ကူဗလိုင်ခန်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကူဗလိုင်
မွန်ဂိုအင်ပါယာ၏ ခန်ဘုရင်များ
ယွမ်မင်းဆက်၏ ဧကရာဇ်များ
တရုတ်အင်ပါယာ
YuanEmperorAlbumKhubilaiPortrait.jpg
ယွမ်မင်းဆက်ခေတ်မှ ကူဗလိုင်ခန်၏ ပန်းချီပုံ
နန်းသက် ၅ မေ ၁၂၆၀ – ၁၈ ဖေဖော်ဝါရီ ၁၂၉၄
နန်းတက်ချိန် ၁၂၆၀
ရှေ့မင်းဆက် Mongke Khan
နောက်မင်းဆက် Temur Khan
မွေးဖွား ၂၃ စက်တင်ဘာ ၁၂၁၅
ကွယ်လွန် ၁၈ ဖေဖော်ဝါရီ ၁၂၉၄
Dadu (Khanbalic)
ထာဝရ အိပ်စက်ရာ နေရာ Burkhan Khaldun, Khentii province
ကြင်ရာတော် Chabi
အိမ်ထောင်ဖက်
  • Nambui
အမည် အပြည့်အစုံ
မွန်ဂိုးလီးယား: ᠬᠦᠪᠢᠯᠠᠢ ᠬᠠᠭᠠᠨ
တရုတ်: 忽必烈
Kublai Setsen Khan
ကွယ်လွန်ပြီးနောက် အမည်
Emperor Shengde Shengong Wenwu (聖德神功文武皇帝)
Temple name
Shizu (世祖)
စံအိမ် Borjigin
Mongolian: Боржигин
ခမည်းတော် Tolui
မယ်တော် Sorghaghtani Beki

ကူဗလိုင်ခန် ( ၁၂၁၆- ၁၂၉၄ ) သည် ကမ္ဘာ့အရှေ့ဘက် တစ်လွှားတွင် တန်ခိုးကြီးမားခဲ့သော မွန်ဂိုဘုရင် ဂျင်ဂစ်ခန်၏ မြေးဖြစ်သည်။ ကူဗလိုင်ခန်မှာ တူလီ၏ ဒုတိယသားဖြစ်၍ ၁၂၁၆ ခုနှစ်တွင် မွေးဖွားသည်။ ငယ်စဉ်ကပင် နောင်တော်ဖြစ်သူ မန်ဂူ၏ လက်အောက်တွင် စစ်မှုထမ်းကာ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသများကို တိုက်ခိုက်သိမ်းယူခဲ့သည်။ မန်ဂူဘုရင် ကွယ်လွန်သောအခါ ၁၂၆၀ ပြည့်နှစ်တွင် မွန်ဂိုမင်းဆွေမင်းမျိုးတို့၏ အစည်းအဝေးကြီးက သူ့အား ခန်မင်းကြီးအဖြစ် တင်မြှောက်လိုက်ကြသည်။

ခန်မင်းကြီးမှာ လက်ရုန်းရည်၊ နှလုံးရည်နှင့် ပြည့်စုံသူဖြစ်၍ ဖိုးတော် ဂျင်ဂစ်ခန်၏ ရည်ရွယ်ချက်အတိုင်း တရုတ်နိုင်ငံတစ်ခုလုံးကို သိမ်းသွင်းလိုသော ဆန္ဒပြင်းပြသည်။ ထို့ကြောင့် ဆွန်ဘုရင်တို့ ပိုင်နက်ဖြစ်သော တရုတ်နိုင်ငံ တောင်ပိုင်းကို တစ်စတစ်စ တိုက်ခိုက်သိမ်းသွင်းခဲ့ရာ နောက်ဆုံးတွင် ကူဗလိုင်ခန်မှာ တရုတ်နိုင်ငံ တစ်ခုလုံး၏ ဘုရင်ဖြစ်လာတော့သည်။

