ဝိညာဏက္ခန္ဓာ
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
ဝိညာဏက္ခန္ဓာ ဟူသည်မှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် စသည်ဖြင့် (၁၁) မျိုးသော ပြားခြားမှုရှိသည့် အာရုံ၏ အရသာကို သိခြင်း၊ အာရုံကို ရယူခြင်း သဘောလက္ခဏာရှိသော တရားစုများကို ဆိုလိုသည်။ ဗုဒ္ဓအဘိဓမ္မာအရ ရူပက္ခန္ဓာမှတစ်ပါးသော နာမ်ခန္ဓာလေးပါးတွင် ဝိညာဏက္ခန္ဓာကို ဦးစွာ သိရှိနားလည်ပါက ကျန်နာမ်ခန္ဓာသုံးပါး (ဝေဒနာ၊ သညာ၊ သင်္ခါရ) တို့ကို သိရှိရန် ပိုမိုလွယ်ကူသည်။
ဝိညာဏ်၊ စိတ် နှင့် မနော
[ပြင်ဆင်ရန်]အဘိဓမ္မာတရားကိုယ် အနက်သဘောအရ ဝိညာဏ (ဝိညာဏ်)၊ စိတ္တ (စိတ်) နှင့် မန (မနော) ဟူသော ပုဒ်သုံးမျိုးသည် အတူတူပင်ဖြစ်သည်။ အာရုံကို သိတတ်ခြင်း၊ ရယူတတ်ခြင်း အနက်ကြောင့် "ဝိညာဏ်" ဟုလည်းကောင်း၊ အာရုံကို ကြံစည်တတ်ခြင်း အနက်ကြောင့် "စိတ်" ဟုလည်းကောင်း၊ သိခြင်းအနက်ကြောင့် "မနော" ဟုလည်းကောင်း ပရိယာယ်အားဖြင့် ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ ပရမတ္ထတရား၌ သိတတ်သော "အတ္တ" သို့မဟုတ် "ဝိညာဏ်ကောင်" ဟူ၍ သီးခြားမရှိဘဲ၊ အာရုံကို သိခြင်း အမူအရာ သဘောသက်သက်ကိုသာ ဝိညာဏ်ဟု ခေါ်ဆိုခြင်းဖြစ်သည်။
ဝိညာဏက္ခန္ဓာ၏ လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်
[ပြင်ဆင်ရန်]ဝိညာဏက္ခန္ဓာ၏ သဘာဝကို အောက်ပါအတိုင်း ပိုင်းခြားသိမြင်နိုင်သည် -
၁။ လက္ခဏာ (သဘော) - အာရုံကို သိခြင်း၊ ရယူခြင်း သဘောရှိသည်။
၂။ ရသ (ကိစ္စ) - အာရုံကို သိမှု၌ ရှေ့သွားခေါင်းဆောင် ပြုတတ်သည်။
၃။ ပစ္စုပဋ္ဌာန် (ဉာဏ်၌ ထင်လာပုံ) - စိတ်အစဉ်မပြတ်ရအောင် နောက်နောက်စိတ်ကို ဆက်စပ်ပေးတတ်သည်။
၄။ ပဒဋ္ဌာန် (နီးစွာသောအကြောင်း) - နာမ်နှင့် ရုပ် (ပဉ္စဝေါကာရဘုံတွင်) သို့မဟုတ် နာမ်သက်သက် (အရူပဘုံတွင်) သည် ဝိညာဏ်ဖြစ်ပေါ်ရန် အနီးစပ်ဆုံး အကြောင်းတရားဖြစ်သည်။
ဝိညာဏ် အပြားများ
