သံတမန်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

သံတမန်ဟူသည် တိုင်းပြည်တစ်ပြည်နှင့်တစ်ပြည်၊ မင်းတစ်ဦးနှင့်တစ်ဦး၊ လူတစ်ယောက်နှင့် တစ်ယောက်အကြား သွားလာဆက်သွယ်သူ ဖြစ်သည်။ ထိုသံတမန်ကိုဝိနည်းပါရာဇိကဏ် ပါဠိတော် သဉ္စရိ တ္တ သိက္ခာပုဒ်၌အောင်တမန်ဟုသုံးစွဲသည်။ ယောကျာ်းမိန်းမတို့အကြားလင်မယားဖြစ်စေရန်သွားလာသူ အောင်သွယ်ဖြစ်သည်။ ဥပရိပဏ္ဏာသပါဠိတော်၌နတ်တမန်၊ သေမင်းတမန်ဟုသုံးစွဲသည်။ (၁)ဇာတိ·ပဋိ သန္ဓေနေ၍မွေးဖွားစဖြစ်သောသူငယ်၊
(၂) ဇရာ·ရင့်ရော်ကုန်းကွနေသောသူအို၊
(၃)ဗျာဓိ·သေလုမျောပါး ဖြစ်နေသောသူနာ၊
(၄)အာဝုဓ·မင်းဒဏ်သင့်သူကို ညဉ်းဆဲသတ်ဖြတ်နေသောလက်နက်၊
(၅)ဖူးရောင်ပုတ်ပွနေသော သူသေဟူ၍ငါးပါးဖြစ်သည်။
ပိဋကတ်တော်အခြားနေရာတို့၌ တမန်ဟုသုံးစွဲသည်။ ပျို့၊ ကဗျာ၊ လင်္ကာ၊ မော်ကွန်း၊ ရာဇဝင်၊ စာဟောင်းစာတမ်းတို့၌ကားထိုသံတမန်ကိုတမန်ဟူ၍၎င်း၊ တံဆေး ဟူ၍၎င်း၊ သုံ့သေးဟူ၍၎င်း၊ သံဟူ၍၎င်း၊ မင်းစေဟူ၍၎င်းငါးပါးခွဲ၍သုံးစွဲကြသည်။ ထိုငါးပါးတို့တွင် အရှင်မှာတိုင်းဆိုသူကိုတမန်၊ မင်းနှစ်ပါးသင့်အောင်ဆိုသူကိုတံဆေး၊ သူ့စကားကိုထောက်၍ယုတ်လွန်မရှိ ဆိုသူကိုသုံ့သေး၊ လိုသည်ကိုတောင်းလာသည်ကိုသံ၊ မှာတိုင်းဆို၍စေဖက်ရမှသွားသူကို မင်းစေဟုခေါ်သည်။

ထိုသံတမန်ကား
(၁)မန္တိနီ·မင်းတိုင်ပင်အမတ်၊
(၂)သေနာနိ·ဗိုလ်မှူးအမတ်၊
(၃)အက္ခဒေဿာ ·တရားဆုံးဖြတ်သောအမတ်၊
(၄)ဒေါဝါရိကော·တံခါးမှူးအမတ်၊
(၅)အနိကဋ္ဌေ·ကိုယ်ရံတော်အမတ်၊
(၆)မလ္လာကေ·လက်ပန်းသည်အမတ်၊ (လက်ဝေအမတ်)၊
(၇)သေဝကော·မင်းခစားအမတ်၊
(၈) ဟေရညိကော· ရွှေငွေမှု၌စံကိုင်ပွဲစားအမတ်၊
(၉) အဓိကကော·တစ်ရွာ၌ကြီးကဲသော အမတ်၊ (သူကြီး·ကလန်အမတ်)၊
(၁ဝ)ဂေါပေါ·ရွာအများ၌ကြီးကဲသောအမတ် (တိုက်သူကြီး·သံပျင်အမတ်)၊
(၁၁)စရော·သူ လျှိုအမတ်၊
(၁၂)ဒူတော·သံတမန်အမတ်၊
(၁၃)ဂဏကော·ဂဏန်းဟူးရားတတ်အမတ်၊
(၁၄)လခကော·စာရေးစာချီအမတ်ဟူ၍
၁၄ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။

