ဥပေါသထသုတ်

ဝီကီပီးဒီးယား မှ

(၁၀)သုတ် ရှိပါသည်။

[၁] အညတရရဟန်းတို့ လျှောက်ထားမေးမြန်းကြသဖြင့် ထိုရဟန်းတို့အား ၃-ခု မြောက်သုတ်၌ အဏ္ဍဇနဂါးတို့၊ ၄-ခုမြောက်သုတ်၌ ဇလာဗုဇနဂါးတို့၊ ၅-ခုမြောက်သုတ်၌ သံသေဒဇနဂါးတို့၊ ၆-ခုမြောက်သုတ်၌ ဩပပါတိကနဂါးတို့ ဥပုသ်စောင့်ပုံ, ကိုယ်ခန္ဓာကို စွန့်လွှတ်ထားပုံ အကြောင်းတို့ကို ဘုရားရှင် ဟောကြားတော်မူသည့်သုတ်များ။


[၂] ဂေါပါလကဥပုသ်၊ နိဂဏ္ဌဥပုသ်၊ အရိယဥပုသ်-ဟု ဥပုသ် ၃-မျိုးအကျယ်ကို ကောသလနိုင်ငံ သာဝတ္ထိမြို့ ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတုပြာသာဒ်ဝယ် ဝိသာခါအား ဘုရားရှင် ဟောတော်မူသည့်သုတ်။

ရှေးဥပုသ် ၂-မျိုးက အကျိုးအာနိသင်မကြီးမားပုံ အရိယဥပုသ်သာ အကျိုး အာနိသင်ကြီးမားပုံတို့ကို အကျယ်ဟောကြားတော်မူပါသည်။

အဋ္ဌကထာ/ဋီကာတို့၌-မှတ်သားဖွယ် ဖွင့်ပြချက်များပါရှိပါသည်။

ဂေါပလ ဥပုသ်- နွားကျောင်းသားဥပုသ် - နွားကျောင်းသားသည် နွားကျောင်းရာစားကျက်ကို ဆင်ခြင်သကဲ့သို့ "ယနေ့ ငါသည် ဤမည်သော ခဲဖွယ် ဘောဇဉ်ကို သုံးဆောင်ခဲ့ပြီ၊ မနက်ဖန် အဘယ် မည်သော ခဲဖွယ်ဘောဇဉ်ကို သုံးဆောင်ရအံ့နည်း”ဟု အဘိဇ္ဈာစိတ်ဖြင့် ဥပုသ်နေ့ကို ကုန်ဆုံးစေသူတို့၏ ဥပုသ်။

(၂) နိဂဏ္ဌဥပုသ် တက္ကတွန်းဥပုသ် - တက္ကတွန်းတို့သည် “အရပ် ရှစ်မျက်နှာ၌ ယူဇနာတစ်ရာအပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ချထားလော့ (မညှဉ်းဆဲ မသတ်ဖြတ်ရ)ဟု သတ္တဝါအချို့ကို သနားစောက်ရှောက်ခြင်းငှါ ဆောက်တည်စေကုန်၍ သတ္တဝါအချို့ကို မသနား မစောင့်ရှောက်ခြင်းငှါ ဆောက်တည်စေကုန်သကဲ့သို့ ဆောက်တည် သူတို့၏ဥပုသ်။ (သတ္တဝါအချို့၌သာ သူ့သက် သတ်ခြင်းစသည်မှ ရှောင်ကြဉ်၍ သတ္တဝါ အချို့၌ မရှောင်ကြဉ်သူတို့၏ ဥပုသ်။)

(၃) အရိယဥပုသ် - ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ သံဃာနုဿတိ, သီလာနုဿတိ, ဒေဝတာနုဿတိတို့ကို ပွားများလျက် သူ့သက်သတ်မှု စသည်မှ ရှောင်ခြင်း စသော ရှစ်ပါးသီလကို ဆောက်တည်သူတို့၏ ဥပုသ်။ ထိုသုံးမျိုးတွင် အရိယဥပုသ်သည်သာ လူမင်းစည်းစိမ် နတ် စည်းစိမ်တို့ကို ပေးနိုင်သည်။ [၃] [၄]


[၅] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့တော် ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတု ပြာသာဒ်ဝယ် သီတင်းသုံးနေတော်မူစဉ် အရိယသာဝကပရိသတ်ကိုကြည့်ရှုတော်မူ၍ ပရိသတ်ကို ချီးမွမ်းတော်မူပြီး ပရိသတ်၌ ဒေဝပ္ပတ္တရဟန်းတော်များ, အရိယပ္ပတ္တရဟန်းတော်များ သီတင်းသုံးကြပုံ အကျယ်ကို ရဟန်းတို့အား ဟောတော်မူသည့်သုတ်။

သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်ဝယ် ဥပုသ်နေ့၌ ဆိတ်ဆိတ်နေသော ရဟန်းအပေါင်းကို ကြည်ရှုတော်မူ၍ ဘုရားရှင်ဟောတော်မူသော သုတ်ဖြစ်သည်။ လောက၌ ဒုဿီလဟူသောအဖျင်းမရှိ, စင်ကြယ်သောသီလ အနှစ်၌ တည်နေသော ရဟန်း သံဃာပရိသတ်ကို ဖူးမြှော်ရန်ပင် ရနိုင်ခဲ၏၊ ထိုသို့သောရဟန်း သံဃာပရိသတ်ကို လှူထိုက်, လက်အုပ်ချီမိုး ရှိခိုးထိုက်၏ စသည်ဖြင့် ဟောတော်မူပြီးလျှင် ရူပဈာန်လေးပါးသို့ ရောက်သော ရဟန်းသည် ဥပပတ္တိနတ်အဖြစ်သို့ ရောက်၏၊ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ လေးပါးသို့ ရောက်သောရဟန်းသည် ဗြဟ္မာ အဖြစ်သို့ ရောက်၏၊ အရူပဈာန်လေးပါးသို့ ရောက်သော ရဟန်းသည် မတုန်လှုပ်ခြင်းသို့ ရောက်၏၊ သစ္စာလေးပါးကို အမှန်အတိုင်း သိသောရဟန်းသည် အရိယာအဖြစ်သို့ ရောက်၏-ဟုဟောတော်မူသည်။ [၆] [၄]


[၇] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတုပြသာဒ်ဝယ် ဩဝါဒပါတိမောက်ပြရန် ရဟန်းတို့အစည်းအဝေး၌ ဒုဿီလရဟန်းကို အကြောင်းပြု၍ ဩဝါဒပါတိမောက်ကို ညဉ့်သုံးယာမ်လွန်သော်လည်း ပြတော်မမူဘဲ နေတော်မူခြင်းအကြောင်းကို မိန့်ကြားတော်မူသည်တွင် အရှင်မောဂ္ဂလ္လာန်ကိုယ်တိုင် ဒုဿီလပုဂ္ဂိုလ်ကို လက်ကိုဆွဲပြီး ထုတ်ပယ်ရပုံ၊ မဟာသမုဒ္ဒရာ၏အံ့ဖွယ် ၈-မျိုးနှင့်နှိုင်းယှဉ်၍ သာသနာတော်၏အံ့ဖွယ် ၈-မျိုးကို ဟောတော်မူသည့်သုတ်။


[၈] အကျိုးအာနိသင်ကြီးမားသော အဋ္ဌင်္ဂဥပုသ်စောင့်သုံးမှုဆင်ခြင်ပုံကို ရဟန်းတို့အား ဘုရားရှင် ဇေတဝန်ကျောင်းတော်၌ ဟောတော်မူသည့်သုတ်။

အကျိုးအာနိသင်ကြီးမားသော အဋ္ဌင်္ဂဥပုသ်နှင့် ဥပုသ်စောင့်သုံးသူများရနိုင်သောအကျိုးတို့ကို အကျယ်ဟောတော်မူသည့်သုတ်။

(သံခိတ္တူပေါသထသုတ်နှင့် ဝိတ္ထတူပေါသထသုတ်)


[၉] ပရိသတ်မစင်ကြယ်၍ ဘုရားရှင် ဩဝါဒပါတိမောက် မပြပဲနေတော်မူခြင်းကြောင့် ဒုဿီလရဟန်းကို အရှင်မောဂ္ဂလ္လာန်ဆွဲထုတ်ရပုံ၊ သမုဒ္ဒရာ၏အံဖွယ်နှင့် သာသနာတော်၏အံ့ဖွယ် ၈-မျိုးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

(ဝိ၊၄၊၄၁၉။)

အဋ္ဌကထာ၌-မြစ်ကြီးငါးစင်းဖြစ်ပေါ်လာပုံနှင့် တကွ မှတ်သားဖွယ်ရာများ ဖွင့်ပြထားပါသည်။ [၁၀]