[ပြင်ဆင်ရန်]ဝိညာဏ် သို့မဟုတ် စိတ်သည် အာရုံသိမှု လက္ခဏာအားဖြင့် တစ်မျိုးတည်းရှိသော်လည်း ဇာတ် (သဘာဝ) အားဖြင့် (၄) မျိုး ကွဲပြားသည်, -
- ကုသိုလ်စိတ် (၂၁) ပါး - အပြစ်မရှိသော ကောင်းမြတ်သော စိတ်များ။
- အကုသိုလ်စိတ် (၁၂) ပါး - အပြစ်ရှိသော မကောင်းသော စိတ်များ။
- ဝိပါက်စိတ် (၃၆) ပါး - ကုသိုလ်၊ အကုသိုလ်ကံတို့၏ အကျိုးတရားများ။
- ကိရိယာစိတ် (၂၀) ပါး - အကျိုးဝိပါက်ကို မဖြစ်စေဘဲ ပြုကာမတ္တဖြစ်သော စိတ်များ (ရဟန္တာများ၏ သန္တာန်၌သာ အများဆုံးဖြစ်သည်)။
ဤစိတ်များအားလုံးကို ပေါင်းလိုက်သော် စိတ် ၈၉ ပါး (သို့မဟုတ် ၁၂၁ ပါး) ရှိသည်။
ဝိညာဏ်တို့၏ လုပ်ငန်းကိစ္စ (၁၄) မျိုး
[ပြင်ဆင်ရန်]ဝိညာဏ်တို့သည် သတ္တဝါတို့၏ ဘဝဖြစ်စဉ်တွင် အောက်ပါလုပ်ငန်းကိစ္စ (၁၄) မျိုးကို အစဉ်အတိုင်း ဆောင်ရွက်ကြသည် -
၁။ ပဋိသန္ဓေကိစ္စ - ဘဝသစ်ကို စတင်ဆက်စပ်ပေးခြင်း။
၂။ ဘဝင်ကိစ္စ - ဘဝအစဉ်မပြတ်အောင် ထိန်းသိမ်းပေးခြင်း။
၃။ အာဝဇ္ဇန်းကိစ္စ - အာရုံကို ဆင်ခြင်နှလုံးသွင်းခြင်း။
၄။ ဒဿနကိစ္စ - ရူပါရုံကို မြင်ခြင်း။
၅။ သဝနကိစ္စ - အသံကို ကြားခြင်း။
၆။ ဃာယနကိစ္စ - အနံ့ကို နံခြင်း။
၇။ သာယနကိစ္စ - အရသာကို သိခြင်း။
၈။ ဖုသနကိစ္စ - အတွေ့အထိကို သိခြင်း။
၉။ သမ္ပဋိစ္ဆိုင်းကိစ္စ - အာရုံကို လက်ခံခြင်း။
၁၀။ သန္တီရဏကိစ္စ - အာရုံကို စုံစမ်းခြင်း။
၁၁။ ဝေါဋ္ဌဗ္ဗနကိစ္စ - အာရုံကို ဆုံးဖြတ်ခြင်း။
၁၂။ ဇဝနကိစ္စ - အာရုံ၏ အရသာကို အဟုန်ပြင်းပြင်း ခံစားခြင်း (ဇောစောခြင်း)။
၁၃။ တဒါရုံကိစ္စ - ဇောယူသည့် အာရုံကို ဆက်လက်ယူခြင်း။
၁၄။ စုတိကိစ္စ - ဘဝဟောင်းမှ ရွေ့လျောသေဆုံးခြင်း။
သညာ၊ ပညာတို့နှင့် ကွဲပြားပုံ
[ပြင်ဆင်ရန်]အာရုံကို သိရာတွင် ဝိညာဏ်သိသည် သညာသိ၊ ပညာသိတို့နှင့် ကွဲပြားသည်။ သညာ သည် အာရုံကို မှတ်မိရုံသာ သိခြင်းဖြစ်ပြီး၊ ပညာ သည် အာရုံ၏ သဘာဝကို အမှန်အတိုင်း ထိုးထွင်းသိခြင်းဖြစ်သည်။ ဝိညာဏ် မှာမူ အာရုံတစ်ခုခုကို ရအောင်ယူခြင်း သို့မဟုတ် သိခြင်းမျှသာဖြစ်သည်။[၁]
