ရဟန်းခံခြင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရဟန်းခံပုံ အစီအစဉ်[ပြင်ဆင်ရန်]

၁။ ရဟန်းလောင်း သာမဏေကို ဥပဇ္ဈာယ်ဆရာတော်ထံ ဥပဇ္ဈာယ်ယူစေရ၏၊ ဥပဇ္ဈာယ်ဆရာဟူသည် သာသနာတော်၌ မိဘပင်ဖြစ်၏၊ အစစအရာရာ တာဝန်ယူရသော တာဝန်ခံပုဂ္ဂိုလ်တည်း။ ဥပဇ္ဈာယ်ရှိသူကိုသာ ရဟန်းခံပေးနိုင်၏။

၂။ သပိတ် သင်္ကန်း ပြောကြားရ၏၊ ကိုယ်ပိုင် သပိတ် သင်္ကန်း ရှိသူကိုသာ ရဟန်းခံပေးနိုင်၍ ကိုယ်ပိုင် သပိတ် သင်္ကန်းရှိကြောင်း ပြောကြားရခြင်း ဖြစ်သည်။

၃။ ရဟန်းလောင်းအား သံဃာ့အလယ်၌ မေးစိစစ်သောအခါ ဖြေဆိုနိုင်ရန် သမ္မုတိရ သံဃာတော်တပါးက သံဃာ့ပရိသတ်မှ နှစ်တောင့်ထွာ (ဟတ္တပါသ်) လွတ်ရာ တနေရာသို့ ထုတ်ဆောင်၍ သင်ပြပေးရ၏။

၄။ ထိုသို့ သွန်သင်ပြပေးပြီးနောက် သံဃာ့အလယ်သို့ ပြန်သွင်း ( ပြန်ခေါ်) ရ၏၊ ( အပြင်ထုတ်ခြင်း၊ အတွင်းသွင်းခြင်းတို့ကို ဝိနည်းကံအရ ဉတ်ဖြင့် ဆောင်ရွက်ရ၏ )။

၅။ ရဟန်းလောင်းက မိမိအား ရဟန်းပြုပေးပါရန် သံဃံ ဘန္တေ-စသည် (ပါဠိ-မြန်မာ) ကို ဆို၍ သံဃာတော်အား လျှောက်ထားရ၏၊ မိမိဆန္ဒအလျောက် ရဟန်းပြုလိုသူကိုသာ ရဟန်းခံပေးနိုင်၍ ထိုသို့လျှောက်ထားရခြင်း ဖြစ်သည်။

၆။ သမ္မုတိရ သံဃာတော်ကပင် ရဟန်းလောင်းအား မေးစိစစ်ရ၏၊ ရဟန်းဖြစ်ထိုက်သော အင်္ဂါနှင့် ညီညွတ်သူကိုသာ ရဟန်းခံပေးနိုင်၍ ရဟန်းဖြစ်ထိုက်သော အင်္ဂါနှင့် ညီမညီ သိရှိနိုင်ရန် မေးစိစစ်ရခြင်း ဖြစ်သည်။

၇။ သံဃာတော်များက ဉတ္တိစတုတ္ထ ကမ္မဝါစာကို ရွတ်ဖတ်ကြရ၏၊ ဤဉတ္တိစတုတ္ထ ကမ္မဝါစာသည် ရဟန်းအဖြစ်၌ အချုပ်အခြာ ပဓာနဖြစ်၏၊ ရွတ်ဖတ်ရာ၌ များသောအားဖြင့် တကြိမ် သုံးပါးနှုန်းဖြင့်၊ အမြဲနေမည့်ရဟန်း ဖြစ်လျှင် အနည်းဆုံး သုံးကြိမ်လောက် ရွတ်ဖတ်လေ့ရှိကြသည်။ ပထမအကြိမ်ကပင် နည်းလမ်းတကျ ရွတ်ဖတ်နိုင်လျှင် ထိုပထမအကြိမ် ကမ္မဝါစာအဆုံးမှာပင် ရဟန်းဖြစ်တော့၏။ တကြိမ်တည်းဖြင့် စိတ်မချရ၍၎င်း၊ ပိုမိုခိုင်မြဲစေလို၍၎င်း အကြိမ်ကြိမ် ဖတ်ခြင်းဖြစ်သည်။

ရဟန်းဖြစ်သည်နှင့်တပြိုင်နက် ရဟန်းသစ် သန္တာန်၌ လူတို့၏ သီလသိက္ခာထက် သာလွန်မြင့်မြတ်သော အဓိသီလသိက္ခာ တည်သွားသည်။ ရှောင်ကြဉ်လိုက်နာဖွယ် သိက္ခာအကျဉ်း(၂၂၇)သွယ်၊ အကျယ်ကုဋေကိုးထောင်ကျော် ရဟန်းကျင့်ဝတ် သိက္ခာပုဒ်များလည်း ရောက်လာတော့၏။ ထိုသိက္ခာပုဒ်များတည်းဟူသော ဥပဒေဘောင်အတွင်းက နေထိုင်ခြင်းဖြင့် ရဟန်းဘဝကို ရှင်သန်စေရ၏။