ထိုသံတမန်မှာ တိုင်းပြည်၏ကိုယ်စားတိုင်းတစ်ပါးသို့ စေလွှတ်ရသော ပုဂ္ဂိုလ်ဖြစ်၍ အောက်ပါအင်္ဂါတို့နှင့်ပြည့်စုံသူ ဖြစ်ရသည်။ သို့မှတိုင်းကျိုးပြည်ကျိုးကိုဆောင်ရွက်နိုင်သည်။ သံတမန်အင်္ဂါကိုလည်း အမျိုးမျိုးပြဆိုကြသည်။

ရာဇနီတိ၌သံတမန်အင်္ဂါခြောက်ပါးကား·
(၁)ပညဝါ·ဉာဏ်ပညာရှိခြင်း၊
(၂) ဝါကျဆေက·စကားတတ်ခြင်း၊ စကားပြောလိမ်မာခြင်း၊
(၃)သူရ·ရဲစွမ်းသတ္တိရှိခြင်း၊
(၄)ပရစိတ္တဇာနန·သူတစ်ပါး၏ စိတ်နေစိတ်ထားကိုသိခြင်း၊
(၅) ဒန္တ·ယဉ်ကျေးသိမ်မွေ့ခြင်း၊
(၆)ပဋိဝါကျ·သူတစ်ပါးသင်ဆိုသောစကားကိုပြန်လည် ခြေပနိုင်ခြင်းဖြစ်သည်။

တစ်နည်း သုတောဒိတ မဟာရာဇဝင်ကြီးတတိယ တွဲ၌·သံတမန်အင်္ဂါ ရပါးကား·
(၁)အမျိုးမြတ်ခြင်း၊
(၂)တတ်သိလိမ်မာခြင်း၊
(၃)တည်ကြည်ခြင်း၊
(၄)ရဲရင့်ခြင်း၊
(၅)အရိပ်အခြည်သိခြင်း၊
(၆) စည်းစိမ်ချမ်းသာရှိခြင်း၊
(ရ)တော်မှန်ခြင်းဖြစ်သည်။ (အင်္ဂါရှစ်ပါးဆိုသော်လည်း ရပါးသာရှိသည်)။
တစ်နည်းအင်္ဂုတ္တရပါဠိတော်စသည်တို့၌ သံတမန်အင်္ဂါရှစ်ပါးကား
(၁)သောတာ·မှာကြားလိုက်သော စကားတို့ကိုနားလည်ခြင်း၊
(၂)သာဝေတာ·မှာကြားလိုက်သော အတိုင်းပြောဆိုနိုင်ခြင်း၊
(၃) ဥဂ္ဂ မောတာ·မမေ့မလျော့အောင် မှတ်သားထားနိုင်ခြင်း၊
(၄) ဓာရေတာ·မချွတ်မယွင်းအောင်ဆောင်နိုင်ခြင်း၊
(၅)ဝိညာတာ·စကားရှိတိုင်းအနက်အဓိပ္ပါယ်ကိုသိနားလည်ခြင်း၊
(၆)ဝိညာပေတာ· သူတစ်ပါးနားလည်အောင်ပြောဆိုတတ်ခြင်း၊
(ရ)သဟိတာသဟိတကုသလာ·အကျိုးရှိသည်မရှိသည်၌ တတ်သိလိမ်မာခြင်း၊
(၈) နောစကလဟကာရက· ငြင်းခုန်ခိုက်ရန်မဖြစ်အောင်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။

တိုင်းတပါးသို့စေလွှတ်ခန့်ထားသည့် သံတမန်ကား အလွန်အရေးကြီးသည်။ အထက်ပါအင်္ဂါရပ်တို့နှင့် ပြည့်စုံ လုံလောက် သောပုဂ္ဂိုလ်တို့ကိုသာ စေလွှတ်ခန့်ထားရသည်။ ထိုသို့စေလွှတ်ခန့်ထားရာ၌လည်း ပုဂ္ဂိုလ်၊ သံတမန်ကြီး၊ သံတမန်လတ်၊ သံတမန်ငယ်ဟုသုံးစားရှိသည်။ တိုင်းပြည်ဘက်ကကြည့်ပြန်လျှင်လည်း တိုင်းပြည်ကြီး၊ တိုင်းပြည်လတ်၊ တိုင်းပြည်ငယ်ဟူ၍ သုံးစားရှိပြန်သည်။ ထိုသို့ရှိရာသံတမန်နှင့် တိုင်းပြည်လိုက်လျောအောင် တိုင်းပြည်ကြီးသို့ သံတမန်ကြီး၊ တိုင်းပြည်လတ်သို့ သံတမန်လတ်၊ တိုင်းပြည်ငယ်သို့သံတမန်ငယ်ကို စေလွှတ်ခန့်ထားရာသည်။