တိပိဋကအဘိဓာန်မှ
[ပြင်ဆင်ရန်][၂] (က) ဝိညာဉ်-စိတ်-ဟူသော-အဖို့-အစု-အပုံ-၃ အပေါင်း။
(ခ) ဝိညာဉ်-စိတ်-တို့၏-အဖို့-အစု-အပုံ-အပေါင်း။ [၃]
အတိတ်, အနာဂတ်, ပစ္စုပ္ပန်စသော-ဝိညာဉ်-စိတ်-အစုကို “ဝိညာဏက္ခန္ဓာ” ဟုခေါ်ဆိုသည်။ [၄]
စိတ် ၈၉-ပါးမှ လွတ်သော ဝိညာဏက္ခန္ဓာမည်သည် မရှိ။ [၅] [၆]
ဝိညာဏက္ခန္ဓာ၏ ဖြစ်ရာသည်-- (၁) ပုဂ္ဂိုလ်၊ (၂)ဘုံ ဟူ၍ ၂-ပါးအပြားရှိ၏။
ဝိညာဏက္ခန္ဓာ၏ ဖြစ်ရာ ပုဂ္ဂိုလ်
[ပြင်ဆင်ရန်]ထိုတွင် ပုဂ္ဂိုလ်သည် (၁) ဝိညာဏက္ခန္ဓာ ဖြစ်ဆဲပုဂ္ဂိုလ်၊ (၂) ဝိညာဏက္ခန္ဓာဖြစ်ပြီး ပုဂ္ဂိုလ်၊ (၃) ဝိညာဏက္ခန္ဓာဖြစ်လတ္တံ ပုဂ္ဂိုလ် ဟူ၍ ၃-ပါး အပြားရှိ၏။
ထိုတွင် (၁) ဝိညာဏက္ခန္ဓာ ဖြစ်ဆဲ ပုဂ္ဂိုလ်ဟူသည် စတုဝေါကာရ ဥပပဇ္ဇန္တဖြစ်သော တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်, အောက် ဖလဋ္ဌာန်ပုဂ္ဂိုလ် ၃-ယောက်, ပဉ္စဝေါကာရ ဥပပဇ္ဇန္တဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက် အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ် ၃-ယောက်တို့တည်း။
(၂) ဝိညာဏက္ခန္ဓာဖြစ်ပြီးပုဂ္ဂိုလ် ဟူသည်— ခပ်သိမ်းသော ဥပပဇ္ဇန္တ, စဝန္တဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက်, ဖလဋ္ဌာန် ပုဂ္ဂိုလ် ၄-ယောက်တို့တည်း။
(၃) ဝိညာဏက္ခန္ဓာ ဖြစ်လတ္တံ့ ပုဂ္ဂိုလ် ဟူသည်— ပစ္ဆိမဘဝိကမှတစ်ပါး ခပ်သိမ်းသော ဥပပဇ္ဇန္တ, စဝန္တဖြစ်သော ပုထုဇဉ် ပုဂ္ဂိုလ် ၄-ယောက်, အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ် ၃-ယောက်တို့တည်း။
ဝိညာဏက္ခန္ဓာ၏ဖြစ်ရာဘုံဟူသည်—— ကာမ ၁၁-ဘုံ, အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ, အရူပ ၄-ဘုံအားဖြင့် ၃၀-သော ဘုံတို့တည်း။
ထို့အတူ ဝိညာဏက္ခန္ဓာ၏ ချုပ်ရာသည်လည်း— (၁) ပုဂ္ဂိုလ် (၂)ဘုံ ဟူ၍ ၂-ပါးအပြားရှိ၏။
ဝိညာဏက္ခန္ဓာ၏ ချုပ်ရာ ပုဂ္ဂိုလ်
