ဥရောပ သမဂ္ဂ

ဝီကီပီးဒီးယား မှ
CroatiaFinlandSwedenEstoniaLatviaLithuaniaPolandSlovakiaHungaryRomaniaBulgariaGreeceCyprusCzech RepublicAustriaSloveniaItalyMaltaPortugalSpainFranceGermanyLuxembourgBelgiumNetherlandsDenmarkIreland
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများပြမြေပုံ (ပုံတွင် စာကိုနှိပ်၍ သက်ဆိုင်ရာနိုင်ငံသို့ ကြည့်ရှုနိုင်သည်။)

ဥရောပသမဂ္ဂ (အီးယူ) (အင်္ဂလိပ်: European Union (EU)) သည် အဖွဲ့ဝင် ၂၇ နိုင်ငံရှိသည့် နိုင်ငံရေး၊ စီးပွားရေးရာ နိုင်ငံတကာအဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။[၁] အဖွဲ့ဝင်နိုင်ငံများမှာ အဓိကအားဖြင့် ဥရောပတွင် တည်ရှိသည်။ ဥရောပသမဂ္ဂအား မက်စ်ထရစ်စာချုပ်အရ ၁၉၉၃ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ဥရောပသမဂ္ဂဧရိယာအတွင်း နေထိုင်သူဦးရေမှာ ခန့်မှန်းခြေ သန်း ၅၁၀ ကျော်ခန့် ရှိသည်။ [၂]

ဥရောပသမဂ္ဂ(အီးယူ)[ပြင်ဆင်ရန်]

ပထမကမ္ဘာစစ်နှင့်ဒုတိယကမ္ဘာစစ်ကြီးများကြောင့်အကွဲကွဲအပြားပြားဖြစ်သွားသော ဥရောပနိုင်ငံများအား လူမျိုးရေး၊ယဉ်ကျေးမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးတို့အရ ဆက်နွယ်မှုရှိကြသော ဥရောပတိုက်သားများက စုစည်းညီညွတ်သော ဥရောပတစ်ခုဖြစ်ရေးတွက် ဦးတည်ရည်မှန်း လှုပ်ရှားမှုများသည် ဒုတိယကမ္ဘာစစ် ပြီးဆုံးသည့်နောက် စောစီးစွာကပင် စတင် ဖြစ်တည်လာခဲ့ပေသည်။ ၁၉၅၁ ခုနှစ်၊ ဧပြီလ ၁၈ရက်နေ့တွင် ပြင်သစ်နိုင်ငံပါရီမြို့၌ လက်မှတ်ရေးထိုးကြသော စာချုပ်ဖြင့်တည်ထောင်ခဲ့ကြသည့် ဥရောပကျောက်မီးသွေးနှင့် သံမဏိအဖွဲ့ (အီးစီအက်စ်စီ) ကို ညီညွတ်သော ဥရောပတစ်ခုဆီသို့ရည်ရွယ်သည့် ပထမဆုံးခြေလှမ်းအဖြစ် မှတ်ယူခဲ့ကြသည်။ ယင်းအဖွဲ့၌ မူလပါဝင်သောနိုင်ငံ (၆) နိုင်ငံမှာ ဘယ်လဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ လူဇင်ဘတ်နှင့် နယ်သာလန်နိုင်ငံတို့ ဖြစ်ကြသည်။ ထိုနောက် ဒိန်းမတ်၊ အိုင်ယာလန်နှင့် ယူနိုက်တက်ကင်းဒမ်း တို့သည် ၁၉၇၃ ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့တွင်လည်းကောင်း၊ ဂရိနိုင်ငံသည်၁၉၈၁ ခုနှစ် ဇန်နဝါရီ ၁ရက်နေ့တွင်လည်းကောင်း၊ ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့သည် ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင်လည်းကောင်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့ကြသည်။ ၁၉၉ဝပြည့်နှစ်၊ အောက်တိုဘာလတွင်နှစ်ခြမ်းကွဲဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းမိသောအခါ ယခင်ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံသည် ချက်ချင်းပင် ထိုအဖွဲ့၏ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ ဤအတောအတွင်း ဒတ်ချ်တို့အုပ်စိုးစဉ်က ယင်းအဖွဲ့တွင် ပါဝင်ခဲ့သော ဂရင်းလင်းကျွန်းနိုင်ငံသည် ၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့တွင် အဖွဲ့ဝင်အဖြစ်ကိုရပ်စဲခဲ့သည်။

European Commission

အီးစီအက်စ်စီ ဖြစ်ပေါ်ခဲ့ပြီးနောက် ခြောက်နှစ်အကြာ ၁၉၅၇ ခုနှစ်၊ မတ် ၂၅ ရက်တွင် အီတလီ နိုင်ငံ၊ ရောမ မြို့၌ သီးခြား စာချုပ်နှစ်ရပ် လက်မှတ် ရေးထိုးချုပ်ဆိုကာ ဥရောပ စီးပွားရေး အဖွဲ့ (အီးအီးစီ)နှင့် ဥရောပ အဏုမြူ စွမ်းအင် အဖွဲ့ (ယူရာတွမ်)တို့ကို ဆက်လက် ဖွဲ့စည်း တည်ထောင်ခဲ့ကြသည်။ အီးအီးစီမှာ ဘုံဈေး အဖွဲ့တစ်ဖွဲ့ ဖန်တီးကာ စီးပွားရေး မူဝါဒများကို ညှိနှိုင်းရန် ဖြစ်သည်။ ယူရာတွမ်မှာ နျူကလီးယား စက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ဖြစ်သည်။


ရောမစာချုပ်
အီးအီးစီ အဖွဲ့ ဖွားမြင် ပေါ်ပေါက်လာသည့် စာချုပ်သည် ရောမ စာချုပ်ဟု နာမည် တွင်ခဲ့သည်။ ယင်းစာချုပ်သည် ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီ လ၊ (၁)ရက်မှ စ၍ တရားဝင် အတည် ဖြစ်လာခဲ့သည်။ ဤစာချုပ်အရ စာချုပ်ဝင် နိုင်ငံများက အီးအီးစီ အဖွဲ့ဝင်၏ ဦးစီးဦးဆောင် ရုံးဌာန အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်း လုပ်ဆောင်ကြရန်နှင့် စာချုပ်၏ ရည်ရွယ်ချက်များ ထမြောက် အောင်မြင်စေရန် လိုအပ်သည့် အတိုင်းအတာအထိ သူတို့၏ စီးပွားရေး မူဝါဒ အသီးသီးကို ညှိနှိုင်းကြရန် ကတိကဝတ် ပြုခဲ့ကြသည်။

ဘုံဈေး


ယာအုံဒီ ကွန်ဗင်းရှင်း
ပင်လယ်ရပ်ခြား နယ်မြေများ အီးအီးစီ အဖွဲ့တွင် ပေါင်းဖက် ပါဝင်ရေးနှင့် ပတ်သက်သည့် ပထမဆုံးသော ယာအုံဒီ ကွန်ဗင်းရှင်း သဘောတူ စာချုပ်သည် ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာ လ၊ (၃၁)ရက်တွင် သက်တမ်း ကုန်ဆုံးသွားခဲ့ရာ ယခင်က ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် အီတလီပိုင် ကိုလိုနီ နယ်မြေများ ဘဝမှ လွတ်လပ်ရေး ရလာကြသော အာဖရိက နိုင်ငံများက အီးအီးစီတွင် ပေါင်းဖက် ပါဝင်ခြင်းကို သဘောတူ စာချုပ် အသစ် တစ်ရပ် ဖြင့် ဆက်လက် ပြုလုပ်လိုကြောင်း ဆန္ဒပြုလာကြသဖြင့် ကာလကြာမြင့်စွာ စေ့စပ် ဆွေးနွေးကြပြီးနောက် အီးအီးစီ၊ အာဖရိက နိုင်ငံများနှင့် မာဒါဂတ်စကာ နိုင်ငံတို့ စပ်ကြား ပေါင်းဖက်ရေး ကွန်ဗင်းရှင်း သဘောတူ စာချုပ်ကို ၁၉၆၃ ခုနှစ်၊ ဇူလိုင် လ၊ (၂ဝ)ရက်တွင် ကင်မရွန်း နိုင်ငံ၊ ယာအုံဒီ မြို့၌ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ ယာအုံဒီ ကွန်ဗင်းရှင်းဟု အမည်တွင်ခဲ့သော အဆိုပါ သဘောတူ စာချုပ်သည် ၁၉၆၄ ခုနှစ်၊ ဇွန် လ၊ (၁)ရက်တွင် တရားဝင် အတည် ဖြစ်လာခဲ့သည်။ အပေါင်းအပါ အာဖရိက နိုင်ငံများမှာ ထိုစဉ်က ဒါဟိုမီဟု ခေါ်တွင်သည့် ဘီနင်၊ ဘူရွန်ဒီ၊ ကင်မရွန်း၊ ဗဟို အာဖရိက၊ ချက်(ဒ်)၊ ကွန်ဂို၊ ဂါဗုန်၊ အိုင်ဗရီကို့(စ်)၊ မာဒါဂတ်စကာ၊ မာလီ၊ မော်ရီတေးနီးယား၊ နိုင်ဂျာ၊ ရဝမ်ဒါ၊ ဆီနီဂေါ၊ ဆိုမာလီယာ၊ တိုဂို၊ အထက် ဗော်လတာနှင့် ဇိုင်ယာ စသည့် (၁၈)နိုင်ငံတို့ ဖြစ်ကြသည်။

၁၉၆၃ ကွန်ဗင်းရှင်း သဘောတူ စာချုပ်ကို ပြင်ဆင်ချက်များဖြင့် အသစ် ပြုပြင် ရေးဆွဲကာ ဒုတိယ ယာအုံဒီ ကွန်ဗင်းရှင်း သဘောတူ စာချုပ်ကို ကာလရှည်ကြာစွာ စေ့စပ် ညှိနှိုင်းကြပြီးနောက် ၁၉၆၉ ခုနှစ်၊ ဇူလိုင် လ၊ (၂၉)ရက်တွင် လက်မှတ် ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ မောရိသျှ နိုင်ငံသည် ၁၉၇၃ ခုနှစ်၊ ဇွန် လ၊ (၁)ရက်တွင် စာချုပ်၌ လက်မှတ် ရေးထိုး ပါဝင်လာခဲ့သည်။ အထက်ပါ ဒုတိယ ယာအုံဒီ ကွန်ဗင်းရှင်း သဘောတူ စာချုပ်သည် ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီ လ၊ (၃၁) ရက်တွင် သက်တမ်း ကုန်ဆုံးခဲ့ပြီး အစားထိုး စာချုပ်ကို ထိုနှစ် (၁၉၇၅)မှာပင် ချုပ်ဆိုသည့် လုမ်း ကွန်ဗင်းရှင်း သဘောတူ စာချုပ်ဖြင့် အစားထိုးခဲ့ကြသည်။

