ အသားတွင်ဝက်၊ အရွက်တွင် လက်ဖက်ဟုစံပြုသောဆိုရိုးလည်း ရှိခဲ့လေသည်။

ရှေးကျသည့်အသီး[ပြင်ဆင်ရန်]

သရက်ပင်၏မူလဘူတသည်အလွန်ပင်ရှေးကျလှပေသည်။ မည်သည့်ခေတ်အခါကစတင်ပေါ်ပေါက်ခဲ့သည်ကို အတိအကျ ဆိုနိုင်ရန်ခဲယဉ်းလှသည်။ ဗုဒ္ဓအယူဝါဒ ကျမ်းကြီးကျမ်းခိုင်များနှင့် ဇာတ်နိပါတ်တော်များတွင်လည်းကောင်း၊ အိန္ဒိယနှင့်မြန်မာ ဒဏ္ဍာရီပုံပြင်များတွင်လည်းကောင်း၊ သရက်ပင်သရက်သီးတို့နှင့် စပ်လျဉ်းသော အဖြစ်အပျက်အ ကြောင်းထုပ္ပတ်များ အမြောက်အမြားရှိလေသည်။ သာဝတ္ထိပြည် ကဏ္ဍမ္ဗ သရက်ဖြူပင်ရင်း၌ ဂေါတမမြတ်စွာဘုရားသခင် ၏ယမက ပြာဋိဟာ ပြတော်မူခဲ့ပုံသည် ဂေါတမဗုဒ္ဓဝင်၌ထင်ရှားသော အကြောင်းတစ်ရပ် ဖြစ်ပေသည်။ ရှေးခေတ်အိန္ဒိယ၌ သရက်သီးသည် လူတို့၏အရေးပါသော အစားအစာ တစ်ရပ် ဖြစ်ကြောင်းမှာ သရက်သီးကို သင်္သကရိုက်ဘာသာဖြင့် ရေးသားသုံးနှုန်းထားသည့် စကာလုံးအားဖြင့် သိရသည်။ သရက်သီးကို အိန္ဒိယနိုင်ငံ၏အပ ကမ္ဘာ၌ လူသိများပြားကျော်ကြားအောင် ဂုဏ်သတင်း ပျံ့လွင့်စေခဲ့သူသည် ခရစ်နှစ် ၆၆၂−၆၄၅ ခုနှစ်များတွင် အိန္ဒိယနိုင်ငံ ဟိန္ဒူစတန်လွင်ပြင်သို့ ရောက်ရှိခဲ့သူ တရုတ်ခရီးသည်ကြီး ဟူအင်ဆန် ဖြစ်သည်။ မဂိုဘုရင်အက္ကဗာ (ခရစ် ၁၅၅၆−၁၆ဝ၅)သည် ဒေလီမြို့တော်အနီးတွင် အပင်တစ်သိန်းမကသော သရက်သီး ဥယျာဉ်တော်ကြီးကို ပြုစုစိုက်ပျိုးစေခဲ့သည်ဟု သိရှိရပေရာ ထိုခေတ်ထိုအခါက ထိုမျှလောက်များပြားသော အပင်အရေအတွက်ရှိသည့် သစ်သီးဥယျာဉ်များ အလွန်နည်းပါးသေးသဖြင့် တန်ခိုးအာဏာကြီးမားသော ထိုဘုရင်ကြီးက ထိုမျှလောက် အရေးထား စိုက်ပျိုးခြင်းကို ထောက်ရှု၍ သရက်သီး၏ ဂုဏ်သတ္တိသည် နှယ်နှယ်ရရ မဟုတ်ကြောင်း ထင်ရှားလှပေသည်။

ပေါက်ရောက်ရာဒေသ[ပြင်ဆင်ရန်]

