ဥပုသ်နေ့
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ရဟန်းတို့ ဥပုသ်ကံပြုခြင်း၊ လူတို့ အဋ္ဌင်္ဂဥပုသ် သီလဆောက်တည်ခြင်းစသည်တို့နှင့် ပတ်သက်နေသော ဥပုသ်နေ့, ဥပုသ်ကံ, ဥပုသ်သီလ စသည်တို့ကို သိအပ်ပေသည်။ ဥပုသ်နေ့တို့သည် သာသနာတော်၌
(က) ရဟန်းတော်များ ဥပုသ်ကံဆောင်သောနေ့ = ဥပုသ်ပြုသောနေ့။
(ခ) လူတို့ဥပုသ်သီလ စောင့်ထိန်းသောနေ့နှစ်မျိုး တွေ့ရသည်။[၁]
ဥပုသ်ပြုသောနေ့
[ပြင်ဆင်ရန်](က) ရဟန်းတော်များ၏ ဥပုသ်နေ့နှင့် ဥပုသ်ကံပြုမှုတို့ဖြစ်ပေါ် လာပုံကား—သာသနာပပရဗိုဇ်တို့သည် လဆန်း, လဆုတ် ၁၄-ရက်၊ ၁၅-ရက်၊ ၈-ရက်နေ့တို့၌ စည်းဝေးကြ၍ တရားစကားပြောဆိုသော နေရာဌာနသို့ လူတို့ တရားနာ ချဉ်းကပ်ကြသဖြင့် လူတို့၏ ကြည်ညိုမှုကို ထိုပရဗိုဇ်တို့ ရရှိခြင်း, အသင်းအပင်း ရရှိခြင်းတို့ကို ဗိမ္ဗိသာရမင်း ဆင်ခြင်မိသဖြင့် ဘုရားရှင်အား "ရဟန်းတော်များလည်း လဆန်း လဆုတ် ၁၄-ရက်၊ ၁၅-ရက်-၈-ရက်နေ့တို့၌ စည်းဝေးကုန်မူ ကောင်းလေစွ”ဟု တောင်းပန် လျှောက်ထားမှုကို အကြောင်းပြု၍ ရဟန်းတော်များကို လဆန်း လဆုတ် ၁၄-ရက်၊ ၁၅-ရက်၊ ၈-ရက်နေ့တို့၌ စည်းဝေးခြင်းငှါ ဘုရားရှင် ခွင့်ပြုတော်မူသည်။ ထိုသို့ ခွင့်ပြုတော်မူချက်အရ စည်းဝေးတော်မူကြသော ရဟန်းတော်များ ဆိတ်ဆိတ် ထိုင်နေကြသည်ကို လူတို့ တွေ့မြင်ကြသဖြင့် “ဝက်အများကဲ့သို့ ထိုင်နေကြကုန်၏၊ စည်းဝေးသူတို့မည်သည် တရားစကားပြောသင့်သည် မဟုတ်လော”ဟု လူတို့ ကဲ့ရဲ့သည်ကို အကြောင်းပြု၍ ပညတ်တော်မူအပ်ပြီးသော သိက္ခာပုဒ်တို့ကို ပါတိမောက်ပြရန် ခွင့်ပြုတော်မူသည်။
ထိုသို့လဆန်း လဆုတ် ၁၄-ရက် = စာတုဒ္ဒသီနေ့၊ ၁၅-ရက် = ပန္နရသီနေ့၊ ၈-ရက် အဋ္ဌမီနေ့တို့၌ ခွင့်ပြုတော်မူသောအခါ ထိုနေ့ အားလုံးတို့၌ပင် ဥပုသ်ပြုတော်မူကြသဖြင့်[၂] လဆန်း လဆုတ် တစ်ပက္ခတွင် စာတုဒ္ဒသီနေ့၌ ဖြစ်စေ၊ ပန္နရသီနေ့၌ဖြစ်စေ တစ်ကြိမ်သာ ဥပုသ်ပြုရန်လည်းကောင်း၊ ကိုယ့်ပရိသတ်နှင့်သာ ဥပုသ်မပြုဘဲ ကျောင်းတိုက် တစ်ခုလုံးရှိ သဘောတူ ရဟန်းအားလုံးစည်းဝေး၍ ဥပုသ်ပြုရန်လည်းကောင်း, သိမ်ကိုလည်းကောင်း၊ ဥပုသ်အိမ်ကိုလည်းကောင်း ခွင့်ပြုတော်မူသည်။ [၃][၁]
ပါတိမောက်နှစ်မျိုး