လုမ်း စာချုပ်ကို လက်မှတ် မရေးထိုးမီ ၁၉၇၃ ခုနှစ်၊ နိုဝင်ဘာ လ၊ (၂၁) ရက်တွင် အီးအီးစီနှင့် အာဖရိက တိုက်၊ ကာရစ်ဘီယန် ပင်လယ် ဒေသ၊ ပစိဖိတ် သမုဒ္ဒရာ ဒေသတို့ရှိ နိုင်ငံပေါင်း (၄၃)နိုင်ငံတို့ စပ်ကြား၌ စေ့စပ် ဆွေးနွေးမှုများ စတင် ပြုလုပ်ခဲ့ကြသည်။ ထို့နောက် လွတ်လပ်ရေး ရရှိလာကြသည့် အီကွေတိုရီရယ်၊ ဂီနီ၊ ဂီနီ-ဘစ်ဆောနှင့် ဂရင်နာဒါ နိုင်ငံတို့ကပါ ပေါင်းဖက်လာကြသောအခါ နိုင်ငံပေါင်း (၄၆)နိုင်ငံ ဖြစ်လာခဲ့သည်။ ထို့နောက် ကိပ်ဗာဒီ ကျွန်းစု နိုင်ငံ၊ ဆောတိုမေနှင့် ပရင်စီပေ နိုင်ငံ၊ ပါပူဝါ နယူးဂီ နိုင်ငံ၊ ကိုမိုရို ကျွန်းစု နိုင်ငံ၊ ဆူရီနမ် နိုင်ငံနှင့် ဆေးရှဲလ် နိုင်ငံတို့ကို ကွန်ဗင်းရှင်းတွင် ထည့်သွင်း ပါဝင်စေရန် ၁၉၇၇ ခုနှစ်တွင် သဘော တူညီမှု ရရှိခဲ့ကြသည်။ ဤသို့ဖြင့် အဖွဲ့ဝင် နိုင်ငံများ ဦးရေမှာ (၅၂)နိုင်ငံ အထိ တိုးပွားလာခဲ့သည်။ (ဤနိုင်ငံများသည် အာဖရိက၊ ကာရစ်ဘီယန်နှင့် ပစိဖိတ် ဒေသဝင် နိုင်ငံများ ဖြစ်ကြ၍ ၎င်းတို့အား အေစီပီ နိုင်ငံများဟု ခေါ်စမှတ်ပြုခဲ့ကြသည်။)

အီးအီးစီဟူသော အမည်သည် ဘုံဈေး(Economic Community)ကို ခေါ်ဆိုခြင်း ဖြစ်သော်လည်း၊ အရှေ့တွင် ဖော်ပြပါရှိသော အဖွဲ့ကြီး သုံးဖွဲ့(အီးစီအက်စ်စီ၊ အီးအီးစီနှင့် ယူရာတွမ်)ကို တစ်ပေါင်းတစ်စည်းတည်းအဖြစ် အီးစီ (European Community)ဟု ရည်ညွှန်း ခေါ်ဝေါ်ခြင်း ပြုခဲ့ကြသည်။

အီးအီးစီမှ အောက်ပါ စာချုပ်ကိုလည်း ချုပ်ဆိုခဲ့သည်။

(က) ဥရောပ အဖွဲ့များ အတွက် တစ်ခုတည်းသော ကောင်စီနှင့် တစ်ခုတည်းသော ကော်မရှင်တို့ကို ဖွဲ့စည်း တည်ထောင်သည့် စာချုပ် (၁၉၆၅ ခုနှစ်၊ ဧပြီ လ၊ (၈)ရက်တွင် မူလ အဖွဲ့ဝင် ခြောက်နိုင်ငံတို့ လက်မှတ် ရေးထိုး ချုပ်ဆိုခဲ့ကြသည်။)

(ခ) ဥရောပ အဖွဲ့များ၏ အချို့သော ဘဏ္ဍာရေးဆိုင်ရာ အစီအစဉ်နှင့် ဥရောပ အဖွဲ့များ အတွက် တစ်ခုတည်းသော ကောင်စီနှင့် တစ်ခုတည်းသော ကော်မရှင်တို့ကို ဖွဲ့စည်း တည်ထောင်သည့် စာချုပ်ပါ အချို့သော ဘဏ္ဍာရေး အစီအစဉ်များကို ပြင်ဆင်သည့် သဘောတူ စာချုပ်ကို ၁၉၇ဝ ပြည့်နှစ်၊ ဧပြီ လ၊ (၂၂) ရက်တွင် မူလ အဖွဲ့ဝင် ခြောက်နိုင်ငံတို့ လက်မှတ် ရေးထိုး ချုပ်ဆိုခဲ့ကြသည်။

ရောမ စာချုပ်အား ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြရာ ထို့ပြင်ဆင်ချက်များကို တစ်ခုတည်းသော ဥရောပ အက် ဥပဒေ (၁၉၅၈)ဟူသော ပုံစံဖြင့် ပြုလုပ်ခဲ့ကြသည်။ ထိုအက် ဥပဒေကို အဖွဲ့ဝင် နိုင်ငံများ အားလုံးက အတည်ပြုခဲ့ကြပြီးနောက် ၁၉၈၇ ခုနှစ်၊ ဇူလိုင် လ၊ (၁) ရက်တွင် တရားဝင် အတည် ဖြစ်လာခဲ့သည်။

အထက်ပါ အက် ဥပဒေတွင်လည်း တစ်ခုတည်းသော (ဥရောပ)အဖွဲ့ဆိုင်ရာ ဈေးကွက် တစ်ခု ဖန်တီး ပြု လုပ်ခြင်းကို ၁၉၉၂ ခုနှစ်တွင် အလုံးစုံ ပြီးမြောက်စေရန် ရည်ရွယ်သော ပြဋ္ဌာန်းချက်များ ပါရှိသည်။ ယင်း ဈေးကွက်မှာ အတွင်း နယ်နမိတ်များ မရှိဘဲ ကုန်စည်များ၊ လူများ၊ ဝန်ဆောင်မှုများနှင့် အရင်းအနှီး ငွေများ တကယ်တမ်း လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သော နယ်မြေ ဒေသ တစ်ခု ဖြစ်ရပေမည်။ အခြား ပြဋ္ဌာန်းချက်များအရ ဥရောပ အဖွဲ့အတွင်း သုတေသနနှင့် နည်းပညာ၊ လူမှုရေး မူဝါဒ၊ စီးပွားရေးနှင့် လူမှုရေး ပေါင်းစည်းမှု၊ ပတ်ဝန်းကျင် ကာကွယ်ရေး၊ စီးပွားရေးနှင့် ငွေရေးကြေးရေး သမဂ္ဂ တည်ထောင် ဖန်တီးမှုနှင့် နိုင်ငံခြားရေး ဝါဒတို့တွင် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့် လုပ်ဆောင်ကြရပေမည်။ ထို့အပြင် ထိုအက် ဥပဒေက ဥရောပ ပါလီမန်အား ဥပဒေများကို ဆိုင်းငံ့ထားနိုင်၍ ပြင်ဆင်နိုင်သော အာဏာများကို တိုးမြှင့်ပေးခဲ့သည်။ သို့သော် ဥရောပ ကောင်စီသည်သာလျှင် နောက်ဆုံး ဆုံးဖြတ်ချက် ပြုနိုင်သော အခွင့်အာဏာကို ရရှိမြဲ ရရှိထားသည်။


ဥရောပ ပါလီမန်
ဥရောပ အဖွဲ့အတွင်း ဥပဒေများ ပြုလုပ် ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း ကိစ္စများကို ဆောင်ရွက်သည့် ဥရောပ ပါလီမန် လွှတ်တော်သည် လူဇင်ဘတ် နိုင်ငံရှိ လူဇင်ဘတ် မြို့တော်၌ တည်ရှိ၍ ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီ လတွင် ပါလီမန် ဥက္ကဋ္ဌမှာ ဂျာမနီ နိုင်ငံမှ မစ္စတာအီဂွန်ကလယ်ပေ့ရှ် ဖြစ်သည်။ ထိုပါလီမန် လွှတ်တော်တွင် အဖွဲ့ဝင် ကိုယ်စားလှယ် (၅၆၇)ဦး ပါဝင်ရာ ဂျာမနီ နိုင်ငံမှ (၉၉)ဦး၊ ပြင်သစ်၊ အီတလီနှင့် ဗြိတိန် နိုင်ငံတို့မှ (၈၇)ဦးစီ၊ စပိန် နိုင်ငံမှ (၆၄)ဦး၊ နယ်သာလန် နိုင်ငံမှ (၃၁)ဦး၊ ဘယ်လ်ဂျီယံ၊ ဂရိနှင့် ပေါ်တူဂီ နိုင်ငံတို့မှ (၂၅)ဦးစီ၊ ဒိန်းမတ် နိုင်ငံမှ (၁၆)ဦး၊ အိုင်ယာလန် နိုင်ငံမှ (၁၅)ဦးနှင့် လူဇင်ဘတ် နိုင်ငံမှ (၆)ဦးတို့ ဖြစ်သည်။ လွှတ်တော် အဖွဲ့ဝင် ကိုယ်စားလှယ်များကို အဖွဲ့ဝင် နိုင်ငံများ၏ ပြည်သူများက လူတိုင်း ဆန္ဒမဲ ပေးနိုင်သည့် စနစ်ဖြင့် ရွေးကောက် တင်မြှောက်သည်။ ပါလီမန် အတွင်း၌ အဖွဲ့ဝင် ကိုယ်စားလှယ်များသည် နိုင်ငံအလိုက် အဖွဲ့စုများအဖြစ် မထိုင်ကြဘဲ နိုင်ငံရေး အဖွဲ့စုများအဖြစ်သာ ထိုင်ကြသည်။

ဥရောပအဖွဲ့၏ ဆောင်ရွက်မှုများ[ပြင်ဆင်ရန်]


