သံဃဥပုသ်
[၁]သံဃာ့ဥပုသ်ဟူသည် အယုတ်ဆုံးအားဖြင့် ၄-ယောက်သော ရဟန်းတို့ ပြုအပ်သောဥပုသ်တည်း၊ ထိုသံဃာ့ဥပုသ်ကို ပါတိမောက် ပါဠိဟူသော သုတ္တကို ရွတ်ဆို၍ ပြု အပ်သောကြောင့် “သုတ္တုဒ္ဒေသဥပုသ်” ဟု လည်းခေါ်သည်။ သံဃာ့ဥပုသ်သည်— (၁) စာတုဒ္ဒသိက ဥပုသ်, (၂) ပန္နရသိကဥပုသ်, (၃) သာမဂ္ဂီ ဥပုသ်ဟု သုံးပါးရှိသည်။ [၂]
ဥပုသ်နေ့လည်း ကြည့်။
သံဃဥပုသ်ပြုပုံ
[ပြင်ဆင်ရန်]နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပုဗ္ဗကရဏ လေးပါး
[ပြင်ဆင်ရန်]သမ္မဇ္ဇနီ ပဒီပေါ စ၊ ဥဒကံ အာသနေန စ။ ဥပေါသထဿ ဧတာနိ၊ “ပုဗ္ဗကရဏ”န္တိ ဝုစ္စတိ။ — ဟူ၍ အဋ္ဌကထာ ဆရာမြတ်တို့ မိန့်ဆိုအပ်သည်နှင့်အညီ —
ဥပုသ်အိမ် သိမ်အပြင်၌ တံမြက်လှည်းခြင်းကိစ္စ ပြီးပါပြီဘုရား။
ဆီမီးညှိထွန်းခြင်းကိစ္စမှာ နေတည်းဟူသော အရောင်အလင်းကို ရသည် ဖြစ်၍ ညှိထွန်းဖွယ်ကိစ္စ မရှိပါဘုရား။ [မှောင်လျှင် ထွန်း၍ ပြီးပါပြီဘုရားဟု ဆို။]
နေရာခင်းခြင်းနှင့်တစ်ကွ သောက်ရေ သုံးဆောင်ရေ တည်ထားခြင်း ကိစ္စ ပြီးပါပြီဘုရား။
ဤလေးပါးသော အမှုကိစ္စတို့ကို (ဝါ) တံမြက်, ဆီမီး, ရေ, နေရာ- ကိစ္စ လေးဖြာတို့ကို သံဃာမစည်းဝေးမီရှေးအဖို့၌ ပြုအပ်သောကြောင့် ဥပုသ်ကံ၏ ပုဗ္ဗကရဏ - ဟူ၍ မိန့်ဆိုအပ်၏၊[၃]
ပုဗ္ဗကိစ္စ ငါးပါး
[ပြင်ဆင်ရန်]ဆန္ဒ ပါရိသုဒ္ဓိ ဥတုက္ခာနံ၊ ဘိက္ခုဂဏနာ စ ဩဝါဒေါ။ ဥပေါသထဿ ဧတာနိ၊ “ပုဗ္ဗကိစ္စ”န္တိ ဝုစ္စတိ။— ဟူ၍ အဋ္ဌကထာဆရာ မြတ်တို့ မိန့်ဆိုအပ်သည်နှင့်အညီ —
နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့ မရောက်လာသော ဥပုသ်ပြုပြီးသော ရဟန်း, ဂိလာနရဟန်း, ကိစ္စပ္ပသုတ ရဟန်းတို့သည် ပေးအပ်သော ဆန္ဒနှင့် ဂိလာနရဟန်း, ကိစ္စပ္ပသုတရဟန်းတို့သည် ပေးအပ်သော ပါရိသုဒ္ဓိတို့ကို ဆောင် ၍ သံဃာအား လျှောက်ကြားခြင်း ကိစ္စမှာ သိမ်တွင်းရှိ သီမဋ္ဌကသံဃာသည် နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့ ရောက်သည်ဖြစ်၍ ဆောင်၍ လျှောက်ကြားဖွယ်ကိစ္စ မရှိပါဘုရား။ [ဆန္ဒ ပါရိသုဒ္ဓိ ပေးပုံ, ဆောင်ယူ၍ လျှောက်ပုံတို့ကို ပါတိမောက် ဘာသာဋီကာ ဥပုသ်ပြု ပရိကမ်၌ ရှု။]