သရက်ပင်၏ မူလပေါက်ရောက်ရာဇာတိဒေသသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်းဒေသများ၊ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံတို့ ဖြစ်သည်ဟု ဆိုကြသည်။ နောင်အခါအခြား အပူပိုင်းဒေသများသို့လည်း မျိုးပျံ့နှံ့သွားသည် ဟူယူဆကြလေသည်။ သရက်ပင်သည် အိန္ဒိယနိုင်ငံမှတစ်ဆင့် အနောက်တိုင်းနိုင်ငံများသို့လည်း မျိုးပျံ့ခဲ့လေသည်။ ပေါ်တူဂီတို့သည် အိန္ဒိယသို့ ရောက်လာကြသောအခါ သရက်သီး၏ထူးခြားသော အရသာကို မြည်းစမ်းကြရသည်။ ထို့ကြောင့် မိမိတို့နိုင်ငံရင်းသို့ မျိုးယူ စိုက်ပျိုးခဲ့သော်လည်း မအောင်မြင်ခဲ့သေးပေ။ ပေါ်တူဂီတို့သည် သရက်သီးကို 'မန်းကေး၊'သို့မဟုတ်' မန်း ဂေး'ဟု ခေါ်ဝေါ်ကြရာမှ အင်္ဂလိပ်ဘာသာဖြင့်' မန်းဂိုး'ဟူသောအခေါ်အဝေါ်သို့ ရွေ့လျောလာခဲ့လေသည်။

သရက်ပင်ကို အနောက်နိုင်ငံများတွင် ၁၇ ရာစုနှစ်ခန့်တွင်မှ စိုက်ပျိုးအောင်မြင်ကြောင်းတွေ့ရသည်။ ပထမ ဆုံးစိုက်ပျိုးဖြစ်ထွန်းသော ဒေသသည် ဘရာဇီးနိုင်ငံဖြစ်သည်။ ထိုမှတစ်ဆင့် အနောက်အိန္ဒိယကျွန်းစုများသို့ မျိုးပျံ့သွား၍ ယခုအခါ အမေရိကတိုက် အပူပိုင်းဒေသများတွင် တောသရက်ပင်များ အလေ့ကျပေါက်ရောက်နေသည်ကိုပင် တွေ့ကြရလေသည်။ သရက်ပင်သည် ပင်လယ်ရေပြင်မှ အမြင့်ပေ ၃ဝဝဝ အထိရှိသော အရပ်ဒေသများတိုင်အောင် ပေါက်ရောက် နိုင်လေသည်။ ထိုအပင်သည် ပူအိုက်သော ရာသီဥတုကို နှစ်သက်ပြီးလျှင် စမ်းမဆွဲ၊ ရေမဝပ်သော အရပ်ဒေသများ၌ ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံတွင် အထက်ပိုင်း၌ နုံးမြေဆန်သော မြစ်ငယ်နှင့် ကျောက်ဆည်နယ်တို့တွင်၎င်း၊ အောက်ပိုင်းတွင် ဂဝံ ကျောက်မြေဆံသော အရပ်ဒေသများ၌၎င်း ပေါက်ရောက် ဖြစ်ထွန်းလေသည်။

မျိုးစိတ်[ပြင်ဆင်ရန်]

သရက်ပင်သည် အန်နကားဒီယေးစီအီး မျိုးရင်းတွင် ပါဝင်၍ ရုက္ခဗေဒအမည်အားဖြင့် မန်ဂျီဖီးယားအင်ဒီကား (Mangifera indica) ဟု ခေါ်သည်။ ရွက်မပြတ်သော အပင်မျိုး ဖြစ်ပြီးလျှင် တစ်ခါတစ်ရံ ပေ ၅ဝ မှ ပေ ၆ဝ အထိမြင့်လေသည်။ သို့သော် အချို့သရက်ပင်မျိုးတို့သည် အပင်အလတ်စားများ ဖြစ်ကြသည်။ သရက်ပင်တို့သည် အပင်သက် ရှည်ကြာကြ၍ အကိုင်းအခက် ဝေဖြာစွာ ထွက်ပြီးလျှင် အရိပ်ကောင်းသော အပင်များအဖြစ် အပူပိုင်းဒေသများ၌ ထင်ရှားလေသည်။