ခန်မင်းကြီးသည် မိမိ၏ မြို့တော်ကို ကယ်ရာကိုးရမ်းမှ တရုတ်နိုင်ငံတံတိုင်းကြီးအတွင်း ယခု ပီကင်းမြို့ နေရာသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမြို့တော်သစ်မှာ လေးထောင့်မြေကွက်ပေါ်တွင် တည်ရှိ၍ အဝန်း ၁၈ မိုင်ရှိသည်။ မြို့တော်မှာ အလွန်ခမ်းနား ကြီးကျယ်လှသဖြင့် နိုင်ငံခြားသားများကပင် အထူးချီးကျူး ရေးသားကြသည်။ ထိုမြို့တော်ကို တိုင်တူးဟု သမုတ်၍ ‘ရုံးတော်ကြီး’ ဟု အဓိပ္ပာယ်ရသည်။ အနောက်တိုင်းသားတို့ကမူ ခန်ဗာလိ (ဝါ) ခန်မင်းကြီး၏ မြို့တော်ဟု ခေါ်ကြသည်။ ဤမြို့တော်ကြီး ခမ်းနားကြီးကျယ်ပုံကို ၁၇ နှစ်တိုင်တိုင် ခန်မင်းကြီးထံတွင် အမှုထမ်းဖူးသူ ဗင်းနစ်မြို့သား မာကိုပိုလိုက မှတ်တမ်းတင်ထားခဲ့သည်။ ၁၈ ရာစုနှစ်တွင် အင်္ဂလိပ်ကဗျာဆရာကြီး ကိုးလားရစ်က ၅၄ ကြောင်းသော ကဗျာဖြင့် ချီးကျူးရေးသား ပြန်သေးသည်။

ခန်မင်းကြီးသည် မဟာယန ဗုဒ္ဓဝါဒီ တစ်ယောက် ဖြစ်သော်လည်း တရုတ်ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများကိုလည်း လေးစားသည်။ အုပ်ချုပ်ရေးဌာနများတွင် တရုတ်လူမျိုးများကို အများအပြား ခန့်ထားသည်။ ၁၂၆၃ ခုနှစ်တွင် တရုတ်လူမျိုးများ အလေးအမြတ်ထားလေ့ရှိသော ဖိုးဖွားဗိမာန်ခေါ် ကျောင်းဆောင်ကြီးကို ယန်ချင်မြို့တွင် တည်ဆောက်လေသည်။ ၁၂၇၉ ခုနှစ်တွင် မြို့တော်၏ အရှေ့တောင်ဘက်တွင် နက္ခတ်တာရာများ ကြည့်ရှုလေ့လာနိုင်ရန် နက္ခတ်မျှော်စင်ကြီး တစ်ခုကို ဆောက်လုပ်ပေးခဲ့သည်။ ခန်မင်းကြီးသည် တရုတ်လူမျိုးတို့ အထွတ်အမြတ်ထားသည့် ကွန်ဖြူးရှပ် ကျောင်းတော်ကြီးကို မြို့တော်သစ်ကြီးအတွင်းတွင် ဆောက်လုပ်ပေးခဲ့သည့်အပြင် ကွန်ဖြူးရှပ် ဆွေတော်မျိုးတော်များအတွက် နယ် ၂ နယ်ကိုလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ထိုမှတပါး ယန်ချင်မြို့နှင့် ပင်ယန်မြို့များရှိ တက္ကသိုလ်ကျောင်းကြီး ၂ ကျောင်းကိုလည်း ခိုင်မြဲတည်တံ့အောင် ပြုပြင်ကူညီခဲ့သည်။

နိုင်ငံတော်အတွင်း ကူးသန်းရောင်းဝယ်မှု လွယ်ကူစေရန် မြင်းပေါင်း ၂၀၀,၀၀၀ ပါဝင်သော စာပို့စနစ်ကိုလည်းကောင်း၊ တည်းခိုရန် စခန်းပေါင်း ၁၀,၀၀၀ ကိုလည်းကောင်း တီထွင်ဖွင့်လှစ်ခဲ့သည်။ မြို့တော်နှင့် ရေလမ်းဆက်သွယ်မှု လွယ်ကူစေရန် တူးမြောင်းမဟာကြီးကိုလည်း အသစ်ထပ်မံ ဖောက်လုပ်ခဲ့သည်။ ဖောက်ကားရောင်းဝယ်မှုတွင် အခက်အခဲ မရှိစေရန် ငွေစက္ကူများ ထုတ်ခဲ့သည်။ ကူးသန်းရောင်းဝယ်မှုများကို အထူးအားပေး ချီးမြှောက်ခဲ့သည်။ ပိုးထည်လုပ်ငန်းနှင့် ရွှေတောင့်လုပ်ငန်းများမှာ များစွာတိုးတက်ကောင်းမွန်လာသည်။ မင်းကြီးသည် စာပေပညာများကိုလည်း အားပေးခဲ့သည်။ တိဗက်လူမျိုး လာမားဘုန်းကြီး မတီဒဝတ်ရှားဆိုသူ ပုဂ္ဂိုလ်အား စာပေအက္ခရာ အသစ်တီထွင်စေခဲ့သည်။