ထိုဥပဒေများတွင်
၁။ မေထုန်မှီဝဲမှု
၂။ ပါရာဇိက ကျလောက်သော သူတပါးပစ္စည်း ခိုးမှု
၃။ လူသတ်မှု
၄။ မိမိမှာ တကယ်မရှိဘဲ ဈာန်မဂ်ဖိုလ်တရား ရှိကြောင်း ပြောဆိုမှု-တို့မှ ရှောင်ကြဉ်ရန်
ပညတ်ထားသော ဥပဒေလေးမျိုးတို့ကို မကျူးလွန် မဖောက်ဖျက်သမျှ ရဟန်းစစ် ရဟန်းမှန်ပင်ဖြစ်၏။ ထို့ကြောင့် ရဟန်းဘဝ၌ နေသမျှ ထိုဥပဒေ လေးမျိုးတို့ကို မဖြစ်မနေ ထိန်းသိမ်း စောင့်ရှောက်ရန် ဥပဇ္ဈာယ်ဆရာတော်က မိမိတပည့် ရဟန်းသစ်အား သိမ်ထဲမှာပင် သွန်သင် ဆုံးမတော်မူ၏။

ရိုသေလေးစားရှိခိုးထိုက်သူ[ပြင်ဆင်ရန်]

ရှိခိုးထိုက်သော အသွင်အပြင်အားဖြင့် (၂)မျိုးရှိသည်။
ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀)ရှိသည်။

အသွင်အပြင်အားဖြင့် (၂)မျိုး

(၁) ဖန်ရည်ဆိုးသော သင်္ဃန်းကို ဝတ်ရုံခြင်း ၊(လှပတင့်တယ်သော အရောင်အဆင်းရှိတဲ့ အဝတ်အစား ကို ရှောင်ကြဉ်လိုက်ခြင်း၊ကာမဂုဏ်ကို အသွင်ဖြင့် သတ်ခြင်း ၊
(၂) ဦးခေါင်းကို ရိတ်တုံးထားခြင်း ။ (ဦးခေါင်းတန်ဆာဆင်ခြင်း ကို ရှောင်ကြဉ်ခြင်း၊နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးအလှအပထားခြင်း များကို ရှောင်ကြဉ်ခြင်း ၊ အိန္ဒိယမှာတော့ ဒါတော်တော်ကို စွန်ပတာတဲပ အစဉ်အလာလုပ်ရပ်လို့ဆိုပါတယ်။ သူတို့က ဆံပင်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးကို အရမ်းအလှဆင်တဲ့ တိုင်းပြည်ဖြစ်နေလို့တဲ့)[၁]


ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀) (၁) သေက္ခ ပုဂ္ဂ ိုလ် အသွင်ရှိခြင်း
(၂)ရဟန္တ ာအသွင် ရှိခြင်း
(၃) အရီယာနှင့်တူသော အကျင့်ရှိနေခြင်း
(၄)တူသောနေထိုင်ခြင်းရှိကြခြင်း
(၅)တူသောဣန္ဒြေ ရှိကြခြင်း
(၆)တူသောဆင်းရဲခြင်းရှိခြင်း
(၇)တူသောသည်းခံခြင်းရှိခြင်း
(၈ )တစ်ကိုယ်ထီးတည်းကျင့်ကြံအားထုတ်နိုင်ခြင်း
(၉) တစ်ကိုယ်ထီးတည်းမွေ့လျှော်ခြင်း
(၁၀) တစ်ကိုယ်ထီးတည်းကျိန်းအောင်ခြင်း
(၁၁)မကောင်းမှုမှရှက်ခြင်း
(၁၂)မကောင်းမှုမှ လန့်ခြင်း
(၁၃)သ ဓမ္မ အကျင့်ကို အားထုတ်ခြင်း
(၁၄)ကုလိုလ်ကို မမေ့လျော့ခြင်း
(၁၅)သုတ်လွှတ်ခြင်းကဲ့သို့သော ကာမဂုဏ်ကို ဖယ်ကြဉ်ခြင်း
(၁၆)ပါဠိသင်ယူခြင်း
(၁၇) အဋ္ဌကထာ ခေါ်အကျယ်အနက် သင်ယူခြင်း
(၁၈ ) သီလ၊သမာ ိပညာဂုဏ်တို့တွင်မွေ့လျော်ခြင်း
(၁၉)ကင်းသောတပ်မက်မှုရှိခြင်း
(၂၀) ဘုရားရှင်သတ်မှတ်သော သိက္ခ ာပုဒ်များကို ဖြည့်ကျင့်ခြင်း
[၂]

သိက္ခာတင်ခြင်း[ပြင်ဆင်ရန်]

