မာတိကာသို့ ခုန်သွားရန်

ဧကဓမ္မပါဠိ-တတိယဝဂ်

ဝီကီပီးဒီးယား မှ

မိစ္ဆာဒိဋ္ဌိယူသူသည် လူများကို သူတော်ကောင်းတရားကင်းစေပြီး မသူတော်တရား၌ တည်စေသည်၊ ယင်းမိစ္ဆာဒိဋ္ဌိယူသူ တယောက် လောက၌ ပေါ်ပေါက်လာလျှင် လူများ စီးပွားချမ်းသာမဲ့ အကျိုးမဲ့ဖို့၊ နတ်လူများ စီးပွားမဲ့ ဆင်းရဲဖို့သာ ဖြစ်သည်။

သမ္မာဒိဋ္ဌိယူသူသည် လူများကို မသူတော်တရား ကင်းစေပြီး သူတော်ကောင်းတရား၌ တည်စေသည်၊ ယင်း သမ္မာဒိဋ္ဌိ ယူသူတယောက် လောက၌ ပေါ်ပေါက်လာလျှင် အားလုံး ချမ်းသာဖို့ ဖြစ်သည်။

မိစ္ဆာဒိဋ္ဌိနှင့်အတူ အပြစ်ကြီးလေးသော အခြားတခုသော တရားကိုမျှလည်း ငါ မမြင်၊ အပြစ်ကြီးလေးသော အကုသိုလ်ကံတို့သည် မိစ္ဆာဒိဋ္ဌိသာလျှင် လွန်ကဲခြင်း ရှိကုန်သည်။

လူများ စီးပွားချမ်းသာမဲ့ အကျိုးမဲ့ဖို့၊ နတ်လူများ စီးပွားမဲ့ ဆင်းရဲဖို့ကျင့်သော မက္ခလိဂေါသာလ-အချည်းနှီးယောက်ျားနှင့်တူသော အခြား တစ်ဦးတစ်ယောက်ကိုမှလည်း ငါမမြင်၊ ငါးများပျက်စီးဖို့ မြစ်ဆုံ မြစ်ဝ၌ မြုံးထောင်ထားသကဲ့သို့ သတ္တဝါများ ပျက်စီးဖို့ရာ မက္ခလိဂေါသာလ အချည်းနှီးယောက်ျား လောက၌ ပေါ်လာသည်။

ဗာဟိရကသာသနာ၌ ဆရာကိုယ်တိုင် ဆောက်တည်၍ တပည့်ကိုလည်း ဆောက်တည်စေသည်၊ ဆုံးမတိုင်း ဖြစ်ဖို့ တပည့်ကလည်း ကျင့်သည်၊ ဆရာ တပည့်အားလုံး မကောင်းမှုများစွာ ဖြစ်ပွားစေကုန်သည်။ ထိုသို့ဖြစ်ခြင်းကား တရားကို မကောင်းသဖြင့် ဟောထားအပ်သောကြောင့်တည်း။

ဘုရားသာသနာ၌ကား ဆရာတပည့်အားလုံး ကောင်းမှုများစွာ ဖြစ်ပွားစေကုန်သည်၊ ထိုသို့ဖြစ်ခြင်းကား တရားကို ကောင်းစွာ ဟောထားအပ်သောကြောင့်တည်း။

ဗာဟီရကသာသနာ၌ အတိုင်းအရှည်ကို အလှူရှင်က သိရမည်၊ အလှူခံက သိရန် မလို၊ တရားကို မကောင်းသဖြင့် ဟောထားအပ်သောကြောင့် ဖြစ်သည်။

ဘုရားသာသနာ၌ အတိုင်းအရှည်ကို အလှူခံက သိရမည်၊ အလှူရှင်က သိရန်မလို၊ တရားကို ကောင်းစွာဟောထားအပ်သောကြောင့် ဖြစ်သည်။

ဗာဟီရကသာသနာ၌ လုံ့လထက်သန်သူ ဆင်းရဲ၍ ပျင်းရှိသူ ချမ်းသာစွာ နေရသည်၊ တရားမမှန်၍ ဖြစ်သည်။