သာဝတ္ထိပြည် ပုဗ္ဗာရုံ ကျောင်းဝယ် ဥပုသ်နေ့၌ ဘုရားရှင်သည် ရဟန်းအပေါင်းခြံရံလျက် ဩဝါဒပါတိမောက် ပြရန် ထိုင်နေတော်မူစဉ် အရှင်အာနန္ဒာက သုံးကြိမ်တိုင်အောင် ပါတိမောက်ပြတော်မူပါရန် လျှောက်ထားသော်လည်း နံနက်မိုးသောက် သည်တိုင်အောင် ပြတော်မမူဘဲ “အာနန္ဒာ ပရိသတ်မစင်ကြယ်”ဟုမိန့်တော်မူရာတွင် အရှင်မဟာမောဂ္ဂလာန်က ဒုဿီလကို "ငါ့ရှင် ထလော၊ သင့်ကို မြတ်စွာဘုရား မြင်တော်မူ၏” ဟု သုံးကြိမ်တိုင်အောင်ပြောသော်လည်း ဆိတ်ဆိတ်သာ ထိုင်နေသော ဒုဿီလရဟန်းကို လက် မောင်းဆွဲကာ တံခါးမုခ်အပြင်ရောက်အောင် ထုတ်ပြီးလျှင် တံခါးပိတ်၍ မင်းတုပ်ထိုးလျက် ဘုရားရှင်အား “မြတ်စွာဘုရား ဒုဿီလကို နှင်ထုတ်အပ်ပါပြီ၊ ပရိသတ် စင်ကြယ်ပါပြီ၊ ရဟန်းတို့အား ပါတိမောက်ပြတော်မူပါ”ဟုတောင်းပန်၏။ ဘရားရှင်က "မောဂ္ဂလာန်အံ့ဖွယ်ရှိစွ၊ မဂ်ဖိုလ်မှ အချည်းနှီးသော ယောက်ျားသည် လက်ကိုဆွဲယူသည် တိုင်အောင် ငံ့လင့်နေဘိ၏၊ ရဟန်းတို့ ဤနေ့မှနောက်၌ ဥပုသ်မပြုတော့၊ ပါတိမောက် မပြတော့၊ သင်တို့သည်သာလျှင် ဥပုသ်ပြုရာ၏ ပါတိမောက်ပြရာ၏၊ မစင်ကြယ်သော ပရိသတ်၌ ဘုရားရှင်သည် ဥပုသ်ပြုရာသော, ပါတိမောက်ပြရာသော အကြောင်းမရှိ” ဟုမိန့်တော်မူပြီးလျှင် မဟာသမုဒ္ဒရာ၏အံ့ဖွယ် ရှစ်ပါးကို ဥပမာပြုလျှက် သာသနာတော်၏အံ့ဖွယ် ရှစ်ပါးကို ဟောတော်မူသည်။ [၁၁][၄]


ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၂၀၂-၄။ သံ၊မြန်၊၂၊၁၉၂-၄။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၈-နာဂသံယုတ္တ၊ ၃-၄-၅-၆-ခုမြောက်သုတ်။
  2. -အံ၊၁၊၂၀၆-၂၁၆။ အံ၊မြန်၊၁၊၂၂၄-၂၃၃။ အံ၊ဋ္ဌ၊၂၊၁၉၃-၂၀၀။ အံ၊ဋီ၊၂၊၁၇၂-၁၈၀။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၇)၂-မဟာဝဂ္ဂ၊ ၁၀-ခုမြောက်သုတ်။
  3. အံ၊၁၊၂၀၆-၂၁၆။
  4. ၄.၀ ၄.၁ ၄.၂ တိပိဋကအဘိဓာန် အတွဲ-၁၄-အပိုင်း-၂
  5. -အံ၊၁၊၅၀၃-၄။ အံ၊မြန်၊၁၊၅၁၇-၉။ အံ၊ဋ္ဌ၊၂၊၃၆၃-၄။ အံ၊ဋီ၊၂၊၃၆၁။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၄-စတုတ္ထပဏ္ဏာသက၊ (၁၉)၄-ဗြာဟ္မဏဝဂ္ဂ၊ ၁၀-ခု မြောက်သုတ်။
  6. အံ၊၁၊၅၀၃-၅၀၄။
  7. -အံ၊၃၊၄၄-၆။ အံ၊မြန်၊၃၊၄၄-၇။ အံ၊ဋ္ဌ၊၃၊၂၂၁။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ ၁-ပဌမပဏ္ဏာသက၊ ၂-မဟာဝဂ္ဂ၊ ဒသမသုတ်။
  8. -အံ၊၃၊၇၉-၈၄။ အံ၊မြန်၊၃၊၈၀-၅။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၅-ဥပေါသထဝဂ္ဂ၊ ပဌမသုတ်နှင့် ဒုတိယသုတ်။
  9. -ဥဒါန၊၁၃၈-၁၄၄။ ဥဒါန၊မြန်၊၁၂၄-၉။ ဥဒါန၊ဋ္ဌ၊၂၆၈-၂၇၈။ -ခုဒ္ဒကနိကာယ၊ ဥဒါန၊ ၅-သောဏဝဂ္ဂ၊ ၅-ခုမြောက်သုတ်။
  10. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  11. အံ၊၃၊၄၄-၄၆။ ဥဒါန၊၁၃၈-၁၄၄။