ထိုထိုနိပါတ်တော်၊ ရာဇဝင်၊ သာသနာဝင်၊ နီတိ စသောစာအုပ်စာတမ်းတို့၌ သံတမန်စေလွှတ်ခြင်း ခန့်ထားခြင်းနှင့် စပ်လျဉ်းသောအကြောင်းအရာတို့ကို တွေ့မြင်ရသဖြင့် သံတမန်စေလွှတ်ခြင်း၊ ခန့်ထားခြင်း အလေ့အထမှာရှေးရှေးအခါကပင်ရှိခဲ့ကြောင်းထင်ရှားသည်။ ယခုအခါလည်းကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးသီးတို့သည် တိုင်းပြည်တစ်ခုနှင့်တိုင်းပြည်တစ်ခု မဟာမိတ်ဖြစ်၍ အဆက်အသွယ်ကောင်းရန် သံတမန် အလဲအလှယ်ပြုကာ တိုင်းပြည်တစ်ခုက တိုင်းပြည်တစ်ခုသို့ သံတမန်စေလွှတ်ခန့်ထားကြသည်။

ပြည်ပိုင်အစိုးရသည် သံတမန်တို့ကို နှိပ်စက်ညှဉ်းပန်း ခြင်း၊ သတ်ဖြတ်ခြင်းကိုမပြုရ၊ ပြေပြေပြစ်ပြစ် ဆက်ဆံရသည်။ တစ်ပြည်နှင့်တပြည်စစ် ချစ်ကြည်အေးချမ်းနေသောအခါ၌ ထားဘိဦး၊ စစ်ဖြစ်နေသောအခါ စစ်တိုက်နေဆဲအခါ ဖြစ်သော်လည်း တစ်ပြည်မှတစ်ပြည်သို့ စေလွှတ်သောသံတမန်၊ စစ်တပ်တစ်ခုမှစစ်တပ်တစ်ခုသို့ စေလွှတ်သောသံတမန်တို့ကို နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းကိုမပြုရ၊ ပြေပြေပြစ်ပြစ်ဆက်ဆံရသည်။

သက္ကရာဇ် ၆၁ရ ခု၊နန်းတက်သော ပုဂံပြည် နရသီဟပတေ့မင်းလက်ထက် ၆၄၃ ခုတွင်တုတ်ပြည် ဥတည်ဘွားက ရွှေထမင်းအိုး၊ ငွေထမင်းအိုး၊ ရွှေပေါင်းချောင်၊ ငွေပေါင်းချောင်၊ ရွှေယောက်မ၊ ငွေယောက်မ၊ ရွှေဟင်းချို၊ ငွေဟင်းချိုအနော်ရထာမင်းလက်ထက်ကဆက်ဖူးသည်ဟူ၍ အမတ်တစ်ကျိပ်နှင့်မြင်းသည် တစ်ထောင်တို့ကိုစေလွှတ်၍ တောင်းလာသည်။ တုတ်သံတို့သည် မင်းကြီးရှေ့တော်တွင် မတော်မလျော်မကျစ်မလျစ်၊ပြုချေ၏။ ဤမတ်တစ်ကျိပ်နှင့် မြင်းသည်တစ်ထောင်တို့ကို တစ်ယောက်မလွတ်သတ်စေဟု အမိန့်တော်ရှိသည်။

ထိုအခါ အနန္တပစ္စည်းအမတ်သည် ဘုန်းတော်ကြီးသော ဘုရာ တုတ်ဥတည်ဘွား သံတို့သည် ရာဇဝတ်မလိမ်မာ၍ မခြေမငံကျင့်မိသော်လည်း မှတ်သား၍ ဥတည်ဘွားသို့ စေတော်မူလျှင်လည်းစေတော်မူရသည်။ သည်းခံတော်မူ၍ ပြည်ရေးရွာမှုပြေလည်အောင် မိန့်တော်မူသင့်လျှင်လည်း မိန့်တော်မူရလေသည်။ မင်းအဆက်ဆက်တို့သည် သံတမန်ကို သတ်သောထုံးစံမရှိ။ သည်းခံမှသင့်မည်ဟုလျောက်သည်။