သရက်ရွက်များသည် အကိုင်းဖျားအခက်ဖျားတို့၌ စုရုံးထွက်ကြသည်။ ရွက်လွှဲ ထွက်ကြ၍ ရွက်ညှာတို့သည် အရင်းတုတ်သည်။ အရွက်တို့၏ ပုံသဏ္ဌာန်သည် လှံစွပ်ပုံ ရှိပြီးလျှင် အလျားခြောက်လက်မမှ ၁၆ လက်မအထိ ရှည်လျားသည်။ ဗြက်အကျယ်သည် နှစ်လက်မခန့်မှ သုံးလက်မခန့်အထိ အမျိုးမျိုးဖြစ်သည်။ အရွက်တို့၌ အကြောများ ပေါ်လွင်နေသည်။ အရွက်ရောင်သည် နုစဉ်အခါ၌ အနီရောင်၊ အညိုနုရောင်များဖြစ်သော်လည်း ရင့်လာလျှင် အစိမ်းပုပ်ရောင် ဖြစ် လာသည်။ အရွက်တို့သည် အနားညီလေသည်။

ဒီဇင်္ဘာလအလယ်မှ ဖေဖော်ဝါရီလကုန်အထိ သရက်ဖူးများ ပွင့်ကြသည်။ သရက်အဖူးအပွင့်တို့သည် ထိပ်ဖျား တွင်ရှိသော ပန်းခိုင်မျိုးဖြင့် ဖူးပွင့်ကြ၍ အပွင့်ကလေးများသည် သေးငယ်ပြီးလျှင် ပန်းရောင်ဖျော့ဖျော့ဖြစ်လေသည်။ အဖူး အပွင့်တို့တွင် သင်းပျံ့ပျံ့ရနံ့ရှိသည်။ အချို့အပွင့်တို့တွင် ဝတ်ဆံအဖိုအမနှစ်မျိုး ပါ၍ အချို့အပွင့်တို့တွင် ဝတ်ဆံဖိုသာ ပါလေသည်။ သရက် အဖူးအပွင့်တို့ကို မြန်မာနိုင်ငံတွင် တို့စရာအဖြစ် စားသုံးကြလေသည်။ မတ်လလောက်တွင် တို့စားနိုင်သော အရွယ်သရက်သီး အကင်းများရရှိသည်။ ဧပြီလကုန် မေလဆန်းမှစ၍ သရက်သီးများ မှည့်ဝင်းလာကြသည်။ သရက်သီးမှည့်များကို ဧပြီလမှ ဇွန်လတိုင်အောင် စားကြရသည်။ အချို့သရက်မျိုးတို့ကား မိုးကျပြီးမှ အမှည့်ပေါ်သဖြင့် ဝါဆိုသရက်မျိုးဟု ခေါ်ကြသည်။ သရက်ပင်သည် အသီးစိမ်းများကိုသော် လည်းကောင်း၊ အသီးမှည့်များကို၎င်း၊ ထောင်ပုံ၊ ရာပုံဈေး၌တင်၍ ရောင်းချနိုင်လောက်အောင် အများအပြားသီးသော အပင်မျိုးဖြစ်ပေသည်။ သို့သော် နှစ်နှစ်လျှင် တစ်ကြိမ်ပို၍ အသီးလှိုင်လှိုင် သီးတတ်လေသည်။

သရက်သီးစိမ်းများကို နုစဉ်အခါတို့စရာ အဖြစ်အစိမ်း တို့စားကြသည်။ အသီးအနည်းငယ်ကြီးလာလျှင် သုပ်၍လည်း စားကြသည်။ သနပ်ပြုလုပ်ခြင်း၊ ဆားရည်စိမ်ခြင်း စသည်ဖြင့်လည်း ပြုလုပ်သုံးဆောင်ကြသည်။ သရက်သီးမှည့်များကိုမူ ထိုအတိုင်း စားသုံးကြလေသည်။

