မာတိကာသို့ ခုန်သွားရန်

မဟာစည်ဆရာတော်

ဝီကီပီးဒီးယား မှ
ဦးသောဘန
မဟာစည်ဆရာတော်
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ဆင်းသက်မှုမဟာစည်
ဘွဲ့တံဆိပ်အဂ္ဂမဟာပဏ္ဍိတ
ကျော်ကြားမှုဆဋ္ဌသင်္ဂါယနာပွဲ ပုစ္ဆက(အမေး)၊
ပညာရေးအစိုးရဓမ္မာစရိယ (၁၉၄၁)
အခြားအမည်များမဟာစည်ဆရာတော်
ဓမ္မအမည်သောဘန
ရဟန်း အမည်အရှင် သောဘန
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးမြန်မာ
ပြန့်ပွားအောင်မြင်စေမှုမဟာစည်နည်း ဝိပဿနာ
မွေးဖွားမောင်သွင်
(1904-07-29)၂၉ ဇူလိုင်၊ ၁၉၀၄
ဆိပ်ခွန်ရွာရွှေဘိုခရိုင်စစ်ကိုင်းတိုင်းဒေသကြီး
ကွယ်လွန်၁၄ ဩဂုတ်၊ ၁၉၈၂(1982-08-14) (အသက် ၇၈)
ရန်ကုန်မြို့မြန်မာနိုင်ငံ
ရာထူး တာဝန်
ဌာနမဟာစည်ကျောင်းတိုက်၊ ရန်ကုန်
ယခင်ဦးနာရဒ
ဆက်ခံဦးပဏ္ဍိတDipa Ma
ဘာသာရေးရာ
ဝက်ဘ်ဆိုဒ်mahasi.org.mm

မဟာစည်ဆရာတော် ဦးသောဘန (၂၉ ဇူလိုင် ၁၉၀၄ – ၁၄ ဩဂုတ် ၁၉၈၂) သည် ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးဖြစ်ပြီး ဝိပဿနာတရားကို သင်ကြားပြသရာတွင် ထင်ရှားခဲ့သော ဆရာတော်ကြီး ဖြစ်သည်။

မဟာစည်ဆရာတော် ဦးသောဘနကို ရွှေဘိုမြို့ အနောက်ဘက် ခုနစ်မိုင်အကွာ ဆိပ်ခွန်ရွာနေ ဦးကံတော်၊ ဒေါ်အုပ် တို့မှ ၁၂၆၆ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၃)ရက် ၂၉-၇-၁၉၀၄ ခု သောကြာနေ့ နံနက်(၃)နာရီခန့် အချိန်တွင် ဖွားမြင်တော်မူသည်။ ငယ်နာမည်မှာ မောင်သွင်ဖြစ်သည်။

ရှင်သာမဏေဘဝ

[ပြင်ဆင်ရန်]

ခြောက်နှစ်သားအရွယ်တွင် ဆိပ်ခွန်ရွာတောင်ဘက် ပျဉ်းမနားကျောင်း ဘုန်းတော်ကြီး အရှင်အာဒိစ္စ မထေရ်မြတ်အထံ၌ တပည့်ခံလျက် မြန်မာစာရေး စာဖတ်ပညာကို ဆည်းပူးခဲ့သည်။ အသက်(၁၂)နှစ်သားအရွယ်တွင် ၎င်းကျောင်း ဘုန်းတော်ကြီးထံ၌ပင် ရှင်သာမဏေပြု၍ ပိဋကတ်အခြေခံပညာရပ်တို့ကို သင်ကြားသည်။ သာမဏေဘွဲ့မှာ အရှင်သောဘန ဖြစ်သည်။

ရဟန်းဘဝ

[ပြင်ဆင်ရန်]