မင်းကြီးလည်း ငါကဲ့သိုသောမင်းကို မခန့်မရည်ကျင့်ပြီး သတ်လေသည်မိန့်တော်မူ၏။ အမတ်တို့လည်းမင်းကြီး အာဏာကိုကြောက်သဖြင့် တစ်ယောက်မလွတ်သတ်လေ၏။ ထိုအကြောင်းကိုဥတည်ဘွားကြားလျှင် ပြင်းစွာအမျက် ထွက်၍ စစ်သည်ဗိုလ်ပါ မြောက်မြားစွာစီရင်၍ ချီလာလျှင် အမျိုးမျိုးတိုက်ခိုက်ခုခံပါသော်လည်း မခံနိုင်သည်တွင် မင်းကြီးလည်းပုသိမ်သို့ပြေးရ၏။ နောက်အခါ မင်းနှင့် တကွတိုင်းပြည်လည်းပျက်စီးရ၏၊ မင်းလည်းရာဇဝင်တွင် တုတ်ပြေးမင်းဟုတွင်ရစ်သည်။

(ဤကားသန်တမန်ကိုသတ်မိ၍ပျက်စီးသောထုံးတည်း)။


ထိုပြင်သံတမန်နှင့်စပ်လျဉ်း၍ဗဟုသုတတိုးပွားစေရန် သုတောဓိတမဟာရာဇဝင်ကြီး၊ တတိယတွဲ· ရာဇသန်စေလွှတ်သည့်စာများအကြောင်းမှထုတ်နှုတ်ပြဆိုပါအံ့။ တစ်ရံရောအခါအဒိဋ္ဌသဟာယဖြစ်သော ဟံသာဝတီပြည်ဓမ္မစေတီမင်း၏၊ အမြော်အမြင်ပညာကိုစုံ စမ်းလိုသဖြင့်ကြီးစွာသောတံတင်း(သေတ္တာ)၌ လောင်စာအပြည့်ထည့်၍ဖွင့်သောအဝ၌သော့ကျင်ကိုထိကာမျှ ဖြင့်မီးလျှံဖြစ်လာအောင်ကျောက်နှင့်သံကိုစီရင်ပြီးမှ ရာဇသန်ရွှေပေတွင် (ကရောဘ·စောလ·ရောင်းက) စကားသုံးခွန်းကိုရေး၍ ဓမ္မစေတီမင်းအားဆက်သစေ၏။ ဓမ္မစေတီမင်းလည်းအမှာစာနှင့် လက်ဆောင်တံတင်း ကိုမြင်လျှင် မသက်မသာရှိလျက်ဆယ်ရက်၊လခွဲနှိုက်နဲတွေးယူ ကြံတော်မူပြီးမှစကားရကိုကျနတော်မူ၏။ စကားသုံးခွန်းတွင် (ကရောဘ) ကားဖဦး ထုပ်နောက်ဆုပ်ဆိုလိုသည်ဖြစ်သော ကြောင့် (ပ)စောက်အက္ခရာ၊ (စောလ) ကား မြေးအဘိုးဆိုလိုသည်ဖြစ်သောကြောင့် (လ)အက္ခရာ။ (ရောင်းက) ငါးမျှော်သည်ဆိုလိုသောကြောင့် ငါးမျှော်သောသတ္တဝါကား ဥဗျိုင်းဖြစ်၏။ ဥဗျိုင်းကို(ပေါက်)ခေါ်သောကြောင့် သုံးလုံးပေါင်းလျှင် (ပ·လ·ပေါက်)ဖြစ်၏။ မြန်မာလိုမ ဖွင့်နှင့်ဆိုသည်။ ဌို ကြောင့်ထိုတံတင်းကိုမြင်းနှင့်တင်ကာမြို့ပြင်သို့အမြန်ထုတ်၍ သော့ကျင်ကိုနှက်စေရာ မီးတောက်၍လောင်ကျွမ်းသဖြင့် အံ့ဖွယ်သူရဲဖြစ်လေသည်။

(ဤကားစကားဝှက်ရေး၍လက်ဆောင်ဖြင့် ပညာစမ်းခြင်းတည်း။) တစ်ရံရောအခါရခိုင်မင်းကလက်ဆောင်ပဏ္ဏာများစွာနှင့် ပတ္တမြားကျည်တောက်တစ်ခုတွင်မြေမှုန့် တစ်ခုတွင်ထုံးမှုန့်ထည့် ၍ အင်းဝမင်းခေါင်အား ရွှေနန်းတော်သို့တက်၍ မတ်တပ်ဆက်သရ၏။ အင်းဝမင်းခေါင်လည်း ပတ္တမြားကျည်တောက်တွင် မြေမှုန့်နှင့်ထုံးမှုန့်ကိုမြင်သော် အံ့ဖွယ်သရဲဖြစ်လျက် မြေကြီးအထုနှင့်တူသောဗိုလ်ပါအများနှင့် ငါချီလာရက၊ အင်းဝပြည်သည်ထုံးမှုန့်နှင့် အတူမကြေလောဟု ယူဆကာ၊ မရွှင်သောမျက်နှာဖြင့် အဆောတလျင်အဆောင် တော်သို့ဝင်သည်ကိုနားတောင်းများဟူသော အမတ်ပညာရှိသိမှ အတွင်းတော်သို့ဝင်၍ အရှင်၏အချစ်တော်ရခိုင်မင်းက မြေမှုန့်လက်ဆောင်ဆက်သရာမှာ (ကျွန်ုပ်ကိုသူကောင်းမှတ် လျင်မြေခြားကိုမှတ်ပါ) ဟုလျှောက်လိုသည်။