စိုက်ပျိုးရေးကဏ္ဍ

ဥရောပ အဖွဲ့အတွင်း ပူးပေါင်း ဆောင်ရွက်မှုသည် စိုက်ပျိုးရေးဘက်တွင် စနစ် အကျဆုံး အနေအထား ရှိသည်။ ဥရောပ အဖွဲ့သည် ရောမ စာချုပ်တွင် ဖော်ပြပါရှိသည့် ဘုံ စိုက်ပျိုးရေး ပေါ်လစီ (စီအေပီ)ကို လိုက်နာ ဆောင်ရွက်သည်။ အဖွဲ့သည် အခြေခံ မူဝါဒ သုံးရပ်ကို လိုက်နာ ကျင့်သုံး၍ စိုက်ပျိုးရေး ထွက်ကုန်များအတွက် ဈေးကွက်ကို တစ်စတစ်စတိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ယင်းမူဝါဒများမှာ (က) ဈေးကွက် အနေဖြင့် ညီညွတ်မှု မရှိခြင်း၊ (ခ) အဖွဲ့၏ စိတ်ကြိုက် ရွေးချယ်မှု (ကုန် ပစ္စည်းများကို တန်ဖိုးနည်း ထည့်သွင်းကုန်များနှင့် ကမ္ဘာ့ ဈေးကွက်တွင် ဈေး မတည်ငြိမ်မှုများမှ ကာကွယ်ပေးရမည်)၊ (ဂ) ဘဏ္ဍာရေးနှင့် ပတ်သက်၍ အားလုံး စုပေါင်း တာဝန်ယူခြင်း။ (ဥရောပ တိုက်ဆိုင်ရာ စိုက်ပျိုးရေး လမ်းညွှန်မှုနှင့် အာမခံရေး ရန်ပုံငွေ တစ်ရပ် ဖွဲ့စည်းထားရှိ ဆောင်ရွက်သည်။ ကုန်စည် သိုလှောင်မှုဆိုင်ရာ ကုန်ကျ စရိတ်များ၊ ဈေးကွက် တင်သွင်းမှု ထောက်ပံကြေးများနှင့် ပို့ကုန်များ အတွက် ပြန်အမ်းငွေများ စသည်တို့ အတွက် ငွေကြေး ထောက်ပံ့မှုများ ပြုသည်။)

အထက်ဖော်ပြပါ ဘုံ စိုက်ပျိုးရေး ပေါ်လစီ (စီအေပီ)အရ လုပ်ငန်း ဆောင်ရွက်မှုများမှာ ၁၉၆၉ ခုနှစ်တွင် ငွေကြေး မတည်ငြိမ်မှု အခြေအနေကြောင့် အနှောက်အယှက် အခက်အခဲများနှင့် ကြုံတွေ့လာသည်။ ထို့ကြောင့် အမ်စီအေ (ခေါ်) ငွေကြေး ဖြည့်တင်းပေးမှု ပမာဏများ ကို စီမံ ဖန်တီး လုပ်ဆောင်ခဲ့ကြသည်။ ထိုစနစ်ဖြင့် လုပ်ဆောင်ရာတွင်လည်း ဥရောပ အဖွဲ့အတွင်း ဈေးနှုန်း ကွာခြားမှုများ အကြီးအကျယ် ဖြစ်ပွား ပေါ်ပေါက်ကာ အချို့ နိုင်ငံများ အတွက် အကျိုး ထိခိုက် နစ်နာမှုများ ရှိလာသဖြင့် ၁၉၈၄ ခုနှစ်တွင် အမ်စီအေ စနစ်ကို တဖြည်းဖြည်း ဖျက်သိမ်းပြီး တစ်ခုတည်းသော ဈေးကွက် စနစ်ကို ပြန်လည် ဖော်ထုတ် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ၁၉၈၉ ခုနှစ်တွင် ငွေကြေးများ ပိုမို တည်ငြိမ်လာသည့်အလျောက် ဥရောပ ငွေကြေး စနစ်၏ တင်းပြည့် အဖွဲ့ဝင် နိုင်ငံများ အတွက် အမ်စီအေ စနစ်ကို ဖျက်သိမ်းနိုင်ခဲ့သည်။

စိုက်ပျိုးရေး ထွက်ကုန် တန်ဖိုးများကို သဘောအားဖြင့် အဖွဲ့ဝင် နိုင်ငံများ အားလုံး အတွက် အားလုံးနှင့် ဆိုင်သော အဆင့်တစ်ခုတွင် နှစ်စဉ် သတ်မှတ်ကြသည်။ ထိုသို့ သတ်မှတ်ရာတွင် ငွေကြေး ဖောင်းပွမှုနှုန်းနှင့် အချို့ သော ကုန်ပစ္စည်းများအား လိုသည်ထက်ပို၍ ထုတ်ယူခြင်းကို အားမပေးရန် လိုအပ်မှုတို့ကို ထည့်သွင်း စဉ်းစားကာ လုပ်ဆောင်ကြသည်။ လယ်သမားများအား ကုန်စည် တင်ပို့ရေး ထောက်ပံ့ကြေးများ ပေးသည်။ ယင်းသို့ ပေးသည်မှာ လယ်သမားများ အနေဖြင့် အရှုံး မရှိဘဲ ပိုမို နိမ့်ကျသော ကမ္ဘာ့ ဈေးကွက် ဈေးနှုန်းများဖြင့် ရောင်းချနိုင်စေရန် ဖြစ်သည်။ (စိုက်ပျိုးရေး အသုံးစရိတ်တွင် (၅ဝ) ရာခိုင်နှုန်းခန့်မှာ ထိုအထောက်အပံ့ အတွက် အသုံးပြု ကုန်ကျခြင်းဖြစ်သည်။)

စိုက်ပျိုးရေး လုပ်ငန်း ကဏ္ဍ

အချို့သော နှံစား သီးနှံများ၊ သကြား၊ အချို့သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ နို့ထွက်ကုန် ပစ္စည်းများနှင့် အသားများ၏ ဈေးကွက် ဈေးနှုန်းများသည် သတ်မှတ်သည့် အဆင့်အောက်သို့ ကျဆင်းသွားသည့် အခါတွင် ဥရောပ အဖွဲ့က ဝင်ရောက် ဆောင်ရွက်သည်။ ဆောင်ရွက်ပုံမှာ ကုန်စည် ပမာဏ အချို့ကို ဝယ်ယူကာ ဈေးနှုန်းများ ပြန်တက်လာသည့် အချိန်အထိ သိုလှောင်ထားရှိသည်။ ၁၉၈ဝ ပြည့်နှစ်များတွင် ကုန်စည်များကို တိုးချဲ့ ထုတ်လုပ်ခဲ့ကြရာ စားနပ် ရိက္ခာ ပိုလျှံမှုများ ဖြစ်ပွားကာ ထိန်းသိမ်းထားနိုင်ခြင်း မရှိသဖြင့် အမြောက်အမြား ဖျက်ဆီးပစ်ခဲ့ရပေသည်။

ဥရောပ အဖွဲ့၏ ဘတ်ဂျက်တွင် နှစ်စဉ် အသုံးစရိတ်၏ သုံးပုံ နှစ်ပုံကို စိုက်ပျိုးရေး ကဏ္ဍအတွက် အသုံးပြုကြသည်။ ထိုသို့ အသုံးပြုခြင်းမှာ အဓိကအားဖြင့် ဈေးနှုန်းများကို ပံ့ပိုးပေးရန် အတွက် ဖြစ်သည်။

၁၉၉ဝ ပြည့်နှစ်တွင် ဘုံ စိုက်ပျိုးရေး ပေါ်လစီ (စီအေပီ)သည် အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထွေထွေ သဘော တူညီမှု စာချုပ် အဖွဲ့ (ဂတ်အဖွဲ့)၏ ညှိနှိုင်း စေ့စပ်မှုများတွင် တိုက်ခိုက် ပြောဆိုခြင်း ခံခဲ့ရသည်။ အမေရိကန် ပြည်ထောင်စု အစိုးရက ဥရောပ အဖွဲ့ (အီးစီ)၏ စိုက်ပျိုးရေးနှင့် ကုန်စည် တင်ပို့မှုဆိုင်ရာ ထောက်ပံ့ကြေးများသည် ကမ္ဘာ့ ဈေးကွက်များကို ကမောက်ကမ ဖြစ်စေသည်ဟူသော အကြောင်းပြချက်ဖြင့် ထိုထောက်ပံ့ကြေးများကို အကြီးအကျယ် လျော့ချပေးရန် တောင်းဆိုခဲ့လေသည်။ ထိုနှစ်(၁၉၉၀) နိုဝင်ဘာ လတွင် ဥရောပ အဖွဲ့၏ စိုက်ပျိုးရေး ဝန်ကြီးများက (၁ဝ)နှစ်တာ ကာလအတွင်း စိုက်ပျိုးရေး ထောက်ပံ့ကြေးများကို (၃ဝ)ရာခိုင်နှုန်း လျှော့ချရန် ဥရောပ ကော်မရှင်၏ အဆိုပြုချက်များကို သဘောတူ လက်ခံခဲ့ကြသည်။

ထို့နောက် ၁၉၉၁ ခုနှစ်၊ မေ လတွင် နှံစား သီးနှံများနှင့် အခြား ထွက်ကုန်များ အတွက် ပံ့ပိုးမှု ဈေးနှုန်းကို လျှော့ချခဲ့ကြသည်။ ထိုနှစ် နောက်ပိုင်းတွင် ဥရောပ ကော်မရှင်က ဥရောပ အဖွဲ့၏ စိုက်ပျိုးရေး ထောက်ပံ့မှု များကို ဈေးနှုန်းများ ထိန်းထားရေးမှ လယ်သမားများ၏ ဝင်ငွေများ ထိန်းပေးရေးသို့ ပြောင်းလဲစေရန် ရည်ရွယ်ချက်ဖြင့် ရေရှည် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အဆိုပြု တင်ပြခဲ့သည်။ ဤသို့ ပြောင်းလဲစေခြင်းဖြင့် လယ်သမားများ အတွက် လိုသည်ထက် ပို၍ ထုတ်လုပ်လိုသော ဆွဲဆောင်မှုနှင့် စိတ် ဆန္ဒများ ကင်းမဲ့မည် ဖြစ်သည်။ ထိုအဆိုပြုချက်ကို ဝန်ကြီးများက ၁၉၉၂ ခုနှစ်၊ မေ လတွင် တစ်မျိုးတစ်ဖုံ ပြင်ဆင်ကာ လက်ခံ အတည်ပြုခဲ့ကြသည်။ နှံစား သီးနှံများ၊ ကြက်၊ ဘဲနှင့် ကြက်ဥ၊ ဘဲဥ၊ အသားနှင့် နို့ထွက် ပစ္စည်းများ၏ ဈေးနှုန်းများကို လျှော့ချခဲ့သဖြင့် နစ်နာမှုများ အတွက် လယ်သမားများကို အပို ခွင့်ပြုငွေများ ပေးခဲ့သည်။ ထိုငွေများ ရရှိသူ လယ်သမားများက ၎င်းတို့၏ စိုက်ပျိုးမြေ (၁၅)ရာခိုင်နှုန်းကို စိုက်ပျိုးခြင်း မပြုဘဲ ပလပ်ထားကြရသည်။