သိက္ခာတင်ခြင်းဆိုသည်မှာ ရဟန်းတော်များက သိမ်အတွင်း ရဟန်းလောင်းကို ဥတ္တိစတုတ္ထကမ္မဝါစာဖတ်၍ ရဟန်းခံပေးခြင်းပင်ဖြစ်သည်။ သိက္ခာတင်ရာ အောက်ပါ အချက် (၅) ချက်နှင့် ပြည့်စုံရမည်၊ မပြည့်စုံပါက ရဟန်းမဖြစ်နိုင်ချေ။
၁.ရဟန်းလောင်းသည် လူသား ယောကျာ်းစင်စစ် ဖြစ်ခြင်း၊ (နဂါး၊ ဂဠုံတို့က လူယောင်ဆောင်ထားသူ မဖြစ်စေရ)၊ (နပုံး ပဏ္ဍုက်နှင့် မိန်းမ မဖြစ်စေရ။)
၂.သန့်ရှင်းစင်ကြယ်သော သိမ်အတွင်း ရှိခြင်း၊
၃.သီလစင်ကြယ်သော ရဟန်းကောင်း အနည်းဆုံး (၅) ပါး ရှိခြင်း၊
၄.ဿတ်ဖတ်ကြားရာ ဋ္ဌာန်ကရိုဏ်း တိကျ မှန်ကန်ခြင်း၊
၅.ကမ္မဝါစာ (၃) ကြိမ်ကို မှန်ကန်စွာ ဖတ်ရွတ်ပေးခြင်း။


သိက္ခာချခြင်း[ပြင်ဆင်ရန်]

သိက္ခာချခြင်းဆိုသည်မှာ မိမိသည် ရဟန်းသီလကို ကျင့်သုံးနိုင်ခြင်းမရှိတော့ပါ ကြောင်း ဖွင့်ဟပြောကြားခြင်းပင် ဖြစ်သည်၊ သိက္ခာချပြီးနောက်ပါရာဇိကအမှုများကို ကျူးလွန်ပါက ရဟန်းမဟုတ်တော့ပြီဖြစ်၍ ပါရာဇိကအာပတ်မသင့်တော့ပါ၊ ပါရာဇိကကျ ပြီးသော ရဟန်းမှာလည်း သီလသိက္ခာမရှိတော့ပြီဖြစ်၍ သိက္ခာချရန် မလိုတော့ပါ၊ သိက္ခာ ချရာ အောက်ပါအချက် (၆)ချက်နှင့် ပြည့်စုံရမည်။

၁။ အမှန်တကယ် ရဟန်းအဖြစ်ဖြင့် မနေလိုခြင်း(သိက္ခာချလိုစိတ်ရှိခြင်း )
၂။ သတ်မှတ်ထားသည့် သိက္ခာချ စကားလုံး မှန်ကန်ခြင်း၊
၃။ ပစ္စုပ္ပန်ကာလဖြင့် ပြောဆိုခြင်း၊
၄။ နှုတ်ဖြင့် ပီသစွာဆိုခြင်း၊ (လက်ဟန်ပြခြင်း၊ စာရေးခြင်းဖြင့် သိက္ခာချ လျှင် သိက္ခာမကျချေ၊)
၅။ ထိုပြောဆိုသောစကားကို နားထောင်သူ (သိက္ခာချပေးသူ) မှာ လူသား စင်စစ်ဖြစ်ခြင်း၊
၆။ နားထောင်သူက ချက်ခြင်း နားလည်ခြင်း။

သိက္ခာချ စကားလုံး ၂၆-လုံး[ပြင်ဆင်ရန်]