၁၂၈၅-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၄)ရက် (၁၉၂၃ခုနှစ်) ဗုဒ္ဓဟူးနေ့နံနက် (၈)နာရီခွဲ အချိန်တွင် ဦးလေးဖြစ်သူ ဦးအောင်ဘော် ဒေါ်သစ် တို့၏ ပစ္စယာနုဂ္ဂဟနှင့် ဥပဇ္ဈာယ်ဆရာတော် ထန်းဇင်ရွာ သုမေဓာကျောင်း အရှင်နိမလမထေရ် အနုသာသကနှင့် ပထမကမ္မဝါဆရာတော် သူကြီးကျောင်း အရှင်ပရမ မထေရ်စသော ဥပသမ္ပဒကံဆောင် သံဃာတော်တို့၏ ဓမ္မာနုဂ္ဂဟတို့ကို ခံယူလျက် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့သည်။

ရဟန်းဖြစ်ပြီးနောက် အရှင်သောဘနသည် ပရိယတ်စာပေများကို သင်ယူပို့ချနေရင်းပင် ပဋိပတ်ကို လိုလားသဖြင့် ရုက္ခမူဓုတင် နိသဇ်ဓုတင် ပဏ္ဍိပါတ်ဓုတင်များကို လေးလပတ်လုံး ဆောက်တည်ကျင့်သုံးနေခဲ့သည်။

၁၂၈၆-ခုနှစ်တွင် အစိုးရပထမပြန်စာမေးပွဲ ပထမငယ်တန်း၌ ဝင်ရောက်ဖြေဆိုရာ အလွယ်တကူပင် အောင်မြင်ခဲ့သည်။ ၁၂၈၂-ခုနှစ်တွင် ခရီးထွက်နေရသဖြင့် စာမေးပွဲ မဝင်ခဲ့ရပါ။ ၁၂၈၈-ခုနှစ်၌ ပထမလတ်တန်းကိုလည်းကောင်း၊ ၁၂၈၉-ခုနှစ် ပထမကြီးတန်း ကိုလည်းကောင်း ဝင်ရောက်ဖြေဆို၍ ချောမောစွာ အောင်မြင်တော်မူခဲ့သည်။ ထိုနှစ်က ဆိပ်ခွန်ရွာ၌ ကျင်းပသော ဝိနည်းအာဂုံပြန်ပွဲ၌လည်း ဝိနည်းငယ်လေးစောင်ကို ပြန်ဆို၍ အမြင့်ဆုံးအောင်မြင်တော်မူခဲ့သည်။

၁၂၉၀-ပြည့်နှစ်၌ မန္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက် ဖွားတော်ကျောင်းတွင် သီတင်းသုံးတော်မူလျှက် ထိုခေတ်က ပရိယတ်စာပေအရာ၌ အကျော်အမော်ချည်း ဖြစ်တော်မူကြသော ချမ်းသာကြီးဆရာတော်ဦးလက္ခဏ၊ ခင်မကန်တိုက် တိုက်သစ်ဆရာတော် ဦးဣန္ဒာဘိဝံသစသော ဆရာတော်များထံ၌ စာပေကျမ်းဂန် ဗဟုသုတများကို ဆက်လက်ဆည်းပူး လေ့လာခဲ့သည်။ ထိုသို့ ဆည်းပူးလေ့လာနေစဉ် မော်လမြိုင်မြို့ တောင်ဝိုင်းကလေးတိုက်ကျောင်း မှ ဆရာတော်ဘုရားကြီး အရှင်အာဒိစ္စမထေရ်မြတ်က ဖိတ်ခေါ်တော်မူသောကြောင့် ၁၂၉၁-ခုနှစ် ဝါဆိုလ၌ ထိုကျောင်းသို့ သွားရောက်ပြီးလျှင် ထိုဆရာတော်ဘုရားကြီး၏ အမိန့်အရ ထိုကျောင်းတိုက်ရှိ ရဟန်းသာမဏေတို့အား စာပေကျမ်းဂန်များကို ပို့ချသင်ပြပေး နေခဲ့သည်။