၁၉၉၂ ခုနှစ်၊ မေ လတွင် အမေရိကန် အစိုးရက ဥရောပ အဖွဲ့(အီးစီ)မှ ဆီထွက် သီးနှံ ထုတ်လုပ်သူများအား ထောက်ပံ့ကြေးများ ပေးခြင်းကို လက်တုံ့ပြန်သည့် အနေဖြင့် ဥရောပ ကုန်စည်များ အပေါ်တွင် သွင်းကုန် အကောက်ခွန်များ ကြီးမားစွာ တိုးမြှင့် ကောက်ခံမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုထောက်ပံ့ကြေးများ ပေးခြင်းကြောင့် အမေရိကန် နိုင်ငံမှ ပဲပိစပ် တင်ပို့မှုများမှာ မတရား ယှဉ်ပြိုင်ခြင်းခံရကြောင်း အမေရိကန် အစိုးရက အကြောင်းပြခဲ့သည်။ အမေရိကန် အစိုးရ၏ ကြွေးကြော်မှုကြောင့် ကုန်သွယ်ရေး စစ်ပွဲ တစ်ရပ် ဖြစ်ပွားတော့မည် ကဲ့သို့သော အခြေအနေ ပေါ်ပေါက်လာပြီး ဂတ် အဖွဲ့၏ စေ့စပ် ညှိနှိုင်းမှုများကို အဆုံး မသတ်နိုင်မည့် အန္တရာယ် ရှိသည်ဟု စိုးရိမ်လာခဲ့ကြသည်။ ထိုအခြေအနေသည် ခြောက်လခန့် တည်ရှိနေပြီး နိုဝင်ဘာ လတွင်မှ အမေရိကန် အစိုးရနှင့် ဥရောပ ကော်မရှင်တို့ စပ်ကြား သဘော တူညီမှု ရရှိခဲ့ကြသည်။ အီးစီ၏ လယ်ယာမြေများတွင် ပဲပိစပ် စိုက်ပျိုးမှု ဧရိယာ လျှော့ချခြင်းကို အမေရိကန်တို့က သဘောတူခဲ့သည်။ ထို့ပြင် ခြောက်နှစ်တာ ကာလတွင် ဥရောပ အဖွဲ့ (အီးစီ)၏ ထောက်ပံ့ကြေး ခံယူ ထုတ်လုပ်သော လယ်ထွက်ကုန်များ တင်ပို့မှု ပမာဏဘက်ကို (၂၁)ရာခိုင်နှုန်းနှင့် တန်ဖိုးဖက်တွင် (၃၆)ရာခိုင်နှုန်း လျှော့ချပေးမည့် အရေးကိုလည်း အမေရိကန်တို့က သဘောတူ လက်ခံခဲ့ကြသည်။ ထိုသဘော တူညီချက်များသည် နိုင်ငံတွင်းရှိ လယ်သမားများ၏ အကျိုးကို ထိခိုက် နစ်နာစေသည်ဟု ဆိုကာ ပြင်သစ် အစိုးရက ဆန့်ကျင်ခဲ့သည်။ ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာ လတွင် ဂတ် အဖွဲ့၏ ဥရုဂွေးဝိုင်း အောင်မြင်စွာ မပြီးဆုံးမီ နောက်ဆုံး မိနစ်ပိုင်း စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြစဉ် ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာ လအတွင်းက အမေရိကန် ပြည်ထောင်စုနှင့် အီးစီ တို့အကြား ကောက်ပဲ သီးနှံ တင်ပို့မှု ထောက်ပံ့ကြေးများနှင့် ပတ်သက်၍ ရရှိခဲ့သော သဘော တူညီချက်တွင် အလျှော့ အတင်း အချို့ ပြုလုပ်နိုင်ခဲ့ကြရာ ထိုသဘော တူညီချက်သည် ဂတ် အဖွဲ့၏ စိုက်ပျိုးရေး ဆိုင်ရာ သဘော တူညီချက်အတွက် အခြေခံ ဖြစ်လာခဲ့သည်။

ထိုအတောအတွင်း ၁၉၉၂ ခုနှစ်၊ စက်တင်ဘာ လနှင့် ၁၉၉၃ ခုနှစ်၊ ဇူလိုင် လအကြားတွင် ငွေကြေး လဲလှယ်မှု နှုန်းများ ကယောက်ကယက် ဖြစ်ခြင်းကြောင့် အီးစီအနေဖြင့် လယ်သမားများကို ဈေးနှုန်း ပံ့ပိုးမှုများ တိုးပေးခဲ့ရသည့် အပြင် စက်တင်ဘာ လတွင်လည်း လယ်မြေများ ပလပ်ထားရသော လယ်သမားများအား ပေးရသော လျော်ကြေးငွေကို တိုးပေးခဲ့ရပေသည်။

ငါးဖမ်း လုပ်ငန်း ကဏ္ဍ


၁၉၉ဝ ပြည့်နှစ်တွင် အီးစီ နိုင်ငံများ၏ ရေပြင်များ၌ အချို့သော ငါးမျိုးစိတ်များ စိုးရိမ်ဖွယ်ရာ လျော့ပါးလာကြောင်း ထွက်ပေါ်လာသော သတင်းများ အရ ဖမ်းနိုင်သည့် ငါးဖမ်း ပမာဏ ခွင့်ပြုချက်များကို လျှော့ချရန် သဘော တူညီခဲ့ကြသည်။ ဒေသ အားလုံး၌ (အထူးသဖြင့် မြောက် ပင်လယ် ဒေသများ) တစ်လလျှင် ရှစ်ရက်မျှ ငါးဖမ်းဆီးခြင်း မပြုဘဲ နေရမည့် စည်းကမ်းချက်များကို ချမှတ်ခဲ့ကြသည်။ ၁၉၉၂ ခုနှစ်တွင်မူ ငါးဖမ်းဆီးခြင်း မပြုရမည့် ကာလကို ဖေဖော်ဝါရီ လမှ ဒီဇင်ဘာ လများအတွင်း (၁၃၅)ရက် အထိ တိုးမြှင့် သတ်မှတ်ခဲ့ကြသည်။ ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာ လတွင် ဥရောပ အဖွဲ့ (အီးစီ) ဝန်ကြီးများက ဘုံ ငါးဖမ်း မူဝါဒ (စီအက်ဖ်ပီ)ကို နောက်ထပ် (၁ဝ)နှစ် သက်တမ်းတိုးရန် သဘော တူညီခဲ့ကြသည်။ ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် ဥရောပ အဖွဲ့ဝင် နိုင်ငံများ (အထူးသဖြင့် ပြင်သစ် နိုင်ငံ အတွင်း) သို့ အဖွဲ့၏ ပြင်ပမှ ဈေးပေါသော ငါးဖြူများ ဒလဟော ဝင်ရောက်လာခြင်းကို တန်ပြန် လုပ်ဆောင်ထားသောအားဖြင့် အီးစီက အချို့သော ငါးမျိုးများ အပေါ် အနည်းဆုံး ဈေးနှုန်းများကို ချမှတ် ပြဋ္ဌာန်းခဲ့သည်။ အီးစီသည် ငါးဖမ်းခွင့်များ အပြန်အလှန် ပေးရေး သဘောတူ စာချုပ်များကို နော်ဝေး၊ ဆွီဒင်၊ကနေဒါ၊ အမေရိကန် ပြည်ထောင်စု၊ အချို့သော အာဖရိက နိုင်ငံများနှင့် ချုပ်ဆိုခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် အက်စ်တိုနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား နိုင်ငံများနှင့် လည်းကောင်း၊ ၁၉၉၃ ခုနှစ်တွင် မော်ရီတေးနီးယား နိုင်ငံနှင့် လည်းကောင်း၊ ငါးဖမ်းခွင့် သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့ပေသည်။


စက်မှု လုပ်ငန်း ကဏ္ဍ

စက်မှု လုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် ဥရောပ အဖွဲ့ (အထူးသဖြင့် ဥရောပ ကျောက်မီးသွေးနှင့် သံမဏိ အဖွဲ့ (အီးစီအက်စ်စီ)) ၏ အစောဆုံး လုပ်ဆောင် လှုပ်ရှားမှု ဖြစ်လာခဲ့ပေသည်။ အီးစီအက်စ်စီဆိုင် ရာ စာချုပ်သည် ၁၉၅၂ ခုနှစ်၊ ဇူလိုင် လတွင် တရားဝင် အတည် ဖြစ်လာပြီးနောက် ၁၉၅၄ ခုနှစ် ကုန်ဆုံးချိန်တွင် ကျောက်မီးသွေး အမျိုးမျိုး၊ သံမဏိနှင့် သံ အမျိုးမျိုး ရောင်းဝယ်မှုနှင့် ပတ်သက်သော အတားအဆီး အခက်အခဲ အားလုံး လိုလိုပင် ရှင်းလင်းသွားခဲ့သည်။ ဥရောပ အဖွဲ့က ဈေးနှုန်းများ သတ်မှတ်ခြင်း၊ ထုတ်လုပ်မှု အဆင့်များ ကြီးကြပ်ခြင်း၊ ချေးငွေများ ပေးကမ်း၍ ရင်းနှီး မြှုပ်နှံမှုနှင့် ပြန်လည် ဖွံ့ဖြိုးရေး အစီအစဉ်များကို ကူညီခြင်း ပြု လုပ်ခဲ့သည်။ အီးစီအက်စ်စီ စာချုပ်သည် ၂ဝဝ၂ ခုနှစ်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ရာ ထိုအချိန်သို့ ကျရောက်သောအခါ အီးစီအက်စ်စီ စာချုပ်ပါ ပြဋ္ဌာန်းချက်များကို အီးအီးစီ (ဘုံဈေး) စာချုပ်တွင် ထည့်သွင်းရန် ဥရောပ ကောင်စီက ၁၉၉၁ ခုနှစ်တွင် သဘော တူညီခဲ့သည်။

၁၉၇၇ ခုနှစ် မှ ၁၉၈ဝ ပြည့်နှစ် ကာလအတွင်း ကမ္ဘာတွင် သံမဏိ ဝယ်လိုအား ထူးကဲစွာ ကျဆင်းခဲ့ခြင်းကြောင့် သံမဏိ လုပ်ငန်းကြီး အတွက် အနည်းဆုံး ဈေးနှုန်း စည်းကမ်းချက်များနှင့် မဖြစ်မနေ လိုက်နာရသည့် ထုတ်လုပ်ရေး ပမာဏ သတ်မှတ်ချက်များ အပါအဝင် သံမဏိ လုပ်ငန်းအတွက် စီမံချက်များကို ချမှတ် ပြဋ္ဌာန်း ခဲ့ကြသည်။ ထို့နောက် ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာ လတွင် ဥရောပ ကော်မရှင်က သံမဏိ လုပ်ငန်းကို ထပ်မံ ပြုပြင် ဖွဲ့စည်းရေးအတွက် သုံးနှစ်တာ အရေးပေါ် အစီအစဉ် တစ်ခုကို ထုတ်ပြန် ကြေညာခဲ့သည်။