ထုံးမှုန့်လက်ဆောင်ဆက်သရာမှာ(အဖိုးအခွန်တော်မှာရှေး ထုံးအတိုင်းဆက်သပါမည်ဟုလျှောက်လိုသည်ဟုကြားလျှောက်မှ စိတ်တော်ပြေ၍သို့ ဖြစ်လျှင်မြေခြားကို သတ်မှတ်လေ။ ရှေးထုံးအစဉ်အလာရှိသည့်အတိုင်းလည်းအဖိုးအခွန် ဆက်ရောက်စေဟူ၍ ရခိုင်သို့စေရပြန် သည်။ (ဤလည်း စကားဝှက်ရေး၍လက်ဆောင်ဖြင့်ကျွန်ခံမြဲခံခြင်းတည်း) ယိုးဒယားမင်းနှင့်ဇင်းမယ်မင်းတို့သည် မိတ်ဖွဲ့ကြ လျက်စစ်မက်မထိုးကြဘဲ ၊ခဲခက်သည့်အရာ ပြဿနာ အမေးအထွေထွေကိုစီရင်စေ၍ မဖြေနိုင်လျှင်ရွှေပိသာတစ်ရာ၊ ငွေပိသာတစ်ရာ၊ ဆင်ပေါက်တစ်စီးဆက်ရမည်ဟု ကတိထားကာ ယိုးဒယားမင်းကဇင်းမယ်သို့ (စွတ်၏၊ နစ်၏၊ ပစ်၏။) ဟူသောပြဿနာသုံးထွေကိုရွှေပေရာဇသန်တွင် စီမံရေးသားစေပြီလျှင် အထွေထွေသောလက်ဆောင်ပဏ္ဏာ၊နှင်ဇင်းမယ်မင်းသို့ပိုရ၏။

ဇင်းမယ်မင်းလည်းပြဿနာသုံးထွေကို ရဟန်းပညာရှိတို့နှင့်တိုင်ပင်ဆွေးနွေး၍၊ (စွတ်၏) ဟူသော စကားသည်ဘုရားလောင်းတေမိမင်းသားကို ဖွားမြင်သောအခါ မိုးကြီးစွာရွာသဖြင့် လူအပေါင်း တို့ကို စွတ်စို စေသောကြောင့် (စွတ်၏) ဟုဆိုလိုသည်။ (နစ်၏) ဟူသောစကားသည်ဘုရား လောင်းမဟာ ဇနကမင်း သားသည်သမုဒ္ဒရာအလယ်တွင် သင်္ဘောပျက်သောအခါရေတွင်နစ်သောကြောင့် (နစ်၏)ဟု ဆိုလိုသည်။ (ပစ်၏) ဟူသောစကားသည် ဘုရားလောင်းသုဝဏ္ဏသျှံကို ပီဠိယက္ခမင်းကြီး ကလေးနှင့် ပစ်သောကြောင့် (ပစ်၏) ဟူဆိုလိုသည်။ ဤသို့ပြဿနာသုံးထွေကိုဖြေကြား၍ ရွှေပေတွင်ရေးပြီးလျှင် လက်ဆောင်ပဏ္ဏာနှင့်တကွယိုးဒယားသို့ပို့ရသည်။ (ဤကားအလောင်းအစားပြု၍ စကားဝှက်ကာမေးသော ပြဿနာကိုဖြေ စေခြင်းတည်း။)