ဥတုသည် ဟေမန္တ-ဆောင်းဥတု, ဂိမှာန-နွေဥတု, ဝဿာန-မိုးဥတုအား ဖြင့် သုံးပါးအပြား ရှိ၏၊ ထိုသုံးပါးတို့တွင် ယခုရောက်ဆဲဖြစ်သော ဥတုကား (ဂိမှာန-နွေဥတု) ဖြစ်ပါသည်ဘုရား။ [လျော်ရာဆို။]
ဤဂိမှာန-နွေဥတု၌ ပထမပက္ခ, ဒုတိယပက္ခ စသောအားဖြင့် ရှစ်ပက္ခ အတိုင်းအရှည် ရှိ၏၊ ထိုရှစ်ပက္ခတို့တွင် တစ်ပက္ခလွန်သည် ဖြစ်၍ နှစ်ပက္ခမြောက် ရောက်ဆဲဖြစ်သဖြင့် ခြောက်ပက္ခ ကြွင်းပါသေးသည်ဘုရား။ [လျော်ရာ ဆို။]
[ဝါထပ်မည့်နှစ် ဖြစ်မူ ဤဂိမှာန နွေဥတု၌ ဝါထပ်လငင်သောကြောင့် ပထမပက္ခ, ဒုတိယပက္ခ, စသောအားဖြင့် ဆယ်ပက္ခ အတိုင်းအရှည် ရှိ၏၊ ထို ဆယ်ပက္ခတို့တွင် တစ်ပက္ခလွန်, နှစ်ပက္ခမြောက် ရောက်ဆဲဖြစ်သဖြင့် ရှစ်ပက္ခကြွင်း စသည်ဖြင့် လျော်ရာ ဆိုအပ်၏၊ ပထမပက္ခ၌ လွန်သောပက္ခ မရှိ၊ တစ်ပက္ခမြောက် ရောက်ဆဲဖြစ်သဖြင့် ဝါ, မထပ်လျှင် ၇-ပက္ခ၊ ဝါထပ်လျှင် ၉-ပက္ခ ကြွင်းပါသေးသည်ဘုရား ဟူ၍လည်းကောင်း။ ဝါ, မထပ်လျှင် နောက်ဆုံး ပက္ခ၌ ရှစ်ပက္ခမြောက် ရောက်ဆဲ၊ ဝါထပ်လျှင် ဆယ်ပက္ခမြောက် ရောက်ဆဲ၊ ကြွင်းပက္ခ မရှိပါဘုရား ဟူ၍လည်းကောင်း ဆိုအပ်၏၊]
ဤဥပုသ်အိမ် သိမ်အပြင်၌ စည်းဝေးလာရောက်ကြသော ရဟန်းတို့ကား (လေးပါး) အရေအတွက် ရှိပါသည်ဘုရား။ [လျော်ရာဆို။]
ဘိက္ခုနီတို့သည် ဩဝါဒအလို့ငှာ ချဉ်းကပ်ခြင်းကို ရပါအံ့လောဟု တောင်းပန်သော ဩဝါဒကို လျှောက်ကြားခြင်း ကိစ္စမှာ ယခုအခါ ဘိက္ခုနီတို့ မရှိသော ကြောင့် လျှောက်ကြားဖွယ်ကိစ္စ မရှိပါဘုရား။
