ကာယဂတာသတိ

ဝီကီပီးဒီးယား မှ

[၁] (၁) ကိုယ်၌ဖြစ်သော သတိ၊ ဆံ အစရှိသော ရူပကာယကို အာရုံပြု၍ ဖြစ်သော သတိ။ [၂]

(၂) ထွက်သက်ဝင်သက်အပေါင်းကို သိမ်း ဆည်းသောသတိ၊ ထွက်သက်ဝင်သက်ကို အာရုံပြုသောသတိ။ [၃][၄]

မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်[ပြင်ဆင်ရန်]

ဤကာယဂတာသတိကမ္မဋ္ဌာန်းကို သုံးဆဲ့နှစ်စု, သုံးဆဲ့နှစ်ဖို့ရှိသောကြောင့် ဒွတ္တိံသာကာရကမ္မဋ္ဌာန်းဟုလည်းကောင်း, ကောဋ္ဌာသကမ္မဋ္ဌာန်းဟု၎င်း ခေါ်ကြသေး၏။ တလံမျှ သာရှိသော ဤခန္ဓာကိုယ်၌ သေချာစွာ ရှာ ဖွေစိစစ်ကြည့်လျှင် အဖိုးတန်ရတနာများနှင့် အနံ့ကောင်း အကျော်ကရမက် စသည်ကို တွေ့ရလိမ့်မည်မဟုတ်၊ မပြုမပြင် ပင်ကိုယ် ပကတိအတိုင်း စင်ကြယ်နေသော အရပ်ဆို၍လည်း အဏုမြူမှုန်မျှလောက်ပင် ရှာဖွေတွေ့ ရလိမ့်မည်မဟုတ်။ စင်စစ်တမူကား အလွန်အနံ့ဆိုး၍ စက်ဆုပ်ဖွယ်ကောင်းသော အသရေကင်းမဲ့သော မစင်ကြယ်သော ဆံပင်, အမွှေး စသည်တို့ကိုသာ တွေ့ရပေမည်။ ထိုကြောင့် ဘုရားသခင်က “အတ္ထိ ဣမသ္မိံ ကာယေ ကေသာ လောမာ” စသည်ဖြင့် ဟောတော်မူသည် [၅] [၄]

အားထုတ်နည်း[ပြင်ဆင်ရန်]

ဤကာယဂတာသတိကမ္မဋ္ဌာန်းကိုစီးဖြန်း အားထုတ်လိုသူ ယောဂီပုဂ္ဂိုလ်သည် ပါဠိကို နားလည်သူဖြစ်က “အတ္ထိ ဣမသ္မိံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော၊ မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဇံ ဝက္ကံ၊ ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ၊ အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္ထလုင်္ဂံ၊ ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ၊ အဿု ဝသာ ခေဠော သိင်္ဃာဏိကာလသိကာ မုတ္တံ”ဟု ပါဠိအတိုင်း ရွရွနှုတ်တက် ဆောင်ရွက်ကျက်မှတ်ရမည်။[၄]

ပထဝီဓာတ် ၂၀[ပြင်ဆင်ရန်]

(တစ အဆုံးရှိသော ၅-ခုအပေါင်းကို တစပဉ္စကဟု၎င်း,

ဝက္ကအဆုံး ရှိသော ၅-ခုအပေါင်းကို ဝက္ကပဉ္စကဟု၎င်း,

ပပ္ဖါသ အဆုံးရှိသော ၅-ခုအပေါင်းကို ပပ္ဖါသပဉ္စကဟုလည်းကောင်း,

မတ္ထလုင်္ဂ အဆုံးရှိသော ၅-ခုအပေါင်းကို မတ္တလုင်္ဂပဉ္စကဟု၎င်း ခေါ်သည်။ ၎င်းပဉ္စက ၄-မျိုး အရေအတွက်အားဖြင့် ၂၀-ကို ပထဝီဓာတ် ၂၀-ဟု ခေါ် ပြန်၏၊ [၄]

အာပေါဓာတ် ၁၂-ပါး[ပြင်ဆင်ရန်]

မေဒ-အဆုံးရှိသော ၆-ခုအပေါင်းကို မေဒဆက္ကဟုလည်းကောင်း,

မုတ္တအဆုံးရှိသော ၆-ခု အပေါင်းကို မုတ္တဆက္ကဟု၎င်း ခေါ်သည်၊ ၎င်း ဆက္က ၂-ခုအရေတွက်အားဖြင့် ၁၂-ခုကို အာပေါဓာတ် ၁၂-ပါးဟု ခေါ်ပြန်၏။) [၄]

ပါဠိ နားမလည်သူဖြစ်လျှင်[ပြင်ဆင်ရန်]

“ဤခန္ဓာကိုယ်၌ ဆံပင် အမွေး ခြေသည်းလက်သည်း သွား အရေ၊ အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့၊ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ်၊ အူမ အူသိမ် အစာသစ် အစာဟောင်း ဦးဏှောက်၊ သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ၊ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ်”ဟု မြန်မာလို နှုတ်တက်ရွရွ ဆောင်ရွက်ကျက်မှတ်ရမည်။ [၄]

အားထုတ်ကာစ နှုတ်ဖြင့်ရွတ်ဖတ် သရဇ္ဈာယ်ပါ[ပြင်ဆင်ရန်]

ဤကမ္မဋ္ဌာန်းကို နှလုံးသွင်းစီးဖြန်းသူသည် ပိဋကတ်သုံးပုံဆောင် ဖြစ်စေကာမူ နှလုံးသွင်းစီးဖြန်းကာစ၌ နှုတ်ဖြင့်ရွတ်ဖတ် သရဇ္ဈာယ်၍ နှလုံးသွင်းစီးဖြန်းရမည်။ မှန်၏... အချို့သော ယောဂီအား နှုတ်ဖြင့်ရွှတ်ဖတ် သရဇ္ဈာယ်စဉ်ပင် ဝိပဿနာဉာဏ်အမြင်ပေါက်၍ သောတာပန်အဖြစ်သို့ ရောက်ကြသည်၊

