လိုင်ဇာ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု

ဝီကီပီးဒီးယား မှ
လိုင်ဇာ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
မြန်မာ့ပြည်တွင်းပဋိပက္ခများ၏ တစိတ်တပိုင်း
တည်နေရာ
မုန်လိုင်ခက်ရွာ၊ လိုင်ဇာမြို့ကချင်ပြည်နယ်

24°45′14″N 97°33′02″E / 24.7540°N 97.5505°E / 24.7540; 97.5505
ပစ်မှတ် ကေအိုင်အို
ကေအိုင်အေ
ရက်စွဲ၉ အောက်တိုဘာ ၂၀၂၃
ည ၁၁ နာရီခွဲဝန်းကျင် (မြန်မာစံတော်ချိန်)
ကျူးလွန်သူ တပ်မတော် (ကြည်း)
ထိခိုက်သေဆုံးမှု၂၉[၁] သေဆုံး
၅၀ ကျော် ဒဏ်ရာရ

လိုင်ဇာ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ည ၁၁ နာရီဝန်းကျင်တွင် ကချင်ပြည်နယ်လိုင်ဇာမြို့အနီး မုန်လိုင်ခက် စစ်ရှောင်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့်[၂] ကလေးသူငယ် ၁၁ ဦးအပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သော ဖြစ်ရပ် ဖြစ်သည်။[၁]

နောက်ခံ[ပြင်ဆင်ရန်]

ဖြစ်ရပ်[ပြင်ဆင်ရန်]

ကေအိုင်အေ အခြေစိုက် လိုင်ဇာမြို့နှင့် နှစ်မိုင်အကွာ မုန်လိုင်ခက်စစ်ရှောင်စခန်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ည ၁၁ နာရီဝန်းကျင် လက်နက် ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူပေါင်း ၂၉ ဦးသေဆုံးခဲ့သည်ဟု ကေအိုင်အေ/ကေအိုင်အိုက ပြောဆိုခဲ့သည်။[၃] သေဆုံးသူ ကလေးငယ် ၁၁ ဦးတွင် ၁၂ နှစ်အောက် မိန်းကလေး ၃ ဦးနှင့် ယောက်ျားလေး ၃ ဦး ပါဝင်ခဲ့သည်။[၃] ထိခိုက်ဒဏ်ရာရသူ ၅၆ ဦး ရှိပြီး ယင်းအနက် ၄၄ ဦးအား ဆေးရုံသို့ တင်ပို့ထားခဲ့ရသည်။[၃]

ဤဒုက္ခသည်စခန်းသည် မုန်လိုင်ခက်ရွာ၏ ကုန်းမြင့်အောက်ကပ်လျက်တွင် တည်ရှိပြီး အိမ်ထောင်စု ၁၀၀ နီးပါး နေထိုင်သည်။[၁] ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ၂၀၂၃ ခုနှစ် ဇူလိုင်လဆန်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နမ်ဆန်ယန်ရွာမှ ဒေသခံအများစုခိုလှုံနေသော စခန်းဖြစ်သည်။

အငြင်းပွားဖွယ်ရာများ[ပြင်ဆင်ရန်]

ပေါက်ကွဲမှုဖြစ်ပွားအပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုတိုက်ခိုက်မှုအား ၎င်းတို့စစ်တပ်က လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။[၄] မုန်လိုင်ခက်အနီး KIA သင်တန်းကျောင်းရှိ အမိုနီယမ် နိုက်ထရိတ် (ယမ်း) သိုလှောင်ရုံ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်အပြီးနှစ်ရက်အကြာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။[၅][၄]

ဤအဖြစ်အပျက်သည် စစ်ကောင်စီ၏ တိုက်ခိုက်မှုဖြစ်ကြောင်း ကေအိုင်အေက ပြောဆိုခဲ့ပြီး စစ်ကောင်စီထုတ်ပြန်ချက်ဖြစ်သော ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်သည်ကိုလည်း ငြင်းဆိုထားသည်။[၄]

တရုတ်အစိုးရပိုင် China Radio International မြန်မာပိုင်းစာမျက်နှာက အမြောက်ပစ်ခတ်မှုဟု ဖော်ပြခဲ့သလို[၆] တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်လည်း အမြောက်ပစ်ခတ်မှုကြောင့်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပြောကြားခဲ့သည်။[၄]

တုံ့ပြန်မှုများ[ပြင်ဆင်ရန်]

နိုင်ငံတကာ[ပြင်ဆင်ရန်]

စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုတွင် အရပ်သားများ သေဆုံးရသည့်အခြေအနေကို များစွာထိတ်လန့် ဝမ်းနည်းရကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က ထုတ်ပြန်ခဲ့သည်။[၃][၇] ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ပထမကော်မတီ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာစစ်တပ်ကို အပြည့်အဝ လက်နက်ပိတ်ပင်ခြင်း၊ တိုက်လေယာဉ်ဆီများ တင်သွင်းမှု ရပ်ဆိုင်းခြင်းများအား အမြန်ဆောင်ရွက်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေးကောင်စီကို တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။[၃][၇]

မြန်မာနိုင်ငံ ကုလသမဂ္ဂရုံးကလည်း ဤတိုက်ခိုက်မှုအပေါ် များစွာထိတ်လန့် ဝမ်းနည်းရကြောင်း ဖော်ပြခဲ့သည်။[၂][၇]

သတင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် အထူးစိုးရိမ်ကြောင်းနှင့် တရုတ်-မြန်မာနယ်စပ် လုံခြုံရေးအတွက် တင်းမာမှုများအား ရှောင်ရှားပြီး သဘောထား ကွဲပြားမှုများကို သက်ဆိုင်သူများအနေဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin က အောက်တိုဘာလ ၁၀ ရက်နေ့ ဘေဂျင်းမြို့တော် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။[၇]

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကလည်း မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူအများအပြား အသက်ဆုံးရှုံးကြသောသတင်းကို ကြားသိရသည့်အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။[၇]

ပြည်တွင်း[ပြင်ဆင်ရန်]

ဤတိုက်ခိုက်မှုအား စစ်ကောင်စီက ပြုလုပ်ခြင်းဖြစ်ကြောင်း ကေအိုင်အိုက ပြောဆိုခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်ခြင်းမဟုတ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါက်ကွဲမှု ဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် ငြင်းဆိုခဲ့သည်။[၃][၈]

ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (KHRW) က စစ်ကောင်စီ၏ ယခုလုပ်ရပ်အား ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချခဲ့ပြီး စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ပံ့ပိုးကူညီပေးနေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးရန်နှင့် စစ်ကောင်စီကို နိုင်ငံတကာခုံရုံးကို အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။[၃]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ "လိုင်ဇာအနီး ဒုက္ခသည်စခန်း ဗုံးကြဲခံရပြီး ကလေးသူငယ်တွေအပါအဝင် သုံးရာနီးပါး သေဆုံး" (in my)၊ Radio Free Asia၊ ၁၀ အောက်တိုဘာ ၂၀၂၃။ 
  2. ၂.၀ ၂.၁ "More Than Two-Dozen People Killed in Attack on Refugee Camp in Northern Myanmar" (in en)၊ VOA၊ ၁၀ အောက်တိုဘာ ၂၀၂၃။ 
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ "အောက်တိုဘာ ၁၀ ရက် ထိပ်တန်းသတင်းများ - KIO ဌာနချုပ် လိုင်ဇာအနီး စစ်ကောင်စီလက်နက်ကြီးကျရောက်လို့ ‌ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၃၀၀ ဦးရှိ" (in my)၊ BBC News မြန်မာ၊ ၁၀ အောက်တိုဘာ ၂၀၂၃။ 
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ "မုန်လိုင်ခက်အဖြစ်ဆိုးတွင် တရုတ်၊ KIA နှင့် စစ်ကောင်စီ ထုတ်ပြန်ချက် မတူညီ"၊ Myanmar Now၊ ၁၁ အောက်တိုဘာ ၂၀၂၃။ 
  5. "ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ချက်၌ အမိုနီယမ်နိုက်ထရိတ်(ယမ်း)သိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွား"၊ cincds.gov.mm၊ ၁၁ အောက်တိုဘာ ၂၀၂၃။ 
  6. "မြန်မာနိုင်ငံဒုက္ခသည်စခန်းတစ်ခုတွင် အမြောက်ပစ်ခတ်မှုခံခဲ့ရသဖြင့် လူ ၂၉ ဦးထက်မနည်းသေဆုံး"၊ myanmar.cri.cn [လင့်ခ်သေ]
  7. ၇.၀ ၇.၁ ၇.၂ ၇.၃ ၇.၄ "လိုင်ဇာအနီး မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှု ကုလနဲ့ တရုတ်စိုးရိမ်" (in my)၊ ဗွီအိုအေ၊ ၁၀ အောက်တိုဘာ ၂၀၂၃။ 
  8. "လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်မှု ၃၀ နီးပါးသေဆုံး" (in my)၊ ဗွီအိုအေ၊ ၁၀ အောက်တိုဘာ ၂၀၂၃။