ဤငါးပါးသော အမှုကိစ္စတို့ကို (ဝါ) ဆန္ဒလျှောက်ကြား, ပါရိသုဒ္ဓိ လျှောက်ကြား, ဥတုလျှောက်ကြား, ရဟန်းအရေအတွက် လျှောက်ကြား, ဘိက္ခုနီဩဝါဒ လျှောက်ကြား ကိစ္စငါးဖြာတို့ကို သံဃာစည်းဝေးပြီးသည်နောက် ပါတိမောက် မပြမီ ရှေးအဖို့၌ ပြုအပ်သောကြောင့် ဥပုသ်ကံ၏ ပုဗ္ဗကိစ္စ ဟူ၍ မိန့်ဆိုအပ်၏၊[၃]
ပတ္တကလ္လ
[ပြင်ဆင်ရန်]ဥပေါသထော ယာဝတိကာ စ ဘိက္ခူ ကမ္မပ္ပတ္တာ၊ သဘာဂါပတ္တိယော စ န ဝိဇ္ဇန္တိ။ ဝဇ္ဇနီယာ စ ပုဂ္ဂလာ တသ္မိံ န ဟောန္တိ၊ “ပတ္တကလ္လ”န္တိ ဝုစ္စတိ။ — ဟူ၍ အဋ္ဌကထာဆရာမြတ်တို့ မိန့်ဆိုအပ် သည်နှင့် အညီ —
ဥပုသ်သည် နေ့၏အစွမ်းဖြင့် စာတုဒ္ဒသီဥပုသ်, ပန္နရသီဥပုသ်, သာမဂ္ဂီ ဥပုသ်ဟူ၍ သုံးပါးအပြား ရှိ၏၊ ထိုသုံးပါးတို့တွင် ယခု ပြုဆဲဖြစ်သော ဥပုသ်ကား ပန္နရသီ (စာတုဒ္ဒသီ) ဥပုသ် ဖြစ်ပါသည်ဘုရား။ [လျော်ရာဆို။]
ပြုတတ်သော ကာရက၏အစွမ်းဖြင့် သံဃဥပုသ်, ဂဏဥပုသ်, ပုဂ္ဂလဥပုသ် ဟူ၍ သုံးပါးအပြားရှိ၏၊ ထိုသုံးပါးတို့တွင် သံဃဥပုသ် ဖြစ်ပါသည်ဘုရား။
ပြုအပ်သော အခြင်းအရာ ကာတဗ္ဗာကာရ၏ အစွမ်းဖြင့် သုတ္တုဒ္ဒေသ ဥပုသ်, ပါရိသုဒ္ဓိဥပုသ်, အဓိဋ္ဌာန်ဥပုသ် ဟူ၍ သုံးပါးအပြား ရှိ၏၊ ထိုသုံးပါးတို့တွင် သုတ္တုဒ္ဒေသဥပုသ်ဖြစ်ပါသည်ဘုရား။
အကြင်မျှလောက်လေးပါး, လေးပါးထက် အလွန်ဖြစ်ကုန်သော ပကတတ် ရဟန်းတို့သည်လည်း သုတ္တုဒ္ဒေသ, သံဃဥပုသ်ကံအား လျောက်ပတ်ကုန်၍ တစ်သိမ်တည်း၌ နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်း တည်လျက် ရှိကုန်၏၊ သဘောတူဝတ္ထုကြောင့် သင့်သော အာပတ်တို့သည်လည်း မရှိကုန်၊ ထိုရဟန်းတို့ ၏ နှစ်ထောင့်ထွာ ဟတ္ထပါသ်အတွင်းမှ ကြဉ်အပ်ကုန်သော လူ, ဘိက္ခုနီ စသော နှစ်ကျိပ်တစ်ယောက်သော ဝဇ္ဇနီယပုဂ္ဂိုလ်တို့သည်လည်း မရှိကုန်။
ဤလေးပါးသော အင်္ဂါတို့ဖြင့် (ဝါ) ဥပုသ်နေ့, သံဃာသိမ်တူ ဟတ္ထပါသ် တည်, သဘာဂါပတ် မရှိ, ဝဇ္ဇနီကြဉ်ဖယ် အင်္ဂါလေးသွယ်တို့ဖြင့် သင်္ဂြိုဟ်ရေတွက်အပ်သော ဥပုသ်ကံကို လျောက်ပတ်သောအခါ ရှိသောကြောင့် ပတ္တကလ္လ ဟူ၍ မိန့်ဆိုအပ်၏၊