ထိုသို့ပို့ချပေး၍ ပရိယတ္တိသာသနာကို ပြုနေစဉ်မှာပင် သမထဝိပဿနာ ပဋိပတ္တိအလုပ်များကို အားထုတ်ကျင့်သုံးလိုသောကြောင့် ၁၂၉၃ ခုနှစ် ပြာသိုလထဲတွင် အဖော်ဖြစ်သူ အရှင်တေဇဝန္တနှင့်အတူ မော်လမြိုင်တောင်ဝိုင်းတိုက်ကျောင်းမှထွက်ခဲ့၍ ဇင်းကျိုက်၊ သထုံ၊ ကေလာသမြသပိတ်တောင်၊ ကျိုက်ထီးရိုးတောင်၊ ရွှေရောင်ပြတောင်၊ ဦးအုန်းခိုင်တောကျောင်း စသည်တို့၌နေရင်း ကမ္မဋ္ဌာန်းနည်းများကို စုံစမ်းလေ့လာပြီးနောက် သထုံမြို့မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးထံတော်၌ သတိပဋ္ဌာန်ဝိပဿနာရှုပုံကို နည်းခံကျင့်သုံးလျက်နေခဲ့သည်။ နေရောညဉ့်ပါ မအိပ်ဘဲ တင်းတင်းကြပ်ကြပ်လည်း အားထုတ်ခဲ့သည်။ ထိုစဉ်က တစ်ရက်လုံး စကားမပြောဘဲ ကျင့်ခဲ့ရသောရက်တွေသာ များခဲ့သည်။

ထိုသို့အားထုတ်နေစဉ် လေးလရှိသောအခါ မော်လမြိုင်တောင်ဝိုင်းတိုက်ကျောင်းမှ ကျေးဇူးရှင်ဆရာတော်ဘုရားကြီး အသည်းအသန်ရောဂါဖြစ်နေကြောင်း ကြားသိရသဖြင့် ၁၂၉၄ ခုနှစ် ဝါဆိုလဆန်း ခုနစ်ရက်မှ သထုံမှ မော်လမြိုင်သို့ ပြန်ခဲ့ရသည်။ ဝါဆိုလဆန်း ၁၄ ရက်နေ့ ညဉ့်၌ တိုက်ကျောင်းဆရာတော်ဘုန်းကြီး ပျံလွန်တော်မူသဖြင့် အရှင်သောဘနသည် တောင်ဝိုင်းတိုက်ကျောင်းကို ထိန်းသိမ်းစောင့်ရှောက်နေခဲ့ရသည်။

ဇေတဝန်ဆရာတော်ဘုရားကြီးထံမှ သတိပဋ္ဌာန်ဝိပဿနာရှုနည်းကို ပေါက်ရောက် ပိုင်နိုင်ခဲ့သော အရှင်သောဘနသည် ထိုစဉ်က ၉ ဝါမျှသာ ရှိသေးသည်ဖြစ်၍ အရွယ်ငယ်သေးသောကြောင့် ကမ္မဋ္ဌာန်းတရားကို သူတစ်ပါးတို့အား မဟောကြားသေးဘဲ မိမိကိုယ်တိုင်သာ စွမ်းနိုင်သမျှ အားထုတ်နေထိုင်ခဲ့သည်။

ထိုအတောအတွင်း ဆိပ်ခွန်ရွာ၌ ညီဖြစ်သူတစ်ယောက် ကွယ်လွန်သွားသဖြင့် သံဝေဂပွားကာ ၁၃၀၀ ပြည့်နှစ်၌ ဇာတိရပ်သို့ ခေတ္တကြွသွားရာ ခုနစ်လအထိ သီတင်းသုံးလျက် သတိပဋ္ဌာန်ဝိပဿနာအလုပ်တရားကို စတင်ဟောပြောခဲ့သည်။ ထိုစဉ်က ဆွေမျိုးဖြစ်သူသုံးဦးစတင်တရားအားထုတ်၍ အောင်မြင်ကြသဖြင့် အခြားလူများစွာလည်း အားထုတ်ကြ၍ ဉာဏ်ထူးတရားထူးများကို ကိုယ်တွေ့ဖြစ်ကြသဖြင့် မဟာစည် သတိပဋ္ဌာန်ဝိပဿနာ တရားတော်သည် စတင်၍ ထင်ရှားပေါ်လာခဲ့သည်။