အခါတစ်ပါးဝယ် မလယအရပ်၌ သီတင်းသုံး နေထိုင်သော ရှင်မဟာဒေဝထံသို့ နိကာယ် ဆောင် ရဟန်းနှစ်ပါးသည် ကမ္မဋ္ဌာန်း လာတောင်းကြ၏၊ ရှင်မဟာဒေဝက ဤကာယဂတာသတိကမ္မဋ္ဌာန်းကို ၄-လပတ်လုံး ရွတ် ဖတ်သရဇ္ဈာယ်ရန် အမိန့်ရှိလိုက်သည်၊ ထိုရဟန်းနှစ်ပါးသည် နိကာယ်ဆောင် ဖြစ်လင့်ကစား ဆရာ့ဩဝါဒကို အရိုအသေနာယူ ကြလျက် ၄-လပတ်လုံး ဤကမ္မဋ္ဌာန်းကို နှုတ်ဖြင့် ရွတ်ဖတ်သရဇ္ဈာယ်စဉ်ပင် ဝိပဿနာ ဉာဏ်အမြင်ပေါက်၍ သောတာပန်အဖြစ်သို့ ရောက်ကြသည် [၆][၄]

ရွတ်ဖတ် သရဇ္ဈာယ်နည်း[ပြင်ဆင်ရန်]

ရွတ်ဖတ်သရဇ္ဈာယ်ရာ၌လည်း ၃၂-ကောဋ္ဌာသစလုံး တလျှောက်တည်း မရွတ်ဖတ်ရ၊ မသရဇ္ဈာယ်ရ၊ ပိုင်းဖြတ်၍ ရွတ်ဖတ်သရ ဇ္ဈာယ်ရမည်။

ရှေးဦးစွာ တစပဉ္စကကမ္မဋ္ဌာန်းကို “ကေသာ လောမာ နခါ ဒန္တာ တစော” ဟု အနုလောမ(အစဉ်အတိုင်း)အားဖြင့်၎င်း တဖန် “တစော ဒန္တာ နခါ လောမာ ကေသာ”ဟု ပဋိလောမ(ပြောင်းပြန်)အားဖြင့်၎င်း ရွတ်ဖတ်သရဇ္ဈာယ်၍ စီးဖြန်းပွါးများရမည်။

ထို့နောက် ဝက္ကပဉ္စက ကမ္မဋ္ဌာန်း၌လည်း “မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္စ ဝက္ကံ” ဟု အနုလောမအားဖြင့်၎င်း “ဝက္ကံ အဋ္ဌိမိဉ္စ အဋ္ဌိ နှာရု မံသံ၊ တစော ဒန္တာ နခါ လောမာ ကေသာ”ဟု ပဋိလောမအားဖြင့်၎င်း စီးဖြန်းရမည်။

ထို့နောက် ပပ္ဖါသပဉ္စက၌လည်း “ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ”ဟု အနုလောမအားဖြင့်လည်းကောင်း, ပပ္ဖါသံ ပိဟကံ ကိလောမကံ ယကနံ ဟဒယံ၊ ဝက္ကံ အဋ္ဌိမိဉ္စံ အဋ္ဌိ နှာရု မံသံ၊ တစော ဒန္တာ နခါ လောမာ ကေသာ”ဟု ပဋိလောမအားဖြင့်၎င်း စီးဖြန်းပွါးများရမည်။ [၄]

ဥဂ္ဂဟနိမိတ်ထင်ပြီ[ပြင်ဆင်ရန်]

ဤနည်းအတူ ကျန်သော ပဉ္စကဆက္ကတို့၌လည်း အနုလောမ ပဋိလောမအားဖြင့် စီးဖြန်းပွါးများရမည်။ ဒန္တာနခါ အထူးသတိပြုရန်မှာ အနုလောမနည်းစီးဖြန်းရာ၌ ရောက်ရာ ပဉ္စက ဆက္က အစပုဒ်က စ၍ ရွတ်ဆိုရသော်လည်းပဋိလောမနည်းအားဖြင့် စီးဖြန်းပွါးများရာ၌မူကား တစပဉ္စက ကမ္မဋ္ဌာန်း ပဋိလောမနည်း ပြီးဆုံးသည်အထိ(ကေသာအထိ)နောက်ပြန်စီးဖြန်းရသည်ကို သတိပြုရမည်၊ ယင်းသို့ နှုတ်ဖြင့် စီးဖြန်းပွါးများဖန် များသောအခါ ယောဂီ၏ စိတ်ထဲ ဉာဏ်ထဲ၌ ၃၂-ကောဋ္ဌာသတို့၏အဆင်း, သဏ္ဌာန်, အရပ်, တည်ရာ အပိုင်းအခြား၏အစွမ်းအားဖြင့် ထင် မြင်လာလိမ့်မည်၊ ယင်းသို့ ထင်မြင်လာလျှင် ဥဂ္ဂဟနိမိတ်ထင်ပြီဟုမှတ် [၇][၄]

အဆင်း, သဏ္ဌာန်, အရပ်, တည်ရာ အပိုင်းအခြား[ပြင်ဆင်ရန်]