ဘုရားသာသနာ၌ ပျင်းရိသူ ဆင်းရဲစွာနေရ၍ လုံ့လထက်သန်သူ ချမ်းသာစွာနေ ရသည်။ တရားမှန်၍ ဖြစ်သည်။

အနည်းငယ်မျှသော မစင် ကျင်ငယ် တံတွေး ပြည် သွေးသည်လည်း မကောင်းသော အနံ့အသက်ရှိသကဲ့သို့ အနည်းငယ်သော ဘဝကိုလည်း ငါမချီးမွမ်း၊ အယုတ်ဆုံး လက်ဖျစ်တတီး ကာလဘဝကိုလည်း ငါမချီးမွမ်းဟု မိန့်တော်မူသည်။

မိစ္ဆာဒိဋ္ဌိယူသူဟူသည်

[ပြင်ဆင်ရန်]

တိတ္ထိဆရာကြီး ၆-ဦးနှင့် ဒေဝဒတ်အလားတူ ပုဂ္ဂိုလ်များ ဖြစ်သည်၊ သမ္မာဒိဋ္ဌိယူသူဟူရာ၌ ဘုရားမပွင့်ခင် စကြာမင်းနှင့် ဘုရားလောင်း စသည်များ၊ ဘုရားပွင့်လျှင် ဘုရားရှင်နှင့် တပည့်သာဝကများ ဖြစ်သည်။

မိစ္ဆာဒိဋ္ဌိ အပြစ်အကြီးဆုံး

[ပြင်ဆင်ရန်]

ပဉ္စာနန္တရိယကံများ အပြစ်ကြီးသော်လည်း အချိန်ပိုင်းခြားရသည်၊ ကံ ၄-ပါးကိုငရဲ၊ သံဃဘေဒကကံကို ငရဲ၌ တကမ္ဘာဟု ပိုင်းခြားရ၍ အဆုံးရှိသည်၊ နိယတ မိစ္ဆာဒိဋ္ဌိအတွက်ကား ပိုင်းခြားမရပါ၊ မှန်၏။ ဝဋ်မြစ်ဖြစ်၍ ဘဝမှ လွတ်လမ်းမရှိ၊ နားထောင်သူ တပည့်များလည်း ပျက်စီးကြရသည်။ နတ်ပြည် နှင့် မဂ် ၂-ချက်လုံး မရတော့၊ ကမ္ဘာပျက်လျှင် လူများ ဗြဟ္မာ့ပြည် ရောက်ကြရာ မိစ္ဆာယူသူကား စကြဝဠာ အပြင်ထွက်ခံရသည်၊ အပြင်စကြဝဠာပါ မီးလောင်လတ်သော် ကောင်းကင်တနေရာမှာ ခံရသည်ဟု မိန့်တော်မူကြသည်။

ဗာဟိရကသာသနာ

[ပြင်ဆင်ရန်]

ဘုရားစစ် တရားစစ် သံဃာစစ် မဟုတ်ပေ၊ ဆရာခိုင်းသမျှ တပည့်များ မကောင်းမှုပြုကြရာ တပည့်များနှင့်အတူ ဆရာလည်း အကုသိုလ်ဖြစ်သည်။ ဘုရားသာသနာကုသိုလ်ပြုရာ၌လည်း အကျိုးဆောင်ဆရာများ အလှူရှင်နှင့် အမျှရသည်။

အတိုင်းအရှည်ကို အလှူရှင်က သိရမည်

[ပြင်ဆင်ရန်]

ဗာဟိရက သာသနာ ဖြစ်သော်လည်း မလှူရဟု မဆို၊ အနည်းငယ်လှူပါ၊ အပိုလှူသော်လည်း လူစည်းစိမ်စသည် အပိုမရှိပေ၊ အလှူခံကမူ အပိစ္ဆကျင့်ဝတ်မျိုး မရှိသော သာသနာဖြစ်၍ ရသလောက်ယူ၊ သား မယား ကျွေးရမည်ဖြစ်၍ အတိုင်းအရှည် သိရန်မလို။