[ပြင်ဆင်ရန်]ထိုတွင် ပုဂ္ဂိုလ်သည်—(၁) ဝိညာဏက္ခန္ဓာ ချုပ်ဆဲပုဂ္ဂိုလ်၊ (၂) ဝိညာဏက္ခန္ဓာချုပ်ပြီး ပုဂ္ဂိုလ်၊ (၃) ဝိညာဏက္ခန္ဓာချုပ်လတ္တံ့ ပုဂ္ဂိုလ် ဟူ၍ ၃-ပါးအပြားရှိ၏။
ထိုတွင် (၁) ဝိညာဏက္ခန္ဓာချုပ်ဆဲပုဂ္ဂိုလ် ဟူသည်— စတုဝေါကာရစဝန္တဖြစ်သော တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်, ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်, ပဉ္စဝေါကာရစဝန္တဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက်, ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်တို့တည်း။
(၂) ဝိညာဏက္ခန္ဓာ ချုပ်ပြီးပုဂ္ဂိုလ်ဟူ သည်— ခပ်သိမ်းသောဥပပဇ္ဇန္တ, စဝန္တဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက်, ဖလဋ္ဌာန် ပုဂ္ဂိုလ် ၄-ယောက်တို့တည်း။
(၃) ဝိညာဏက္ခန္ဓာ ချုပ်လတ္တံ့ပုဂ္ဂိုလ် ဟူသည်— ပရိနိဗ္ဗန္တမှတစ်ပါး ခပ်သိမ်းသော ဥပပဇ္ဇန္တ, စဝန္တဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက်, အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ် ၃-ယောက် တို့တည်း။
ဝိညာဏက္ခန္ဓာ၏ ချုပ်ရာဘုံဟူသည်— ကာမ ၁၁-ဘုံ, အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ, အရူပ ၄-ဘုံအားဖြင့် ၃၀-သော ဘုံတို့တည်း။
ဝိညာဏက္ခန္ဓာကို ပိုင်းခြား၍ သိသော ပုဂ္ဂိုလ်
[ပြင်ဆင်ရန်]ဝိညာဏက္ခန္ဓာကို ပိုင်းခြား၍ သိသော ပုဂ္ဂိုလ်သည်— (၁) ဝိညာဏက္ခန္ဓာကို ပိုင်းခြား၍သိဆဲပုဂ္ဂိုလ်၊ (၂) ဝိညာဏက္ခန္ဓာကို ပိုင်းခြား၍ သိပြီးပုဂ္ဂိုလ် (၃) ဝိညာဏက္ခန္ဓာကို ပိုင်းခြား၍ သိလတ္တံ့ ပုဂ္ဂိုလ် ဟူ၍ ၃-ပါး အပြားရှိ၏။
ထိုတွင် (၁) ဝိညာဏက္ခန္ဓာကို ပိုင်းခြား၍ သိဆဲပုဂ္ဂိုလ်ဟူသည်— အရဟတ္တ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်တည်း။
(၂) ဝိညာဏက္ခန္ဓာကို ပိုင်းခြား၍ သိပြီးပုဂ္ဂိုလ်ဟူသည် အရဟတ္တ ဖလဋ္ဌာန်ပုဂ္ဂိုလ်တည်း။