  1. ဘုရားကို စွန့်ပါ၏။ (ဗုဒ္ဓံ ပစ္စက္ခာမိ)
  2. တရားတော်ကို စွန့်ပါ၏။ (ဓမ္မံ ပစ္စက္ခာမိ)
  3. သံဃာတော်ကို စွန့်ပါ၏။ (သံဃံ ပစ္စက္ခာမိ)
  4. ရဟန်းသိက္ခာကို စွန့်ပါ၏။ (သိက္ခံ ပစ္စက္ခာမိ)
  5. ဝိနည်းတော်ကို စွန့်ပါ၏။ (ဝိနယံ ပစ္စက္ခာမိ)
  6. ပါတိမောက် (ဝိနည်းသိက္ခာပုဒ် မာတိကာ) ကို စွန့်ပါ၏။ (ပါတိမောက္ခံ ပစ္စက္ခာမိ)
  7. ဝိနည်းသိက္ခာပုဒ် အကျဉ်းချုပ်ကို စွန့်ပါ၏။ (ဥဒ္ဒေသံ ပစ္စက္ခာမိ)
  8. ဥပဇ္ဈာယ်ဆရာကို စွန့်ပါ၏။ (ဥပဇ္ဈာယံ ပစ္စက္ခာမိ)
  9. ဆရာကို စွန့်ပါ၏။ (အာစရိယံ ပစ္စက္ခာမိ)
  10. အတူနေတပည့်ကို စွန့်ပါ၏။ (သဒ္ဓိဝိဟာရိကံ ပစ္စက္ခာမိ)
  11. အနီးနေ တပည့်ကို စွန့်ပါ၏။ (အန္တေဝါသိကံ ပစ္စက္ခာမိ)
  12. ဥပဇ္ဈာယ်တူ ရဟန်းကို စွန့်ပါ၏။ (သမာနုပဇ္ဈာယကံ ပစ္စက္ခာမိ)
  13. ဆရာတူတပည့်ကို စွန့်ပါ၏။ (သမာနာစရိယံ ပစ္စက္ခာမိ)
  14. အတူနေ သီတင်းသုံးဖော်ကို စွန့်ပါ၏။ (သဗြဟ္မစာရိံ ပစ္စက္ခာမိ)
  15. အကျွန်ုပ်ကို လူဝတ်ကြောင်ဟူ၍ မှတ်ပါလော့။ (ဂိဟီတိ မံ ဓာရေဟိ)
  16. အကျွန်ုပ်ကို ဥပါသကာဟူ၍ မှတ်ပါလော့။ (ဥပါသကောတိ မံ ဓာရေဟိ)
  17. အကျွန်ုပ်ကို အရာမ်စောင့်၊ ကျောင်းစောင့်ဟူ၍ မှတ်ပါလော့။ (အာရာမိကောတိ မံ ဓာရေဟိ)
  18. အကျွန်ုပ်ကို ရှင်သာမဏေဟူ၍ မှတ်တော်မူပါလော့။ (သာမဏေရောတိ မံ ဓာရေဟိ)
  19. အကျွန်ုပ်ကို တိတ္ထိ (မိစ္ဆာဒိဋ္ဌိဆရာကြီး ) ဟူ၍ မှတ်ပါလော့။ (တိတ္ထိယောတိ မံ ဓာရေဟိ)
  20. အကျွန်ုပ်ကို တိတ္ထိတပည့်ဟူ၍ မှတ်ပါလော့။ (တိတ္ထိယသာဝကောတိ မံ ဓာရေဟိ)
  21. အကျွန်ုပ်ကို ရဟန်းမဟုတ်တော့ဟူ၍ မှတ်ပါလော့။ (အသမဏေတိ မံ ဓာရေဟိ)
  22. အကျွန်ုပ်ကို သာကီဝင်မင်းသား ဘုရားသားတော်မဟုတ်ဟူ၍ မှတ်ပါလော့၊ (အသကျပုတ္တိယောတိ မံ ဓာရေဟိ)
  23. ဘုရားသည် ငါ့အတွက် အကျိုးမရှိ၊ တော်ပြီ၊ တန်ပြီ၊ (အလံ မေ ဗုဒ္ဓေန)
  24. ဘုရားသည် ငါ့အတွက် ဘာလုပ်ဖို့လဲ၊ (ကိံ နု မေ ဗုဒ္ဓေန)
  25. ငါသည် ဘုရားကို အလိုမရှိပြီ၊ ဘုရားသည် ငါ့အတွက်မလိုတော့ပြီ၊ (နအတ္ထော မေ ဗုဒ္ဓေန)
  26. ငါသည် ဘုရားလက်အောက်မှ လွတ်မြောက်ပြီ၊ (သုမုတ္တော ဟံ ဗုဒ္ဓေန)

အထက်ဖော်ပြပါ သတ်မှတ်ထားသော သိက္ခာချ စကားလုံး ၂၆-လုံး တို့အနက် တစ်လုံးလုံးကို ပါဠိဘာသာဖြင့် ဖြစ်စေ၊ မိမိနားလည်ရာအခြားဘာသာ စကားဖြင့်ဖြစ်စေ ရွတ်ဆိုခွင့်ရှိသည်။ ဘုရားကို စွန့်ခဲ့ပြီဟု အတိတ်ကာလဖြင့် လည်းကောင်း၊ ဘုရားကို စွန့်တော့မည်ဟု အနာဂတ်ကာလဖြင့် လည်းကောင်း ပြောဆိုလျှင် သိက္ခာမကျချေ၊ စွန့်ပါ၏ဟု ပစ္စုပ္ပန်ကာလဖြင့် ပြောဆိုမှသာ သိက္ခာကျသည်။ သိက္ခာချရာ ယောကျာ်း မိန်းမ မည်သူ့ထံ မဆိုသိက္ခာချနိုင်၏။ နားထောင်သူ အနေဖြင့် ဤရဟန်းသည် သိက္ခာ ချသည်ဟု ချက်ချင်းနားလည်ရမည်။

ထို့ကြောင့် ဝိနည်း နားလည်သူအထံ တွင်သာသိက္ခာချသင့်၏။ ဝိနည်းနားမလည်သူ ထံ သိက္ခာချလိုပါက သိက္ခာချခြင်း၏ အဓိပ္ပာယ်ကို ကြိုတင်ရှင်းလင်း ပြောပြပြီး နောက်မှသာ သိက္ခာချသင့်သည်။ ဤခေတ်္ပ ဒုလဘရဟန်းခံသူတို့သည် သိက္ခာကျအောင် သိက္ခာချဖို့ အရေးကြီး၏။ သိက္ခာမကျဘဲ လူဝတ်လဲ၍ မိမိအိမ်ပြန်လာပါက သင်္ကန်းဝတ်စဉ်က ပါရာဇိကမကျဘဲ ပုဆိုးဝတ်ပြီးမှ ပါရာဇိကကျမည်ကို သတိပြုသင့်ကြသည်။