သရက်သီးတို့သည် အမျိုးအစားလိုက်၍ အရွယ်အစား ပုံသဏ္ဌာန်အမျိုးမျိုး ရှိကြလေသည်။ အငယ်ဆုံးအမျိုးအစားသည် ဆီးသီးခန့်မျှသာရှိ၍ အချို့အမျိုးအစားသည် တစ်လုံးလျှင် တစ်ပိသာကျော်ခန့်ပင် အလေးချိန်စီးအောင် ကြီးမားသည်။ အချို့အသီးများသည် ဘဲဥပုံဖြစ်၍ အချို့သည် လုံးဝန်းသည်။ အချို့သည် အရင်းကား၍ အဖျားရှူးပြီးလျှင် အချို့တို့သည် ရှည်လျားလျား ပုံသဏ္ဌာန် ဖြစ်ကြသည်။ များသောအားဖြင့် အသီး၏အဖျားပိုင်းသည် ငှက်နှုတ်သီးကဲ့သို့ ခပ်ကောက်ကောက် ရှိတတ်လေသည်။ သရက်သီးများ မှည့်လာလျှင် အသီးခွံသည် လှပစွာ ဝါဝင်းလာသည်။ အနံ့လည်း မွှေးလာသည်။ အချို့အသီးမှည့် များသည် အနီတစ်ပိုင်း အဝါတစ်ပိုင်းဖြင့် တစ်မျိုးတစ်ဖုံ လှပကြပေသည်။ အချို့သရက်မျိုးတို့ကားမှည့်နေသည်တိုင်အောင် အစိမ်းပုပ်ရောင်ပင် ရှိနေတတ်လေသည်။

အသီးမှည့်၏အတွင်းသားသည် ဝင်းဝါ၍သော်၎င်း၊ လိမ်မော်ရောင်သော်လည်းကောင်း ရှိတတ်၍ ပျော့အိနေသောထိုအတွင်းသားသည် ချိုအေးသောအရသာနှင့် တကွချိုမွှေး၍နေလေသည်။ သရက်သီးမှည့်၏အရသာကို အချို့စာဆိုကြီးများက နတ်သုဒ္ဓာနှင့်ပင် ခိုင်းနှိုင်းကြလေသည်။ မျိုးကောင်းသော သရက်သီးမှည့်၏ အရသာသည်လျှာတွင် စွဲကျန်ကာစားရသူ၌ နှစ်သိမ့်တင်းတိမ်မှုကိုဖြစ်စေသည်။ ဟယ်မီလတန်အမည်ရှိ အနောက်တိုင်းစာရေးဆရာအကျော် အမော်ကြီးတစ်ဦးကကမ္ဘာပေါ်ရှိ သစ်သီးများအနက် အပူပိုင်း ဒေသထွက် သရက်သီးမှည့်၏ အရသာသည် နှိုင်းယှဉ်၍ မရ လောက်အောင်ကောင်းလှပေသည်ဟူ၍လည်းကောင်း၊ အခြား စာရေးဆရာအကျော်အမော်များကလည်း အသီးဘုရင်ဟုပင် လည်းကောင်း တင်စားခေါ်ဝေါ်ကြလေသည်။ ဗုဒ္ဓစာပေ ကျမ်းဂန်ဇာတ်နိပါတ်တို့တွင် ဟိမဝန္တာ၌ပေါက်ရောက်သော အ¸န္တရသရက်သီး သည်အတုမရှိ၊ ထူးမြတ်လှသော အနံ့အရသာဖြင့်ပြည့်စုံသောကြောင့် ဝေဿဝဏ်နတ်မင်းတို့ သုံးဆောင်ကြကြောင်း ပါရှိသည်။ ယွန်းပဏ္ဏာသဇာတ်များ၌မူ အ¸န္တရသရက်သီးကို စားသုံးရသူသည်အိုသော်လည်းပျို၏။ အရည်လိပ်ခြင်း၊ ဆံဖြူခြင်းမရှိပြီ၊ အနာမျိုး ၉၆ ပါးမှကင်းသည်ဟုဆိုလေသည်။