အတိုင်းအရှည်ကို အလှူခံက သိရမည်

[ပြင်ဆင်ရန်]
  • သာသနာတော်၌ အလှူခံပုဂ္ဂိုလ်သည် အလှူရှင် လှူဖွယ် မိမိစွမ်းအား တိုင်းတာတတ်ရမည်။
  • လှူဖွယ်များသည်၊ အလှူရှင်က နည်းနည်းလှူလိုသည်၊ နဲနဲအလှူခံပါ။
  • လှူဖွယ်နည်းသည်၊ အလှူရှင်များက များများလှူလိုသည်၊ နဲနဲအလှူခံပါ။
  • လှူဖွယ်များသည်၊ အလှူရှင်က များများလှူလိုသည်၊ မိမိစွမ်းအားသိ၍ တိုင်းတာ အလှူခံပါ။

ဤသို့အလှူခံလျှင် အပိစ္ဆအကျင့်ပြည့်၍ မဖြစ်သေးသော လာဘ်ဖြစ်၊ ဖြစ်ပြီးလာဘ် ခိုင်မာသည်၊ မကြည်ညိုသူများ ကြည်ညို၍ ကြည်ညိုပြီးသူများ တိုးကြည်ညိုသည်၊ လူများ၏ ပြယုဂ်မြင်ကွင်းသဖွယ်ဖြစ်ကာ သာသနာပြုရာ ရောက်တော့သည်။

မဖြစ်သေးသောလာဘ်ဖြစ်

[ပြင်ဆင်ရန်]

ရောဟဏဇနပုဒ် ကုဋမ္ဗရိယ ကျောင်းနေ ရဟန်းငယ် တပါးသည် အစာရှားပါးချိန် အလုပ်သမားအိမ်၌ ပမာဏကိုသိ၍သာ အလှူခံသည်၊ ထိုအရှင်၏ အလိုနည်းသော ဂုဏ်ကိုသိ၍ အမတ်ကြီးများက တစ်နေ့တည်းဖြင့် ဆွမ်းအိုး ၆၀-တည်ထားကြသည်။

ဖြစ်ပြီးလာဘ်ခိုင်မာ

[ပြင်ဆင်ရန်]

သဒ္ဓါတိဿမင်းကြီးသည် ခါသားရ၍ စားဦးစားဖျား လှူပြီးမှ စားမည်ကြံကာ ပရိဝုဏ်နေ မဟာထေရ်ကြီး၏ ဘဏ္ဍာစိုး သာမဏေအား လှူသည်၊ အနည်းငယ်သာယူသော သာမဏေ၏ အပိစ္ဆ (အလိုနည်း) သော ဂုဏ်ကို ကြည်ညို၍ ဆွမ်းအိုး ၈-လုံး လှူပြန်ရာ ဥပဇ္ဈာယ်အား လှူပါ၏ဟု ဆိုသည်၊ နောက် ၈-လုံးကို ဆရာ၊ နောက် ၈-လုံးကို ဆရာတူတပည့်၊ နောက် ၈-လုံးကို ရဟန်းသံဃာအား လှူပါ၏” ဆိုသဖြင့် နောက် ၈-လုံး ထပ်လှူမှ သည်းခံတော့သည်။

မကြည်ညိုသူများ ကြည်ညို

[ပြင်ဆင်ရန်]

ဒီဃမည်သောပုဏ္ဏားတစ်ဦး ပုဏ္ဏားများကိုထမင်းကျွေးရာ ထမင်းလိုက်မလောက်ဖြစ်သည် “ရဟန်းများ အလိုနည်းကြသည်”ဟူသော စကားကြား၍ တချိန်မှာ စုံစမ်းရန် ကျောင်းသွားသည်၊ သံဃာ ၃၀-ဆွမ်းဘုဉ်းပေးနေရာ၌ ထမင်း တပန်းကန်ယူ၍ သံဃထေရ်ကပ်ရာ လက်ညှိုးလှုပ်ကာ အနည်းငယ်သာ ယူသည်၊ အခြား ထေရ်များလည်း ထို့အတူသာ ယူရကား သံဃာအာလုံး လောက်သည်၊ “ငါကြားသောဂုဏ်သတင်း မှန်ကန်သည်” ဟု ကြည်ညိုကာ ငွေ ၁၀၀၀ိ စွန့်လှူ၍ ထိုကျောင်းတိုက်၌ စေတီတည်ထားသည်။