ရှင်းဦးအံ့— ကေသာ = ဆံပင်သည် မည်းနက်သော အဆင်းရှိ၏၊ လုံးသော စဉ်းချိန် ရိုးသဏ္ဌာန်ရှိ၏၊ ဦးခေါင်းအရပ်၌ ပေါက်၏၊ ဦးခေါင်းခွံကို ရစ်ပတ်ထားသော စိုသော အရေ၌ တည်ရှိ၏၊ (၎င်းစိုသောအရေကိုကား နံပါး(နံဘေး) နှစ်ဖက်မှ နားပန်စွန်းဖြင့်လည်းကောင်း, ရွှေမှနဖူးပြင်ဖြင့်လည်းကောင်း, နောက်မှ လည်ကုတ်တွင်းဖြင့်၎င်း ပိုင်းခြားထားလေသည်။) ဆံပင်ကို ဦးခေါင်းခွံကို ရစ်ပတ် ထားသော အရေ၌ စပါးမြီးဖျားမှ ဝင်၍ တည်သော အောက်မှ မိမိ၏အမြစ်ပြင်ဖြင့်၎င်းအထက်မှ ဟင်းလင်းပြင်ဖြင့်၎င်း ဖီလာနံဘေးမှ ဆံပင်အချင်းချင်းဖြင့်၎င်း ပိုင်းခြားအပ်၏။ တမြစ်တည်း ဆံနှစ်ပင် ပေါက်ရိုးမရှိ၊ ဤသို့ သဘာဂပရိစ္ဆေဒအားဖြင့်၎င်း, ဆံပင်သည် အမွှေးစသည် မဟုတ်၊ ကြွင်းသော ကောဋ္ဌာသတို့မှ သီးခြား တစု တပုံသာ ဖြစ်သည်ဟု ဝိသဘာဂပရိစ္ဆေဒအားဖြင့်၎င်း စိတ်ထဲဉာဏ်ထဲ၌ ထင်မြင်လာခြင်းကို ဆိုလိုသည်။ (အဘိ၊ဋ္ဌ၊၂၊၂၂၁-၂။ ဝိသုဒ္ဓိ၊၁၊၂၄၁။ ကျန်သော လောမာ စသည်၏အဆင်း စသည်ကို အဘိ၊ဋ္ဌ၊၂၊၂၂၂-၂၃၆-၌လည်းကောင်း, ဝိသုဒ္ဓိ၊၁၊၂၄၂-၂၅၆-၌၎င်း ကြည့်လေ။) [၄]

ကောဋ္ဌာသ တစ်ခုကိုသာ စက်ဆုပ်ဖွယ်နှလုံးသွင်းပါ[ပြင်ဆင်ရန်]

ထိုသို့ ဥဂ္ဂဟနိမိတ်ထင်သောအခါ ၃၂-ကောဋ္ဌာသတွင် စိတ်ထဲဉာဏ်ထဲ၌ ပို၍ထင်ရှားသော ကောဋ္ဌာသ တစ်ခုကိုသာ စီးဖြန်းပွါးများရမည်၊ ယင်းသို့ ပွါးများရာ၌ ထိုကောဋ္ဌာသ၏ အဆင်းကိုလည်း နှလုံး မသွင်းရ၊ အဆင်းကို နှလုံးသွင်းက ဝဏ္ဏ ကသိုဏ်းဖြစ်သည်၊ ဓာတ်ကိုလည်း နှလုံး မသွင်းရ၊ ဓာတ်ကိုနှလုံးသွင်းက သုညတဖြစ်သည်၊ ထိုကောဋ္ဌာသ၏ စက်ဆုပ်ဖွယ် သဘောပေါ်အောင် နှလုံးသွင်း၍ စီးဖြန်း ပွါးများရမည်၊ ထိုသို့ စီးဖြန်းပွါးများ၍ စက်ဆုပ်ဖွယ်သဘောပေါ်လာလျှင်ပဋိဘာဂ နိမိတ်ထင်ပြီဟုမှတ်[၈][၄]

ဆံပင်၏ စက်ဆုပ်ဖွယ်နှင့် ဥပမာများ[ပြင်ဆင်ရန်]