မြန်မာဆေးကျမ်းများအလိုမှာ သရက်ပွင့်သည် နှုတ်ကိုမြိန်စေတတ်၏။ ဝမ်းမီးကိုတောက်စေတတ်၏။ မူးဝေသော ဝေဒနာကို၎င်း၊ လက်ခြေမသိမ်းနိုင်သောအနာကို၎င်း၊ အလွန်ပူသောသည်းခြေနာ၊ အဘိညာဉ်သန္နိပါတ်အနာ တို့ကို၎င်း ချမ်းသာစေတတ်၏ဟုဆိုသည်။

သရက်ရွက်သည် နှုတ်ကို မြိန်စေတတ်၏။ ဝမ်းမီးကို တောက်စေတတ်၏ဟုဆိုသည်။ သရက်သီး စိမ်းနုသည် ချဉ်၏၊ အဆီမရှိ၊ ခြောက်သွေ့၏။ သွေးသည်းချေကို ဖျက်စေတတ်၏။ နှုတ်ကို မြိန်စေတတ်၏။ သရက်သီးကင်းသည်လည်း ချဉ်ဖန်အရသာရှိ၏။ နှုတ်ကို မြိန်စေတတ်၏။ လေသည်းချေကို ပျက်စေတတ်၏။ သရက်သီးစိမ်းခြောက် သည်ဖန်ချဉ် အရသာရှိ၏။ လေသလိပ်ကို နိုင်၏။ ကျင်ကြီးအစုကိုဖျက်၍ ဝမ်းကို ရွှင်စေတတ်၏ ဟုဆိုလေသည်။

သရက်သီးပင်မှည့်သည်ကြေခဲ၏။ ချိုချဉ်ရသာရှိ၏။ လေကိုလွန်စွာနိုင်၏။ စဉ်းငယ်သည်းခြေကိုပျက်စေ တတ်၏ ဟူ၍ဆိုပေသည်။ ထိုပြင်သရက်သီးမှည့်ကိုနယ်၍ အဖတ်နှင့်တကွ သုံးဆောင်လျှင်လည်းကောင်း၊ သရက်သီး မှည့်ရည်နှင့် နွားနို့ကိုသုံးဆောင်လျှင်လည်းကောင်း၊ ပျားရည်နှင့်ဖြစ်စေ၊ ထောပတ်နှင့်ဖြစ်စေ ရော၍သုံးဆောင်လျှင် သော်လည်းကောင်း ရရှိနိုင်သောအကျိုးအပြစ်များကိုလည်း မြန်မာဆေးကျမ်းများ၌ အကျယ်တဝင့် ဖေါ်ပြထားပေသေးသည်။

အိန္ဒိယဆေးကျမ်းများ အလိုမှာ သရက်သီးမှည့်သည် အားကိုဖြစ်စေ၏။ စိတ်ချောက်ခြားခြင်း၊ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်းတို့အတွက်အသုံးပြုနိုင်သည်။ မမှည့်သေးသော အသီးကို မီးဖုတ်၍အသားကို ယူပြီးလျှင် သကြားနှင့်ဖျော်ထားသော ယမကာကို ပုလိပ်ရောဂါ၊ ဝမ်းရောဂါများဖြစ်သည့်အခါ သုံးဆောင်ရသည်။ ထိုပြင်တစ်ကိုယ်လုံးလိမ်းကျံထားလျှင် ထိုရောဂါများကိုကာကွယ်နိုင်သည်ဟုဆိုသည်။ အသီးမှသော်၎င်း၊ အခွံမှသော်လည်းကောင်း ထုတ်ယူသောအရည်သည် ဆုံစို့နာစသော ရောဂါဆိုးများတွင် ချုပ်ဆေးအဖြစ်အသုံး ပြုနိုင်သည်။အချို့အရပ်ဒေသတွင် ထိုအရည် ကို သွေးလွန်သည့်အခါ လိမ်းကျံပေးကြလေသည်။

သရက်သီးမှည့်လှိုင်လှိုင်ပေါသည့်အခါ သရက်သီးမှည့်ရည်ကို နေခြောက်လှန်း၍ သရက်ပျဉ်ပြုလုပ်ကြသည်။ ထိုသရက်ပျဉ်သည် ရေငတ်ခြင်း၊ အော့အန်ခြင်း၊ လေသည်းခြေကိုနိ်ုင်၏။ ပျံ့နှံ့လွယ်၏။ နှုတ်ကိုမြိန်စေတတ်၏။ နေရောင်ဖြင့်ကျက်သောကြောင့်ကြေလွယ်၏ဟု မြန်မာဆေးကျမ်းတို့တွင် ဆိုလေသည်။