ဥရောပ ရက်ထည်နှင့် အဝတ်အထည် လုပ်ငန်းသည် ကာလ ရှည်ကြာစွာ နိုင်ငံခြား ပြိုင်ဆိုင်မှုများ၏ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။ ဥရောပ အဖွဲ့သည် နိုင်ငံခြားမှ တန်ဖိုးနည်း ပစ္စည်း ထုတ်လုပ်ရောင်း ချသူများထံမှ ကုန် တင်ပို့မှုများကို ကန့်သတ်ရေးအတွက် အမ်အက်စ်အေ သဘော တူညီချက် (ခေါ် ) အပြည်ပြည်ဆိုင်ရာ အထည်အလိပ်များ ကုန်သွယ်ရေး အစီအစဉ်တွင် ပါဝင် လုပ်ဆောင်ခဲ့သည်။

ဥရောပ အဖွဲ့၏ သင်္ဘော တည်ဆောက်မှု လုပ်ငန်းတွင် ၁၉၇၆ ခုနှစ် မှ ၁၉၈ဝ ပြည့်နှစ် ကာလ အတွင်း ထုတ်လုပ်မှုတွင် (၅ဝ) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အလုပ်သမား အင်အား (၄ဝ) ရာခိုင်နှုန်း ဆုတ်ယုတ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ဥရောပ ကောင်စီက သင်္ဘော တည်ဆောက်ရေး လုပ်ငန်းအား ကူညီ ထောက်ပံ့ရေး အတွက် ဥပဒေ ညွှန်ကြားချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် ၁၉၈၆ ခုနှစ် နှင့် ၁၉၉ဝ ပြည့်နှစ်များတွင်လည်း ထိုကူညီ ထောက်ပံ့မှုများနှင့် ပတ်သက်၍ အလားတူ ညွှန်ကြားချက်များ ဆက်လက် ထုတ်ပြန်ခဲ့သည်။ သင်္ဘော တည်ဆောက်မှု အတွက် နိုင်ငံတော်မှ ကူညီ ထောက်ပံ့ရာတွင် အများဆုံး ခွင့်ပြုသည့် ရာခိုင်နှုန်းကို ၁၉၈၇ ခုနှစ်တွင် သင်္ဘော တစ်စင်း တန်ဖိုး၏ (၂၈) ရာခိုင်နှုန်း မှ ၁၉၉၂ ခုနှစ်တွင် (၉) ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပေသည်။

ဆက်သွယ် ပြန်ကြားရေး နည်း ပညာ လုပ်ငန်းတွင် ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုတို့၏ တိုးတက်သော အီလက်ထရွန်းနစ် ပစ္စည်း ကိရိယာများဖြင့် ဈေးကွက်တွင် လွှမ်းမိုးနေကြခြင်းကို ထောက်ရှု၍ ဥရောပ ကော်မရှင်က ထိုလုပ်ငန်း၌ ဖွံ့ဖြိုး တိုးတက်မှု ရရှိရေးအတွက် အတူတကွ တွဲဖက် ပေါင်းစပ် လုပ်ဆောင်ရေး မဟာ ဗျူဟာ တစ်ရပ် ဖွဲ့စည်း ဆောင်ရွက်ရန် အဆိုပြုချက် အများအပြား ပြုလုပ်ခဲ့သည်။ အက်စ်ပရစ် (ခေါ်) ဥရောပ ဆက်သွယ် ပြန်ကြားရေး သုတေသန မဟာ ဗျူဟာ အစီအစဉ်မှာ အဘက်ဘက်တွင် အလုံးစုံ ယှဉ်ပြိုင်နိုင်သော ဥရောပ စက်မှု လုပ်ငန်းမျိုး အတွက် နည်းပညာ အခြေခံ အုတ်မြစ်များ တည်ဆောက်ချ ထားရန် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် (တယ်လီဖုန်း ဆက်သွယ်မှုနှင့် တယ်လက်စ် ဆက်သွယ်မှုတို့မှ တစ်ပါး) ကြေးနန်း ဆက်သွယ်ရေး၊ ဝန်ဆောင်မှု လုပ်ငန်းတွင် ဈေးကွက်ကို ဖွင့်ပေးရန် ဝန်ကြီးများက သဘော တူညီခဲ့ကြသည်။

အဖွဲ့ဝင် နိုင်ငံ အားလုံးနှင့် သက်ဆိုင်သည့် ဘုံ ပို့ဆောင်ရေး မူဝါဒ တစ်ရပ် ချမှတ် ထားရှိရေးကို ရောမ စာချုပ်တွင် ဖော်ညွှန်း ပြဋ္ဌာန်းထားရှိသည်။ ရည်ရွယ်ချက်မှာ ဥရောပ အဖွဲ့အတွင်း ယာဉ် ရထားများ လွတ်လပ်စွာ သွားလာမှုကို တားဆီး ပိတ်ပင်သည့် နိုင်ငံ အသီးသီးတို့၏ စည်းမျဉ်း၊ ဥပဒေများကို ညီညွတ်မှု ရရှိစေရန် တဖြည်းဖြည်း စံချ လုပ်ဆောင်ကြရန် ဖြစ်သည်။

ဥရောပ အဖွဲ့ဝင် နိုင်ငံများ၏ နယ်ခြားများတွင် အကောက်ခွန်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ဖျက်သိမ်းရေး စီမံ ဆောင်ရွက်ချက်များမှာ ၁၉၉၁ ခုနှစ် နှစ်လယ်တွင် ပြီးဆုံး၍ ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီ လ အစပိုင်းတွင် အာဏာ သက်ဝင်လာခဲ့သည်။ သို့ဖြစ်စေကာမူ လူများ လွတ်လပ်စွာ ကူးသန်း သွားလာရေးနှင့် ပတ်သက်၍မူ ဥရောပ အဖွဲ့ဝင် အစိုးရများ အကြားတွင် သဘော ကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာလည်း နယ်ခြားများကို စနစ်တကျ ဂိုဏ်းဖွဲ့ ရာဇဝတ်မှု ကျူးလွန်ကြသူများက တံခါးမရှိ ဓားမရှိ အလွဲသုံးစား ပြုကြခြင်း၊ မူးယစ် ဆေးဝါးများ သယ်ယူ ပို့ဆောင်ရေး အတွက် အလွဲသုံးစား ပြုခြင်း၊ ရာဇဝတ်သားများ လဲလှယ်ရေး နည်းလမ်းများ၊ ခိုလှုံခွင့် တောင်းခံမှုနှင့် လူဝင် လူထွက် ကိစ္စများဆိုင်ရာ စည်းမျဉ်း၊ ဥပဒေများတို့နှင့် ပတ်သက်သည့် ပြဿနာများ ရှိခြင်းကြောင့် ဖြစ်ပေသည်။

၁၉၉၃ ခုနှစ် နှောင်းပိုင်းတွင် ဥရောပ အဖွဲ့ဝင် ကိုးနိုင်ငံတို့က နယ်ခြားများ၌ လူများ လွတ်လပ်စွာ ဝင်ထွက် သွားလာ ကူးသန်းမှုကို ထိန်းချုပ်ထားသော စည်းမျဉ်းစည်းကမ်းများအား ဖျက်သိမ်းသည့် ရှင်ဂန်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဒိန်းမတ်၊ အိုင်ယာလန်နှင့် ဗြိတိန်နိုင်ငံတို့က ရှင်ဂန်းအဖွဲ့ တွင် မပါဝင်ဘဲ နေခဲ့ကြသည်။

ဤကဏ္ဍတွင် အခြားဖြစ်ရပ်များမှာ ၁၉၈၆ ခုနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးများက ကူးသန်းရောင်းဝယ်ရေး/ ကုန်သွယ်ရေးယာဉ်များအဖို့ နယ်ခြားများကို ပိုမိုလွယ်ကူစွာ ဖြတ်သန်း သွားလာနိုင်ရေးအတွက် ဥရောပ အဖွဲ့ တစ်ဖွဲ့လုံးသည် ကျယ်ပြန့်သော ခွင့်ပြုချက် လက်မှတ်များ ထုတ်ပေးရေး စနစ် တစ်ရပ်ကို သဘော တူညီခဲ့ကြသည်။ အီးစီ လမ်းမကြီးများကို အသုံးပြုသည့် ထရပ်ကားများ အတွက် အားလုံးနှင့် သက်ဆိုင်သော အခွန် အခပေးရေး စနစ် တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြသည်။

၁၉၈၇ ခုနှစ်တွင် ပို့ဆောင်ရေး ဝန်ကြီးများက လေကြောင်း ပို့ဆောင်ရေးကို လွတ်လပ်စွာ ပြုလုပ်နိုင်ရန် ဖွင့်ပေးသည့် သဘော တူညီချက် တစ်ရပ်ကို ရရှိခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင် လေယာဉ် ပျံသန်းမှုများ ထူထပ် ပြည့်ကျပ်ခြင်းကို လျော့နည်း ကျဆင်းစေမည့် အစီအမံများကို ချမှတ်ခဲ့ကြသည်။ ထို့အပြင် လေယာဉ်ဖြင့် ကုန်စည်များ သယ်ယူ ပို့ဆောင်သည့် ဝန်ဆောင်မှု လုပ်ငန်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ရန် ဖွင့်ပေးခြင်း အပါအဝင် အခြား အစီအမံများကို ဝန်ကြီးများက ၁၉၉ဝ ပြည့်နှစ်တွင် သဘော တူညီခဲ့ကြသည်။ ၁၉၉၂ ခုနှစ်တွင် ဝန်ကြီးများက ကောင်းကင်တစ်ခွင် ဟင်းလင်းပြင် အစီအစဉ် တစ်ရပ်ကို သဘော တူညီခဲ့ကြသည်။ ဤအစီအစဉ်အရ မည်သည့် ဥရောပ အဖွဲ့ လေကြောင်းပျံသန်းမှု မဆို အခြား အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်း ခရီးစဉ်များသို့ ပျံသန်းခွင့် ရရှိမည် ဖြစ်သည်။ (၁၉၉၇ ခုနှစ်၊ ဧပြီ လ၊ (၁) ရက်တွင် စတင် ပြုလုပ်ရန် ဖြစ်သည်။)

၁၉၉၈ ခုနှစ်တွင် ဥရောပ အဖွဲ့ဝင် နိုင်ငံအားလုံးနှင့် သက်ဆိုင်သည့် ဘုံ ရေကြောင်း ပို့ဆောင်ရေး မူဝါဒတစ်ရပ် ချမှတ်ရေး အတွက် တိုးတက်မှု ရရှိခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင် ဥရောပ ကော်မရှင်က ဥရောပ အဖွဲ့ ဆိုင်ရာ သင်္ဘောများအား မှတ်ပုံတင်မှု ပြုလုပ်ပေးရေး အစီအစဉ်တစ်ရပ် ချမှတ် လုပ်ဆောင်ရန် အဆိုပြု တင်ပြခဲ့သည်။ ထို့အပြင် သင်္ဘော ကုမ္ပဏီများ အနေဖြင့် ဥရောပ အဖွဲ့ နယ်ပယ်အတွင်း မည်သည့် နေရာ၌မဆို ရေကြောင်း ပို့ဆောင်မှု ပြုလုပ်ပေးနိုင်သည့် လွတ်လပ်ခွင့် ရှိရေးအတွက်လည်း အဆိုပြု တင်ပြခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဥရောပ ကောင်စီက ပင်လယ် ရေကြောင်း သွားလာမှု အန္တရာယ် ကင်းရှင်း လုံခြုံရေးအတွက် ညွှန်ကြားချက်များ မူကြမ်း နှစ်စောင်ကို သဘောတူ အတည်ပြုခဲ့သည်။