အတိုင်းအရှည် အလှူရှင်က သိရန်မလို

[ပြင်ဆင်ရန်]

အလှူရှင်သည် လှူဖွယ်ရှိသမျှ လှူနိုင်သည်၊ လှူခြင်းကြောင့်သာ လူ နတ် နိဗ္ဗာန် ချမ်းသာ အဆင့်ဆင့်ကို မြင့်သည်ထက် မြင့်အောင် ရသည်။

လုံ့လထက်သန်သူ ဆင်းရဲစွာနေရ

[ပြင်ဆင်ရန်]

ဗာဟိရက သာသနာ၌ ပဉ္စာတပ စသော အကျင့်များကို ထက်သန်စွာ ကျင့်သဖြင့် မျက်မှောက်ပင် ဆင်းရဲလှတော့သည်၊ တမလွန် ၌ကား ငရဲသာတည်း။

ပျင်းရှိသူ ဆင်းရဲစွာနေရ

[ပြင်ဆင်ရန်]

ဘုရားသာသနာ၌ ရဟန်းပြုပြီး နှလုံးသွင်းမမှန်၊ ကျမ်းဂန်မသင်ယူ၊ ဆရာဥပဇ္ဈာယ်ဝတ်၊ စေတိယင်္ဂဏဝတ် စသည်ကိုလည်း မပြု၊ လူများ၏ သဒ္ဓါ၍ လှူသောပစ္စည်းများကို မဆင်ခြင်စားသုံးကာ ချမ်းသာစွာ အိပ်သည်၊ နိုးလျှင် မသင့်ရာကိုသာ ကြံရာ သာသနာမှာ နေမရနိုင်၊ မျက်မှောက်ဆင်းရဲပြီး တမလွန်၌လည်း အပါယ်က ဆွဲမည်သာ။

ပျင်းရိသူမှ ချမ်းသာစွာ နေရမည်

[ပြင်ဆင်ရန်]

ဗာဟိရက သာသနာ၌ ရံခါ ပဉ္စာတပစသော အကျင့်များကျင့်၊ ရံခါ ဝတ်ကောင်းစားလှ ကျနစွာနေသူကား ပစ္စုပ္ပန်၌လည်း ချမ်းသာ၊ တမလွန်လည်း အကျင့်မပြင်း၍ ငရဲ ဆင်းရဲများစွာ မခံစားရပါ။

လုံ့လသန်မှ ချမ်းသာစံရ

[ပြင်ဆင်ရန်]

ဘုရားသာသနာ၌ ရဟန်းပြုပြီးချိန်မှစ၍ ဝတ်နီဗဒ်ပြု၊ ပရိယတ်သင်ယူ၊ နှလုံးသွင်းမှန်ဖြင့် ရဟန်းတရား ပွားများနိုင်ရကား စိတ်ချမ်းသာ ကြည်လင်နေသည်၊ ပစ္စုပ္ပန်ချမ်းသာကြောင့် အရဟတ္တဖိုလ် မရောက်စေကာမူ ဖြစ်ရာ အသိဉာဏ်လျင်သဖြင့် ချမ်းသာပေတော့သည်။

နည်းသောမစင်ပင် အနံ့ဆိုးလှ

[ပြင်ဆင်ရန်]

ဘုရားရှင်သည် ရဟန်းများအား ငါ့သားတော်များဟာ ပုဂ္ဂိုလ် ၉-ဦး ငရဲ, တိရိစ္ဆာန်, ပြိတ္တာ ဘဝမှ လွတ်ကြပြီး ဤစကား ကြားပြီး “ငါတို့ ငရဲစသည် ဖြစ်လမ်းကုန်ပြီ”ဟု ထင်ကာ အထက်မဂ်ဖိုလ် အားထုတ်ဖို့ မေ့ကောင်း မေ့ကြမည်၊ သားတော်တွေကို ထိတ်လန့်စေမှဟု ကြံ၍ ထိတ်လန့် စေဖို့ ဤသုတ်ကို အတ္ထုပ္ပတ် အလျောက် ဟောသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