ဒေဝဒတ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဒေဝဒတ်
ဘာသာဗုဒ္ဓဘာသာ
ဘာသာပြန်ဆိုချက်များ
Devadatta
ပါဠိदेवदत्त
သင်္သကရိုက်देवदत्त
(Devadatta)
မြန်မာဒေဝဒတ်
တရုတ်提婆達多
ဂျပန်提婆達多
(Daibadatta)
ခမာទេវទត្ត
(Tevatort)
လာအိုເທວະທັດ
သီဟိုဠ်දේවදත්ත
ထိုင်းเทวทัต
(Thewathat)
ဗီယက်နမ်Đề-Bà-Đạt-Đa

ဒေဝဒတ် ကိုယ်တော် ဘုရားရှင်ကို မုန်းရတဲ့ ပထမဆုံးရန်ငြိုးကတော့ ကမ္ဘာ တစ်သိန်းရွဲကုန်သည်ဘဝက စတယ်။ ငယ်ငယ်က ကြားဖူးမှာပေါ့။ သူကအချောင်လိုချင်လို့ ပဲဝက်တောင်မတန်ဘူး လို့ ပြောထားခဲ့တဲ့ ရွှေခွက်ကို ဘုရားလောင်းကုန်သည် ကအမှန်အတိုင်း ပြောပြီး ဝယ်သွားရာကနေ ဒေဝဒတ်လောင်းဟာ လောဘ နဲ့ ဒေါသ မီးတွေလောင်ပြီး လှေဆိပ်မှာ ရင်ကွဲနာကျ သေခဲ့ရတယ်။ မသေခင်နောက်ဆုံး သူ့ အမုန်းတွေဟာ ဘဝတွေ ပြောင်းသွားပေမယ့် ဘုရားလောင်းပေါ်မှာ အမြဲ ရှိနေတယ်။ အဲဒီနောက်ပိုင်း ဘုရားလောင်းကို သူသတ်ခဲ့တာတွေ မျောက်မင်းဘဝ (၂) ခု၊ ဆဒ္ဒါန်ဆင်မင်း၊ စူဠဓမ္မပါလ ဇာတ် စသည် အများကြီးပါပဲ။

နောက်ဆုံးဘဝမှာတော့ ကောလိယ တိုင်း၊ ဒေဝဒဟပြည်၊ သုဗ္ဗဗုဒ္ဓ မင်းကြီး ရဲ့ သားငယ်အဖြစ်မွေးဖွားလာတယ်။ နာမည်ကဒေဝဒတ္တ - နတ်ပေးသော မင်းသား လို့ အဓိပ္ပာယ် ရှိတယ်။ ယသော်ဓရာ ရဲ့ မောင် ပေါ့။ ဘုရားလောင်း သိဒ္ဓတ္တ နဲ့ကတော့ နှစ်ဖက်တော် ညီအကို တစ်ဝမ်းကွဲပါပဲ။ သူတို့ ရဲ့ တိုင်းပြည်တွေ စဖြစ်လာပုံကလဲ စိတ်ဝင်စားစရာပါ။ သာကီဝင်တို့၏ လက်မွန်အစ ဘေးတော်ဘုရင်ကြီးကြသက္ကာကမင်းကြီး ဖြစ်တယ်။ ကမ္ဘာဦးစ မဟာ သမ္မတ မင်းကနေ ဒီ မင်းအထိ မောင်နှမခြင်း အိမ်ထောင်ပြုလာတာ မင်းဆက်ပေါင်း ( ၂၅၂၅၅၆) ပါး ရှိတယ် ပြောတယ်။ (ဒါကတော့ မန်လည်ဆရာတော်ကြီး ရေတွက်ထားတာပါ။ မဃဒေဝကပေါ့။ ) ဒီ မင်းကြီးမှာ မိဘုရား (၄) ယောက်ရှိ တော့ သားသမီး (၁၅)ယောက်ရှိလာတယ်။ နောက် အငယ်ဆုံးတင်မြှောက်တဲ့ မိဘုရားကို သားမွေးရင် လိုချင်တဲ့ ဆုပေးမယ်လို့ သတိပေးမိတော့ သားသမီး အကြီးတွေနဲ့ မိဘုရားငယ်ရဲ့ ကြားမှာ ပြဿနာတွေရှိလာတယ်။ ဒါကြောင့် မင်းကြီးက သားတော်သမီးတော် (၁၅) ပါးကို နန်းတွင်းမှာ လိုချင်တဲ့ ဘဏ္ဍာပစ္စည်း တွေ လိုသလောက်ယူပြီး တိုင်းပြည်မှ ထွက်ခွာသွားစေခဲ့ရာ ထိုမင်းသားမင်းသမီးတို့သည် မိမိတို့၏ မှူးမတ်ဗိုလ်ပါ နောက်လိုက်ပြည်သူများကိုရွေးကောက်ကာ ရေခြားမြေခြား ဒေသတစ်ခုသို့ ထွက်ခွာခဲ့ကြတယ်။ ထိုမင်းသားမင်းသမီးတို့သည် အိန္ဒိယကျွန်းဆွယ်မြောက်ပိုင်း (ယခုနီပေါပြည်ဘက်) သို့ရောက်သောအခါ ရောဟိနီမြစ်ကိုတွေ့ရှိကြသည်။ ထိုမြစ်ဝှမ်းသည် မြေဩဇာကောင်း၍ ညီညာပြန့်ပြူးပြီး ရာသီဥတု ကောင်းမွန်သောကြောင့် စိုက်ပျိုးရေးအခြေချရန်သင့်လျော်သည်။

