ဗုဒ္ဓါနုဿတိ

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင်၏ ဂုဏ်တော်ကို အောင့်မေ့ခြင်းကို ဗုဒ္ဓါနုဿတိဟု ခေါ်ပါသည်။

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း

အာရကတ္တာ ဟတတ္တာ စ၊ ကိလေသာရီန သော မုနိ။

ဟတသံသာရစက္ကာရော၊ ပစ္စယာဒီန စာရဟော။

န ရဟော ကရောတိ ပါပါနိ၊ အရဟံ တေန ဝုစ္စတိ။ [၂]


၁။ ဝါသနာအငွေ့ဓာတ်နှင့်တကွ ကိလေသာတို့ကို အကြွင်းမဲ့ ဖျက်ဆီးနိုင်သဖြင့် ကိလေသာတို့မှ အဝေးကြီး ဝေးကွာတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့် အရဟံ မည်တော်မူပါပေသော မြတ်စွာဘုရား၊

၂။ တစ်ထောင့်ငါးရာ ကိလေသာတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ချိုးဖဲ့ဖျက်ဆီးတော်မူတတ်ခြင်းတည်း ဟူသော ဤအကြောင်းကြောင့် အရဟံ မည်တော်မူပါပေသော မြတ်စွာဘုရား၊

၃။ အဝိဇ္ဇာ-တဏှာ ဦးစီးသည့် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏ ထောက်အကန့်တို့ကို ချိုးဖဲ့ဖျက်ဆီးတော် မူခြင်းတည်းဟူသော ဤအကြောင်းကြောင့် အရဟံ မည်တော်မူပါပေသော မြတ်စွာဘုရား၊

၄။ သူမတူသော သီလ-သမာဓိ-ပညာ-ဂုဏ်သကတ်ကြောင့် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ မြတ်သောအလှူ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်းတည်းဟူသော ဤအကြောင်းကြောင့် အရဟံ မည်တော်မူပါပေသော မြတ်စွာဘုရား၊

၅။ ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှု ဟူသမျှတို့ကို ပြုတော်မမူ ပြောတော်မမူ ကြံစည်တော်မမူခြင်းတည်းဟူသော ဤအကြောင်းကြောင့် အရဟံ မည်တော်မူပါပေသော မြတ်စွာဘုရား၊

ဤကား အရဟံဂုဏ်တော်၏ အနက်ငါးနက် ဖြစ်သည်။ ဤအနက် အဓိပ္ပါယ်တို့ကို ကျေပွန်အောင် နှုတ်တက် ရအောင် လေ့ကျက်ထားပါ။

သမာဓိထူထောင်ထားပြီးသူများ ရပြီးသား သမာဓိကို ပြန်ထူထောင်ပါ[ပြင်ဆင်ရန်]

ဤ အရဟံဂုဏ်တော် ကမ္မဋ္ဌာန်းကို ပွားများလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ဩဒါတကသိုဏ်း စတုတ္ထဈာန်သမာဓိကို သို့မဟုတ် အာနာပါန စတုတ္ထဈာန်သမာဓိကို တစ်ဖန် ထူထောင်၍ ထိုသမထဘာဝနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း အကူအညီဖြင့် မိမိ ကြည်ညိုလေးစားသည့် ရုပ်ပွားတော်တစ်ဆူကို မြင်အောင် ထိုးစိုက် အာရုံယူကြည့်ပါ။ သက်တော်ထင်ရှား မြတ်စွာဘုရားကို မဖူးမြင်ရသဖြင့် သက်တော်ထင်ရှား ဘုရားရှင်၏ ကိုယ်စား ရုပ်ပွားတော်ကို စတင်ကာ အာရုံယူခြင်း ဖြစ်ပါသည်။

ပုံတော်မှ ဂုဏ်တော်သို့[ပြင်ဆင်ရန်]