မျိုးကောင်းသရက်သီးသည် နတ်သုဒ္ဓါနှင့် နှိုင်းယှဉ်ရလောက်အောင် အရသာထူးကဲသော်လည်းပေါ့ပျက်ပျက် ချဉ်စုတ်စုတ်နှင့် အနံ့နံသောအညံ့စား သရက်မျိုးများလည်း ရှိပေသည်။ မျိုးကောင်း သရက်သီးမှည့်သည် ဇွန်းနှင့်ကော်ခပ်၍ပင်စားနိုင်လောက်အောင် အသားပျော့အိနုညက်သော်လည်း မျိုးညံ့ သရက်သီးမှည့်များသည် အသားတွင် အမျှင်များလှသဖြင့် အစားရခက်လေသည်။

သရက်သီးမှည့်များသည် နွေရာသီစာဖြစ်သော်လည်း အစားများလွန်းလျှင်ဝမ်းလျှောတတ်သည်။ သရက်သီး မှည့်ပေါ်ချိန် ယင်ကောင်များလည်း အလွန်ပေါတတ်၍ ကာလဝမ်းရောဂါ ဖြစ်ပွားတတ်သဖြင့် သရက်သီးမှည့်ပေါ်ချိန်တွင် ကာလဝမ်းရောဂါ ဘေးကို သတိထားကြရလေသည်။

အပူပိုင်းဒေသများ၌သရက်ပင်များကို အနှံ့အပြား အမြောက်အမြားတွေ့ရသလောက် အမျိုးအစားလည်းများ ပြားလေရာ သရက်သီးမျိုးပေါင်း ၅ဝဝ ကျော်ရှိသည်ဟု ဆိုကြသည်။ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့်မလ္လာယု ကျွန်းဆွယ်တို့မှလည်း သရက်မျိုးကောင်း အများအပြား ထွက်လေသည်။

မြန်မာနိုင်ငံတွင် သရက်မျိုးကောင်းများစွာရှိသည်။ အချို့သည် တစ်နိုင်ငံလုံး၌ ကျော်ကြားထင်ရှားသောအမျိုးအစားဖြစ်သော်လည်း အချို့မှာမူ ဆိုင်ရာနယ်ပယ်၌သာ ကျော်ကြားကြသည်။ တစ်ခါတစ်ရံ သရက်တစ်မျိုးတည်းပင် တစ်နယ်တွင်နာမည်တစ်မျိုးစီဖြင့် ကျော်ကြားနေသည်ကို တွေ့ကြရလေသည်။ တစ်နိုင်ငံလုံးတွင်သာမက အရှေ့အာရှတိုက်တွင်ပါ ကျော်ကြားသော မြန်မာသရက်မျိုးတို့မှာ မြန်မာနိုင်ငံ အထက်ပိုင်းမှ မန္တလေးနက်တဲ့နှင့် အောက်မြန်မာနိုင်ငံ အောက်ပိုင်းမှ ဆံစုမေ့သရက်တို့ ဖြစ်ပေသည်။ မြန်မာနိုင်ငံအထက်ပိုင်းမှ နာမည်ကျော်အခြားသရက်များမှာ ရာဇမတ်၊ အောင်ဒင်နှင့် ပလူအိုက်တို့ ဖြစ်ကြသည်။ ဝါဆိုသရက်၊ ရွှေစာရံသရက်တို့ သည်လည်း သရက်မျိုးကောင်းများတွင် ပါဝင်သည်။ အောက်ပိုင်းတွင် ဆံစုမေ့အပြင်တလဖက်၊ ဥသျှစ်၊ မချစ်စု၊ ပန်းဆွဲတို့သည်လည်း နာမည်ကျော်ကြား သောသရက်မျိုး ကောင်းများဖြစ်ကြပေသည်။ စိုင်သရက်မျိုးကား အသီးနုစဉ်ကပင် အနံ့မွှေး၍တို့စားရာ၌ ကြွပ် သောကြောင့်အသီးစိမ်းကို ပို၍ နှစ်ခြိုက်ကြလေသည်။

