ဥပုသ်အိမ်

ဝီကီပီးဒီးယား မှ

သံဃာတော်များ ဥပုသ်ကံပြုရန် သမုတ်ထားအပ်သော ဥပုသ်ကျောင်းဆောင်။ [၁]

တိုက်တာတစ်ခုလုံး သိမ်ဖြစ်နေသော ကျောင်းတိုက်ရဟန်းတို့သည် “ယနေ့ ဤ မည်သောကျောင်း၌ ဥပုသ်ပြုမည်”ဟု အချိန်း အချက် အမှတ်သင်္ကေတ မပြုဘဲ ကျောင်းစဉ် (ပရိဝုဏ်အစဉ်)အတိုင်း ပါတိမောက်ပြကြ၏၊ အာဂန္တုကရဟန်းများသည် "ယနေ့ဤမည်သော ကျောင်း၌ ဥပုသ်ပြုလတ္တံ့”ဟု မသိကြသဖြင့် ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က တိုက်တာတစ်ခုလုံး သိမ်ဖြစ်နေသော ကျောင်းတိုက်၌ နှစ်ဘက်မိုးကျောင်း, တဘက် မိုးကျောင်း, ပြသာဒ်, ပြသာဒ်ဦးပြည်း, ဂူတို့ကို ဥပုသ်အိမ်သမုတ်၍ ဥပုသ်ပြုခြင်းငှါ ခွင့်ပြုတော်မူသည်၊ သို့သော် ဥပုသ်အိမ်နှစ်ခု မသမုတ်အပ်၊ တစ်ခုသာ သမုတ်ရသည်၊ အလွန် သေးငယ်သောဥပုသ်အိမ်၌ ရဟန်းများစွာ မဆန့်လျှင် မသမုတ်အပ်သော မြေ၌ နေ၍ ပါတိမောက်နာသော်လည်း ဥပုသ်ပြု သည်ပင်မည်၏၊ ထိုသို့သောအခါ အလိုရှိသလောက် ကြီးမားသော ဥပုသ်အိမ်ဦးဥပစာ (မျက်နှာသာ)ကိုလည်း သမုတ်ခွင့်ပြုတော်မူသည်၊ ထိုဥပုသ်အိမ်ဦး ဥပစာကို သမုတ်သောအခါ ရှေးဦးစွာ ငယ်ငယ်ကြီးကြီးဖြစ်သော ကျောက်၊ အုတ်၊သစ်သားပိုင်း၊ ဒုတ် စသည်တို့ကိုလည်းကောင်း၊ တန်ဆောင်းစသည်တို့တွင် အမှတ်မရှိ တစ်ခုခုကိုလည်းကောင်း နိမိတ်ပြုလုပ်၍ နိမိတ်ကြားနိုင်သည်။ [၂] ဝဇိရဗုဒ္ဓိဋီကာ၌-သိမ်နုတ်သောအခါ ဥပုသ်အိမ်ကို နုတ်ပြီးမှ သိမ်ကိုနုတ်ခြင်းကို ဧကဆရာတို့ အလိုရှိကြောင်း၊ အဗဒ္ဓသိမ်၌လည်း ဥပေါသထာဂါရသမုတ်မှု ပြီးစီး ရရှိနိုင်သောကြောင့် ထိုဧကေဝါဒမသင့်ဟု ဆရာတို့ဆိုကြောင်း ပြဆိုထားသည်။ [၃] ထိုဥပုသ်အိမ်သည် နေထိုင်ခြင်းအကျိုးငှါ ပြုလုပ်ထားသော ဝါသာဂါရ ကျောင်းမဟုတ်ချေ။ [၄] [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. အနုဇာနာမိ ဘိက္ခဝေ ဥပေါသထာဂါရံ သမ္မန္နိတွာ ဥပေါသထံ ကာတုံ။ ဝိ၊၃၊၁၄၅။
  2. ဝိ၊၃၊၁၄၅-၁၄၇။ ဝိ၊ဋ္ဌ၊၃၊၃၃၀။
  3. ဝဇိရ၊၄၅၆။
  4. ဝိ၊ဋ္ဌ၊၂၊၁၅၉။
  5. တိပိဋကအဘိဓာန် အတွဲ-၁၄-အပိုင်း-၂