မီးရထားလမ်းများ ဆက်သွယ်ခုတ်မောင်းသွားလာမှုများနှင့် ပတ်သက်၍လည်း ဥရောပကော်မရှင်က ၁၉၈၉ ခုနှစ်တွင် ရထား သံလမ်းများ နှစ်ဖက်နှစ်ချောင်း အကွာအဝေး စံနှုန်းများနှင့် အချက်ပေး စနစ်များကို စံတစ်မျိုး တည်းဖြင့် ထားရှိလုပ်ဆောင်ကြရေးစသည့် စက်မှုပညာပိုင်းတွင် ညီညွတ်မှုများရှိရေး အပါအဝင် ပိုမိုပေါင်းစပ်ဖွဲ့စည်းမှုများ ရရှိ စေမည့် မီးရထားပေါ်လစီတစ်ရပ် ချမှတ်ရေးအတွက် အဆိုပြု ချက် များကိုသဘောတူအတည်ပြုခဲ့သည်။ ထိုနောက် ၁၉၉ဝ ပြည့်နှစ်တွင် ၎င်းကော်မရှင်က ဥရောပတစ်ခွင်အရှိန် အဟုန်ကြီးမားသည့်အထူးအမြန်ရထားများ ခုတ်မောင်းသွားလာရေးအတွက် ရထားလမ်းများဆက်သွယ်ဖောက် လုပ်ရေး မူလပင်မစီမံကိန်းကြီး တစ်ရပ်ကို အကြမ်းရေးဆွဲပြုလုပ်ခဲ့ပေသည်။

စွမ်းအင်ကဏ္ဍ

ယူရာတွမ် ခေါ် ဥရောပစွမ်းအင်အဖွဲ့ ကို ဖွဲ့စည်းတည်ထောင်သည့် စာချုပ်သည် ၁၉၅၈ ခု၊ ဇန်နဝါရီ ၁ ရက်နေ့တွင် တရားဝင် အတည်ဖြစ်လာခဲ့သည်။ ယင်း၏ ရည်ရွယ်ချက်မှာ ဥရောပ အဖွဲ့အတွင်း နျူကလီးယားစွမ်းအင် စက်မှုလုပ်ငန်းကို နည်းအဖုံဖုံဖြင့် တိုးတက်ကြီးထွားလာစေရေး အတွက် အားပေး အားမြှောက်ပြုရန် ဖြစ်သည်။ နျူကလီးယား ပစ္စည်းများအတွက် ဘုံဈေးတစ်ခုကို ၁၉၅၉ ခုနှစ်တွင် တည် ထောင် ဖန်တီးခဲ့ကြသည်။ နျူကလီးယား အန္တရာယ်ကင်း လုံခြုံရေးနှင့်ထိန်းချုပ်ရေး ဆိုင်ရာသုတေသန ပူးပေါင်းဆောင်ရွက်မှု အတွက် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီအဖွဲ့ (အိုင်အေအီးအေ)နှင့် ချုပ် ဆိုသောစာချုပ်သည် ၁၉၇၇ ခုနှစ် တွင် တရားဝင် အတည်ဖြစ်လာခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ဥရောပကောင်စီက ၁၉၈၆-၉၅ ဆယ်ခုနှစ်အတွက် စွမ်းအင်ဆိုင်ရာရည်ရွယ်ချက် များကို ချမှတ် ခဲ့သည်။ ယင်းရည်ရွယ်ချက်များမှာ ဥရောပအဖွဲ့အနေဖြင့် ရေနံ အပေါ် အားထားနေရမှုကိုစွမ်း အင်အသုံးပြုမှု၏ ၄ဝ ရာခိုင်နှုန်း အထိ ထိန်းချုပ်ထားရန် အတွက်လည်းကောင်း၊ အသားတင်ရေနံ ဝယ်ယူတင် သွင်းမှုများကို စွမ်းအင်အသုံးပြုမှု၏ ၃ဝ ရာခိုင်နှုန်း အထိ၌သာ ထိန်းချုပ်ထားရှိရန် အတွက်လည်းကောင်း ဖြစ်ပေ သည်။ ရည်မှန်းချက်တစ်ရပ်မှာ စွမ်းအင်သယံဇာတအသစ်များနှင့် အသစ်တစ်ဖန် ပြန်လည်ထုတ်လုပ်နိုင်သော စွမ်းအင်သယံဇာတ များ (ဥပမာအားဖြင့် လေအား၊နေပူအား၊ ဟင်းသီးဟင်းရွက်ဆီ နှင့် ဇီဝအညစ်အကြေးများ)ကို တိုးတက် အသုံးပြုနိုင်ရန်ဖြစ် သည်။ စွမ်းအင်ကဏ္ဍတွင် နည်းပညာသစ်များ ဖော်ထုတ်နိုင်ရန် အလို့ငှာ ၁၉၉၃ ခုနှစ်-နှစ်ဝက်ပိုင်းတွင် တီထွင်မှုသဘောရှိသော စွမ်းအင်စီမံချက် ၅၂၈ အတွက်ဥရောပငွေကြေး အီးစီးယူ ၄၁၅ သန်းကျော်မျှ ထောက်ပံ့ရန်လျာထားခဲ့သည်။

၁၉၉ဝ ပြည့်နှစ်၊ အောက်တိုဘာလတွင် ဥရောပကောင်စီအနေဖြင့် မှန်လုံအိမ်အာနိသင်ဖြင့်ရာသီဥတုကိုပြောင်းလဲစေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ထုတ်လွှတ်မှုများကို သက္ကရာဇ် ၂ဝဝဝ အရောက်တွင်၁၉၉ဝ ပြည့်နှစ်အဆင့်တွင် တည်တည်တံ့တံ့ထားရှိရန် သဘောတူညီခဲ့ကြသည်။ ၁၉၉၃၊ ဇွန်လတွင်လည်း ဤကိစ္စနှင့် ပတ်သက်၍ ကာဗွန်ဓာတ်ထုတ်လွှတ်မှု လျော့နည်းရေးအတွက်အစီအစဉ်သစ်နှစ်ရပ်ကို ဝန်ကြီးများကအတည် ပြုခဲ့ ကြသည်။

သိပ္ပံနှင့် နည်းပညာကဏ္ဍ

၁၉၈၇ ခု၊ ဇူလိုင်လတွင် စတင်အတည်ဖြစ်လာခဲ့သည့် ရောမစာချုပ်တွင် ပြင်ဆင်မှုများပြုလုပ်ရာ၌ သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ ကဏ္ဍတစ်ရပ်ကို ပထမဆုံးအကြိမ် ထည့်သွင်းခဲ့ကြသည်။ ဤကဏ္ဍတွင် ဥရောပ အဖွဲ့အတွင်း ဤအရေးကိစ္စ၌ ပူးပေါင်းဆောင်ရွက်ရမည့် အတိုင်းအတာကို သတ်မှတ်ဖော်ပြ ထားသည်။ ၁၉၉ဝ - ၉၄ ကာလအတွင်း သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးအား ထောက်ပံ့ရေးအစီးအစဉ်အတွက် ဥရောပငွေကြေး အီးစီယူသန်း ၆,၆ဝဝ သတ်မှတ်ပေးထားသည်။

ဥရောပအဖွဲ့ပိုင် ပူးတွဲသုတေသနဗဟိုဌာန (ဂျေအာရ်စ်) ကို ၁၉၈၉ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ရာ အီတလီ၊ ဗဲလဂျီယံ၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံများတွင် အခြေစိုက်သည့် ဌာနရှစ်ခု ပါဝင်ပေသည်။

ဥရောပဆက်သွယ်ပြန်ကြားရေး သုတေသနမဟာဗျူဟာ အစီအစဉ် (အက်စ်ပရစ်) ကို ၁၉၈၄ခုနှစ် တွင်စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ဥရောပအဖွဲ့က ဥရောပတိုက်တွင် တိုးတက်သော ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေး အတွက်တွဲဖက်သုတေသန အစီအစဉ်တစ်ရပ်ကိုစတင်ဖော်ဆောင် လုပ်ကိုင်ခဲ့သည်။

စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းတို့တွင် ခေတ်မီဇီဝဗေဒ အသုံးပြုမှုကို တိုးတက်မြှင့်တင်ပေးရန်ရည် ရွယ်ချက်ဖြင့်ဥရောပ အဖွဲ့က ဇီဝနည်းပညာသုတေသနလုပ်ငန်းကို အားပေးထောက်ပံ့သည်။ ၁၉၉ဝ-၉၄ ကာလ အတွင်း ဇီဝနည်းပညာ အစီအစဉ် ၌ ၁၉၉၂ ခုနှစ် ကုန်ဆုံးချိန်တွင် သုတေသနအဖွဲ့ ၅၇၉ ဖွဲ့တို့က စီမံချက် ၇၆ ခုကိုဆောင်ရွက်လျက်ရှိကြသည်။ ဇီဝနည်းပညာပေါ်တွင်အခြေပြုသည့် အီကလဲယား အစီအစဉ်ခေါ် စိုက်ပျိုး-စက်မှုသုတေသနလုပ်ငန်းကို ဘတ်ဂျက် ရန်ပုံငွေ ဥရောပငွေကြေး အီးစီယူသန်း ၆ဝ ဖြင့် ၁၉၈၉-၉၃ ကာလအတွင်း ဆောင်ရွက်ခဲ့ကြသည်။ အစားအစာ သိပ္ပံနှင့် နည်းပညာနှင့် ပတ်သက်သည့် ဖလဲယား အစီအစဉ်ခေါ် သုတေသနလုပ်ငန်းကိုလည်း အထက်ပါ ကာလအတွင်း၌ လုပ်ကိုင်ခဲ့ကြသည်။