တစ်ဖန် ဇင်းမယ်မင်းကယိုး ဒယားမင်းသို့ (အဋ္ဌမေကီဒိသော စန္ဒော၊ ဒုဋ္ဌဣတ္ထိံ ကိံ ကရေယျ၊ သဗ္ဗတ္ထပူဇိ တော ကောနု·ရှစ်ရက်မြောက်သောနေ့၌ လသည်အဘယ်သို့ သဏ္ဌာန်ရှိသနည်း။ ယုတ်မာပျက်စီးသောမိန်းမကို အဘယ်သို့ ပြုရမည်နည်း။ အလုံးစုံသောအရပ်၌ ပူဇော်အပ်သောသူကားအဘယ်သူနည်း) ဟု အမေးပြဿနာ သုံးချက်ကိုရှစ်လုံးဖွဲဂါထာသုံးပါဒစီကုံး၍ ရွှေပေတွင်ရေးပြီးလျှင်လက်ဆောင်ပဏ္ဏာနှင့်တကွ ပို့ပြန်၏။ (ဤလည်းစကားဝှက်ကာမေးသောပြဿနာကိုဖြေစေခြင်းတည်း။) နောက်ထပ်တစ်ဖန် ယိုးဒယားမင်းကဇင်းမယ်မင်းသို့ ရာဇသန်ရွှေပေတွင်ရေး၍ လက်ဆောင်ပဏ္ဏာ နှင့်တကွ (သစ္စေးကျည်တောက်၊ ပြာမှုန့်၊ လိပ်ခွံ၊ စူးငယ်၊ ကရားငယ်။)ဤငါးပါးမျိုးကို အနားရေးတစ်ရာရှိသော မုနောလင်ပန်း၌ထည့်၍ပို့ပြန်၏။

ဇင်းမယ်မင်းလည်းမှာစာကိုကြား၍ လက်ဆောင်တို့ကိုမြင်သော်အလွန်စိုးရိမ်သဖြင့်ရဟန်းပညာရှိလူ ပညာရှိတို့နှင့်တိုင်ပင်နှီးနှောသောအခါ ယွန်းတို့အလိုသစ္စေးကျည်တောက်ကို (ရက်)ဟုခေါ်သည်။ ပြာ မှုန့်ကို (တော်)ခေါ်သည်။ လိပ်ခွံကို (တော)ဟုခေါ်သည်။ စူးငယ်ကို (စီ)ဟုုခေါ်သည်။ ကရားငယ် ကို(ဝိတ်)ဟုခေါ်သည်။ အက္ခရာငါးလုံးပေါင်းသော်( ရက်·တော်·တော·စီ·ဝိတ်)ဖြစ်၏။ (အသက်ထက် ဆုံးချစ်ကြည်ရမည်ဆိုလိုသည်ဟူ၍ ရာဇသံရွှေပေတွင်ရေးပြီးလျှင် ရှေးကထက်မြင့်မောက်သော လက်ဆောင်ပဏ္ဏာများနှင့်တကွယိုးဒယားမင်းသို့ပို့ပြန်၏။ (ဤကား လက်ဆောင်ပစ္စည်းတို့ကိုစကားဝှက်ပြုလုပ် ၍မိတ်ဆက်ပြန်ခြင်းတည်း။ )

နောက်ထပ်တစ်ဖန်ဇင်းမယ်မင်းကယိုးဒယားမင်းသို့ (မြတ်သော ပတ်ယပ်လက္ခဏာယတယာရသော ဆင်ဖြူရတနာကို ဥဗျိုင်းမငယ်တစ်ခုသည် ချီဆောင်နှော၍ ကျူတောဝယ်ချလေသောကြောင့်ဗျာပါသောက ရှိရချေသည်။) ဟူသော မှာစာကိုရွှေပေတွင်ရေး၍ လက်ဆောင် ပဏ္ဏာနှင့်တစ်ကွပို့စေပြန်သည်။

ယိုးဒယားမင်းသည်ပညာရှိအပေါင်းနှင့်တိုင်ပင်ဆွေးနွေး ပြီးမှ (မြတ်သောပတ်ယပ်လက္ခဏာယတ ယာရသောဆင်ဖြူ ရတနာနှင့်တူသော ဆရာကြီးကို ဥဗျိုင်းမငယ်နှင့်တူသော မိန်းမပျိုသည် ဖျက်ဆီးမည်ကြံ၍ ကျူမီးလျှံနှင့်တူသောရာဂတော၌ချလေသောကြောင့် စိုးနှောင့် ဗျာပါ ပူဆာသောကရှိရသည်။) ဖြေဆိုပြီးမှရွှေပေတွင်ရေး၍ ဇင်းမယ်မင်းသို့ပို့စေပြန်၏။ (ဤကားစကားဝှက်ဖြင့်မေး၍ဖြေခြင်းတည်း။)

တစ်ရံရောအခါဇင်းမယ်နှင့် ယိုးဒယားသို့စီးသွားသော မဲပိန်မြစ်တွင်ငါးကြီးတစ်ကောင်ကို တံငါတို့ရသဖြင့် ထူးခြား လှသောငါးဖြစ်သောကြောင့် ပြည်စိုးမြို့ကွပ်သို့ဆက်လေ၏။ ထိုမှတစ်ဖန်အဆင့်ဆင့်အားဖြင့် ယိုးဒယားဘုရင်သို့ရောက်၍ ထိုငါးကြီးကိုဖျက်ဆီး၍ကြည့်သော အခါဦးခေါင်းခွံထဲ၌(ဒ·ဘ·အ·တ)အ အက္ခရာလေးလုံးကို တွေ့ရသဖြင့်ရဟန်းပညာရှိတို့နှင့်ဆွေးနွေးစီစစ်ပြီးလျှင်· ဒသလက္ခဂဇံ ရဋ္ဌံ၊ ဘယံ စောရဒု¸ိက္ခကံ။ အညမညံ ဃဋေဿန္တိ၊ တဒါ သုညံ နဝပုရံ။ ဟူ၍ အက္ခရာတစ်လုံးတစ်ပါဒစီ ဂါထာဖြစ်အောင်စီရင်၏။ အဓိပ္ပါယ်ကား (ဆင်တသိန်းရှင် စီရင် အုပ်ချုပ်သော ဇင်းမယ်ပြည်သည်သူခိုးဓားပြဘေး၊ ငတ်မွတ်ခေါင်းပါးသော ဘေးနှစ်ပါးကြောင့်အချင်းချင်း ညှဉ်းဆဲသတ်ဖြတ်ကြကုန်လတ္တံ့၊ ထိုအခါအသစ်တည်ထောင်ထားသဖြင့် နဝပုရမည်သော ဇင်းမယ်ပြည်သည် ပျက်စီးဆိတ်သုန်းမည်။)ဟု ရွှေပေတွင်ရေး၍ လက်ဆောင်ပဏ္ဏာနှင့်တကွ (ရာဇပုရိန္ဒ)မည်သောယိုးဒယားအမတ်ကိုစေလွှတ်၍ ဇင်းမယ်သို့ပို့စေ၏။

ဇင်းမယ်ပြည်သို့ရောက်လျှင် ဇင်းမယ်ဘုရင်သည် ပညာရှိတို့နှင့်တိုင်ပင်နှီးနှော၍ဤမြစ်ကား ယိုးဒယားနှင့်ဇင်းမယ်စီးသွားသည်မှန်၏။ သို့သော်လည်းငါတို့ပြည်မှာသည်ငါးကိုမရ၊ ယိုးဒယားမှာသာ ဩဘာနိမိတ်အတိတ်ပြန်လို၍ရသည်ကိုသူတို့က အလိမ္မာနှင့်ဇင်းမယ်ပြည်မှာသာဘေးဖြစ်လိမ့်မည်အဟန် ကြံဖန်ပြုသည်ဖြစ်သောကြောင့် ယင်း ( ဒ·ဘ·အ·တ)အက္ခရာလေးလုံးကိုပင်· ဒသဂဇံ ကုလံ ရဋ္ဌံ၊ ဘယံ စောရ သတ္ထန္တရံ။ အစိရေန ဝိနဿန္တိ၊ တသ္မာ ဒီပံ ကရောဓီရောဟု တစ်ဖန်ဂါထာဖွဲ့စီပြန်၏။ အဓိပ္ပါယ်ကား (ဆင်ဆယ်မျိုးအရှင်စီရင်အုပ်ချုုပ်သောယိုးဒယား ပြည်သည်သူခိုး ဓါးပြဘေး၊ လက်နက်စွဲကိုင်ကာ ညှဉ်းဆဲသတ်ဖြတ်ခြင်းဘေးနှစ်ပါးကြောင့်မကြာမတင် ဆောလျင်စွာပျက်စီးကုန်လတ္တံ့။ ထိုကြောင့်ပညာရှိသော ပြည်ကြီးရှင်သည် မှီခိုရာကိုင်းကျွန်းသဖွယ်ဖြစ်သော ရတနာသုံးပါးကိုလှူဒါန်းပူဇော်ခြင်းကိုပြုရာ၏။) ဟုရွှေပေတွင်ရေး၍ လက်ဆောင်ပဏ္ဏာနှင့်တကွ ယိုးဒယားပြည်သို့ပြန်ပို့စေ၏။ (ဤကားတစ်ပြည်နှင့်တစ်ပြည် မိမိတို့ထင်မြင်ယူဆချက်အတိုင်းဂါထာစီကုံး၍၊ ရေးသားစေကြ ခြင်းဖြစ်သည်။ ထိုအတိုင်းပင်နှစ်ပြည်ထောင်လုံး ဆင်ဖြူများရှင်လက်သို့ရောက်၍ပျက် စီးကြရသည်။)