ထိုရောဟိနီမြစ်နားကို ရောက်တော့ ကပ္ပိလ ဆိုတဲ့ ရသေ့ကြီး က ဒီ ကျွန်းတော ကြီး နေရာမှာ တိုင်းပြည်တည်ပြီးနေကြရင် မင်းတို့ ကြီးပွားမယ် ဆိုလို့ တိုင်းပြည်ထူထောင်ကြတယ်။ ကျွန်းပင်ကို သာက ခေါ်တယ်။ ကျွန်းတောမှာနေသူ ကို သာကီဝင်ခေါ်တယ်။ သာကီဝင်တို့ကို သကျဟုလည်း ခေါ်ဆိုသည်။ သကျ ဆိုသည်မှာ စွမ်းရည်ရှိသူ လို့လဲ အဓိပ္ပာယ်ရတယ်။ ဒီလိုနဲ့ သာကီဝင်ကို ကိုယ်စားပြုတဲ့ သက္က တိုင်း ကပိလဝတ္တုပြည်ဖြစ်လာတယ်။ ထိုမင်းသားမင်းသမီး (၁၅) ပါးတို့သည် အမျိုးဇာတ်မပျက်သုဉ်းစေရန်အတွက် အခြားအနွယ်များနှင့်မရောယှက်ဘဲ မိမိတို့ချင်း မောင်နှမ အရင်းတွေ အိမ်ထောင်ပြုခဲ့ကြသည်။ ဒီအနွယ်သည် သာကီဝင်တို့၏ အဦးအစဖြစ်သည်။ ကပ္ပိလရသေ့ကိုယ်တိုင်က ဘုရားလောင်းပါပဲ။ ဒီတော့ (၁၄) ယောက် (၇)တွဲ ရသွားတယ်။ အကြီးဆုံးအမင်္ကြီး က ဘုရင်မကြီးလုပ်ပြီး နေတယ်။ နောက်တော့ ဒီဘုရင်မကြီး နူနာဖြစ်လာတော့ သာကီဝင်တွေ ရှက်တာနဲ့ သူ့ကို ကလောတောမှာ လိုဏ်ခေါင်းထဲ သွားထားကြတယ်။ တစ်ညတော့ ဒီ လိုဏ်ခေါင်းဝကို ကျားက လာတိုးတော့ လန့်ပြီး အော်ရာကနေ သူ့လိုပဲ တောထဲ ရောက်နေတဲ့ ရာမမင်းကြီး က ကြားသွားပြီး ကယ်တင်လိုက်တယ်။ ပြီးတော့ ကလောသီးတွေ ဝါးပြီးမင်းသမီးရဲ့ နူနာတွေကို ထွေးပေးပြီး ပြုစုတယ်။ ဒီလိုနဲ့ နူနာပျောက် ကြတော့ ရာမကလဲ ဘုရင်မျိုးနွယ်ဆိုတော့ မင်းသမီးကြီး (ဝါ) ဘုရင်မကြီးကလဲ လက်ဆက်ဖို့ သဘောတူလိုက်တယ်။ ဒီလိုနဲ့ ကလောတော ကို အခြေပြု ပြီး ကောလိယ ပြည် ဖြစ်လာတယ်။ ကောလိယ မင်းမျိုးဖြစ်လာတယ်။ သူ တို့ နှစ်ယောက်က ကလေး သားချည်းပဲ (၃၆) ယောက်ရတယ်။ အရွယ်ရောက်လာတော့ အမေကို ပူဆာကြတယ်။ မင်းသမီးရှာပေးပါပေါ့။ ဒီလိုနဲ့ အမေကပြောတယ်။ သားတို့ အမေ့ မောင်နှမတွေ ရဲ့ ကပိလဝတ္တုပြည်က မင်းသမီးတွေ နွေရာသီဆိုရင် ရေကန်ကြီးမှာ ရေချိုးကြတယ်။ ရေကစားကြတယ်။ ဒီသမိုင်းတချို့ကို သင်္ကြန်နဲ့ သိကြားမင်း အကြောင်းမှာ ကျွန်တော် နည်းနည်းရေးခဲ့ပါတယ်။ ဒီရေကန်ကို ဒေဝဒဟ ခေါ်တယ်။ ဒေဝ+ဒဟ=မင်းသား၊ မင်းသမီးများ+ ရေကစားသော ရေကန် ဆိုတာ သင်္ကြန် အစဉ်အလာရဲ့ အစ ဖြစ်မယ်။ ရေကစားကြတယ် ပြီးရင် နေပူလှမ်းခံကြတယ်။ အဲဒီ အချိန်မှာ ကိုယ်ကြိုက်တဲ့ မင်းသမီးကို ပန်းကုံးစွပ်ရင် လက်ထပ်ခွင့်ရကြတယ်။ ဒီလိုနဲ့ မင်းသား (၃၆) နဲ့ မင်းသမီးတွေ လက်ထပ်ပြီး မြို့ တည်ကြတော့ ကောလိယတိုင်း၊ ဒေဝဒဟ မြို့ ဖြစ်လာတယ်။