ရှင်းဦးအံ့—ကေသာ = ဆံပင်သည် အဆင်းအားဖြင့်လည်း စက်ဆုပ်ဖွယ် ရှိ၏၊ စားကောင်းသောက်ဖွယ်များကို ထည့် ထားသော ထမင်းပွဲ၌ ဆံပင်အဆင်းရှိသော အရာဝတ္ထုတစ်ခုခုကို တွေ့ရအံ့၊ ဆံပင်မဟုတ် စေကာမူ “ဆံပင်မွေးပါသည်။ စွန့်ပစ်ကြ”ဟု ပြောဆိုကြလိမ့်မည်။ ဤသို့ အဆင်းအားဖြင့်လည်း စက်ဆုပ်ဖွယ်ဖြစ်၏၊ ညဉ့်၌ ထမင်းစားသူသည် ထမင်း ခွက်၌ ဆံပင်သဏ္ဌာန် မာကျောသောလျှော် (ရှော်)မျှင်ကို ဆုပ်ကိုင်မိအံ့၊ ဆံပင်ထင်၍ စက်ဆုပ်ရွံရှာတတ်ကြသည်၊ ဤသို့ သဏ္ဌာန်အားဖြင့်လည်း စက်ဆုပ်ဖွယ်ဖြစ်၏၊ ဆီမလိမ်းကျံ ပန်းမပန်သော ဆံပင်၏ အနံ့သည် အလွန် စက်ဆုပ်ဖွယ်ကောင်း၏၊ ဆံပင်ကို မီး၌ထည့်သော် ပို၍ စက်ဆုပ်ဖွယ်ကောင်းသော အနံ့ဆိုးထွက်၏၊ ဤသို့ အနံ့အားဖြင့်လည်း စက်ဆုပ်ဖွယ်ဖြစ်၏။ ဥပမာ မွေးခါစံ ကလေးငယ်၏ ကျင်ကြီး (မစင်)သည် နနွင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိ၏၊ နနွင်း တောင့်ကဲ့သို့ သဏ္ဌာန်ရှိ၏၊ ထို့ကြောင့် အဆင်းသဏ္ဌာန်အားဖြင် စက်ဆုပ်အပ်သည် ဟု မဆိုနိုင်ချေ၊ သို့သော် ထိုမစင်၏အနံမူကား စက်ဆုပ်ဖွယ်ပင် ဖြစ်၏၊ အမှိုက်ပုံ၌ စွန့်ပစ်ထားသော ခွေးနက်သေ တကောင်၏ အဆင်းသည် ထန်းသီးမှည့်ကဲ့သို့ သဏ္ဌာန်သည် မရိုးစည်ကဲ့သို့ အစွယ်သည် မုလေးငုံ ကဲ့သို့ဖြစ်၍ အဆင်းသဏ္ဌာန်အားဖြင့် မစက်ဆုပ်အပ်သော်လည်း အပုပ်နံ့ဖြင့် လွန်စွာ စက်ဆုပ်အပ်သည်သာတည်း၊ ထို့အတူ ဆံပင်သည် “သုံးတောင်တထွာ၊ ဆံကေသာ လည်း။ ဖြေကာပြန်တက်၊ ဖနောင့်ထက်ဝယ်၊ ကျီးနက်တောင်ပံ၊ ပိတုန်းပျံသို့၊ သဏ္ဌာန် အဆင်း လှဘိခြင်း”ဟု (သာမန်လူများ အဖို့) အဆင်းသဏ္ဌာန်အားဖြင့် စွဲမက်ဖွယ် ဖြစ်သော်လည်း အနံ့အားဖြင့်ကား စက်ဆုပ် ဖွယ်သာတည်း၊ ဆံပင်ဟူသည် ပြည် သွေး ကျင်ကြီး ကျင်ငယ် သည်းခြေ သလိပ်စသည်တို့၏ အကျိုးဆက်ဖြစ်၏၊ ထို့ကြောင့် မှီရာ အကြောင်းအားဖြင့်လည်း စက်ဆုပ်ဖွယ်ဖြစ်၏၊ တောသူတောင်သားတို့၏ ကျင်ကြီး ကျင်ငယ်စွန့်ရာအရပ်၌ ပေါက်သောဟင်းရွက်တို့သည် မြို့သူမြို့သားများအဖို့ စက်ဆုပ်ဖွယ်ဖြစ် သကဲ့သို့တည်း၊ ကျင်ကြီး (မစင်)ပုံ၌ မှိုတက် နေသကဲ့သို့ “ဆံပင်ဟူသည်လည်း ၃၁-ကောဋ္ဌာသ၏ အထက်၌ မှိုသဖွယ် ပေါက်နေသော အရာဝတ္ထုသာ ဖြစ်၏၊ အမှိုက်ပုံ သုသာန် အရပ်စသည်တို့၌ ပေါက်သော ဟင်းရွက်သည် စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့၎င်း မသန့်ရှင်း ကျုံးရေ၌ပေါက်သော ကြာပန်းစသည်သည် စက်ဆုပ်ဖွယ်ဖြစ်သကဲ့သို့၎င်း မသန့် ရှင်း မစင်ကြယ်သော အရပ်၌ ပေါက်သော ဆံပင်သည် စက်ဆုပ်ဖွယ်သာတည်း။ [၄]

ပထမဈာန်ဆိုက်ပြီ[ပြင်ဆင်ရန်]

ဤသို့တည်ရာအားဖြင့်လည်းစက်ဆုပ်ဖွယ် ဖြစ်၏။ ယင်းသို့ မိမိစီးဖြန်းပွါးများနေသော ကောဋ္ဌာသကမ္မဋ္ဌာန်း၌ စက်ဆုပ်ဖွယ်ထင်လာခြင်းမျိုးကို ဆိုလိုသည် (အဘိ၊ဋ္ဌ၊၂၊၂၂၁။ ဝိသုဒ္ဓိ၊၁၊၂၄၁-၂)။ ထိုထင်လာသော ပဋိဘာဂနိမိတ်ကို ဆက်လက်စီးဖြန်း ပွါးများသော ယောဂီပုဂ္ဂိုလ်အား ဈာန်အင်္ဂါငါးပါး နှင့် ပြည့်စုံသော ပဌမဈာန်အပ္ပနာဇောဝီထိ ကျ၏၊ ပထမဈာန်ကို ရ၏၊ မိမိရလာသော ပဌမဈာန်ကို ထက်သန်ကြီးထွားအောင် မြဲမြံ ခိုင်ခံ့အောင် ဝသီဘော်နိုင်အောင် ပြုအပ်၏၊ ထို့နောင်မှ ကြွင်းသော ကောဋ္ဌာသတို့ကို စီးဖြန်းပွါးများ၍ ပဌမဈာန်ဇောကို ကျစေ အပ်၏၊ [၄]

ရရှိနိုင်သော အကျိုးတရားများ[ပြင်ဆင်ရန်]

ဤကာယဂတာသတိ ကမ္မဋ္ဌာန်းကို စီးဖြန်း ပွါးများသော ယောဂီပုဂ္ဂိုလ်သည် ဆိတ်ငြိမ် အေးချမ်းသော တောကျောင်း၌ မမွေ့လျော် မပျော်ပိုက်မှု (အရတိ)ကို၎င်း ကမ္မဋ္ဌာန်းအာရုံ၌ မမွေ့လျော် မပျော်ပိုက်မှု (အရတိ)ကိုလည်းကောင်း, ကာမဂုဏ်၌ မွေ့လျော်ပျော် ပိုက်မှု (ရတိ)ကိုလည်းကောင်း, နှိပ်နင်းပယ်ရှားနိုင်သည်။ ထို့ပြင် ဤကမ္မဋ္ဌာန်းကို စီးဖြန်းသူ (အတ္တသိနေဟ)ကုန်ခန်းသွေ့ခြောက်ရကား ယောဂီပုဂ္ဂိုလ်သည်မိမိကိုယ်ကိုချစ်ခင်စွဲလမ်းမှု မိမိကိုယ်၌ ကျရောက်ဖြစ်ပေါ်လာမည့် ဘေးကြီးဘေးငယ်အသွယ်သွယ်ကိုလည်း သည်းခံ နိုင်သည်။ မှန်၏—သတ္တဝါများသည် အတ္တသိနေဟကြောင့်သာ ဘေးကြီး ဘေးငယ်ကို သည်းမခံနိုင်ခြင်း ဖြစ်သည်၊ အတ္တသိနေဟ ကုန်ခန်း ခြောက်သွေ့ နေသူအား ဘေးကြီး ဘေးငယ်များကို သည်းမခံ နိုင်စရာ အကြောင်းမရှိ၊ သည်းခံနိုင်သည်သာ၊ သည်သာ မကသေး ဤကမ္မဋ္ဌာန်းကို စီးဖြန်းပါးများသူ ယောဂီပုဂ္ဂိုလ်သည် အချမ်း အပူဟူသော ဆင်းရဲဒုက္ခကိုလည်း သည်းခံနိုင်သည်၊ မိမိကို သတ်ရန်လာသောရန်သူကိုပင် အမျက်မထားပဲ သည်းခံနိုင်သည် [၉][၄]