ထင်ထင်ရှားရှား တွေ့မြင်သောအခါ ယင်းပုံတော်ကို သက်တော်ထင်ရှားဘုရားဟု အမှတ်ပြုကာ အာရုံ ညွတ်ကြည့်ပါ။ အတိတ်က သက်တော်ထင်ရှား ဘုရားရှင်များကို ဖူးမြင်တွေ့ ခဲ့ရဖူးလျှင် ထိုဘုရားရှင်၏ ရုပ်ပုံတော်သည် ပေါ်လာတတ်ပါသည်။ ထိုဘုရားပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုရန် ဖြစ်သည်။ အကယ်၍ ထိုသို့ အာရုံယူကြည့်ရာ၌ သက်တော်ထင်ရှား ဘုရားရှင်၏ ပုံတော်မပေါ်ခဲ့သော် မိမိ အာရုံယူထားသော ရုပ်ပွားတော်ကိုပင် သက်တော်ထင်ရှား ဘုရားဟု အမှတ်ထား၍ ထိုပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုပါ။ အထက်ပါ အရဟံဂုဏ်တော်၏ အနက်အဓိပ္ပါယ် ငါးမျိုးတို့တွင် မိမိ နှစ်ခြိုက်ရာ အနက်အဓိပ္ပါယ် တစ်မျိုးမျိုးကို အာရုံယူ၍ အရဟံ-အရဟံဟု ပွားများပါ။ သမာဓိ အားကောင်း လာသောအခါ ပုံတော်ပျောက်၍ ဂုဏ်တော်အပေါ်၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေပေလိမ့်မည်။ ထိုအခါ ပုံတော်ကို လိုက်၍ အာရုံ မယူပါနှင့်၊ လိုက်၍ မရှာဖွေပါနှင့်။ ဂုဏ်တော်အပေါ်၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ပွားများပါ။

ဥပစာရသမာဓိ[ပြင်ဆင်ရန်]

တစ်နာရီခန့် ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ ဂုဏ်တော်အာရုံ၌ တည်နေခဲ့သော် ဈာန်အင်္ဂါတို့ကို ပြန်ဆင်ခြင်ကြည့်ပါ။ သို့သော် ဤဈာန်မှာ ဥပစာရဈာန်မျှသာ ဖြစ်သည်။ ယင်းဥပစာရဈာန်သို့ ဆိုက်အောင် ပွားများပါ။ ကြွင်းကျန်သော ဂုဏ်တော်တို့၌လည်း နည်းမှီ၍ ပွားများပါလေ။ ဝသီဘော်နိုင်နင်းအောင် လေ့ကျင့်ပါ။

ဗုဒ္ဓါနုဿတိ ဇယား

ဂုဏ်တော်ကို အာရုံယူသည့် နာမ်တရားများ[ပြင်ဆင်ရန်]

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် စတုရာရက္ခဟူသော အစောင့် (၄)ပါး ကမ္မဋ္ဌာန်းများကို ပွားများထားပြီးသူ ဖြစ်ပါက ဘုရားရှင်၏ ဂုဏ်တော်လျှင် အာရုံရှိသည့် မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များကိုလည်း သိမ်းဆည်းရမည် ဖြစ်သည်။ ဇောနာမ်တရားတို့မှာ သဒ္ဓါ-ပညာအုပ်စု နာမ်တရားတို့ပင် ဖြစ်ကြသည်။ ဤ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ဥပစာရသမာဓိကိုသာ ရွက်ဆောင်ပေးတတ်သည့် ဥပစာရကမ္မဋ္ဌာန်းသာ ဖြစ်သည့်အတွက် ဇော (၇)ကြိမ်သာ ကျသည်။ ဇော၏နောင်၌ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊

လောကီဘုရားဂုဏ်တော်[ပြင်ဆင်ရန်]

ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကား လောကီ လောကုတ္တရာ ရောနှောလျက် ရှိကြ၏၊ ပုံစံအားဖြင့်ဆိုရသော် ဘုရားရှင်၏ ဒါနဂုဏ်ကျေးဇူးတော်, သီလဂုဏ်ကျေးဇူးတော်, ဥပစာရသမာဓိသို့ တိုင်အောင်သော သမာဓိဂုဏ်ကျေးဇူးတော်, ဝိပဿနာဉာဏ်တည်းဟူသော ပညာဂုဏ်ကျေးဇူးတော်, ဒေသနာဉာဏ်တော် သဗ္ဗညုတဉာဏ်တော် စသည်တို့ကား တရားကိုယ်အားဖြင့် မဟာကြိယာ ဉာဏသမ္ပယုတ် အသင်္ခါရိကဇော စိတ်အစဉ်တို့ ဖြစ်ကြ၏၊ ကာမာဝစရတရားတည်း။ ယင်းဂုဏ်တော်တို့ကို အာရုံယူ၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် အာရုံမှာ ကာမအာရုံ ဖြစ်ခြင်းကြောင့် စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ မဟာကုသိုလ်ဇောနောင်၌ တဒါရုံ ကျနိုင်ခွင့်ရှိ၏၊ ယင်းအာရုံမှာ ဝိဘူတာရုံ ဖြစ်က တဒါရုံ ကျနိုင်၏၊ အဝိဘူတာရုံဖြစ်က တဒါရုံ မကျနိုင်။ သို့သော် .. ဘုရားရှင်၏ ဂုဏ်တော်ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ထိုးဖောက်နိုင်ဖို့ကား ခဲယဉ်းလှပေ၏၊

လောကုတ္တရာဘုရားဂုဏ်တော်[ပြင်ဆင်ရန်]

တစ်ဖန် ဘုရားရှင်၏ အပ္ပနာစျာန် သမာဓိဂုဏ်ကျေးဇူးတော်, အဘိညာဏ်ဂုဏ်ကျေးဇူးတော်တို့ကား မဟဂ္ဂုတ် ကြိယာတရားတို့တည်း။ ဘုရားရှင်၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကား လောကုတ္တရာ ပညာဂုဏ်ကျေးဇူးတော်တို့တည်း။ ယင်း မဟဂ္ဂုတ် လောကုတ္တရာတည်းဟူသော သမာဓိဂုဏ်ကျေးဇူးတော် ပညာဂုဏ်ကျေးဇူးတော်တို့ကို အာရုံယူ၍ ဗုဒ္ဓါနုဿတိ ဂုဏ်တော်ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ မဟာကုသိုလ်ဇောနောင်၌ အာရုံမှာ ကာမအာရုံ မဟုတ်ခြင်းကြောင့် တဒါရုံ ကျခွင့်မရှိပေ။ တဒါရုံ ကျခဲ့သော် သဟိတ်တဒါရုံ အဟိတ်တဒါရုံ ထိုက်သလို ကျနိုင်၏၊ သို့သော် - အတိဣဋ္ဌေ ပန သောမနဿသဟဂတာနေဝ သန္တီရဏတဒါရမ္မဏာနိ - - ဟူသည်နှင့် အညီ ဘုရားရှင်ဂုဏ်တော်များမှာ အတိဣဋ္ဌာရုံ ဖြစ်၍ သောမနဿတဒါရုံ (၅)မျိုးသာ ထိုက်သလို ကျနိုင်သည်။[၃] [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ဗုဒ္ဓံ အာရဗ္ဘ ဥပ္ပန္နာ အနုဿတိ ဗုဒ္ဓါနုဿတိ၊ ဝိသုဒ္ဓိ၊၁၊၁၉၁။
  2. (ဝိသုဒ္ဓိ၊၁၊၁၉၅။)
  3. မှတ်ချက်---- ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဝယ် ဥပေက္ခာဇောနောင်၌ သောမနဿတဒါရုံ ကျဖို့ရာမှာ အလွန်ခက်ခဲဖွယ်ရာ ရှိပေသည်။ အတိဣဋ္ဌာရုံ ဖြစ်နေသဖြင့် ဥပေက္ခာဇောနောင်၌ ဥပေက္ခာတဒါရုံလည်း ကျခွင့်မရှိ ဖြစ်သည်။ လက်တွေ့ သေချာအောင် သိမ်းဆည်းရှုပွားပါ။
  4. နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း။ ဖားအောက်တောရဆရာတော်