ဧကဓမ္မပါဠိ-ပဌမဝဂ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ပွားများလေ့လာအပ်သော တစ်ခုသော ဗုဒ္ဓါနုဿတိ = (ဘုရားဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း)တရားသည် စင်စစ်သံသရာ ငြီးငွေ့ဖို့၊ ရမ္မက်ကင်းဖို့၊ ရာဂစသည်ချုပ်ဖို့၊ ကိလေသာငြိမ်းအေးဖို့၊ လက္ခဏာယာဉ်တင် အထူးမြင်ဖို့၊ သစ္စာ ၄-ပါး ထိုးထွင်းသိဖို့၊ နိဗ္ဗာန်မျက်မှောက်ပြုဖို့ ဖြစ်သည်။
- ဓမ္မာနုဿတိ=(တရားဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း)တရားသည်
- သံဃာနုဿတိ=(သံဃာ့ဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း)တရားသည်
- သီလာနုဿတိ=(မိမိ၏သီလဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း) တရားသည်
- စာဂါနုဿတိ=(မိမိ၏စွန့်ကြဲခြင်းဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း) တရားသည်
- ဒေဝတာနုဿတိ=(နတ်တို့နှင့် တူသော မိမိ၏သဒ္ဓါ စသောဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း)တရားသည်
- အာနာပါနဿတိ=(ထွက်သက်ဝင်သက်ကို အောက်မေ့ခြင်း)တရားသည်
- မရဏဿတိ = (သေခြင်းကို အဖန်ဖန်အောက်မေ့ခြင်း)တရားသည်
- ကာယဂတာသတိ=(ဆံစသောအစုကို အောက်မေ့ခြင်း)တရားသည်
- ဥပသမာနုဿတိ=(နိဗ္ဗာန်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း)တရားသည် စင်စစ် နိဗ္ဗာန့်မျက်မှောက်ပြုဖို့ ဖြစ်သည်ဟု ဟောတော်မူသည်။
ဂုဏ် ၇-ပုဒ်ထုတ်
[ပြင်ဆင်ရန်]ရောင်းကုန်ကို ချီးမွမ်းသော ကုန်သည်ကဲ့သို့ ဘုရားရှင်သည် လူများ အားထုတ်လိုအောင် သံသရာငြီးငွေ့ဖို့ စသောဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း၏ ဂုဏ် ၇-ပုဒ်ကို ထုတ်ဆိုသည်။
ကုန်သည်သည် တင်လဲ ထန်းလျက် စသောကုန်များကို လှည်းဖြင့်တင်ကာ နယ်စပ် ရွာသွားပြီး အဆိပ်ဆူး ဝယ်ကြပါဆိုလျှင် ကြားသူများ ပြေးကြမည်၊ ချိုမြိန်သော စားဖွယ်ဝယ်ကြပါ၊ ဈေးချိုချို ရပါသည်ဆိုမှ လာဝယ်ကြသကဲ့သို့တည်း၊ အဆိပ်ဆူးနှင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းတူ၍ ရောင်းကုန်၏ဂုဏ်နှင့် ကမ္မဋ္ဌာန်း၏ဂုဏ် ၇-ပုဒ် တူကြသည်။
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ၂-မျိုး