ပထမဈာန်သာ ရနိုင်[ပြင်ဆင်ရန်]

ဤကာယဂတာသတိ ကမ္မဋ္ဌာန်းသည် အာရုံရုန့်ရင်းကြမ်းတမ်း၏၊ ထို့ကြောင့် အထက် ဒုတိယဈာန်စသည်ကို မရနိုင်၊ ပဌမ ဈာန်ကိုသာ ရနိုင်၏ [၁၀] [၄]

ဝဏ္ဏကသိုဏ်းကို ကူးနိုင်[ပြင်ဆင်ရန်]

ကာယဂတာသတိကမ္မဋ္ဌန်းကို စီးဖြန်းပွါးများအားထုတ်၍ ပဌမဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည် မိမိရပြီးသော ပဌမဈာန်ကို ထက်သန် အားကောင်းအောင်, မြဲမြံခိုင်ခံ့ အောင်, ဝသီဘော်နိုင်အောင် ပြုအပ်၏၊ ထိုနောက် အထက်ဒုတိယဈာန်စသည်ကို ရလို ဖြစ်စေလိုသောအခါ ထိုထို ကောဋ္ဌာသ၏ အဆင်းကို နှလုံးသွင်း၍ ဝဏ္ဏကသိုဏ်း ဖြစ်အောင် ရှုအပ် ပွါးများအပ် စီးဖြန်းအပ်၏။

ရှင်းဦးအံ့— ဆံပင်၏ မည်းနက် ညိုမောင်းသော အဆင်းကို “နီလံ နီလံ = ညိုသောအဆင်း ညိုသောအဆင်း”ဟု စီးဖြန်းပွါးများသူယောဂီ ပုဂ္ဂိုလ်သည် အထက်ဒုတိယဈာန် စသည်ကို ရနိုင်၏ [၁၁][၄]

ဤဆံပင်နည်းတူ အမွေး သည်းခြေတို့၏ ညိုသောအဆင်းကိုလည်း နီလကသိုဏ်းအဖြစ် စီးဖြန်းပွါးများနိုင်၏၊ အဆီခဲ၏ ဝါသော အဆင်းကို ပီတကသိုဏ်းအဖြစ် စီးဖြန်းပွါး များနိုင်၏၊ အသားနှင့် သွေးတို့၏ နီသော အဆင်းကို လောဟိတကသိုဏ်းအဖြစ် စီးဖြန်း ပွါးများနိုင်၏၊ ခြေသည်း လက်သည်း သွား အရိုးတို့၏ ဖြူသော အဆင်းကို ဩဒါတကသိုဏ်းအဖြစ် စီးဖြန်းပွါးများနိုင်လေသည် [၁၂][၄]

ဓာတ်ကမ္မဋ္ဌာန်းကို ဆက်လက် ရှုပွားနိုင်[ပြင်ဆင်ရန်]

ဤဆိုခဲ့ပြီးသော နည်းအတိုင်း စီးဖြန်းပွါးများ၍ ဈာန်ငါးပါးစလုံး ကိုရပြီးသော ယောဂီပုဂ္ဂိုလ်သည် မဂ်ဖိုလ်ကို ရလို ဖြစ်စေလိုသောအခါ ထိုထိုကောဋ္ဌာသတို့ကို ဓာတ်၏အစွမ်းအားဖြင့် နှလုံးသွင်း စီးဖြန်းပွါးများရမည်။ ရှင်းဦးအံ့—ဆံပင်သည် ဦးခေါင်းခွံကို ရစ်ပတ်ထားသော အရေ ပေါ်၌ ပေါက်၏။ သို့သော် “ငါ(= ဆံပင်)သည် ဦးခေါင်းခွံကို ရစ်ပတ်ထားသော အရေပေါ်၌ ပေါက်ရပေ၏”ဟု ဆံပင်ကိုယ်တိုင်က သိသည်မဟုတ်၊ ထို့အတူ ဦးခေါင်းခွံကို ရစ်ပတ်ထားသော အရေကလည်း “ဆံပင်သည် ငါ(= အရေ)၏ အပေါ်၌ ပေါက်နေ၏”ဟု သိသည်မဟုတ်၊ ဆံပင်နှင့် ဆံပင်ပေါက်ရာ အရေတို့သည် စိတ်စေတနာမရှိ၊ အဗျာကတ တို့သာတည်း၊ တိတ္ထိတို့ကြံဆအပ်သော အတ္တမှ ဆိတ်၏၊ သုဉ်း၏၊ ခက်မာခြင်းသဘောရှိသော ပထဝီဓာတ်သာတည်း၊ ဤသို့နှလုံးသွင်းဆင်ခြင်ရမည်။ (ကျန်သောပထဝီဓာတ် များ၌ နှလုံးသွင်းဆင်ခြင်ပုံကို အဘိ၊ဋ္ဌ၊၂၊၂၄၀-၁-၌ ကြည့်။)