အနာမာသဝတ္တုများ (ရဟန်းများမထိမကိုင်ကောင်းသောအရာဝတ္တုများ)[ပြင်ဆင်ရန်]

၁. မာတုဂါမ = ယနေ့မွေးစ သူငယ်မကိုပင် မကိုင်ရ၊ သာယာစိတ် ရှိလျှင် သံဃာဒိသိသ်အာပတ် သင့်၏။ သာယာစိတ်မရှိသော်လည်း တမင်သက်သက်ကိုင်လျှင် ဒုက္ကဋ်အာပတ် သင့်၏။ မတော်တဆ ထိမိတိုးမိလျှင် အာပတ်မသင့်။ မိခင်၊ နှမ စသော ဆွေမျိုးတော် စပ်သူကို မိသားစုချစ်ခင်စိတ်ဖြင့် ကိုင်လျှင် ဒုက္ကဋ်အာပတ် သင့်သည်။ ရေနှစ်သော မိခင်၊ ရေတွင်းထဲကျသော မိခင်ကိုပင် လက်ဖြင့်မဆွဲမကိုင်ရ၊ ဝါးလုံး၊ ကြိုး စသည်ကို လှမ်းပေး၍ ဆွဲတင်ကယ်ဆယ်ရမည်။ လက်ကိုလှမ်းဆွဲပါဟုမပြောရ၊ ကြောက် အား လန့်အားဖြင့် လာရောက်ဆွဲကိုင်ဖက်ထားပါမူကမ်းစပ်ရောက် အောင် ကူးခပ်လာရမည်။ အာပတ်မသင့်ချေ။ မိမိ၏ ကာယပယောဂ၊ ဝစီပယောဂ မပါစေရ။

၂. မာတုဂါမ၏ အသုံးအဆောင်၊

၃. မာတုဂါမ၏ ရုပ်ပုံ၊ ဓာတ်ပုံ၊ ရုပ်ထု၊

၄. စပါးအမျိုးမျိုး၊

၅. ပဲအမျိုးမျိုး၊

၆. ထန်းသီး၊ အုန်းသီး၊ ငှက်ပျောသီး စသော အသီးအမျိုးမျိုး၊

၇. ပုလဲ၊ ပတ္တမြား၊ ရွှေ၊ ငွေ စသော ရတနာအမျိုးမျိုး၊

၈. ငွေစက္ကူ၊ ငွေအင်္ဂါး အသပြာ အမျိုးမျိုး၊

၉. လက်နက် အမျိုးမျိုး၊

၁၀. တူရိယာ အမျိုးမျိုး။

အထက်ပါ ပစ္စည်းဝတ္တုတို့ကို ကိုင်တွယ်သုံးသပ်ပါက ဒုက္ကဋ်အာပတ် သင့်သည်။

ဆွမ်းမခံအပ်သော (၆)ဌာန[ပြင်ဆင်ရန်]

ရဟန်းသံဃာတော်များသည် အောက်ဖော်ပြပါ (၆)ဌာနသို့ အကျွမ်းတဝင် ပြု၍ အမြဲဆွမ်းမခံအပ် -

၁. ပြည့်တန်ဆာမအိမ်၊

၂. မုဆိုးမအိမ်၊

၃. အပျိုကြီးအိမ်၊

၄. ပဏ္ဍုက် (မိန်းမရှာ) အိမ်၊

၅. ဘိက္ခုနီမကျောင်း

၆. သေတင်းကုပ် (အရက်ဆိုင်)

အမြဲတမ်း ဆွမ်းမခံအပ်သော်လည်း တစ်ခါတစ်ရံ ဆွမ်းရပ်ခွင့်ရှိ၏။ ၎င်းတို့က လမ်းဆုံးလမ်းမသို့ ထွက်၍ ဆွမ်းလောင်းလျှင်လည်းကောင်း၊ ကျောင်းသို့ လာရောက် ဆွမ်းပို့လျှင် လည်းကောင်း ခံယူသုံးဆောင် ကောင်း၏။

အကပ်ခံအင်္ဂါ (၅) ပါး[ပြင်ဆင်ရန်]