အခြား မြန်မာသရက်မျိုးတို့မှာ ကောက်ချိတ်၊ ချမ်းသာအိုး၊ ငှက်ပြာ၊ စိမ်းစား၊ ဆင်ပေါင်၊ တလုပ်ထော်တမောက်၊ တောစာ၊ တောင်စွန်းရင်ကွဲ၊ ထိပ်နီ၊ ထိပ်ပေါက်၊ ထိပ်လုံး၊ မနော်နွယ်၊ ပါးနီ၊ပျို့တငုံ ၊မင်းကြီး၊ မယ်တော်လက်သည်း၊ မရမ်းကြောင်၊ မိကျောင်းခေါင်း၊ မျောက်ခေါင်း၊ ရင်ကွဲ၊ ရေနံ၊ ရေဝင်၊ရွှေပေ၊ ရွှေလက်ရုံး၊ ရွှေလက်ဝါး၊ ရွှေလောက်စာ၊ ဝက်ခေါက်၊ သကြားဩဇာ၊ သရက်ညို၊ သရက်နီ၊ ငရက်ဖြူ၊ သလပ်ညို၊ သလပ်ဖြူ၊ ညိုကြီး၊ သုံးနှစ်၊ အစေ့စုတ်၊ အိုးတုတ် စသည်တို့ပင်တည်း။ အိန္ဒိယနိုင်ငံမှသရက်မျိုးတို့ကိုလည်း မျိုးယူစိုက်ပျိုးကြရာ ထိုသရက်မျိုးတို့ကို ဗင်္ဂလားဟုခေါ်ကြသည်။ ဗင်္ဂလား သရက်မျိုးပေါင်းလည်း အများအပြားရှိလေသည်။

သရက်ပင်မျိုးများကို မြန်မာနိုင်ငံ၌များသောအားဖြင့် အစေ့ကိုပျိုး၍စိုက်ပျိုးကြသည်။ သရက်သီးတွင် အစေ့ တစ်စေ့တည်းပါရှိသည်။ အစေ့ခွံအိမ်သည် ခပ်ပြားပြားပုံသဏ္ဌာန်ဖြစ်၍ အမျှင်များလည်းရှိလေသည်။ အစေ့မှအပင် များပေါက်လွယ်သောလည်း မျိုးကောင်းသည့် အစားထဲမှ အကောင်းဆုံး သရက်သီးအစေ့ကိုပျိုးနိုင်မှသာလျှင် မူလအသီး ၏အရသာ ကိုမှီနိုင်သည်။ ထိုပြင်အသားနွှင်ပြီးစအစေ့ကိုပျိုးမှသာလျှင် အညှောက် ထွက်ကောင်းလေသည်။ မြန်မာ သရက်မျိုးတို့၏ အစေ့တို့သည်များသော အားဖြင့်ပင်လောင်းများသော အစေ့မျိုး ဖြစ်ကြ၍ တစ်စေ့မှအပင်ပေါက်နှစ်ပင်မှ ခြောက်ပင်ထက်ပင်ပိုမို၍ ထွက်နိုင်လေသည်။

