ဣန္ဒြေ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဣန္ဒြေငါးပါး ၌ ဣန္ဒြေဆိုသည်ကား “ဣန္ဒဿ ကမ္မံ ဣန္ဒြိယံ၊ ဣန္ဒဿ = အစိုးရမင်း၏၊ ကမ္မံ = အစိုးရမှုသည်၊ ဣန္ဒြိယံ = ဣန္ဒြေမည်၏။ အစိုးရမင်း၏ အစိုးမှုဆိုသည်ကား မိမိအုပ်ချုပ်ရာဌာန၌ မိမိအလိုကို တစ်စုံတစ်ယောက်သောသူကမျှ မလှန်မပြန်နိုင်မှုတည်း။ ဤအရာ၌ကား စိတ်ကို အစိုးရမှုသည် လိုရင်းတည်း။ ထိုဣန္ဒြေသည် ငါးပါးရှိ၏။ ၎င်းငါးပါးတို့မှာ --[၁]

(၁) သဒ္ဓိန္ဒြေ

(၂) ဝီရိယိန္ဒြေ

(၃) သတိန္ဒြေ

(၄) သမာဓိန္ဒြေ

(၅) ပညိန္ဒြေ (ဤသည်တို့သည် ဣန္ဒြေငါးပါး ဖြစ်သည်။) [၁]

ဣန္ဒြေ (၅) ပါး[ပြင်ဆင်ရန်]

(၁) သန္ဓိန္ဒြေ[ပြင်ဆင်ရန်]

သန္ဓိန္ဒြေ ဆိုသည်မှာ သဒ္ဓါပင် ဖြစ်သည်။ ထိုသဒ္ဓါသည် အစိုးရမျိုး ဖြစ်သည်။ ပကတိသဒ္ဓါ, ဘာဝနာသဒ္ဓါဟူ၍ နှစ်ပါးရှိသည်။[၁]

ပကတိသဒ္ဓါ[ပြင်ဆင်ရန်]

ပကတိ လူတို့၌ ဒါနမှု, သီလမှု, အတုအပ ဘာဝနာမှုနှင့် ဖြစ်၍နေသော သဒ္ဓါသည် ပကတိသဒ္ဓါမည်၏။ ထိုပကတိသဒ္ဓါသည် စိတ်ကို အစိုးရ၏ ဆိုသော်လည်း အထက်၌ ပြဆိုခဲ့ပြီးသော သူရူးဥပမာအတိုင်း ပကတိလူတို့ စိတ်ရူးစိတ်နောက်ကို ပျောက်ငြိမ်းအောင် အုပ်ချုပ်နိုင်သည်မဟုတ်၊ ထိုစိတ်ရူးစိတ်နောက်အတိုင်းမှာ အလိုက်သင့် လိုက်လျော၍ ဒါနပြုရုံမျှ စိတ်ကို အစိုးရ၏။ သဒ္ဓါမရှိခဲ့လျှင် စိတ်သည်ဘယ်အခါမှ ကောင်းမှုကုသိုလ်ဆီ မသိပြီ၊ မကောင်းမှု၌သာ မွေ့လျော်၏။ သီလဝိသုဒ္ဓိဖြည့်ကျင့်မှု, တရားကျမ်းဂန် သင်ကြားလေ့ကျင့်မှု စသည်တို့၌လည်း အတူတူပင် ဖြစ်သည်။[၁]

ဤကား ပွားများခြင်း မရှိသော ပကတိသဒ္ဓါ၏ အစိုးရမှုနှင့် ဖြစ်နိုင်သော ပကတိကုသိုလ်မျိုး ဖြစ်သည်။ ကမ္မဋ္ဌာန်းအမှုနှင့် တွေ့ခဲ့လျှင် ထိုပကတိသဒ္ဓါသည် စိတ်ကို အစိုးမရ၊ စိတ်သည် သဒ္ဓါကို လှန်ပြန်ကန်ကျောက်၍ လွတ်ရာတပါးသို့ ထွက်သွား၏၊ ပကတိသဒ္ဓါကို ဤအရာ၌ မလိုအပ်။[၁]

ဘာဝနာသဒ္ဓါ[ပြင်ဆင်ရန်]

ဘာဝနာသဒ္ဓါဆိုသည်မှာ ထွက်သက် ဝင်သက် ကမ္မဋ္ဌာန်းအလုပ် အစရှိသော ဘာဝနာအလုပ်ဖြင့် အားခွန်ဗလ တေဇတန်ခိုး တိုးတက်ပွားစီး ဆင်ပြောင်ကြီးကဲ့သို့ ကြီးပွားလေအောင် ပျိုးထောင်ပြုပြင်၍ ထားအပ်သော သဒ္ဓါသည် ဘာဝနာသဒ္ဓါ မည်၏။[၁]