(၃) ဝိညာဏက္ခန္ဓာကို ပိုင်းခြား၍ သိလတ္တံ့ပုဂ္ဂိုလ်ဟူသည် ကျွတ်ထိုက်သော ပုထုဇဉ်ပုဂ္ဂိုလ်, အောက် မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၃-ယောက်, အောက်ဖလဋ္ဌာန် ပုဂ္ဂိုလ် ၃-ယောက်တို့တည်း။ [၇] [၆]
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ နိဗ္ဗာနဂါမိနိပဋိပဒါ - စတုတ္ထတွဲ - ဖားအောက်တောရဆရာတော်
- ↑ ဝိညာဏက္ခန္ဓ (ပု) [ဝိညာဏ + ခန္ဓ။ ဝိဇာနသ္ကန္ဓ-သံ။] ဝိညာဏက္ခန္ဓာ —
- ↑ (က) (ခ) ယံ တသ္မိံ သမယေ စိတ္တံ မနော ဝိညာဏံ ဝိညာဏက္ခန္ဓာ။ အဘိ၊ဓ၊၁၈။ ပဉ္စက္ခန္ဓာ ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ.. . ဝိညာဏက္ခန္ဓာ။ အဘိ၊ဝိ၊၁။ သင်္ဂဟ၊ သမုစ္စည်းပိုင်း။ ဝိဇာနာတီတိ ဝိညာဏံ၊ ဝိညာဏမေဝ ခန္ဓာ ဝိညာဏက္ခန္ဓာ။ အဘိ၊ဋ္ဌ၊၁၊၁၈၅။ ပဋိသံ၊ဋ္ဌ၊၂၊၁၁၈။ မဟာနိ၊ဋ္ဌ၊၂၀၊ ၂၅၂။ တတ္ထ ကတမော ဝိညာဏက္ခန္ဓော၊ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နေ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ တဒေကဇ္ဈံ အဘိသညူဟိတွာ အဘိသင်္ခိပိတွာ အယံ ဝုစ္စတိ ဝိညာဏက္ခန္ဓာ။ အဘိ၊ဝိ၊၁၀။ ဝေဒနာက္ခန္ဓာတိ ဝေဒနာရာသိ ဝေဒနာကောဋ္ဌာသောတိ ဣမိနာ နယေန သညာက္ခန္ဓာဒီနံ အတ္ထော ဝေဒိတဗ္ဗော။ အဘိ၊ဋ္ဌ၊၂၊၂။ ယသ္မာ ပန ရာသဋ္ဌောယေဝ ခန္ဓဋ္ဌော န ဟောတိ။ ကောဋ္ဌာသောပိ ခန္ဓဋ္ဌောယေဝ၊ တသ္မာ ကောဋ္ဌာသဋ္ဌေန ဝိညာဏကောဋ္ဌာသောတိပိ အတ္ထော။ ပဋိသံ၊ဋ္ဌ၊၂၊၁၁၈။ (မ၊၃၊၆၇။ သံ၊၂၊၃၉၊ ၈၃။ အဘိ၊ဓ၊၂၀၊ ၂၆၊ ၃၄-၇။ အဘိ၊ဝိ၊၁၃၊ ၄၉၊ ၁၅၀-၂။ အဘိ၊ပု၊၃၅။ အဘိ၊က၊၂၅၂-၃။ ယမက၊၁၊၁၇-၉။ မ၊ဋ္ဌ၊၄၊၅၂။ သံ၊ဋ္ဌ၊၃၊၂၆။ အဘိ၊ဋ္ဌ၊၂၊၁၊၃။ အဘိ၊ဋ္ဌ၊၃၊၅)။ ရူပက္ခန္ဓ (ပရမတ္ထဒီပနီ၊ဋီ၊၃၁၈) လည်းကြည့်။
- ↑ (အဘိ၊ဝိ၊၁၀။ မ၊၃၊၆၇။ သံ၊၂၊၃၉၊ ၈၃။ အဘိ၊ဋ္ဌ၊၂၊၂၀)။
- ↑ (အဘိ၊ဋ္ဌ၊၂၊၆)။
- 1 2 တိပိဋကအဘိဓာန် အတွဲ-၁၉
- ↑ (ယမက၊၁၊၃၁-၅၊ ၄၄-၈၊ ၆၈-၉။ ယမိုက်အရကောက်)။ ဝိညာဏက္ခန္ဓာ၏ အကျယ်ကို အဘိ၊ဝိ၊ ၁၀-၃၊ ၄၉၊ ၅၉။ ဝိသုဒ္ဓိ၊၂၊၈၂-၉၀။တို့၌ ကြည့်)။