ပုဗ္ဗကရဏပုဗ္ဗကိစ္စာနိ သမာပေတွာ ဒေသိတာပတ္တိကဿ သမဂ္ဂဿ ဘိက္ခုသံဃဿ အနုမတိယာ ပါတိမောက္ခံ ဥဒ္ဒိသိတုံ အာရာဓနံ ကရောမ။
(သာဓု သာဓု သာဓု)
ပုဗ္ဗကရဏ ၄-ပါးနှင့် ပုဗ္ဗကိစ္စ ၅-ပါးတို့ကို ပြည့်စုံစေပြီး၍ သင့်သော အာပတ်အတွက် ဒေသနာပြောပြီးသော ညီညွတ်သော သံဃာတော်၏ အလိုနှင့် အညီ ဘုရားတပည့်တော်တို့သည် ပါတိမောက်ကို ပြခြင်းငှာ အားထုတ်ကြ ကုန်အံ့။
(သာဓု သာဓု သာဓု)[၃]
၁။ နိဒါနုဒ္ဒေသ
[ပြင်ဆင်ရန်]ဥပေါသထဉတ်။ ။ သုဏာတု မေ ဘန္တေ သံဃော။ အဇ္ဇုပေါသထော ပန္နရသော (စာတုဒ္ဒသော)။ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဥပေါသထံ ကရေယျ၊ ပါတိမောက္ခံ ဥဒ္ဒိသေယျ။
အရှင်ဘုရားတို့ ...သံဃာတော်သည် ဘုရားတပည့်တော်၏ စကားကို နာတော်မူလော့။ ယနေ့ ဥပုသ်နေ့သည် ပန္နရသီ တစ်ဆယ့်ငါးရက် (စာတုဒ္ဒသီ တစ်ဆယ့်လေးရက်) မြောက်သော နေ့တည်း။ သံဃာတော်အား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာတော်သည် ဥပုသ်ကို ပြုရာ၏၊ ပါတိမောက်ကို ပြရာ၏၊
သံဃာတော်သည် ပုဗ္ဗကရဏ ၄-ပါးနှင့် ပုဗ္ဗကိစ္စ ၅-ပါးတို့ကို ပြုပြီးပြီလော။ အရှင်ဘုရားတို့ ...အာပတ်မှ စင်ကြယ်ခြင်းကို ပြောကြားကြကုန်လော့။ ပါတိမောက်ကို ပြပေအံ့။ ထို ပါတိမောက်ကို အလုံးစုံ ထေရ, နဝ, မဇ္ဈိမ ဖြစ်ကုန်သော ထင်ရှားရှိကုန်သော ဘုရားတပည့်တော်တို့သည် ကောင်းစွာ နာကြ ကုန်အံ့၊ နှလုံးသွင်းကုန်အံ့။ အကြင်ရဟန်းအား အာပတ်သည် အကယ်၍ ရှိငြားအံ့၊ ထိုရဟန်းသည် ထင်စွာ ပြုရာ၏၊ အာပတ်သည် အကယ်၍ မရှိငြားအံ့၊ ဆိတ်ဆိတ်နေရာ၏၊ ဆိတ်ဆိတ်နေလျှင် အရှင်တို့ကို အာပတ်မှ စင်ကြယ်ကုန် ၏ ဟူ၍ သိမှတ်ရပါအံ့။ အမှန်မှာ တစ်ပါးစီ တစ်ပါးစီ မေး၍ တစ်ပါးစီတစ်ပါးစီ ဖြေကြားရမည် ဖြစ်သည်။ ယခုသော်ကား ဤရဟန်းပရိသတ်ကို ပေါင်းစု၍ တစ်ပါးစီ တစ်ပါးစီ မေးသကဲ့သို့ သုံးကြိမ်တိုင်အောင် မေးစိစစ်ပါအံ့။ အကြင် ရဟန်းသည် သုံးကြိမ်တိုင်အောင် မေးစိစစ်အပ် သည်ရှိသော် အာပတ်သင့်မှန်း သိလျက် ထင်ရှားရှိသော အာပတ်ကို ထင်စွာ မပြုငြားအံ့၊ ထိုရဟန်းအား သိလျက် ချွတ်ယွင်းသော စကားကို ဆိုသည်မည်ခြင်းကြောင့် သမ္ပဇာနမုသာဝါဒ ဒုက္ကဋ်အာပတ် သင့်၏၊ အရှင်တို့ ...စင်စစ် သိလျက် ချွတ်ယွင်းသော စကားကို ဆိုခြင်းကို ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သော အာပတ်ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထို့ကြောင့် အာပတ်သင့်မှန်း သိသောရဟန်းသည် သင့်သော အာပတ်မှ စင်ကြယ်ခြင်းကို အလိုရှိလျှင် ထင်ရှားရှိသော အာပတ်ကို ထင်စွာပြုအပ်၏၊ ထင်စွာပြုခြင်း၏ အကျိုးကား အာပတ်အတွက် တစ်အုံနွေးနွေး မပူပန်ရတော့ဘဲ ထိုရဟန်းအား ဈာန်မဂ်ဖိုလ် နိဗ္ဗာန်တရားကို ရခြင်းငှာ ချမ်းသာသော အကျင့်သည် ဖြစ်ပေါ်နေ၏၊ [ရဟန်းဖြစ်သည်မှစ၍ ငါးဝါ မရ သေးခင် နဝ = သီတင်းငယ်ဟုလည်းကောင်း၊ ငါးဝါရသူမှ စ၍ ဆယ်ဝါအတွင်း မဇ္ဈိမ = သီတင်းလတ်ဟုလည်းကောင်း။ ဆယ်ဝါရသူမှစ၍ ဝါနှစ်ဆယ်အတွင်း ထေရ = ထေရ်ဟုလည်းကောင်း၊ ဝါနှစ်ဆယ်အထက်ကို မဟာထေရ = မဟာထေရ် = မထေရ်ဟုလည်းကောင်း ခေါ်၏၊]
အရှင်တို့ ...နိဒါန်းကို ပြအပ်ပြီးသည်သာတည်း။ ထိုနိဒါန်း၌ အရှင်တို့ကို ဘုရားတပည့်တော် မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏ လော။ နှစ်ကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါ ကုန်၏လော၊ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ အရှင်တို့သည် အာပတ်မှ စင်ကြယ်ကြကုန်သော ကြောင့်သာလျှင် ဆိတ်ဆိတ် နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေကုန်သဖြင့် ဤအာပတ်မှ စင်ကြယ်ကုန်၏ဟူ၍ သိမှတ်ရ၏၊
နိဒါန်းကို ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ။[၃]