အာပေါဓာတ် ၁၂-ပါး၌လည်း မုတ္တ = ကျင်ငယ်သည် ဆီးအိမ် စည်ပေါင်းအိမ် အတွင်း၌ တည်၏၊ သို့သော် “ငါ (= ကျင်ငယ်)သည် ဆီးအိမ် စည်ပေါင်းအိမ် အတွင်း၌ တည်ရပေသည်”ဟု ကျင်ငယ် ကိုယ်တိုင်က သိသည်မဟုတ်၊ ထို့အတူ ဆီးအိမ် စည်ပေါင်းအိမ်ကလည်း “ကျင်ငယ်သည် ငါ (= ဆီးအိမ် စည်ပေါင်းအိမ်)၏ အတွင်း၌ တည်နေ၏”ဟု သိသည်မဟုတ်၊ ကျင်ငယ်နှင့် ကျင်ငယ်တည်ရာ ဆီးအိမ် စည်ပေါင်းအိမ်တို့သည် စိတ်စေတနာမရှိ၊ အဗျာကတတို့သာတည်း၊ တိတ္ထိတို့သည် ကြံဆအပ်သော အတ္တ မှ ဆိတ်၏၊ သုဉ်း၏၊ ယိုစီးစိမ့်ဝင်တတ်သော အရည်သဘော၊ စေးကပ် ဖွဲ့ယှက်တတ်သော အာပေါဓာတ်သာတည်း၊ ဤသို့ဆင်ခြင်နှလုံးသွင်းရမည်၊ ယင်းသို့ ဆင်ခြင်နှလုံးသွင်း၍ ပထဝီ အာပေါဓာတ်နှစ်ပါးကို သိမ်းဆည်းမိသော ယောဂီပုဂ္ဂိုလ်အား ဝမ်း၌များသော တေဇောဓာတ် (ဝမ်းမီး တေဇောဓာတ်) နှာခေါင်း၌များသော ဝါယောဓာတ် (ထွက်လေ ဝင်လေ ဝါယောဓာတ်) ထင်ရှားလာလိမ့်မည်၊ [၄]

ဘူတရုပ်မှ ဥပါဒါရုပ်ဆီသို့[ပြင်ဆင်ရန်]

ထိုဓာတ် (= မဟာဘုတ်)လေးပါးကို သိမ်းဆည်းမိသော ယောဂီပုဂ္ဂိုလ်အား မဟာဘုတ်ကိုမှီ၍ ဖြစ်သော ဥပါဒါရုပ်များ ထင်ရှားလာလိမ့်မည်၊ မှန်၏ —မဟာဘုတ်ကို ဥပါဒါရုပ်ဖြင့် ပိုင်းခြားထား၏၊ ဥပါဒါရုပ်ကိုလည်း မဟာဘုတ်ဖြင့် ပိုင်းခြားထားသည်၊ ဥပမာ နေပူကို အရိပ်ဖြင့် ပိုင်းခြား ထားသကဲ့သို့ အရိပ်ကိုလည်း နေပူဖြင့် ပိုင်းခြားထားသကဲ့သို့တည်း။ ရှင်းဦးအံ့—အရိပ်သည် နေပူကို မှီနေရ၏၊ နေပူရှိခြင်းကြောင့်သာ အရိပ်ဖြစ်ပေါ်လာရသည်၊ ထို့အတူ ဥပါဒါရုပ်သည် မဟာဘုတ်ကို မှီနေရ၏၊ မဟာဘုတ်ကိုမှီ၍ ဥပါဒါရုပ်များ ဖြစ်ကြရသည်၊ ထို့ကြောင့် မှီရာမဟာဘုတ်ကို သိမ်းဆည်းမိသူ ယောဂီပုဂ္ဂိုလ်အား မှီတတ်သော ဥပါဒါရုပ်များလည်း ထင်ရှား လာနိုင်သည် ဟူလို။ [၄]

ဆက်လက်၍ နာမ်တရားများကို သိမ်းဆည်းနိုင်[ပြင်ဆင်ရန်]

“မဟာဘုတ်လေးပါးနှင့် ဥပါဒါရုပ်များသည် ရုပ်တရားအစု ရူပက္ခန္ဓာသာတည်း”ဟု ရူပက္ခန္ဓာကို သိမ်းဆည်းမိသူ ယောဂီပုဂ္ဂိုလ်အား အာယတနဒွါရ၏အစွမ်းအားဖြင့် နာမ် ခန္ဓာများ ထင်ရှားလာလိမ့်မည်၊ ရှင်းဦးအံ့... ရူပက္ခန္ဓာ၌ စက္ခုပသာဒကို အရကောက်ရသော စက္ခာယတန စက္ခုဒွါရတို့ ပါရှိ၏၊ ထိုစက္ခာယတန စက္ခုဒွါရ-စသည်၏ အစွမ်းဖြင့် စက္ခုဒွါရ၌ဖြစ်သော စိတ် (= စက္ခုဒွါရိက စိတ်)များနှင့်, ယင်းနှင့်ယှဉ်ဘက်စေတသိက် နာမ်တရားများ ထင်ရှားလာလိမ့်မည်ဟူလို။ သောတာယတန သောတဒွါရ-စသည်၏ အစွမ်းဖြင့် သောတဒွါရိကစိတ် စေတသိက် နာမ်တရားများ ထင်ရှားလာနိုင်ပုံကို ချဲ့၍သိလေ၊ ထိုအခါ နာမ်ရုပ်ကိုသိမ်းဆည်းမိပြီးဖြစ်၍ ထိုနာမ်ရုပ်တို့ဟူသည် ခန္ဓာ ၅-ပါး အာယတန ၁၂-ပါး ဓာတ် ၁၀-ပါးတို့ပင်တည်းဟု ခန္ဓာအာယတနဓာတ်၏ အစွမ်းဖြင့် နာမ်ရုပ်ကို ပိုင်းခြားမှတ်သား နိုင်လိမ့်မည်၊ [၄]