[ပြင်ဆင်ရန်](ဥပေါသထာဂါရ-လည်းကြည့်။) ဥပုသ်ကံပြုခြင်း-ပါတိမောက်ရွတ်ဆို-ရွတ်ပြခြင်းသည် ဩဝါဒပါတိမောက်ကို ရွတ်ပြခြင်း၊ အာဏာပါတိမောက်ကို ရွတ်ပြခြင်း ဟူ၍ နှစ်မျိုးရှိသည်၊ သက်တော်ရှည် မြတ်စွာဘုရားတို့သည် ယပ်ကိုကိုင်၍ ထိုင်တော်မူလျက် “သဗ္ဗပါပဿ အကရဏံ... စသော ဩဝါဒပါတိမောက် သုံးဂါထာကို ကိုယ်တော်တိုင် ရွတ်ပြတော်မူသည်၊ [၄]၌ ဥပေါသထန္တိ အာဏာပါတိမောက္ခံ-ဟု ဖွင့်ခြင်းသည် ပါဠိတော်နှင့် မညီပေ။) သက်တန်းတိုသော ဂေါတမဘုရားရှင်လက်ထက်၌မူ ပဌမဗောဓိ = ဝါတော်နှစ်ဆယ် အတွင်း၌သာ ဘုရားရှင် ကိုယ်တော်တိုင် ဩဝါဒပါတိမောက် ရွတ်ပြတော်မူ၍ ထိုမှနောက်၌ ပရိသတ် မစင်ကြယ်သောကြောင့် ရဟန်းတော်များအား အာဏာပါတိမောက်ပြရန် ခွင့်ပြုတော်မူသည်။ (ဥပေါသထသုတ္တ (၈) လည်းကြည့်။) [၁]
ဥပုသ်အမျိုးမျိုး
[ပြင်ဆင်ရန်]ထိုအာဏာပါတိမောက်ရွတ်ပြခြင်း ဟူသော ဥပုသ်ကံပြုခြင်းသည် ကံပြုသူတို့၏ အစွမ်းအားဖြင့် “သံဃဥပုသ်၊ ဂဏဥပုသ်၊ ပုဂ္ဂလဥပုသ်”ဟု သုံးပါးရှိသည်။ ဥပုသ်အမျိုးအစား အစွမ်းအားဖြင့် "သုတ္တုဒ္ဒေသဥပုသ်၊ ပါရိသုဒ္ဓိဥပုသ်၊ အဓိဋ္ဌာန်ဥပုသ်” ဟု သုံးပါးရှိသည်၊ နေ့အစွမ်းအားဖြင့် “စာတုဒ္ဒသီဥပုသ်၊ ပန္နရသီဥပုသ်၊ သာမဂ္ဂီဥပုသ်”ဟု သုံးပါးရှိသည်။ [၅]
ဤဥပေါသထသဒ္ဒါသည် ပါရိသုဒ္ဓိဥပုသ်၊ အဓိဋ္ဌာန်ဥပုသ်တို့၌ ဖြစ်သော်လည်း ထိုဥပုသ်တို့ကို ပါတိမောက်ရွတ်ပြခြင်းဟူသော အနက်၌ အကျုံးဝင်သောကြောင့် သီးခြားမဆိုပေ။ [၆]
ဥပုသ်ကံပြုရာဖြစ်သော ဥပုသ်နေ့တို့သည် တစ်လတွင် ၁၄-ရက် = စာတုဒ္ဒသီဥပုသ်နေ့၊ ၁၅-ရက် = ပန္နရသီဥပုသ်နေ့ဟူသော နေ့ နှစ်ပါး၊ သံဃာကွဲပြားရာမှ ပြန်လည်၍ ညီညွတ်ရာဖြစ်သောနေ့ = သာမဂ္ဂီနေ့ ဟု သုံးမျိုးရှိရာတွင် အာဂန္တုကရဟန်းများနှင့် အာဝါသိက ရဟန်းတို့ စာတုဒ္ဒသီဥပုသ်နေ့, ပန္နရသီဥပုသ်နေ့နှင့် ပတ်သက်၍ အယူအဆ မတူရာ၌ “အနုဇာနာမိ ဘိက္ခဝေ ရာဇူနံ အနုဝတ္တိတုံ”ဟု ရှင်ဘုရင်အစိုးရသူမင်းတို့သို့ အစဉ်လိုက်ရန် ခွင့်ပြုတော်မူချက်သည်ကား ထိုနှစ်နေ့ အယူအဆကွဲပြားရာ၌သာ လောကလူသားတို့ သတ်မှတ်ထားသော နေ့ရက်သို့ လိုက်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ၁၃-ရက်နေ့၌ လည်းကောင်း၊ အထွက်တစ်ရက်နေ့၌လည်းကောင်း ဥပုသ်ကံ မပြုကောင်း။ [၇] [၁]