စိုက်ပျိုးရေးနှင့် စိုက်ပျိုး-စက်မှုလုပ်ငန်းအတွက် သုတေသနနှင့် တိုးတက်ဖွံ့ဖြိုးရေး အစိအစဉ်သစ် တစ်ရပ်ကို ၁၉၉၁ - ၉၄ ကာလအတွက် ရန်ပုံငွေ အီးစီယူ ၃၃၃ သန်းဖြင့် အတည်ပြုခဲ့ကြသည်။ ဇီဝဆေးဝါး နှင့် ကျန်းမာရေးဆိုင်ရာ သုတေသန လုပ်ငန်း အစီအစဉ်တစ်ရပ်ကို ၁၉၉ဝ-၉၄ ကာလအတွင်း အီးစီယူ ၁၃၃ သန်း သုံးလုပ်ဆောင်ရန် အတည်ပြုခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ဥရောပကောင်စီက စက်မှုလုပ်ငန်းဆိုင်ရာ နည်းပညာများ၊ လေယာဉ်ပညာ၊ ဓာတု ပစ္စည်းများ၊ အထည်အလိပ်များနှင့် သတ္တုလုပ်ငန်းများ စသည့်လက်ရှိ စက်မှုလုပ်ငန်းများ အကျိုးအတွက် နည်းလမ်းသစ်များ ဖန်တီးဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် စက်မှုလုပ်ငန်းနည်းပညာများတွင် အခြေခံသုတေသနပြုမှုများ လုပ်ဆောင်ရန်အစီအစဉ်တစ်ရပ်ကို အတည်ပြုခဲ့သည်။

ဥရောပအဖွဲ့(အီးစီ)သည် နှစ်နိုင်ငံချင်း သုတေသနစီမံ ချက်များတွင် အဖွဲ့ဝင်မဟုတ်သော နိုင်ငံများ (အထူးသဖြင့် အက်ဖ်တာခေါ် ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေး အသင်းဝင်နိုင်ငံများ) နှင့်ပူးပေါင်းဆောင်ရွက်သည်။ ဤတွင် ၁၉၉ဝ - ၉၄ ကာလအတွင်း ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ နှင့် သိပ္ပံပညာ နှင့်စက်မှုပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် တွင် ၁၉၉၂ ခုနှစ်အတွက် အီးစီယူ ၅၅ သန်းမျှ သုံးစွဲလုပ် ဆောင်ရန် လျာထားသတ်မှတ်ခဲ့ပေသည်။

ဥရောပအဖွဲ့ (အီးစီ) တစ်ဖြစ်လဲ ဥရောပသမဂ္ဂ (အီးယူ) မော့စ်ထရစ်စာချုပ် ဥရောပဘုံဈေး (အီးစီ) ကို ရောမစာချုပ်ဖြင့် ၁၉၈၅ ခုနှစ်တွင် စတင်တည်ထောင်ပြီးနောက်စာချုပ်ဝင် ဥရောပနိုင်ငံ များ၏ အစုအသင်းဘုံဈေး (အီးအီးစီ)နှင့် ဥရောပအဖွဲ့ (အီးစီ) ဟုအလဲအလှယ် ခေါ်ဝေါ်ခဲ့ကြသည့်အပြင် တစ်ခါတစ်ရံ၌ ဥရောပသမဂ္ဂ(အီးယူ) ဟူ၍ပင် အလွတ်သဘော သုံးနှုန်း ခေါ်ဝေါ်လာခဲ့ကြသည်။

အထက်နောက်ဆုံးအခေါ်ဝေါ်မှာ ပိုမိုတွင်ကျယ်လာခဲ့ရာ ဥရောပစာချုပ်၏ အဝန်းအတားကိုထပ်မံ ပြင်ဆင်တိုးချဲ့သည့် စာချုပ်တစ်ရပ်ကို ဥရောပအဖွဲ့၏ အစိုးရ ခေါင်းဆောင်များက ၁၉၉၁ ခု၊ဒီဇင်ဘာလတွင် နယ်သာလန်နိုင်ငံ၊ မော့စ်ထရစ်မြို့တွင် သဘောတူအတည်ပြုခဲ့ကြသည်။ ၁၉၉၂ ခု၊ ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၁၉၉၃ ခု၊ အောက်တိုဘာလတွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှ အတည်ပြုခဲ့ကြသည်။ ၎င်း စာချုပ်သည် ၁၉၉၃ ခု၊ နိုဝင်ဘာ ၁ ရက်နေ့တွင် တရားဝင်အတည်ဖြစ်လာခဲ့သည်။ ဤစာချုပ်ဖြင့်စာချုပ် ဝင်နိုင်ငံများက ၎င်းတို့အားလုံး အတွက် ဥရောပသမဂ္ဂ (အီးယူ) ကိုဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ (ဤစာချုပ်ကို မော့စ်ထရစ် စာချုပ်ဟု ခေါ်ဝေါ်ခဲ့ကြသည်။)

ထိုနောက်အထက်ပါ စာချုပ်ဆိုင်ရာ အခြေပြစာချုပ် တစ်ရပ်ကို အတည်ပြုခဲ့ကြပြီး ၁၉၈၉ ခုနှစ်လူမှုရေး ပဋိညာဉ် စာတမ်းပေါ်အခြေခံသည့် လူမှုရေးပေါ်လစီနှင့်ပတ်သက်သော သီးခြားစာချုပ်ကိုဗြိတိန်နိုင်ငံမှတစ်ပါး အဖွဲ့ဝင်နိုင်ငံအားလုံးက လက်မှတ်ရေးထိုးခဲ့ကြသည်။

ဤစာချုပ်သည် ဥရောပပြည်သူများစပ်ကြား ပိုမိုရင်ကြားစေ့စေသော သမဂ္ဂတစ်ခုဖန်တီးရေးဖြစ်စဉ်၌ မှတ်တိုင်သစ် တစ်ခုကို စိုက်ထူလိုက်ခြင်း ဖြစ်သည်။ ဤသမဂ္ဂ အတွင်း၌ ဆုံးဖြတ်ချက်များကို ဥရောပပြည်သူများ ကိုယ်တိုင်ဖြစ်နိုင်သမျှ ဆုံးဖြတ်ရမည့် အခြေအနေမျိုး ဖြစ်ပေါ်တည်ရှိ လာသည်။ ယင်း၏လုပ်ငန်းတာဝန် မှာအဖွဲ့ဝင်နိုင်ငံများ စပ်ကြား၌သော်လည်းကောင်း၊ ပြည်သူများစပ်ကြား၌သော်လည်းကောင်း ဆက်ဆံရေးများကို ညီညွတ်ပေါင်းစည်းမှု သရုပ်ထင်စေမည့် ပုံစံဖြင့် စည်းရုံးစီစဉ်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း စာချုပ်က လမ်းညွှန်မှုပေးထားသည်။


ဥရောပ သမဂ္ဂသို့ အဖွဲ့ဝင် အဖြစ် ပါဝင်ရေး

ဥရောပသမဂ္ဂတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရေးအတွက် ဩစတြီးယား၊ ဖင်လန်၊ နော်ဝေးနှင့် ဆွီဒင်နိုင်ငံများနှင့် အလေးအနက်ပြုလုပ်သော စေ့စပ်ဆွေးနွေးမှုများသည် ၁၉၉၄ ခုနှစ်၊ မတ်လအတွင်းပြီးဆုံးသွားခဲ့သည်။ ယင်းဆွေးနွေး မှုများမှာ ၁၉၉၃ ခုနှစ် ပထမလေးလပတ်တွင် စတင်ခဲ့ခြင်းဖြစ် သည်။ ယင်း လေးနိုင်ငံစလုံးပင် အဖွဲ့ဝင်ခုနှစ်နိုင်ငံဖြင့် ဖွဲ့စည်း ထားသည့် လွတ်လပ်သော ဥရောပစီးပွားရေးနယ်ပယ်တွင် အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။ ထို့အပြင် ဥရောပစီးပွားရေးနယ်ပယ် (အီးအီးအေ) တွင်လည်းအစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ကြသည်။

နော်ဝေးနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂတွင်ပါဝင်ရေး အတွက် ပြည်သူ့ဆန္ဒခံယူပွဲ တစ်ရပ်ကို ၁၉၉၄ခု၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် နော်ဝေးနိုင်ငံ၌ ကျင်းပခဲ့ရာ၊ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၈၈ ရာခိုင်နှုန်းတို့ကမဲပေးခဲ့ကြပြီး သဘောမတူကန့်ကွက်သူ ၅၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် သဘောတူလက်ခံသူ ၄၇ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ပယ်ချခဲ့သည်။ မဲဆန္ဒမပေးမီ ရက်သတ္တပတ် ပေါင်းများစွာကြာမျှ ပြင်းထန်စွာငြင်းခုံပြောဆို မဲဆွယ်ခဲ့ကြသည်။ အခြားမျက်နှာစာ တစ်ရပ်မှာ ယခင်က ဆိုဗီယက် ပြည်ထောင်စု၏ အပေါင်းအပါများ ဖြစ်ခဲ့သော အရှေ့ဥရောပ နိုင်ငံများက အီးစီ/အီးယူတို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လိုသော ဆန္ဒရှိလာကြခြင်းပင်ဖြစ်သည်။ ဟန်ဂေရီနှင့်ပိုလန်နိုင်ငံတို့သည် ဥရောပသမဂ္ဂတွင် အဖွဲ့ဝင်ဖြစ်ရန် ပထမဆုံးလျှောက်ထားခဲ့ကြသည့် ယခင်ကွန်မြူနစ် နိုင်ငံများဖြစ်လာခဲ့ကြသည်။ ဟန်ဂေရီက ၁၉၉၄ ခု၊ ဧပြီ ၁ ရက်နေ့နှင့် ပိုလန်က ဧပြီ ၈ ရက်နေ့တွင်အဆိုပြုခဲ့ခြင်းဖြစ်သည်။ မည်သည့်အချိန်တွင် အဖွဲ့ဝင်ခွင့်ရမည်ကို အနောက်ဥရောပအဖွဲ့အစည်းများက ပြောကြားခြင်းမရှိသဖြင့် ပိုလန်၊ ဟန်ဂေရီနှင့် အခြားနိုင်ငံများက စိတ်မချမ်းမသာ ဖြစ်နေကြောင်း ၁၉၉၄ ခု၊ နိုဝင်ဘာကုန်ပိုင်းတွင် သတင်းများထွက်ပေါ်လာခဲ့သည်။

ဤအတောအတွင်း ၁၉၉၄ ခု၊ မတ်လ ၂၃ ရက်နေ့ တွင် ဥရောပသမဂ္ဂနှင့် ယူကရိန်းနိုင်ငံတို့သည် အကျိုးတူတွဲဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ဤသည်မှာ ယခင် ဆိုဗီယက်သမ္မတနိုင်ငံ တစ်နိုင်ငံနှင့် ပထမဆုံးစာချုပ်ချုပ်ဆိုခြင်းပင်ဖြစ်သည်။ ဤစာချုပ်၌လွတ်လပ်သော ကုန်သွယ်ရေး ဒေသတစ်ခု တည်ထောင်ရေး အလားအလာနှင့်တကွ နှစ်ဦးနှစ်ဖက်စီးပွားရေးနှင့် နိုင်ငံရေးအရ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်။