ဒီလိုနဲ့ ဒေဝဒဟ၊ ကပိလဝတ္တုနှင့် ကောလိယ ဟုမြို့ပြပြည်ထောင်သုံးခု ပြန့်ပွားစည်ပင်ခဲ့ကြတယ်။ နောင်အခါ အဲဒီသုံးပြည်ထောင်မင်းမျိုးများသည် အချင်းချင်း သားပေးသမီးယူ ပြုလုပ်ကြသည်။ ဒီလိုနဲ့ နောက်မင်းဆက်ပေါင်း (၈၂၀၁၃ ) မှာ သီဟဟနု မင်းနန်းစံပြီး မိဘုရားက ကဉ္စနာ ဖြစ်တယ်။ သူတို့က မွေးတာ သားသမီး (၇)ယောက် ရှိတယ်။ သုဒ္ဓေါဒန၊အမဒေါဓန၊ ဒေါဒေါဓန၊ သက္ဏောဓန၊ သုက္ကောဓန မင်းသား (၅)ယောက်၊ အမိတ္တာ၊ပါလိတာ မင်းသမီးနှစ်ယောက်ရှိတယ်။ အဲဒီအချိန် ကောလိယတိုင်း၊ ဒေဝဒဟမြို့မှာ အဉ္စနာမင်း နဲ့ ယသော်ဓရာ မိဘုရားနန်းစံတယ်။ (သာသနာနှစ်ကို စတဲ့ ဘိုးတော်အဉ္စနာ မင်း ဆိုတာသူပဲ၊ နာမည်တူ ယသော်ဓရာပေါ့ )။ သား၊သမီး (၄) ယောက်ရှိတယ်။ သုဗ္ဗဗုဒ္ဓ၊ ဒန္တပါဏီ မင်းသား (၂)ယောက်၊ သီရိမဟာမာယာဒေဝီ၊ မဟာပဇာပတိဂေါတမီ မင်းသမီး (၂)ယောက် ဖြစ်လာတယ်။

သုဒ္ဓေါဒန မင်းဖြစ်တော့ သုဗ္ဗဗုဒ္ဓလဲ မင်းဖြစ်လာတယ်။ နှမတော် (၂)ပါးလုံးတွေကို ဆက်သကြတယ်။ ဒါကြောင့် ဘုရားလောင်းမှာ မိခင်ရင်းက သီရိမဟာမာယာဒေဝီ၊ မိထွေးတော်က မဟာပဇာပတိဂေါတမီ ဖြစ်လာတယ်။ အမိတ္တာ၊ပါလိတာ ကိုလဲ သုဗ္ဗဗုဒ္ဓမင်းဆီ ဆက်သကြတယ်။ ဒီလိုနဲ့ ဘုရားလောင်း သိဒ္ဓတ္ထ နဲ့ ဒေဝဒတ္တ တို့ ခေတ်ရောက်တော့ ဒေဝဒတ္တမင်းသားက အဋ္ဌာရသ (၁၈) ရပ်လုံးထူးချွန်တယ်။ အထူးသဖြင့် အခက်ခဲဆုံး မြှားပစ်မှာတော်တယ်။ ဘုရားလောင်းကတော့ ဘာမှ မသင်ကြားဘူး ဆိုတော့ သုပ္ပဗုဒ္ဓ မင်းကလဲ အထင်သေးတယ်။ နောက်တော့ ယသော်ဓရာ မင်းသမီးကို ဆက်သဖို့ ကမ်းလှမ်းတော့ လှောင်ပြောင်လွှတ်လိုက်ကြတယ်။ ဘာတတ်လို့ သိဒ္ဓတ္ထ လို့ နာမည်ပေးသလဲ ပေါ့။ သိဒ္ဓတ္ထဆိုတာ ပြီးစီးပြည့်စုံစေမည့် အတိတ်နိမိတ်ကို ကောက်ယူထားခြင်းဖြစ်လေသည်။ ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ပြည့်စုံစေမည့်သူဟု ဆိုလိုတယ်။ အကုန်တတ်သူ စတဲ့ အဓိပ္ပာယ် တွေ ရှိနေလို့ ဖြစ်တယ်။ ဒီလို နာမည်ကိုပါ အလှောင်ခံရတော့ ဘုရားလောင်းက လေးအတတ်ကို သူတတ်ပြီးဖြစ်ကြောင်း ခက်ခဲတဲ့ ပြကွက်စွမ်းရည်တွေကို ပြတယ်။ ပြီးတော့ ရောဟိနီမြစ် အနောက်ဘက် မှာ ရှိနေတဲ့ ဒေဝဒဟ မြို့ အထိရောက်အောင် မြှား နဲ့ လှမ်းပစ်လိုက်တော့ မှ သုဗ္ဗဗုဒ္ဓလဲ ယသော်ဓရာကို ဆက်သတယ်။ ဘုရားဖြစ်ပြီး (၁) နှစ်အကြာမာလတိုင်း၊ အနုသီယ တောအုပ် မှာ ဘုရားရှင်နောက်လိုက်လာပြီး ရဟန်းဝတ်ကြတာ သာကီဝင် မင်းသား (၆)ယောက် ဘဒ္ဒိယ၊ အနုရုဒ္ဓါ၊ အာနန္ဒာ၊ ဗကု၊ကိမိလ၊ ဒေဝဒတ္တ တိ်ု့ ဖြစ်ကြတယ်။ သူတို့နဲ့ အတူ ဆတ္တာသည် ဥပါလိတော့ ပါသေးတာပေါ့။ ဘဒ္ဒိယ၊ အနုရုဒ္ဓါ၊ ဗကု၊ကိမိလ (၄) ပါး ရဟန္တာ ဖြစ်တယ်။ အာနန္ဒာ က သောတာပန်မှာ ပဲ တင်နေတယ်။ ဒေဝဒတ္တကတော့ ဣဒ္ဓိဝိဓ အဘိဉာဉ် တစ်မျိုးပဲ ရတယ်။ ဘာတရားထူးမှ မရဘူး။

ဒီလိုနဲ့ ပါတိမောက်ပြပြီး သာသနာတရားဝင်ထူထောင်တော့ အရှင် သာရိပုတ္တ နဲ့ အရှင် မဟာမောဂ္ဂလာန် တို့ ကို အဂ္ဂသာဝက တွေ အရာ အပ်နှင်းတော့ မင်းမျိုးကို မခန့်ဘဲ၊ ပုဏ္ဏားမျိုးကို ခန့်ရမလားရယ်လို့ မနာလိုတွေဖြစ်ပြီး၊ သံဃာထုကို သူ့ ဆီအပ်ထားပြီး အေးအေးဆေးဆေးနေဖို့ ဘုရားရှင်ကို လျှောက်တယ်။ နောက်ဘုရားရှင်က လက်မခံတော့ အချက်(၅)ချက်တောင်းတယ်။ သံဃာတွေ စည်းစိမ်ရစ်နေကြပြီ၊ ခြိုးခြံပြီး မကျင့်တတ်ကြတော့ဘူးတဲ့ ဒီတော့