[ပြင်ဆင်ရန်]စိတ်ရွှင်ကျိုးရှိသော ကမ္မဋ္ဌာန်း၊ ဝိပဿနာရှုကျိုး ရှိသောကမ္မဋ္ဌာန်းဟု ၂-မျိုးရှိရာ အသုဘအာရုံတခုခု ပွားများ၍ စိတ်ထိခိုက် ငြီးငွေ့ မသက်မသာဖြစ်ကာ နွားဆုံးပမာ စိတ်အစဉ် မဖြောင့်လျှင် မူလကမ္မဋ္ဌာန်းပယ်၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းရမည်၊ စီးဖြန်း၍ စိတ်ကြည်လင်သန့်စင်မှ မူလကမ္မဋ္ဌာန်း ပြန်၍ စီးဖြန်းရသည်။
အိမ်အတွက် သစ်ကြီးဖြတ်စဉ် အကိုင်းအခက်ဖြတ်ယင်း ပုဆိန်ပဲ့သွားရာ အားမလျှော့ပဲ ပန်းပဲဖိုသွားကာ ထက်အောင်ပြင်ပြီး ပြန်ဖြုတ်ရသကဲ့တည်း။ ဤသို့လျှင် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဖြင့် စိတ်ကိုဆုံးမပြီးမှ မူလအသုဘစီးဖြန်း၊ ပဌမဈာန်ရသော် ဈာန်အင်္ဂါများ သုံးသပ်ရှုပွား အရိယာဖြစ်သွားသည်၊ ဤသို့စိတ်ရွှင်ကျိုးရှိသည်။
ဗုဒ္ဓါနုဿတိ စီးဖြန်းနေစဉ် ဤသူသည် ယောက်ျား မိန်းမစသည် မည်သူနည်းဟု ဆင်ခြင်လတ်သော် “မည်သူမျှမဟုတ်၊ သတိနှင့်ယှဉ်သောစိတ်ဟုမြင်ကာ ထိုစိတ်သည် ဝိညာဏက္ခန္ဓာ၊ စိတ်နှင့်ယှဉ်သော ဝေဒနာစသည်တို့ကား စေတသိက်ခန္ဓာ ၃-ပါးအား လုံး နာမ်ခန္ဓာ ၄-ပါးသာဟု နာမ်ကို ပိုင်းခြားသိသည်။ နာမ်၏မှီရာရှာသော် ဟဒယဝတ္ထု၊ ယင်း၏မှီရာကား မဟာဘုတ် ၄-ပါး၊ ဘုတ်တို့ကို မှီသည်ကား ဥပါဒါရုပ်ဟု သိမ်းဆည်းကာ အားလုံး ရူပက္ခန္ဓာပင်ဟု ရုပ်ကိုပိုင်းခြား မြင်သည်” ဤကား ရုပ် ၄၊ ဤကားနာမ်ဟု အချုပ်အားဖြင့် ရုပ်နာမ် အပြားအားဖြင့် ခန္ဓာ ၅-ပါး ယင်းတို့အားလုံး ဒုက္ခသစ္စာဟု ပိုင်းခြားသိသည်။
ဒုက္ခကို ဖြစ်ပေးသော တဏှာကား သမုဒယသစ္စာ၊ ဒုက္ခချုပ်ရာကား နိရောဓသစ္စာ နိရောဓသိကြောင်း အကျင့်ကား မဂ္ဂသစ္စာဟု ရှေ့အဖို့၌ သစ္စာလေးပါးကို ပိုင်းခြားနိုင်လျှင် အစဉ်အားဖြင့် အရိယာမြေတွင်း နင်းမိတော့သည်၊ ဤသို့လျှင် ဝိပဿနာရှုကျိုး ရှိသည်၊ အကြွင်းအနုဿတိ ၉-ပါး အလားတူပင်။
ဥပသမာနုဿတိ အစ္စန္တူပသမ - စင်စစ် ငြိမ်းအေးသောနိဗ္ဗာန်၊ ခယူပသမ- ကိလေသာကုန်၍ ငြိမ်းအေးသောမဂ်ဟု ဥပသမ ၂-မျိုးရှိရာ ယင်း ၂ မျိုးလုံးကိုပင် အာရုံပြု ပွားများရမည်။
အနုဿတိ ၁၀-ပါး ထူးခြားပုံ
[ပြင်ဆင်ရန်]အာနာပါနဿတိ၊ မရဏတိ၊ ကာယဂတာသတိ(အနုမပါ)ဤ ၃-ပါးသည် ဝိပဿနာရှုကျိုးသာရှိ၍ ကြွင်း ၇-ပါးကား စိတ်ရွှင်ကျိုး၊ ဝိပဿနာရှုကျိုး ၂-မျိုးလုံးရှိသော ကမ္မဋ္ဌာန်းများဖြစ်ကြသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ။