ဉတ္တိဒုတိယကံ

ဝီကီပီးဒီးယား မှ

[၁] ဉတ်လျှင် ၂-ကြိမ်မြောက်ရှိသော ကမ္မဝါစာဖြင့် ပြုအပ်သော ကံ၊ ဉတ်လျှင် ၂-ကြိမ်မြောက်ရှိသောကံ၊ ဉတ်တစ်ကြိမ် ကမ္မဝါစာ တစ်ကြိမ်ဖြင့် ပြုအပ်သောကံ၊ ဉတ္တိဒုတိယကံ။

ယင်း ဉတ္တိဒုတိယကံကို -

(၁) ရဟန်းတို့အား လာဘ်မရအောင် အားထုတ်ခြင်း, ရဟန်းတို့၏ အကျိုးမဲ့ကို ပြုလုပ်ခြင်း, ရဟန်းတို့အား နေရာမရအောင် အားထုတ်ခြင်း, ဆဲရေး ရေရွတ်ခြင်း, ရဟန်းအချင်းချင်း ကွဲပြားအောင် ကုံးတိုက်ခြင်း, ဘုရားရှင်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း, တရားတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း, သံဃာတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်းဟူသော အင်္ဂါ ၈-ပါးနှင့် ပြည့်စုံသော ဥပါသကာအား သပိတ်မှောက်ကံပြု၍ နှင်ထုတ်သော အရာဌာန၊

(၂) ကောင်းမွန်စွာ ပြုကျင့်သော ဥပါသကာအား သပိတ်မှောက်ကံကို ပြန်လှန်သည်၏ အစွမ်းဖြင့် သွတ်သွင်းသော အရာဌာန၊

(၃) သိမ်သမုတ်ခြင်း, တိစီဝရိတ်သင်္ကန်းနှင့် ညဉ့်ကင်း၍ နေနိုင်ခြင်း အကျိုးငှါ သမုတ်ခြင်း, ဂိလာနရဟန်းအား အခင်းသစ်ကို ပြုခြင်းငှါ သမုတ်ခြင်း, ဆွမ်းညွှန်ရဟန်းဟူ၍ သမုတ်ခြင်း, ကျောင်းခံယူထိုက်သော ရဟန်းဟူ၍ သမုတ်ခြင်း, ဘဏ္ဍာစိုးရဟန်းဟူ၍ သမုတ်ခြင်း, သံဃိက သင်္ကန်းကို ခံထိုက်သော ရဟန်းဟူ၍ သမုတ်ခြင်း, သင်္ကန်းကို ဝေဖန်သော ရဟန်းဟူ၍ သမုတ်ခြင်း, ယာဂု သစ်သီး ခဲဖွယ်ကို ဝေဖန်သော ရဟန်းဟူ၍ သမုတ်ခြင်း, အပ်စသော အနည်းငယ်သော ဝတ္ထုပစ္စည်းကို အလိုရှိသောသူအား စွန့်တတ်သော ရဟန်းဟူ၍ သမုတ်ခြင်း, မိုးရေခံ သင်္ကန်းကို ခံယူထိုက်သော ရဟန်းဟူ၍ သမုတ်ခြင်း, သံဃိကသပိတ်တို့ကို ခံယူထိုက် သောရဟန်းဟူ၍ သမုတ်ခြင်း, အရံစောင့် သာမဏေတို့ကို စေခိုင်းတတ်သော ရဟန်း ဟူ၍ သမုတ်ခြင်းဟူသော သမ္မုတိပေးရာ ဌာန၊

(၄) ကထိန်သင်္ကန်းပေးရာ, သေသော ရဟန်း၏ သင်္ကန်းစသည်တို့ကို ပေးရာဌာန၊

(၅) ကထိန်နှုတ်ရာဌာန၊

(၆) ကုဋိနေရာ ကျောင်းနေရာတို့ကိုပြောကြားရာဌာန၊

(၇) တိဏဝတ္ထာရကသမထ, မောဟာရောပနကံ စသော ကမ္မလက္ခဏာအရာဌာန၊ ဤ ၇-ပါးသော အရာဌာနတို့၌ ထားအပ်လေသည်။ [၂]