အကြောင်းတရား အကျိုးတရား သိမ်းဆည်းခြင်း[ပြင်ဆင်ရန်]

နာမ်ရုပ် ဟူသည်လည်း အကြောင်းကင်း၍ ဖြစ်သည် မဟုတ်၊ ထိုနာမ်ရုပ်တို့၏ အကြောင်းကား အဝိဇ္ဇာစသော တရားပင်တည်းဟု နာမ်ရုပ်တို့၏ အကြောင်းကို ပိုင်းခြား မှတ်သားနိုင်လိမ့်မည်၊ အတိတ်ဘဝကလည်း အကြောင်း တရား အကျိုးတရားများဖြစ်ခဲ့ပြီ၊ အနာဂတ် ဘဝ၌လည်း အကြောင်းတရား အကျိုးတရားများ ဖြစ်ကြပေဦးမည်၊ ယခုလက်ရှိဘဝ၌လည်း အကြောင်းတရား အကျိုးတရားများသည် ဖြစ်ဆဲသာတည်း၊ ထိုအကြောင်းတရား အကျိုးတရားမှတစ်ပါး ပုဂ္ဂိုလ်သတ္တဝါဟူ၍မရှိ၊ သင်္ခါရတရားအစုသာတည်းဟု ကာလသုံးပါး၌ (ပုဂ္ဂိုလ် သတ္တဝါ သူ ငါ ဖြစ်ခဲ့သည် ဖြစ်နေသည် ဖြစ်လိမ့်မည် ဟူသော) ယုံမှားခြင်းကို လွန်မြောက်နိုင်လိမ့်မည်၊ သင်္ခါရတရားအစုသာ ဟု မှတ်ကြောင်းဖြစ်သော ဝိပဿနာဉာဏ်သည် ဉာတပရိညာမည်၏၊ ထိုသို့ သင်္ခါရတရားတို့ကို (ပုဂ္ဂိုလ် သတ္တဝါ သူ ငါမဟုတ် သင်္ခါရ တရား အစုသာဟု) မှတ်သား၍ နေသော ယောဂီပုဂ္ဂိုလ်သည် ဘုရားသခင် သာသနာတော်၌ အမြစ်စွဲမိသူ, ထောက်တည်ရာ ရသူ မည်၏၊ စူဠသောတာပန်ဟု ခေါ်ရသည်၊ ဂတိ မြဲ၏၊ သုဂတိဘုံသို့ ရောက်ရမည်မှာ သေချာပြီဟူလို၊ ထိုပုဂ္ဂိုလ်သည် လျောက်ပတ် သောဥတု, ပုဂ္ဂိုလ်, ဘောဇဉ် တရားနာခြင်း ကိုရ၍ တနေရာတည်း တထိုင်တည်း လက္ခဏာယာဉ်သုံးပါးသို့ တင်လျက် ဝိပဿနာ ရှုသော် ရဟန္တာအဖြစ်သို့ ရောက်နိုင်လေသည် [၁၃][၄]

ဝိပဿနာ ရှုခြင်းနှင့် ရဟန္တာဖြစ်ခြင်း[ပြင်ဆင်ရန်]