ဤဘာဝနာသဒ္ဓါကို ဗောဓိပက္ခိယအရာ၌ သဒ္ဓိန္ဒြေ ဆိုသည်။ ကမ္မဋ္ဌာန်းအာရုံတို့၌ စိတ်ရူး, စိတ်နောက် ပျောက်ငြိမ်း၍ စိတ်ကြည်ရောက်ခြင်း ဖြစ်သည်။ စိတ်မည်သည် သူကြည်ရာအာရုံ၌ နေရမှ ငြိမ်သက်တော့သည်။ အာနာပါနဿတိ အစရှိသော ကာယဂတာသတိကို အားထုတ်မှုသည် ထိုဘာဝနာသဒ္ဓါကို ပျိုးထောင်ပြုပြင်မှုပင် ဖြစ်သည်။ ကာယဂတာသတိစွဲ၍ ထွက်သက်ဝင်သက်စသော မိမိကိုယ်အင်္ဂါထဲ၌ စိတ်ကို မြဲအောင် ထားနိုင်လျှင်ပင် ဘာဝနာသဒ္ဓါကို ရသည်။ သမထကိစ္စ, ဝိပဿနာကိစ္စတို့နှင့် အဆင့်ဆင့်ပွားများ၍ သွားပါမူကား ယခုဘဝ၌ပင်လျှင် သက္ကာယဒိဋ္ဌိနိုင်ငံကြီး (၃) ရပ်ကို အကုန်ဖြိုဖျက်နိုင်သော အားအစွမ်းသို့ ရောက်၏။ သမထအလုပ်, ဝိပဿနာအလုပ်တို့ကိုမူကား ကျမ်းဂန်အရာ၌ အလွန်လိမ္မာသော ဆရာဥပနိဿယကိုမှီ၍လုပ်မှ နေရာကျနိုင်မည်။[၁]

(၂) ဝီရိယိန္ဒြေ[ပြင်ဆင်ရန်]

ဝီရိယိန္ဒြေ ဆိုသည်မှာ ဝီရိယပင် ဖြစ်သည်။ ပကတိဝီရိယ, ဘာဝနာဝီရိယဟူ၍ နှစ်ပါး ရှိ၏။ ကာယကဝီရိယ, စေတသိကဝီရိယဟူ၍လည်း နှစ်ပါး ရှိ၏။ ပကတိဝီရိယတွင် သိသာပြီ။ လောကမှုတို့၌ ပကတိဝီရိယလွန်ကဲသောသူတို့မှာ ဘာဝနာဝီရိယ ထမြောက်လွယ်၏။ ပိဏ္ဍပါတ်ဓုတင်၊ နိသဇ်ဓုတင်၊ ရုက္ခမူဓုတင်၊ အဗ္ဘောကာသိကဓုတင်၊ သုသာန်ဓုတင် အစရှိသော ဓုတင်မှုကြီးများသည် ကာယိကဝီရိယဘာဝနာမှုတို့ပင် ဖြစ်သည်။ ကာယိကဝီရိယဘာဝနာကို ထူထောင်မိ၍ အအိပ်အနေ နည်းပါးသဖြင့် ထကြွလုံ့လ ဝီရိယနှင့် ပြည့်စုံငြားသော်လည်း ဘာဝနာမနသိကာရ ထက်သန်မှုဟူသော စေတသိကဝီရိယ မရှိခဲ့သည်ရှိသော် ထွက်သက်ဝင်သက်စသော ကမ္မဋ္ဌာန်းအာရုံသည် ထင်မြင်စွဲမြဲခြင်းသို့ မရောက်နိုင်။ နေ့, ရက်, လ, နှစ်သာ ကြာညောင်း၍ သွား၏။ အာရုံမူကား ထူးလှသည်မရှိ၊ စိတ်ကြည်မှုလည်း ထူးလှသည်မရှိ။[၁]

ခပ်သိမ်းသော လုပ်မှုကိုင်မှုတို့၌ပင်လျှင် အလုပ်ကို လူက မြန်မြန်နိုင်တဲမှ နေရာကျသည်။ လူကို အလုပ်ကနိုင်နေလျှင် နေရာမကျပြီ။ လူကို အလုပ်က နိုင်မှုဆိုသည်မှာ အတုအပ ဝီရိယနှင့်သွပ်၍ အလုပ်အရာမထင်တဲ့နိုင်ဘဲ နေ့ရက်ကြာညောင်းရှိလတ်သော် ဣရိယပထဒုက္ခညှဉ်းဆဲမှုနှင့်ပင် ထိုအလုပ်၌ ပျင်းရိခြင်းဖြစ်၍ နေ၏။ ပျင်းရိခြင်း ဖြစ်လေလေ အလုပ်အရာမထင်လေလေ၊ အလုပ်အရာမထင်လေလေ ပျင်းရိခြင်း ဖိစီး၍ လာလေလေ ဖြစ်၏။ ထိုအရပ်ကို လွှတ်၍ အလုပ်တစ်ပါး ပြောင်းရသော် ကောင်းနိုးနိုးထင်၏၊ မကြာမကြာ အလုပ်ပြောင်း၏၊ ဝီရိယညံ့ဖျင်းသောသူကို အလုပ်ကနိုင်မှုတည်း။[၁]