  1. ဆက်ကပ်လိုသည့် ပစ္စည်းကို အကပ်ခံမည့် ရဟန်းထံသို့ ရှေ့ရှုဆောင်ယူခြင်း (အနည်းငယ်မျှပင်ဖြစ်စေ ရှေ့ရှုညွတ်စေခြင်း )။
  2. ပေးလှူသောလက်နှင့် ခံယူသောလက် မှတစ်ပါး အခြားသော ကိုယ်အင်္ဂါဖြင့် တစ်ဦးနှင့်တဦး နှစ်တောင့်ထွာ ဟတ္ထပါသ် အတွင်းသို့ရောက်ခြင်း။
  3. ကပ်အပ်သောပစ္စည်းနှင့် ထည့်ရာ တင်ရာဖြစ်သော သပိတ်၊ ပန်းကန်၊ ခွက်၊ စားပွဲခုံ စသော ဝတ္ထုသည် အားအလယ်အလတ် ရှိသော ယောကျာ်း မြှောက်ချီနိုင်သော ဝတ္ထုဖြစ်ခြင်း။
  4. ဆက်ကပ်သော ပုဂ္ဂိုလ်၏ ကိုယ်အင်္ဂါဖြင့် ပေးလှူ ဆက်ကပ်ခြင်း။ ကိုယ်အင်္ဂါနှင့်ဆက်စပ်သော သပိတ်၊ ပန်းကန်၊ ခွက် စသည်ဖြင့် ပေးလှူဆက်ကပ်ခြင်း။ ခံယူသော ရဟန်း၏ လက်၊ သပိတ်၊ ခွက်စသည်တို့္ပ ကျရောက်အောင် ပစ်လွှင့်၍ ဆက်ကပ်ခြင်းအားဖြင့် သုံးမျိုးသော ဆက်ကပ်ခြင်းတို့တွင် တစ်မျိုးမျိုးဖြင့် ဆက်ကပ်ခြင်း။
  5. အကပ်ခံသောရဟန်း၏ ကိုယ်အင်္ဂါ(လက်)ဖြင့် ခံယူခြင်း၊ ကိုယ်အင်္ဂါနှင့်ဆက်စပ်သော သပိတ်၊ ပန်းကန်၊ ခွက် စသည်ဖြင့် ခံယူခြင်း အားဖြင့် နှစ်မျိုးသော ခံယူခြင်းတို့တွင် တစ်မျိုးမျိုးဖြင့် ခံယူခြင်း၊

ဤအင်္ဂါ ငါးပါးနှင့်ညီအောင် ဆက်ကပ်ခံယူလျှင် အကပ်မြောက်သည်။

အကပ်မမြောက်[ပြင်ဆင်ရန်]

မပြောင်းမရွှေ့နိုင်သော ပျဉ်ချပ် ကျောက်ဖျာစသည်ဖြစ်စေ၊ သစ်ငုတ် သစ်ပင်စသည်နှင့် တွဲချည်ထားသောညောင်စောင်း၊ အင်းပျဉ်စသည်္ပဖြစ်စေ ဆက်ကပ်ရန်ပစ္စည်းကို တင်၍ ကပ်လျှင် အကပ်မမြောက်။ သစ်ပင်ဖြစ် (ပေါက်) နေ၍ မခူး ရသေးသော ပဒုမ္မာကြာရွက်၊ ပေါက်ရွက်၊ အင်ဖက် စသည်္ပ ထည့်၍ ကပ်လျှင်လည်း အကပ်မမြောက်။ ဆက်ကပ်မည့် ပစ္စည်းကို ဆောင်ယူ၍ မရနိုင်လောက်အောင် သေးငယ်သော မန်ကျည်းရွက်၊ သျှားရွက် စသည် ထည့်၍ ကပ်လျှင် အကပ်မမြောက်။ အားအလယ် အလတ်ရှိသော ]]ထာမမဇ္ဈိမ}} ယောကျာ်း မမြှောက်နိုင်လောက်အောင် ကြီးသောစားပွဲခုံကြီး ပေါ် ခဲဖွယ် ဘောဇဉ်တို့ကို တင်၍ ကပ်လျှင် အကပ်မမြောက်။ ထမင်း ဟင်း ပါသော ထမင်းအိုးကြီး၊ ဟင်းအိုးကြီးစသည်ကို လူအများ ဝိုင်းမ၍ ကပ်လျှင် အကပ်မမြောက်။

အကပ်ပျက်ခြင်းအင်္ဂါ (၆) ပါး[ပြင်ဆင်ရန်]

အကပ်ခံပြီးသော ပစ္စည်းများသည်အောက်ပါ အကြောင်း တစ်ပါးပါးကြောင့် အကပ်ပျက်၏။ သုံးဆောင်လိုလျှင် ထပ်မံ အကပ်ခံရ၏။

၁။ သိက္ခာချ (လူထွက်) ခြင်း၊

၂။ သူခိုးဓားပြတို့ အနိုင်အထက် လုယူခြင်း၊

၃။ သေ (ပျံလွန်) ခြင်း၊

၄။ ရဟန်းယောကျာ်းအဖြစ်မှ ရဟန်းမိန်မအဖြစ် ပြောင်းလဲ သွားခြင်း၊

၅။ (အစွန့်ခံ ပုဂ္ဂိုလ် ထင်ရှားမရှိဘဲ မိမိဘာသာ မစားတော့ပြီ၊ တော်ပြီတန်ပြီဟု ဆုံးဖြတ်ကာ) ကိုယ်အင်္ဂါ၊ စိတ် နှစ်ပါးလုံးဖြင့် ဖြစ်စေ၊ စိတ်သက်သက်ဖြင့်ဖြစ်စေ စွန့်လွှတ်ခြင်း။

၆။ လူ သာမဏေ စသည်တို့အား စိတ်အာလယပြတ် ပေးစွန့်ခြင်း စသဖြင့် အကပ်ပျက်ခြင်းအင်္ဂါ ခြောက်ပါးရှိ၏။