ပါရှင်းလူမျိုး ဂျာမားအာလာဒင်ဆိုသူအား ခေတ်မှီပြက္ခဒိန် ပြုလုပ်ရန် တာဝန်ပေးအပ်ခဲ့သည်။ အခြားပညာရှင်များအားလည်း မွန်ဂိုတို့၏ သမိုင်းကို ရေးသားစေခဲ့သည်။ ၁၂၆၉ ခုနှစ်တွင် ဝီးဝူးဝါး စာလုံးများဖြင့် စာရေးနည်းကို ပယ်ဖျက်၍ စနစ်သစ်ကို ပေးအပ်ခဲ့သည်။ မဟာယန ဗုဒ္ဓဝါဒကိုလည်း နိုင်ငံတော် ဘာသာအဖြစ် အသိအမှတ်ပြုခဲ့သည်။

ကူဗလိုင်ခန် လက်ထက်တွင် အနောက်နိုင်ငံမှ သာသာနာပြုပုဂ္ဂိုလ် ၂ ဦး ရောက်ရှိလာသည်။ တစ်ဦးမှာ မွန်တီကော်ဗီအရပ်မှ ဂျွန်ဆိုသူဖြစ်၍ ကျန်တစ်ဦးမှာ ပေါ်ဒနိုနီအရပ်မှ အိုဒိုရစ်ဆိုသူ ဖြစ်သည်။ မင်းကြီးသည် ထိုပုဂ္ဂိုလ်နှစ်ဦးအား လေးလေးစားစားထား၍ ခရစ်ယာန် သာသနာပြုခွင့် ပေးသည့်အပြင် ဂျွန်အား ပီကင်းမြို့၏ ပထမဆုံး ဂိုဏ်းချုပ်အဖြစ် ချီးမြှင့်လေသည်။ တိဗက်နယ်တွင်မူ ဘုန်းကြီးဘုရင်စနစ်ကို တီထွင်ပေးခဲ့ရာ ယခုတိုင် ဒလိုင်းလားမားခေါ် တိဗက် သာသနာပိုင်များမှာ တန်ခိုးထွားလျက်ရှိကြသည်။


၁၂၅၉ ခုနှစ်ရှိ မွန်ဂိုအင်ပါယာ

ခန်မင်းကြီးမှာ ရှေးဘိုးလောင်းတော်၊ ဘေးလောင်းတော်များနည်းတူ စစ်တိုက်ခိုက်မှု၊ နိုင်ငံသိမ်းသွင်းမှုများကို လိုလားသည်။ ထိုကြောင့် တိဗက်နိုင်ငံ၊ တာကီစတန်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ကိုချင်ချိုင်းနားနိုင်ငံ၊ ဂျာဗားကျွန်းများသို့ စစ်ချီတက်တိုက်ခိုက်ခဲ့ရာ အောင်မြင်သည်သာ များခဲ့သည်။ ဂျပန်ကျွန်းကိုမူ ရေတပ်ဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ကူဗလိုင်ခန်၏ နိုင်ငံတော်မှာ ဘုရင်တစ်ဦးတည်းပိုင် နိုင်ငံများအနက် အကျယ်အဝန်းဆုံး နိုင်ငံတော်ဖြစ်၍ အရှေ့ဘက်တွင် ပစိဖိတ် သမုဒ္ဒရာမှ အနောက်ဘက်တွင် ပင်လယ်နက် ကျော်သည်အထိ ကျယ်ပြန့်သည့် အင်ပါယာကြီး တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်းလက်ထက် ကူဗလိုင်ခန်၏ စစ်သည်တော်များ မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခိုက်သဖြင့် နရသီဟပတေ့မင်းမှာ ပုဂံမှပြည်မြို့သို့ ထွက်ပြေးတိမ်းရှောင်ရလေသည်။ နရသီဟပတေ့မင်းသည် သျှင်ဒိသာပါမောက္ခ ရဟန်းတော်အား သဝဏ်လွှာနှင့် ပီကင်းမြို့ ကူဗလိုင်ခန်ဘုရင်ထံ စေလွှတ်စေ့စပ်ခဲ့ရကြောင်း၊ မင်္ဂလာစေတီကျောက်စာတွင် တွေ့ရှိရသည်။ ထိုကျောက်စာတွင် ကူဗလိုင်ခန်၏ နေပြည်တော်ကို တယ်တူ (တိုင်တူး) ဟု ဖော်ပြထားသည်။

ကူဗလိုင်ခန်ဘုရင်မှာ အရှေ့ဘက် နိုင်ငံများတွင်သာမက အနောက်ဥရောပ နိုင်ငံများအထိ တန်ခိုးပျံ့နှံ့ခဲ့သော မွန်ဂိုဘုရင် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ယွန်မင်းဆက်ကို စတင်တည်ထောင်ခဲ့သော မင်းလည်း ဖြစ်သည်။ ၁၂၉၄ ခုနှစ်တွင် ကံကုန်တော်မူသည်။