လူတို့ ဥပုသ်သီလစောင့်သုံးရာနေ့
[ပြင်ဆင်ရန်](ခ) လူတို့ ဥပုသ်သီလစောင့်သုံးရာနေ့တို့သည် ပကတိစာရိတ္တဥပုသ်နေ့၊ ပါဋိဟာရိယဥပုသ်နေ့ ဟု နှစ်မျိုးရှိသည်။
လဆန်းပက္ခ လဆုတ်ပက္ခတို့တွင် ၈-ရက် = အဋ္ဌမီ ဥပုသ်နေ့၊ ၁၄-ရက် = စာတုဒ္ဒသီဥပုသ်နေ့၊ ၁၅-ရက် = ပန္နရသီဥပုသ်နေ့တို့သည်ကား ပကတိစာရိတ္တ ဥပုသ်နေ့များဖြစ်သည်။ [၈]
ထိုနေ့တို့၏ အကြို အပိုဖြစ်သော ၇-ရက်, ၉-ရက်၊ ၁၃-ရက်, ၁-ရက်-နေ့တို့ သည်ကား ပါဋိဟာရိယဥပုသ်နေ့များဖြစ်သည်။ [၉]
ဝါမကပ်မီဖြစ်သော နယုံလပြည့်ကျော် (၁) ရက်မှ ဝါဆိုလပြည့်အထိ တစ်လ၊ ဝါတွင်း သုံးလ၊ ဝါကျွတ်ကာလဖြစ်သော သီတင်းကျွတ် လပြည့်ကျော်(၁) ရက်မှ တန်ဆောင်မုန်းလပြည့် အထိ တစ်လ၊ ပေါင်း ငါးလသည် ပါဋိဟာရိယဥပုသ်စောင့်သုံးရာကာလဖြစ်သည်။ အပရေ ဆရာတို့ကား နယုန်လပြည့်ကျော်(၁) ရက်မှ ဝါဆို လပြည့်အထိ တစ်လ၊ သီတင်းကျွတ်လပြည့် ကျော်(၁) ရက်မှ တန်ဆောင်မုန်းလပြည့်အထိ တစ်လ၊ တပို့တွဲလပြည့်ကျော် တစ်ရက်မှ တပေါင်းလပြည့်အထိ တစ်လ-ပေါင်းသုံးလကို ပါဋိဟာရိယဥပုသ် စောင့်သုံးရာကာလဟု ယူကြသည်။ ကောင်းမှုလိုလားသူများသည် ထိုနေ့ အားလုံးကို ဥပုသ်နေ့ ဟု ဆိုသင့်ပေသည်။ [၁၀] သီတင်းကျွတ်လပြည့် ပဝါရဏာနေ့နှင့် တန်ဆောင်မုန်းလပြည့် ပဝါရဏာ နေ့တို့အတွင်း လဝက်ကို ပါဋိဟာရိယဥပုသ် နေ့ဟု ခေါ်သည်။ [၁၁] [၁]
အဋ္ဌင်္ဂသီလကို ဥပုသ်
[ပြင်ဆင်ရန်]“အလုံးစုံသောနေ့တို့၌ လူတို့စောင့်ထိန်းအပ်သော အဋ္ဌင်္ဂသီလကို ဥပုသ်ဟုခေါ်၏” ဟု ဋီကာတို့၌ လာသောကြောင့် အဋ္ဌင်္ဂဥပုသ် သီလကို မည်သည့်နေ့ရက်ဟု မသတ်မှတ်ဘဲ နှစ်သက်ရာနေ့၌ စောင့်ထိန်းနိုင်ကြောင်း သိရလေသည်။ [၁၂]
အင်္ဂုတ္တိုရ်အဋ္ဌကထာ၌-ဥပုသ်နေ့တို့သည် တစ်လတွင် ၅-ရက် = ပဉ္စမီဥပုသ်၊ ၈-ရက် = အဋ္ဌမီဥပုသ်၊ ၁၄-ရက် = စာတုဒ္ဒသီဥပုသ်၊ ၁၅-ရက် = ပန္နရသီဥပုသ်ဟု (၈) ရက်ရှိကြောင်း၊ ထိုရက်တို့၏ အကြို+အပိုနေ့များဖြစ်ကြသော ၃-ရက်, ၆-ရက်၊ ၇-ရက်, ၉-ရက်၊ ၁၃-ရက်, ၁-ရက်ဟု ပဋိဇာဂရဥပုသ်စောင့်သုံးရာ နေ့ရက် (၆) ရက်ရှိကြောင်း၊ ဝါတွင်းသုံးလဖြစ်စေ၊ မတတ်နိုင်လျှင် သီတင်းကျွတ်လပြည့် ကျော်(၁) ရက်မှ တန်ဆောင်မုံးလပြည့်အထိ တစ်လဖြစ်စေ၊ ထိုမျှပင်မတတ်နိုင်လျှင် သီတင်း ကျွတ်လပြည့်ကျော်(၁) ရက်မှ သီတင်းကျွတ် လကွယ်အထိ လဝက်ဖြစ်စေ ပါဋိဟာရိယပက္ခ ဥပုသ် စောင့်သုံးနိုင်သည်။ [၁၃]