တနည်းအားဖြင့် ပထဝီသည် အတွင်း မြေဓာတ် (အဇ္ဈတ္တပထဝီ) အပြင်မြေဓာတ် (ဗဟိဒ္ဓပထဝီ)ဟု နှစ်မျိုးရှိသည်၊ ထိုတွင် ကေသ = ဆံပင်မှ မတ္ထလုင်္ဂ = ဥဏှောက်အထိ အရေအတွက်အားဖြင့် ၂၀-ကို အတွင်းမြေ ဓာတ်(အဇ္ဈတ္တပထဝီ)ဟု ခေါ်သည်၊ ပြင်ပ သန္တာန်၌ ဖြစ်သော သစ်ပင် တော တောင် မြေကြီး ဘုံဗိမာန် အိမ် ကျောင်းအစရှိသော မျက်စိဖြင့် မြင်ကောင်းသော အစိုင် အခဲ အထည် ဝတ္ထု ဟူသမျှကို ပြင်ပ မြေဓာတ် (ဗဟိဒ္ဓပထဝီ)ဟု ခေါ်သည်။ ထို့ပြင်ပ ပထဝီဓာတ် မြေစိုင်ခဲကိုယူ၍ ဤမြေစိုင်ခဲသည် “ငါ မဟုတ်, ငါ့ဥစ္စာမဟုတ် ငါ့အတ္တမဟုတ်၊ ခက် မာခြင်း သဘောရှိသော ပထဝီ ဓာတ်သာတည်း”ဟု ဆင်ခြင်နှလုံးသွင်းရမည်၊ ဤမြေ စိုင်ခဲ အတူ ဆံပင်သည်လည်း “ငါမဟုတ် ငါ့ ဥစ္စာမဟုတ်, ငါ့အတ္တမဟုတ်၊ ခက်မာခြင်း သဘောရှိသော ပထဝီဓာတ်သာတည်း” ဆံပင်နှင့် မြေစိုင်ခဲ နှစ်ပါးစလုံးသည် မဟုတ်, ငါ့ဥစ္စာမဟုတ်, ငါ့အတ္တမဟုတ်၊ ခက်မာခြင်း သဘောရှိသော ပထဝီဓာတ်သာတည်း၊ ဘာမျှမထူးကြပြီ၊ နှစ်ပါးစလုံး ပထဝီ ဓာတ်ချည်းသာတည်း”ဟု ဆံပင်နှင့် မြေစိုင်ခဲကို တထပ်တည်း တူအောင် မြင်အောင် ကြည့်ရှု ဆင်ခြင်ရမည်၊ ယင်းသို့ ကြည့်ရှု ဆင် ခြင်သောအခါ ပြင်ပ ပထဝီ ဓာတ်များကို”ဟု မှတ်ထင်စွဲလမ်းခြင်းငှါ မဖြစ်နိုင်သကဲ့သို့ ထို့ပြင်ပ ပထဝီဓာတ်များ၌ “ငါကောင်— ရှာမရဘိသကဲ့သို့ အတွင်းမြေဓာတ် (အဇ္ဈတ္တ-ပထဝီ)များကိုလည်း ငါဟု မှတ်ထင်စွဲလမ်းခြင်းငှါ မဖြစ်နိုင်တော့ပေ၊ အတွင်းမြေဓာတ် (အဇ္ဈတ္တပထဝီ)များ၌ “ငါကောင်” ရှာမရ တော့ပဲ “ဟင် ငါမဟုတ်ပါပဲတကား၊ ငါဆိုတာ မရှိပါပဲတကား”ဟု “ငါကောင်”ပျောက်၍သွားသဖြင့် ငါ-ဟူသော အတ္တအနေဖြင့်၎င်း, ငါ့ဟာဟူသော အတ္တနိယအနေဖြင့်၎င်း, ချစ်ခင် စွဲလမ်း တပ်မက်မှု “တဏှာ” ကင်းပြတ်၍ ရဟန်းကိစ္စပြီးဆုံးခြင်း(ရဟန္တာအဖြစ်)သို့ ရောက်ကြလိမ့်မည်။ [၁၄] [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ကာယဂတာသတိ (ထီ) [ကာယဂတာ+သတိ]
  2. (၁) မရဏဿတိ ကာယဂတာသတိ ဥပသမာနုဿတိ။ အံ၊၁၊၃၂။ (၄၃၊ ၄၇၊ ၄၈။ အံ၊၃၊၁၈၁။ အဘိ၊က၊၁၂၂။ ပဋိသံ၊၂၇၊ ၉၂။ ထေရ၊၂၂၁။ အပ၊၁၊၃၆၉။ မဟာနိ၊၅။ နေတ္တိ၊၂၇။ ပေဋကော၊၂၉၄။ မိလိန္ဒ၊၃၁၆၊ ၃၁၉။) ကေသာဒိဘေဒံ ရူပကာယံ ဂတာ, ကာယေဝါ ဂတာတိ ကာယဂတာ၊ ကာယဂတာ စ သာ သတိ စာတိ ကာယဂတသတီတိ ဝတ္တဗ္ဗေ ရဿံ အကတွာ ကာယဂတာသတိတိ ဝုတ္တာ။ ကေသာဒိကာယကောဋ္ဌာသ နိမိတ္တာရမ္မဏာယ သတိယာ ဧတံ အဓိဝစနံ။ အံ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၁၉၁။ (ပဋိသံ၊ဋ္ဌ၊၁၊၂၈၀။ ထေရ၊ဋ္ဌ၊၁၊၅၈။ မဟာနိ၊ဋ္ဌ၊၃၀။ ဝိဘာဝိနီ၊၂၅၉။
  3. (၂) ဘိက္ခု၊ ကာယဂတာသတိံ ဘာဝေတိ။ မ၊၃၊၁၃၁။ (—ထေရ၊၃၁၂။) ကာယဂတာသတိန္တိ ကာယပရိဂ္ဂါဟိကမ္ပိ ကာယာရမ္မဏမ္ပိ သတိံ။ ကာယပရိဂ္ဂါဟိကန္တိ ဝုတ္တေ သမထော ကထိတော ဟောတိ၊ ကာယာရမ္မဏန္တိ ဝုတ္တေ ဝိပဿနာ။ ဥဘယေန သမထဝိပဿနာ ကထိတာ ဟောန္တိ။ မ၊ဋ္ဌ၊၄၊၁၀၂။ အဿာသပဿာသကာယေ ဂတာ ပဝတ္တာတိ ကာယဂတာ၊ တံ ကာယဂတာသတိံ ဧကဇ္ဈံ ဒဿေန္တော “ကာယပရိဂ္ဂါဟိက”န္တိ အာဒိမာဟ။ မ၊ဋီ၊၃၊၃၁၅။ (ထေရ၊ဋ္ဌ၊၂၊၂၃၅။)
  4. ၄.၀၀ ၄.၀၁ ၄.၀၂ ၄.၀၃ ၄.၀၄ ၄.၀၅ ၄.၀၆ ၄.၀၇ ၄.၀၈ ၄.၀၉ ၄.၁၀ ၄.၁၁ ၄.၁၂ ၄.၁၃ ၄.၁၄ ၄.၁၅ ၄.၁၆ ၄.၁၇ ၄.၁၈ ၄.၁၉ ၄.၂၀ ၄.၂၁ တိပိဋကအဘိဓာန် အတွဲ-၅
  5. (ဝိ၊ဋ္ဌ၊၂၊၂။ သံ၊ဋ္ဌ၊၃၊၂၉၆။ အဘိ၊ဋ္ဌ၊၂၊၂၁၃။ ဝိသုဒ္ဓိ၊၁၊၂၃၃)။
  6. (အဘိ၊ဋ္ဌ၊၂၊၂၁၄။ ဝိသုဒ္ဓိ၊၁၊၂၃၃-၄)
  7. (အဘိ၊ဋ္ဌ၊၂၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၂၅၇)
  8. (အဘိ၊ဋ္ဌ၊၂၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၂၅၇)
  9. (ဝိသုဒ္ဓိ၊၁၊၂၅၈။ ဝိသုဒ္ဓိ၊ဋီ၊၁၊၃၁၀)
  10. (အဘိ၊ဋ္ဌ၊၂၊၂၃၇)။
  11. (အဘိ၊ဋ္ဌ၊၂၊၂၃၉။ ဝိသုဒ္ဓိ၊၁၊၂၅၈)
  12. (အဘိ၊ဋ္ဌ၊၂၊၂၃၉)
  13. (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂)။
  14. (မ၊၂၊၈၃၉–၌ အကျယ် ကြည့်။)