ကံ ၄-ပါးတို့တွင် အပလောကနကံကို ပန်ကြား၍သာလျှင် ပြုအပ်၏၊ ဉတ္တိကံ, ဉတ္တိ ဒုတိယကံ, ဉတ္တိစတုတ္ထကံတို့ဖြင့် မပြုအပ်၊ ဉတ္တိကံကိုလည်း ဉတ်တစ်ကြိမ် ရွတ်ဖတ်သဖြင့်သာ ပြုအပ်၏၊ တစ်ပါးသော အပလောကနကံ, ဉတ္တိဒုတိယကံ, ဉတ္တိစတုတ္ထကံတို့ဖြင့် မပြုအပ်၊ ထို့အတူ ဉတ္တိစတုတ္ထကံကိုလည်း ဉတ်တစ်ကြိမ် ကမ္မဝါစာ ၃-ကြိမ်ရွတ် ဖတ်သဖြင့်သာ ပြုအပ်၏၊ တစ်ပါးသော အပလောကနကံ စသည်ဖြင့် မပြုအပ်၊ ဉတ္တိ ဒုတိယကံကိုကား ပန်ကြား၍ ပြုအပ်သည်လည်း ရှိ၏၊ မပြုအပ်သည်လည်း ရှိ၏၊ သိမ် သမုတ်ခြင်း, သိမ်နှုတ်ခြင်း, ကထိန်သင်္ကန်းကို ပေးခြင်း, ကထိန်နှုတ်ခြင်း, ကုဋိနေရာကို ပြောကြားခြင်း, ကျောင်းနေရာကို ပြောကြားခြင်း, ဤ ၆-ပါးသော ကံတို့ကား ဂရုကံများဖြစ်ကြ၍ ပန်ကြား၍ပြုခြင်းငှါ မအပ်ကုန်၊ ဉတ်တစ်ကြိမ် ကမ္မဝါစာတစ်ကြိမ် ရွတ်ဖတ်၍သာ ပြုအပ်ကုန်၏။ ကြွင်းသော ၁၃-ပါးသော သမ္မုတိ, သေနာသနဂ္ဂါဟာပကသမ္မုတိ, မတကစီဝရ ဒါနသမ္မုတိ-စသည်တို့ကား လဟုကံများဖြစ်ကြ၍ ပန်ကြား၍လည်း ပြုခြင်းငှါ အပ်ကုန်၏။ ဉတ္တိကံ ဉတ္တိစတုတ္ထကံတို့ဖြင့်ကား မပြုအပ်ကုန်။ [၃] [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ဉတ္တိဒုတိယကမ္မ (န) [ဉတ္တိဒုတိယ+ကမ္မ]
  2. ဝိ၊၅၊၃၈၃-၄။ ဝိ၊ဋ္ဌ၊၄၊၂၅၉။ ကင်္ခါ၊၂၅၈။ ဝိ၊သင်္ဂ၊ ၃၉၄၊ ၄၁၀-၁-၂။ ကင်္ခါ၊ဋီ၊သစ်၊၄၂၀။ အံ၊ဋီ၊၂၊၇၃။
  3. ဝိ၊ဋ္ဌ၊၄၊၃၉၊ ၄၀။ ကင်္ခါ၊၂၅၈-၉။ ဝိ၊သင်္ဂဟ၊၃၉၅။) ယာ သံဃဿ ကိစ္စယတာ ကရဏီယတာ အပလောကနကမ္မံ ဉတ္တိကမ္မံ ဉတ္တိဒုတိယကမ္မံ ဉတ္တိစတုတ္ထကမ္မံ။ ဝိ၊၄၊၂၁၂။ ဝိ၊၅၊၂၀၄၊ ၂၇၁၊ ၂၅၇။ ဝိ၊ဋ္ဌ၊၂၊၁၈၀။ အံ၊ဋီ၊၂၊၁၃။ ဉတ္တိဒုတိယကမ္မံ နာမ ဝုတ္တနယေနေဝ သမဂ္ဂဿ သံဃဿ အနုမတိယာ ဧကာယ ဉတ္တိယာ ဧကာယ စ အနုဿာဝနာယာတိ ဧဝံ ဉတ္တိဒုတိယာယ အနုဿာဝနာယ ကတ္တဗ္ဗကမ္မံ။ ဝိ၊ဋ္ဌ၊၄၊၃၉၊ ၂၄၃။ ဝိသင်္ဂဟ၊၃၉၄။ ဉတ္တိဒုတိယာ ယဿ အနုဿာဝနဿ ဉတ္တိဒုတိယံ၊ တေန ကတ္တဗ္ဗံ ကမ္မံ ဉတ္တိဒုတိယကမ္မံ။ ဝိနိစ္ဆယ၊ဋီ၊၂၊၂၉၈၃။ ဉတ္တိဒုတိယာ ဧတဿ ကမ္မဿာတိ ဉတ္တိဒုတိယံ၊ ဉတ္တိဒုတိယဉ္စ တံ ကမ္မဉ္စာတိ ဉတ္တိဒုတိယကမ္မံ။ ဝိနယာလင်္ကာရ၊ဋီ၊၂၊၂၆၆။ (ဝိ၊၂၊၁၉၉။ ဝိ၊၄၊၂၁၇-၈။ ဝိ၊၅၊၂၂၆၊ ၂၉၂၊ ၃၈၂။ အံ၊၁၊၉၇။ ဝိ၊ဋ္ဌ၊၁၊၂၀၈။ ဝိ၊ဋ္ဌ၊၂၊၂၂၄။ ဝိ၊ဋ္ဌ၊၃၊၁၄၅။ ဝိ၊ဋ္ဌ၊၄၊၅၂၊ ၂၄၆။ ဝိ၊သင်္ဂဟ၊၃၉၁၊ ၄၆၇။ အံ၊ဋ္ဌ၊၂၊၆၆။ ဝဇိရ၊၂၂၀၊ ၄၄၇-၈၊ ၅၂၇။ သာရတ္ထ၊၁၊၂၃။ ကင်္ခါ။ ဋီ၊ သစ်။ ၂၀၅။)
  4. တိပိဋကအဘိဓာန် အတွဲ-၈