ယခုခေတ်၌လည်းသံတမန်သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ နိုင်ငံရေးအရသော်၎င်း၊ စီးပွားရေးအရသော်၎င်း၊ ဆက်ဆံရာ၌အလွန်အရေးကြီး လှပေသည်။ သံတမန်သည်အခြား အချုပ်အခြာအာဏာပိုင် နိုင်ငံခြားတိုင်းပြည်တစ်ပြည်သို့ မိမိ၏ပြည်ပိုင်အစိုးရကိုယ်စား တရားဝင်စေလွှတ်ခန့်အပ်ခြင်းခံရသောပုဂ္ဂိုလ်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏အစိုးရသည် အခြားတစ်နိုင်ငံနှင့်ဆက်သွယ်လို သော ဆန္ဒရှိပါက သံတမန်များမှတ ဆင့်ဆက်သွယ်လိုကြောင်း သဝဏ်လွှာကိုပို့ရမြဲဖြစ်သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မက်အင်္ဂါဖြစ်ပွားပါက ဦးစွာပထမသံတမန်များကို မိမိတို့ တိုင်းပြည်များသို့ ပြန်ခေါ်ရသည်။

သံတမန်၏တာဝန်ဝတ်တရားများကား ကြီးလေးလှပေ သည်။ အမြော်အမြင်ကြီး၍ပရိယာယ်ကြွယ်ဝပြီးလျှင် ဆက်ဆံမှု၌လည်းလိမ်မာရေးခြားရှိရပေသည်။ သို့မှသာနှစ်နိုင်ငံဆက်ဆံရေးသည်ပြေပြစ်ချောမော၍ ကြာရှည်ချစ်ကြည်လေးစားစွာပေါင်းသင်းသွားနိုင်လေသည်။ သံတမန်သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စက်မက်အင်္ဂါဖြစ်ပွားစေနိုင်သည့် အထင်မှားအမြင်မှားမှုမျိုးမရှိစေရန်ကိုလည်း အထူးသတိပြုရပေသည်။ အရေးကြီးသည့်တာဝန်တစ်ခုမှာ မိမိအားစေလွှတ်ထားရာနိုင်ငံ၏ လူထုသဘောထားကို လေ့လာစုံစမ်းပြီးလျှင် နိုင်ငံရေးအရ မည်သည့်အခြေအနေတွင်ရှိ၍၊ မည်သို့တိုးတက် ပြောင်းလဲလျက်ရှိကြောင်းများကို မိမိ၏အစိုးရထံသို့ အမြဲအစီရင်ခံရခြင်းပင်ဖြစ်ပေသည်။ သံတမန်အဆင့်အတန်းအမျိုးမျိုးရှိ၏။ တိုင်းပြည်ကြီး တိုင်းတွင်သံအမတ်ကြီး၊ သို့မဟုတ် ပြည်တော်နေသံအမတ်များ ကို မိမိတို့၏ကိုယ်စား အခြားတိုင်းနိုင်ငံများ၏ နေပြည်တော်များ၌ စေလွှတ်ခန့်အပ်ထားကြသည်။


တစ်ခါတစ်ရံအထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော သံအမတ်ကြီးများကို စာချုုပ်လက်မှတ်ရေးထိုးရန်အတွက်သော်၎င်း၊ နိုင်ငံရေးကိစ္စတခုခု ဆွေးနွေး စေ့စပ် ရန်သော်၎င်း၊ စေလွှတ်လေ့ရှိသည်။ ဤသံကြီး၊ သံလတ်၊ သံငယ်များအပြင် ထိုသံတမန်များကိုကူညီ ဆောင်ရွက်ရန်ပထမအတွင်းဝန်၊ ဒုတိယအတွင်းဝန်၊ တတိယအတွင်းဝန်စသည်ဖြင့် အတွင်းဝန်အမျိုးမျိုးကိုလည်း စေလွှတ်ခန့်ထားသေးသည်။[၁]


အခြားကြည့်ရန်[ပြင်ဆင်ရန်]

သံအမတ်နှင့်ကောင်စစ်ဝန်

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)