အိန္ဒိယနှင့်အခြားသော အပူပိုင်းဒေသနိုင်ငံများ၌ သရက်ကို ကိုင်းကူးခြင်း (ပင်စည်ကူးခြင်း) ဖြင့်စိုက်ပျိုးကြသည်။ ထိုနည်းသည် အစေ့စိုက်ခြင်းထက်ပို၍ အကျိုးကျေးဇူးများသည်။ အစေ့စိုက်သရက်ပင် သည်ရှစ်နှစ်ခန့်ကြာမှ အသီးသီး၍ ကိုင်းစိုက်ပင်သည် လေးနှစ်ဖြင့် အသီးသီးနိုင်သည်။ အစေ့စိုက်အပင်သည် ကိုင်းစိုက်ပင်နှင့် နှိုင်းစာလျှင်အသီး နည်းသည်ဟုလည်းဆိုကြသည်။ ထိုပြင် ကိုင်းစိုက်ပင်သည် အစေ့စိုက်အပင်ထက်မူလပင်မ၏ အသီးအရသာ အတိုင်း ရရှိစေနိုင်သည်ဟုလည်း ဆိုကြလေသည်။ အစေ့စိုက်ပင်များကို ပျိုးခင်းမှ ရွှေ့ပြောင်းလျှင် အနက်သုံးပေ၊ အကျယ်သုံးပေရှိသော တွင်းကိုတူး၍ မြေဩဇာ ထည့်ပြီးမှ အပင်ပေါက်ကိုပြောင်းစိုက်ရသည်။ မိုးတွင်းအခါ၌သာလျှင် အပင်ပြောင်းရွှေ့သင့်ပေသည်။ စိုက်ခင်းတွင် တစ်ပင်နှင့်တစ်ပင်ကို ၂၆ ပေမှ ပေ ၃ဝအထိကွာခြားစေရသည်။ မြေကောင်းသည့် နေရာမျိုးဖြစ်လျှင် ၃၂ ပေထက်ပင် ပို၍ အလှမ်းကွာပေးရသည်။ ကိုင်းစိုက်ပင်များကို ပေ ၃ဝ ခန့်ကွာခြား၍ စိုက်ရလေသည်။

သရက်ပင်၏အခေါက်သည် ညိုမှိုင်းမှိုင်းအရောင်ရှိ၍ အသားသည် ညိုမွဲမွဲဖြစ်လေသည်။ အသားသည် အတော်အတန်မာ၍ခိုင်ခံ့သည်။ အနည်းငယ်ကြမ်းတမ်းသဖြင့် ချောမွတ်အောင်ပြုလုပ် ရန်ခဲယဉ်းသည်။ လေသလပ်ခံ၍ အသားသေအောင်ပြုလုပ်ရန် မခဲယဉ်းသော်လည်း လျင်မြန်စွာ အခြောက်မခံပါက အရောင်ပြောင်းသွား တတ်သည်။ သရက်သားကို အိမ်အဆောက်အအုံ၊ သေတ္တာ၊ လှေ၊ လှည်းဘီး ၊လှော်တက်၊ ရေစည်စသည်တို့ပြုလုပ်ရာ၌ အသုံး ပြုနိုင်သည်။ ထို့ပြင် မီးခြစ်အိမ် ပြုလုပ်ရန်အတွက်လည်း သရက်သားကို အသုံးပြုကြသည်။ လောင်းလှေများကိုလည်း သရက်သားဖြင့်ပြုလုပ်ကြသည်။ သရက်ပင်အခေါက်မှအစေးတစ်မျိုးကို ဆိုးဆေး၌ အသုံးချနိုင်ကြောင်း သိရှိရလေသည်။

တနင်္သာရီတိုင်း သောင်းရင်းနယ်တွင် သရက်မျိုးဝင် ဖြစ်ကြသော တောင်သရက်၊ သရက်စမ်း၊ သရက်ကင်း၊ သရက်ကန်၊ သရက်လည်ဟုခေါ်သော အပင်များရှိသေးသည်။ ယင်းတို့သည်အန်နကားဒီယေးစီအီးမျိုးရင်းဝင်ဖြစ် သော်လည်း မျိုးစိတ်ကွဲပြားခြားနားသည်။ ဆင်နင်းသရက်သည်လည်း သရက်တစ်မျိုးပင်ဖြစ်၍ တောသရက်ဟုလည်း ခေါ်ဝေါ်ကြလေသည်။

ထို့ပြင် သီဟိုဠ်သရက်သည်လည်း အခြားသရက်ပင်များနှင့် မျိုးရင်းတူဖြစ်သော်လည်း မျိုးစိတ်ကွဲပြားလေသည်[၁] (Anacardium occidentale)။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)