ဒီအချက် (၅)ချက် သာသနာမှာ ပြဋ္ဌာန်းပေးပါ လို့ တောင်းတယ်။

(၁) မြို့ကျောင်းတွေမှာ မနေရဘူး။ တောမှာ ပဲ နေရမယ်။

(၂) သစ်ပင်ရိပ်မှာနေရမယ်။

(၃) သဉ္ဇဝရိတ်ဆောင်ရမယ်။

(၄) သတ်သတ်လွတ်စားရမယ်။

(၅) ပံသကူ သင်္ဃန်းပဲ ဆောင်ရမယ်။ ဒါတွေကို ဘုရားက လက်မခံတော့မှ

သူက သံဃာကို ဂိုဏ်းခွဲလိုက်တယ်။ ဒီမှာ သံဃဘေဒကကံ ဖြစ်လာတာပေါ့။ သူ့နောက် ကို ရဟန်းတွေ (၅၀ဝ)လောက်လိုက်သွားတာကို အရှင် သာရိပုတ္တရာ နဲ့ အရှင် မဟာမောဂ္ဂလာန်က လိုက်သွားပြီး ပြန်ခေါ်လာတယ်။ အဲဒီမှာ သူက ပြောသေးတာပေါ့။ ငါ့ဝါဒကို ကြိုက်လို့ အရှင် သာရိပုတ္တ နဲ့ အရှင် မဟာမောဂ္ဂလာန်တောင် လိုက်လာကြပြီ ဆိုပြီးတော့ သူက ပျော်နေတာ။ ဂဇာသီယ မှာ သူက ဘုရားလို လုပ်နေတာ။

တရားဟောတယ်။ အပူဇော်ခံတယ်။ အရှင် သာရိပုတ္တရာ တို့လိုက်လာတော့ သူက ချစ်သား သာရိပုတ္တ၊ ငါတရားဟောရတာ ပင်ပန်းလာလို့ ခဏနားဦးမယ်။ အသင် တရားဆက်ဟောပါဆိုပြီး သူက ကျောင်းအတွင်းမှာ သွားအိပ်နေသေးတာ။ ဘုရားရှင်လုပ်သလို အကုန်လုပ်တာပေါ့။ အဲဒီမှာ အရှင်သာရိပုတ္တရာ က တရားဟော၊ အရှင် မဟာမောဂ္ဂလာန်က တန်ခိုးတွေ ပြပြီး ရဟန်းငယ်တွေကို အမှန်သိစေပြီး ပြန်ခေါ်သွားတယ်။ အဲဒီတော့မှ ကျန်တဲ့ ရဟန်းအချို့က အိပ်နေတဲ့ ဒေဝဒတ္တ ကိုယ်တော် ရဲ့ ကျောကုန်းကို ဒူးနဲ့ တိုက်ပြီးကို နှိုးကြတယ်။ အပြစ်တင်ကြတယ်။ အဲဒီမှာ သွေးအန်တဲ့ ရောဂါ စပြီး ရသွားတယ်။ နောက်တော့ ဘုရားရှင်ကို တောင်းပန်ဖို့ လိုက်လာရင်းနဲ့ ဇေတဝန်ကျောင်းအပေါက်ဝမှာ မြေမြိုတာပါပဲ။

အဇာတသတ်နဲ့ ပတ်သက်တာတွေ၊ ဘုရားရှင်ကိုသူသတ်ဖို့ကြံစည်တာတွေတော့ ကြားဖူးကြပြီးသားမို့လို့ မရေးတော့ဘူး။