နတ်မင်းကြီးများ မှတ်တမ်းပြုသောနေ့
[ပြင်ဆင်ရန်]အဋ္ဌမီဥပုသ်နေ့တွင် နတ်မင်းကြီး လေးပါး၏ အစေအပါးအမတ်တို့သည်လည်းကောင်း၊ စာတုဒ္ဒသီဥပုသ်နေ့တွင် နတ်မင်းကြီး လေးပါး၏ သားတော်တို့သည်လည်းကောင်း၊ ပန္နရသီဥပုသ်နေ့တွင် နတ်မင်းကြီး လေးပါးတို့သည်လည်းကောင်း လူ့ပြည်သို့ လှည်လည်ကာ အဋ္ဌင်္ဂဥပုသ်သီလစောင့်ထိန်းသူ၊ မိဘလုပ်ကျွေးသူ စသော ကုသိုလ်ကောင်းမှု ပြုသူတို့ကို ရွှေပြား၌ရေးမှတ်၍ သုဓမ္မာနတ်သဘင် အစည်းအဝေး၌ ပြောကြားကြသည်။ [၁၄] [၁]
အဋ္ဌင်္ဂနှင့် နဝင်္ဂုပေါသထသီလ
[ပြင်ဆင်ရန်]ထိုဥပုသ်နေ့တို့၌ လူတို့စောင့်ထိန်းအပ်သော အဋ္ဌင်္ဂဥပေါသထသီလဟူသည်ကား ပါဏာပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-အစ ဥစ္စာသယနမဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-အဆုံးရှိသော ရှစ်ပါးသီလပင်ဖြစ်သည်၊ ထိုအဋ္ဌင်္ဂသီလ၏ အကျိုးတရားတို့ကို သံခိတ္တူပေါသထသုတ် စသောသုတ်ငါးခုတို့၌ လာရှိလေသည်။ [၁၅]
နဝင်္ဂုပေါသထသုတ်၌မူ ဝေနေယျဇ္ဈာ သယအစွမ်းဖြင့် ထိုရှစ်ပါးသီလ၏အဆုံး၌ မေတ္တာဘာဝနာကိုထည့်သွင်း၍ "အရပ်ဆယ် မျက်နှာတို့၌ မေတ္တာစိတ်ဖြန့်၍နေခြင်း”ဟူသော နဝမမြောက်အင်္ဂါတစ်ခုနှင့်တကွ ကိုးပါးသီလကို ဘုရားရှင် ဟောကြားထားပေသည်။ [၁၆] [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ တိပိဋကအဘိဓာန် အတွဲ-၄-အပိုင်း-၂
- ↑ (ဝဇိရ၊၄၅၁)
- ↑ ဝိ၊၃၊၁၃၉-၁၄၂။ သံ၊၁၊၁၉၂။ သံ၊ဋ္ဌ၊၁၊၂၅၃။
- ↑ (ဒီ၊၂၊၄၂။ ဒီ၊ဋ္ဌ၊၂၊၁၁။) (ဒီ၊ဋီ၊၂၊၁၂-
- ↑ (ဥပုသ်ကံ ပြုပုံနှင့်တကွ အကျယ်ကို ဝိ၊သင်္ဂဟ၊၁၉၉-၂၀၁-၌ ရှု။)
- ↑ ဝိနယာလင်္ကာရ၊ဋီ၊၁၊၃၇၈။
- ↑ (ဝိ၊၃၊၁၉၃။ ဝိမတိ၊၂၊၁၈၁။)
- ↑ (သံ၊၁၊၂၁၀။ အံ၊၁၊၁၄၂။)
- ↑ ဝိမာန၊ဋ္ဌ၊၆၄။
- ↑ သုတ္တနိ၊ဋ္ဌ၊၂၊၁၀၈။
- ↑ သံ၊ဋ္ဌ၊၁၊၂၈၁။
- ↑ ဒီ၊ဋီ၊၂၊၁၉၃။ မ၊ဋီ၊၃၊၃၅၅။
- ↑ အံ၊ဋ္ဌ၊၂၊၁၂၂-၁၂၄။
- ↑ (အကျယ်ကို-အံ၊၁၊၁၄၁-၁၄၃-၌ ရှု။)
- ↑ အံ၊၃၊၇၉-၉၀။
- ↑ အံ၊၃၊၁၉၂။ အံ၊ဋ္ဌ၊၃၊၂၆၆။