မကပ်ဘဲအပ်သောဝတ္ထုများ[ပြင်ဆင်ရန်]

နွားလှည်း၊ မြင်းရထား၊ ကား စသည်တို့ သွားသောအခါ ထသောဖုန် မြူမှုန့်မပါ၊ စင်ကြယ်သော ရေကို အကပ်မခံဘဲ သောက်ကောင်း၏။

ဖျော်ရည်၊ သားငါးအရည်၊ ထမင်းရည် စသည်တို့နှင့် မရောမနှော စင်ကြယ်သန့်ရှင်းသော ရေကို မကပ်ဘဲ သောက်ကောင်း ၏။ ရွံ့၊ ညွန် စသည်တို့နှင့် ရောနေသော ရေဖြစ်လျှင် ဓမကရိုဏ် (ရေစစ်) ဖြင့် စစ်ပြီးမှ သောက်ရ၏။

သွားချေးသည် သွားနှင့်ကပ်ငြိနေစဉ် စားလိုက အကပ်မခံဘဲ စားကောင်း၏။ မတော်တဆ ဝမ်းတွင်းသို့ ရောက်သွားသော်လည်း အပြစ်မရှိ၊ သွားတိုက်တံ၊ ဒန်ပူစသည်တို့ဖြင့် ခြစ်မိ၍ သွားမှလွတ်လျှင် အကပ်ခံပြီးမှ စားကောင်း၏။

နှပ် (နှာရည်) သည် နှာခေါင်းအတွင်း ကပ်ငြိနေစဉ် နှာခေါင်းမှ တွဲလျားကျ၍ အောက်သို့ ပြတ်မကျသေးမီ စားလိုက အကပ်မခံဘဲ စားကောင်း၏။ နှာခေါင်းမှအောက်သို့ပြတ်ကျသွားလျှင် အကပ်ခံပြီးမှ စားကောင်း၏။ မျက်ချေး၊ နားချေး (နဖာချေ၊ ကိုယ်ပေါ်ချွေးထွက်၍ ပေါက်သော ဆား၊ မျက်ရည်၊ တံတွေး၊ သလိပ်၊ ကျင်ငယ်။ ကျင်ကြီးတို့လည်း အလားတူပင် ဖြစ်ကြသည်။ ကိုယ်အင်္ဂါ ကပ်ငြိနေစဉ် ကိုယ်အင်္ဂါမှ တွဲလျားကျသော်လည်း ဥပတ်ပြတ်မကျသေးမီဖြစ်လျှင် အကပ်မခံဘဲ သုံးစွဲကောင်း၏။

ဆေးကုကောင်းသော ပုဂ္ဂိုလ်များ[ပြင်ဆင်ရန်]

ရဟန်းနှင့် သာမဏေများ၊ မိမိမယ်တော် ခမည်းတော်နှင့် မယ်တော် ခမည်းတော်တို့အား ပြုစုလုပ်ကျွေးသူ၊ မိမိအား ဝေယျာဝစ္စပြုလုပ်ပေးသူနှင့် ရှင်လောင်းတို့အား ဆေးကုပေးအပ်၏။ လူနာအား ဆေးနည်းကို ပြောပြခြင်း၊ ထိုလူနာ၏ ပစ္စည်းဖြင့် ဆေးဖော်စပ်ပေးခြင်း၊ သို့မဟုတ်မိမိပစ္စည်းဖြင့် ဆေးဖော်စပ်တိုက်ကျွေးကုသခြင်းပြုနိုင်၏။ အကယ်၍ မိမ္ပိ ဆေးပစ္စည်းမရှိပါက ဆွေးမျိုးများနှင့်ဖိတ်ကြားထားသော ဒါယကာများထံမှ အလှူခံ၍ လည်းကောင်း၊ မရပါက နေမွန်းလွဲအချိန်တွင် အိမ်စဉ်လှည့်လည်ရပ်၍ ဆွမ်းခံသကဲ့သို့ ဆေးပစ္စည်း အလှူခံ၍ လည်းကောင်း ဆေးပစ္စည်းရှာဖွေဖော်စပ် ကုသရမည်။

ထို့ပြင်ရဟန်းနှင့် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် တော်စပ်သူများအား ၎င်းင်းတို့၏ ဆေးပစ္စည်းဖြင့် ဆေးဖော်စပ်၍ ကုသခွင့်ရှိ၏၊ အကယ်၍ မိမိဆေးပစ္စည်းဖြင့် ကုသပေးရပါက နောင်တစ်ချိန်တွင် အစားပေးကြရန် ပြောဆို၍ ကုသရမည်၊ အလိုက်သိ၍ အစားပြန်ပေးက ယူရမည်၊ ပြန်မပေးက မတောင်းရ။