သာသနာမှာ ဒီလို ဆိုးမယ့် သူမှန်းသိပေမယ့် ဘာလို့ ဘုရားရှင်က ရဟန်းဝတ်ခွင့်ပြုသလဲ မေးကြတော့ ဒီဘဝမှာ သူ ဣတ္တိဝိဓ အဘိဉာဉ် ရအောင်ကျင့်တာရယ် ဘုရားရှင်ကို ကိုယ်၊နှုတ်စိတ်(၃)ပါးလုံးနဲ့ နောက်ဆုံး မြေမြိုနေရင်း ရှိခိုးသွားရတဲ့ အကျိုးတွေဟာ အဝီစိက လွတ်တာနဲ့ အနှစ်တစ်သိန်း တရားကျင့်ပြီးရင် အထိတ်သက မည်တဲ့ပစ္စေက ဗုဒ္ဓဖြစ်မယ် ဆိုတဲ့ အကျိုးကို ရနိုင်မှာကြောင့် ဖြစ်တယ် လို့ ဘုရားရှင်က ရှင်းပြတော်မူပါတယ်။

ဒေဝဒတ်၏ ဘုရားရှိခိုး[ပြင်ဆင်ရန်]

ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊

ဒေဝါတိ ဒေဝံ နရဒမ္မ သာရထိံ။

သမန္တ စက္ခုံ သတပုည လက္ခဏံ၊

ဝါတေဟိ ဗုဒ္ဓံ သရဏံ ဂတောသ္မိ။

အဂ္ဂပုဂ္ဂလံ - ကမ္ဘာအလုံးတွင် အသာဆုံးပုဂ္ဂိုလ်တည်း ဖြစ်တော်မူပေထသော။ ဒေဝါတိဒေဝံ - နတ်အပေါင်းတို့၏ ဦးခေါင်းညွတ်လျှိုး ခိုကိုးရာအစစ် နတ်မင်းလည်းဖြစ်တော်မူပေထသော။ နရဒမ္မသာရထိံ - ဆုံးမရန်ကြုံ များဗိုလ်ပုံကို စုံလင်စွာ သင်ပေးလျက် ယဉ်ကျေးအောင်ဆုံးမတော်မူပေထသော။ သမန္တစက္ခုံ - ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သိမြင် သဗ္ဗညုဉာဏ်ရှင်လည်း ဖြစ်တော်မူပေထသော။ သတပုညလက္ခဏံ - ရာပေါင်းများစွာ ဘုန်းသမ္ဘာကြောင့် ကောင်းစွာမြင့်ကြွယ် တင့်တယ်သော လက္ခဏာလည်း ရှိပေထသော။ တံဗုဒ္ဓံ - တု၍မနိုင် ပြိုင်၍မရ ကမ္ဘာ့ထိပ်ခေါင် ထိုနောင်တော် မြတ်ဘုရားကို။ ဣမေဟိ အဋ္ဌီဟိ - အသားတွေပျောက် အရေခြောက်သဖြင့် မျက်မှောက်ထင်စွာ ဤသုံးရာသော အရိုးတို့ဖြင့် လည်းကောင်း။ ဣမေဟိ ပါဏေဟိ - မငြိမ်လှုပ်လှက် ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်တို့ဖြင့်လည်းကောင်း။ သရဏံ - ဦးတင်ကျန ဖူးချင်လှလည်း မရတော့ပါ။ ကိုးကွယ်ရာဟူ၍ သာလျှင်။ ဂတောသ္မိ - အပြစ်ရှိသမျှ သတိရသဖြင့် အာမဝန္တံ အကုန်ခံ၍ အတန်တန်ဆည်းကပ်ပါသည် ဘုရား။ နတ်တကာတို့ထက် မြတ်တော်မူထသော၊ လူ-နတ်-ဗြဟ္မာ သတ္တဝါအပေါင်းကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော၊ သဗ္ဗညုတဉာဏ်တော်နှင့် ပြည့်စုံတော်မူသော၊ အရာမကသော ကုသိုလ်တော်တို့ကြောင့် ဘုန်းလက္ခဏာနှင့် ပြည့်စုံတော်မူထသော၊ လောကတွင် အမြတ်ဆုံးဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို အကျွန်ုပ်သည် ဤအရိုးတို့ဖြင့်လည်းကောင်း၊ ဤကျန်ရှိနေသေးသော အသက်တို့ဖြင့်လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ [၁]

မူရင်း[ပြင်ဆင်ရန်]

[၁]

စာကိုး[ပြင်ဆင်ရန်]

  1. ( ဓမ္မပဒ ၁-ယမကဝဂ်၊ ၁၂-ဒေဝဒတ္တဝတ္ထု )