အထူးသိဖွယ်
[ပြင်ဆင်ရန်]ဘိက္ခုပါတိမောက်၌ ငါးဥဒ္ဒေသ ရှိ၏၊ ထိုပါတိမောက်ကို ပြရာ၌ အကျယ်ပြခြင်း အကျဉ်းပြခြင်း ဟူ၍ နှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးတို့တွင် ငါးဥဒ္ဒေသလုံးကို (ဝါ) တစ်စောင်လုံးကို ရွတ်ဆိုခြင်းသည် အကျယ်ပြသည် မည်၏၊ လေးဥဒ္ဒေသ အဆုံးထိကိုဖြစ်စေ၊ သုံးဥဒ္ဒေသ အဆုံးထိကိုဖြစ်စေ၊ နှစ်ဥဒ္ဒေသ အဆုံးထိကိုဖြစ်စေ၊ တစ်ဥဒ္ဒေသ အဆုံးထိကိုဖြစ်စေ ရွတ်ဆိုခြင်းသည် အကျဉ်းပြသည် မည်၏၊ ၎င်းလေးဥဒ္ဒေသတို့ကို ဤသို့ ပိုင်းခြားထား၏၊ ‘သမ္မဇ္ဇနီ ပဒီပေါ စ’ မှ စ၍ ‘အနိယတ’ အဆုံးထိကို လေးဥဒ္ဒေသ, သံဃာဒိသေသ် အဆုံးထိကို သုံးဥဒ္ဒေသ, ပါရာဇိက အဆုံးထိကို နှစ်ဥဒ္ဒေသ, နိဒါန်းအဆုံးထိကို တစ်ဥဒ္ဒေသ ဟူ၍ လေးပိုင်း ပိုင်းခြားထား၏၊
ကိုးကား
[ပြင်ဆင်ရန်]- ↑ သံဃဥပေါသထာဒိဘေဒေန နဝဝိဓ (ဝိ၊ဋ္ဌ၊၃၊၃၄၁) န္တိ သံဃေ ဥပေါသထော ဂဏေ ဥပေါသထော ပုဂ္ဂလေ ဥပေါသထောတိ ဧဝံ ကာရကဝသေန တယော။ သာရတ္ထ၊၃၊၂၇၇။
- ↑ (အကျယ်ကို-ဝိ၊၃၊၁၂၅၊ ၁၅၂၊ ၁၅၈၊ ၁၈၄-၅၊ ၁၈၇၊ ၅၀၇။ ဝိ၊ဋ္ဌ၊၃၊၃၁၇၊ ၃၃၇-၈၊ ၃၄၄၊ ၃၄၇။ ကင်္ခါ၊၈၄-၇၊ ၉၅။ ဝိ၊သင်္ဂဟ၊၁၉၉၊ ၂၀၃။ ဝဇိရ၊၄၆၃။ ကင်္ခါ၊ဋီ၊သစ်၊၁၅၄။ ပါစိတ်၊ ယော၊ ၃၁၀။ ဝိ၊ လင်္ကာရ၊ဋီ၊၁၊၃၉၇-၄၀၀။ ဝိနယသမူဟဝိနိစ္ဆယ၊၂၊၁၁၂-၂၁၊ ၁၂၂-၄။ မဟာဝါ၊ ဂဏ္ဌိ၊ သစ်၊ ၂၁၅၊ ၂၂၆-၈။ ကြည့်။)
- ↑ ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ဦးဩဘာသ။ ဝိနည်းဥပဒေတော်ကြီး။
- ↑ ပုဗ္ဗကရဏ ၄-ပါး, ပုဗ္ဗကိစ္စ ၅-ပါး, ပတ္တကလ္လအင်္ဂါ ၄-ပါး တို့နှင့် ပတ်သက်၍ ပါတိမောက်ပြမည့် ရဟန်းက မေး၍ သံဃာတော်၏ ကိုယ်စား အခြားရဟန်းတစ်ပါးက ဖြေဆိုသော ‘မူ’ ဖြင့် မရေးဘဲ ရွတ်ဆိုရာ၌ ပို၍ လွယ်ကူစေခြင်းငှာ ပါတိမောက်ပြမည့် ရဟန်းတစ်ပါးတည်းကပင် အမေး အဖြေ နှစ်ခုလုံးကို ပေါင်း၍ ရွတ်ဆိုသော ‘မူ’ဖြင့် ရေးသားပါအံ့။