ဆေးပညာ တတ်ကျွမ်းသော ရဟန်းသည် မိမိအတူနေ ဆရာရဟန်း၊ တပည့်ရဟန်း၏ မိခင်ဖခင်တို့အား မလွဲမရှောင်သာ၍ ဆေးကုသပေးရပါက ထိုရဟန်းပိုင် ဆေးဝါးဖြင့် ကုသပေးရမည်၊ ထိုရဟန်း ဆေးမရှိပါက မိမိဆေးဝါးများကို ထိုရဟန်းပိုင် အဖြစ်ပေးအပ်ပြီးမှ ထိုဆေးဖြင့် ကုသပေးရမည်။

ထို့ပြင် အန္တရာယ်ပြုနိုင်သော ဥပဒေမဲ့ လက်နက်ကိုင်များ၊ စစ်ရှံးလာသော ဘုရားနှင့် မင်းမှုထမ်းများ၊ ခရီးသည်နှင့် ဆွေမရှိမျိုးမရှိအထီးကျန်သူတို့သည် မကျန်းမာသဖြင့် ဘုန်းကြီးကျောင်းသို့ ဝင်ရောက်ခိုလာပါက ဆေးကုသပေးနိုင်သည်။

သဒ္ဓါတရားနှင့် ပြည့်စုံ၍ ပစ္စည်းဥစ္စာကြွယ်ဝသော ဘုရားဒါယကာ ကျောင်းဒါယကာ အလှူဒါယကာတို့ကို ဆေးပေးခြင်း၊ ဆေးကုခြင်းမပြုရ။ ထိုပစ္စည်းလေးပါး ဒါယကာက တပည့်တော်၏ မိခင် နေမကောင်း၍ ဆေးနည်း ပြောပြပါဘုရား ဆေးကောင်း ညွှန်ပြပါဘုရားဟု လျှောက်ထားလျှင်၊ ဆေးပညာတတ်သော ရဟန်းသည် တိုက်ရိုက်ပြန်မပြောရ၊ အနီးရှိ ရဟန်းသာမဏေတစ်ပါးအား "မည်သည့်ရဟန်း မည်သည့်ရောဂါ ဖြစ်စဉ်က မည်သည့်ဆေးဖြင့် ကုသပျောက်ကင်းဖူးကြောင်း" ပြောကြားရမည်။ ဒါယကာဖြစ်သူက နံဘေးမှ ကြားနာမှတ်သား၍ သူ၏မိခင်အား ထိုဆေးနည်းအတိုင်း ကုသပါလျှင် ထိုရဟန်းမှာ ကုလဒ အမှု ပြုရာ မရောက်၊ အာပတ်မသင့်ချေ။

သို့မဟုတ် ဒါယကာဖြစ်သူ ဝိနည်းနား လည်သဖြင့် မည်သူဖျားနာသည်၊ မည်သူအတွက်ဟူ၍ မရည်ညွှန်းဘဲ "ဤရောဂါကို မည်သည့်ဆေးဖြင့် ကုသရသနည်း"ဟု ဆေးပညာသဘောသက်သက် ကိုသာ မေးရာ ထိုရောဂါ ပျောက်ကင်းစေနိုင်သည့် ဆေးနည်းများကို ပြောပြခွင့်ရှိ၏။

အခွင့်ထူးခံ လူတန်းစား မဟုတ်[ပြင်ဆင်ရန်]

ဗုဒ္ဓမြတ်စွာသည် သာသနာ့ဝန်ထမ်းများနှင့်စပ်၍ သာသနာတော်၌ ဝတ်ထုပ်ဝန်ပိုး မဖြစ်စေလို၊ ရလည်း ရလွယ်၊ တန်ဖိုးလည်း နည်း၊ အပြစ်လည်း ကင်းစင်သော ပစ္စည်းလေးပါး ရှာဖွေ သုံးစွဲနည်းမျိုးကို လိုလားတော်မူ၏၊ ထိုဗုဒ္ဓ၏ အလိုဆန္ဒတော်အတိုင်း ဥပဇ္ဈာယ်ဆရာတော်က ဆွမ်းနှင့်ပတ်သက်၍ အိမ်စဉ်လှည့်လည် ဆွမ်းခံစားဖို့၊ သင်္ကန်းနှင့် ပတ်သက်၍ ပံ့သကူသင်္ကန်းမျိုးကို ဝတ်ရုံဖို့၊ ကျောင်းနှင့်ပတ်သက်၍ သစ်တပင် ဝါးတပင် ကျောင်းမျိုး၌ နေဖို့၊ ဆေးနှင့်ပတ်သက်၍ နွားကျင်ငယ်ရေဖြင့် စိမ်ထားသော ဆီးဖြူ သျှိသျှားဆေးမျိုးကို သုံးဆောင်ဖို့ အနိမ့်ဆုံးအဆင့်ချပြီး မိမိတပည့် ရဟန်းသစ်အား မိန့်ကြားတော်မူ၏။ ဘုန်းကံအလျောက် ဖြစ်ပေါ်လာသော အကောင်းစား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး တို့ကိုလည်း သုံးစွဲနိုင်ကြောင်း မိန့်ကြားတော်မူရ၏။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. မိလိန္ဒ ပညာ
  2. ဗုဒ္ဓက မုနိ သုတ်တော်
  3. http://mawluu.blogspot.com/2009/03/blog-post_15.html