နိုင်ငံခြားဆက်ဆံမှုများ
ဥရောပသမဂ္ဂသည် ၎င်း၏ကိုယ်ပိုင်လုပ်ခွင့်အရ နိုင်ငံပေါင်းများစွာနှင့်လည်းကောင်း၊အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များနှင့်လည်းကောင်း သံတမန်ဆက်ဆံမှုများရှိသည့်အပြင် ဂတ်အဖွဲ့ကဲ့သို့အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံ များတွင် အဖွဲ့အစည်းတစ်ရပ်အဖြစ်ဖြင့် ပါဝင်ဆင်နွှဲသည်။ ယင်းသမဂ္ဂသည် ကုလသမဂ္ဂ၌ လေ့လာသူ အဆင့်အတန်းကို ရရှိထားသည်။ နိုင်ငံနှင့်နိုင်ငံစု အမြောက်အမြားနှင့် သဘောတူ စာချုပ်များချုပ်ဆိုကာ ကုန်သွယ်ရေးနှင့် အခြားရေးရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ခွင့်များရရှိခဲ့သည်။ ယင်းသမဂ္ဂသည် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်အမျိုးမျိုးတွင်လည်း ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

၁၉၈၇ ခု၊ ဇူလိုင် ၁ ရက်နေ့ချုပ်ဆိုခဲ့သော တစ်ခုတည်းသော ဥရောပအက်ဥပဒေအရအဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံခြားရေးရာကိစ္စများတွင် တစ်ဦးနှင့်တစ်ဦး အကြောင်းကြား အသိပေးကာ ဆွေးနွေး တိုင်ပင်ကြ ရမည်ဖြစ်သည်။ ဥရောပသမဂ္ဂဆိုင်ရာ စာချုပ်ပါ ပြဋ္ဌာန်းချက်များအရ အဖွဲ့ဝင်အစိုးရများသည် နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ကိစ္စများတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တွဲဖက်ပူးပေါင်းဆောင်ရွက်ခွင့်ရှိသည်။ ဤစာချုပ်၌ အဆုံးစွန်သောကာလတွင် ဘုံကာကွယ်ရေးပေါ်လစီ တစ်ရပ် ပြုလုပ်ချမှတ်ရေးအတွက်မျှော်မှန်းချက် ရှိသည့်အပြင် ဘုံကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထူထောင်မည့် အလား အလာလည်းရှိသည်။

အနောက်ဥရောပသမဂ္ဂဟူသောအမည်ဖြင့် တည်ရှိ၍ ဒိန်းမတ်၊ ဂရိနှင့် အိုင်ယာလန်နိုင်ငံတို့မှ တစ်ပါး ကျန်ရှိသည့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးပါဝင်သည့် အဖွဲ့အစည်းကို ၎င်း သမဂ္ဂ၏ ကာကွယ်ရေးအစိတ် အပိုင်းအဖြစ် ဖန်တီးကြမည်ဖြစ်သည်။ သို့သော်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)သို့ တာဝန်ခံယူထားချက်များကိုမူ ဂရုပြုလေးစားကြမည်ဖြစ်သည်။

ဘုံနိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒသည် ဥရောပ အဖွဲ့(အီးစီ)၏ လုပ်ပိုင်ခွင့်အတွင်း၌ တည်ရှိသည်။ ဤလုပ်ငန်း နယ်ပယ်၌ ဆုံးဖြတ်ချက်များကို ဥရောပကောင်စီနှင့် ဝန်ကြီးများ ကောင်စီတို့က ပြုလုပ်ကြသည်။

ဥရောပငွေကြေးယူနစ်
ဥရောပငွေကြေးစနစ် (အီးအမ်အက်စ်)ကို တည်ထောင် ဖန်တီးခဲ့ကြရာတွင် ဥရောပငွေကြေးယူနစ် (အီးစီယူ)ခေါ် ငွေကြေးစနစ် အသစ်တစ်မျိုးကို အတည်ပြုပြဋ္ဌာန်းခဲ့ကြသည်။ ယင်း၏ တန်ဖိုးနှင့် ဖွဲ့စည်းမှုမှာဥရောပအဖွဲ့၏ အုပ်ချုပ်ရေးနယ်ပယ်များ၌ သုံးစွဲနေပြီဖြစ်သော အီးယူအေခေါ် ဥရောပငွေစာရင်းယူနစ်နှင့် တူညီသည်။

၁၉၇၉ ခုနှစ်မှစ၍ အီးစီယူကိုဘုံစိုက်ပျိုးရေး ပေါ်လစီ ရေးရာကိစ္စများအတွက် ငွေကြေးအဖြစ်အသုံးပြုခဲ့ကြသည်။ အီးစီယူသည် ၁၉၈၁ ခုနှစ်မှစ၍ ဥရောပအဖွဲ့ (အီးစီ)၏ ရသုံးငွေစာရင်းတွင် အီးယူအေကို ဖယ်ရှား၍၎င်း၏နေရာကို အစားထိုး ဝင်ယူခဲ့လေသည်။ ယခုအခါ၌ အီးစီယူသည် ဥရောပအဖွဲ့၏ တစ်ခုတည်းသော ငွေကြေးယူနစ်ဖြစ်သည်။

အီးစီယူသည် ရောပြွမ်းပေါင်းစပ်ထားသော ငွေကြေးယူနစ်တစ်ခုဖြစ်သည်။ ဤငွေကြေးယူနစ် အတွင်း၌ ငွေကြေးတစ်ခုစီ၏ စံနှုန်းတန်ဖိုးကို နိုင်ငံတစ်နိုင်ငံစီ၏ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီအင်ပီ)နှင့် ကုန်သွယ်မှုပမာဏအရ ပိုင်းခြားသတ်မှတ်သည်။ ၁၉၈၅ ခုနှစ်၊ ဇွန်လတွင် ဥရောပအဖွဲ့၏ ဗဟိုဘဏ် ဥက္ကဋ္ဌများက အီးစီယူ ငွေကြေးသုံးစွဲမှု တိုးတက်ကျယ်ပြန့်ကာ ဥရောပငွေကြေးစနစ် (အီးအမ်အက်စ်)ကို ခိုင်မာအောင်ပြုလုပ်ရန် ရည်ရွယ်လျက် စီမံချက်များ ချမှတ်လုပ်ဆောင်ခဲ့ကြသည်။ ၁၉၈၉ ခု၊ ဇွန်လတွင် ပေါ်တူဂီနိုင်ငံနှင့် စပိန်နိုင်ငံတို့၏ ငွေကြေးများကိုအီးစီ ယူ၏ဖွဲ့စည်းမှုတွင် ၎င်းနှစ်စက်တင်ဘာ ၂ဝ ရက်နေ့မှစ၍ ထည့်သွင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထိုနေ့ရက်မှစ၍ အီးစီယူဖွဲ့စည်းမှု၌ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားငွေကြေး ပမာဏများ၏ တန်ဖိုးညီမျှမှုကို ရာခိုင် နှုန်းများဖြင့် ဖော်ပြခဲ့သည်။ ဥပမာအားဖြင့် ပြင်သစ်ဖရန့်ငွေ- ၁၉ ဒသမ ဝ၊ ဂျာမန်ဒွိုက်ရှ် မတ်ငွေ-၃ဝ ဒသမ ၁၊ ဗြိတိသျှ ပေါင် စတာလင် ၁၃ ဒသမ ဝ။ ၁၉၉၃ ခု၊ စက်တင်ဘာ ၃ဝ ရက်နေ့တွင် အီးစီယူ၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇၆ဝ၄ ဖြစ်ခဲ့သည်။


ဥရောပ အဖွဲ့၏ ရငွေ၊ သုံးငွေ နှင့် ဘဏ္ဍာရေး အခြေအနေ

ဥရောပအဖွဲ့ (အီးစီ)၏ ယေဘုယျ သုံးငွေစာရင်း (ဘတ်ဂျက်)တွင် ဘုံဈေးအဖွဲ့ (အီးစီ)နှင့် ယူရေတွမ်အဖွဲ့တို့၏ အသုံးစရိတ်နှင့် ဥရောပ ကျောက်မီးသွေးနှင့် သံမဏိအဖွဲ့ (အီးစီအက်စ်စီ) ၏အုပ်ချုပ်ရေးအသုံးစရိတ် တို့ပါဝင်သည်။ ဥရောပကော်မရှင်သည် ၎င်းဘတ်ဂျက်ကို အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။ ဥရောပအဖွဲ့၏ရငွေများတွင် အခွန်အတုတ်များနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ထည့်ဝင်ငွေကြေးများပါဝင်သည်။

၁၉၉၃ ခုနှစ်အတွက် အီးစီကော်မရှင်၏ စုစုပေါင်း ဘတ်ဂျက် အသုံးစရိတ် လျာထားငွေ များမှာ အီးစီယူ အီးစီယူ ၆၄,၄ဝ၅ သန်းကျော်ရှိသည်။ ဤငွေများတွင် အုပ်ချုပ်ရေးအတွက် အီးစီယူ ၂,၂၈၃ သန်းကျော်နှင့် လုပ်ငန်းဆောင်ရွက်မှုများ (စီမံကိန်း၊ စီမံချက်စသည်များဖော်ဆောင်ရေး) အတွက် အီးစီယူ ၆၂,၁၂၁သန်း ပါဝင်သည်။

ရငွေဘက်တွင် စုစုပေါင်းအခွန်ငွေများရရှိမှုမှာ ၁၉၉၃ ခုနှစ်တွင် အီးစီယူ ၆၅,၅၂၂ ဒသမ ၆ သန်း ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။ ဤငွေပမာဏတွင် အဖွဲ့ဝင်နိုင်ငံများ၏ ထည့်ဝင်ကြေး များမှာ အီစီယူ ၆၅,ဝ၆၄ ဒသမ ၉ သန်း ခန့်ရှိသည်။ ထည့်ဝင်ငွေကြေးများတွင် အများဆုံးထည့်ဝင်သူမှာ ဂျာမနီနိုင်ငံ (၂၈ ဒသမ ၇ ရာခိုင်နှုန်း)နှင့် အနည်းဆုံးထည့်ဝင်သူမှာ လူဇင်ဘတ် နိုင်ငံ (သုညဒသမ ၂ ရာခိုင်နှုန်း) ဖြစ်သည်။[၃]

အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်း[ပြင်ဆင်ရန်]

ယူနိုက်တက်ကင်းဒမ်းနိုင်ငံသည် ဥရောပသမ္မဂအဖွဲ့ဝင်အဖြစ်မှ ပထမဆုံးနုတ်ထွက်ခဲ့သော နိုင်ငံဖြစ်ကာ ၂၀၂၀ ဇန်နဝါရီ ၃၁ တွင်ထွက်ခွာခဲ့သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Oxford Dictionary of English: European 5 b. spec. Designating a developing series of economic and political unions between certain countries of western (and later also eastern) Europe from 1952 onwards, as European Economic Community, European Community, European Union.
  2. First demographic estimates for 2009 (11 December 2009)။ 13 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 February 2010 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
  4. "Brexit day: end of an era as United Kingdom leaves EU – as it happened-GB"၊ The Guardian၊ 1 February 2020။