ကမ္မဋ္ဌာန်းအလုပ်မည်သည် ကာယိကဝီရိယ, စေတသိကဝီရိယ (၂) ပါး ပြည့်စုံသောသူမှသာ အမြန်အထမြောက်နိုင်၏။[၁]

ကာယဂတာသတိ တည်ထောင်မိသည်မှစ၍ တစ်နေ့တစ်ခြား တိုးပွား၍လာသော ဘာဝနာဝီရိယကို ဤဗောဓိပက္ခိယအရာ၌ ဝီရိယိန္ဒြေဆိုသည်။ ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ပျင်း, စိတ်ရိ ပျောက်ငြိမ်း၍ စိတ်ထက်သန်မှုသို့ ရောက်ခြင်းတည်း၊ စိတ်မည်သည် စိတ်သန်ရာ အာရုံ၌ နေရမူ ပျော်တော့သည်။ ဤသည်နောက်၌ ဘာဝနာဝီရိယ ထူထောင်မှု အဆင့်ဆင့် ပွားများမှုတို့မှာ သဒ္ဓိန္ဒြေအတိုင်း သိလေ။[၁]

(၃) သတိန္ဒြေ, (၄) သမာဓိန္ဒြေ, (၅) ပညိန္ဒြေ[ပြင်ဆင်ရန်]

သတိန္ဒြေဆိုသည်မှာ ဤဗောဓိပက္ခိယအရာ၌ ထွက်သက်ဝင်သက်စသော မိမိကိုယ်အင်္ဂါ၌ ကောင်းစွာတည်ထောင်မိသော ကာယဂတာသတိမှစ၍ လောကုတ္တရာ သမ္မာသတိမဂ္ဂင်တိုင်အောင် ကြီးပွား၍သွားသော သတိပဋ္ဌာနခေါ်သော ဘာဝနာသတိကို ဆိုလိုသည်။ သမာဓိန္ဒြေ, ပညိန္ဒြေ တို့လည်း ဤနည်းတူ ဖြစ်သည်။[၁]

ဣန္ဒြေငါးပါး တစ်လုံးတစ်စည်းတည်းဖြစ်ခြင်း[ပြင်ဆင်ရန်]

ထွက်သက်ဝင်သက်အစရှိသော သတိပဋ္ဌာန်အာရုံ၌ စိတ်၏ မငြိမ်မသက်မှုကို သမာဓိန္ဒြေသည် ပယ်သတ်၏။ စိတ်၏ တွေဝေမှုန်မှေးမှုကို ပညိန္ဒြေသည် ပယ်သတ်၏။ ရှေး၌ဖြစ်သော သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ, သတိန္ဒြေ (၃) ပါးတို့ကား သမာဓိန္ဒြေ, ပညိန္ဒြေ (၂) ပါးတို့ကို အထွတ်အမြတ်သို့ရောက်အောင် မင်းမြှောက်သမားတို့ပေတည်း။ ကာယဂတာသတိပဋ္ဌာန်တည်ထောင်မိ၍ စိတ်ကိုအစိုးရသောဖြစ်သို့ ရောက်ကြသောအခါ သမထလမ်းသို့ လိုက်ခဲ့လျှင် သမာဓိန္ဒြေသည် သမာပတ်ရှစ်ပါးဖြစ်လာ၏၊ ပညိန္ဒြေသည် ဣန္ဒိဝိဓ အစရှိသော အဘိညာဉ် (၅) ပါး ဖြစ်လာ၏။ ဝိပဿနာလမ်းသို့ လိုက်ခဲ့လျှင် သမာဓိန္ဒြေသည် သုညတသမာဓိ, အနိမိတ္တသမာဓိ, အပ္ပဏိဟိတသမာဓိ (၃)ပါး ဖြစ်လာ၏။ ပညိန္ဒြေသည် ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော ပညာဝိသုဒ္ဓိ (၅)ပါး, အနုပဿနာဉာဏ်သုံးပါး, ဝိပဿနာဉာဏ်ဆယ်ပါး, မဂ်ဉာဏ်လေးပါး, ဖိုလ်ဉာဏ်လေးပါး, ပစ္စဝေက္ခဏာဉာဏ် (၂၆) ပါး ဖြစ်လာသည်။[၁]

ဤကား ဣန္ဒြေငါးပါးတို့၏ တစ်လုံးတစ်စည်းတည်း ဖြစ်ကြပုံကို ပြဆိုခန်း ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ပြုစုစီရင်တော်မူသော ဗောဓိပက္ခိယဒီပနီ။ လယ်တီဒီပနီထွန်းကားပြန့်ပွားရေးအဖွဲ့။