မဟာစည်ဆရာတော်

[ပြင်ဆင်ရန်]

၁၃၀၃ ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပသော အစိုးရဓမ္မာစရိယ စာမေးပွဲ၌ ဝင်ရောက် ဖြေဆိုရာ ကျမ်းရင်း ၃ ကျမ်းနှင့် ဂုဏ်ထူး ၅ ကျမ်းတို့ကို ချောမောစွာ ဖြေဆို အောင်မြင်တော်မူ၍ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဟူသော ဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးဘေးကြောင့် ၁၃၀၃ ခုနှစ် နတ်တော်လမှစ၍ ဇာတိရပ်ရွာ ဆိပ်ခွန်၌ ပြန်၍နေလျက် အခွင့်သင့်သောအခါတိုင်း ဝိပဿနာလုပ်ငန်းတရားကို ဆက်လက်၍ ဟောကြားညွှန်ကြားရာ တစ်နှစ်ထက် တစ်နှစ် တိုးတက်ထွန်းကားလာခဲ့သည်။ ထိုအခါက သီတင်းသုံးရာဌာနဖြစ်သော မဟာစည်ကျောင်းကို စွဲမှီ၍ အရှင်သောဘနကို မဟာစည်ဆရာတော်ဟု ခေါ်ဝေါ်ခဲ့ကြသည်။

ဝိပဿနာယောဂီတပည့်တို့၏ တောင်းပန်ချက်အရ အရှင်သောဘနသည် ၁၃၀၅ ခုနှစ်က ယခုအခါ နာမည်ကျော်ဖြစ်သော ဝိပဿနာရှုနည်းကျမ်းကို (ပ-ဒု ၂ တွဲ)ကို ရေးသားပြုစုတော်မူခဲ့သည်။ စာမျက်နှာ (၉၅၀)ခန့်ရှိ ထိုကျမ်းကို ခုနစ်လအတွင်းမှာ ရေးသားပြုစု၍ ပြီးခဲ့သည်။ ယနေ့အထိ ထိုကျမ်းကို ရှစ်ကြိမ်တိုင်တိုင် ရိုက်နှိပ်ထုတ်‌ဝေပြီး ဖြစ်သည်။

၁၃၁၁ ခုနှစ် တန်ဆောင်မုန်းလတွင် မဟာစည်ဆရာတော်ကို ရန်ကုန်မြို့ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က ပင့်ဆောင်လာသဖြင့် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ နတ်တော်လပြည့်မှစ၍ ဝိပဿနာတရားကို ဟောကြားပြသတော်မူပါသည်။

မဟာစည်ဆရာတော်ဘုရား၏ စနစ်ကျသော ဝိပဿနာရှုနည်းကို နှစ်ခြိုက်သဘောကျသူများ တစ်နေ့တစ်ခြား များပြားလာခဲ့သည်။ စစ်ဖက်နယ်ဖက် အရာရှိများ၊ ပညာပိုင်းဆိုင်ရာပုဂ္ဂိုလ်များ၊ ကုန်သည်ပွဲစားများမှစ၍ လူတန်းစားမရွေး သာသနာ့ရိပ်သာသို့ လာရောက်၍ သတိပဋ္ဌာန်ဝိပဿနာတရားကို အားထုတ်ခဲ့ရာ၌ ထိုသူတို့တွင် တရား၏အရသာကို တွေ့ရှိသွားသူများ အမြောက်အမြား ပါဝင်သည်။ ယခုအခါ အထက်အောက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာပင် မဟာစည်ဩဝါဒခံ ရိပ်သာပေါင်း ၂၀၀ ကျော်ရှိနေသဖြင့် တစ်နိုင်ငံလုံးမှ ပုဂ္ဂိုလ်များသည် နီးစပ်ရာ မြို့ရွာတို့၌ရှိသော သာသနာ့ရိပ်သာများ၌ တရားအားထုတ်ခွင့် ရခဲ့သည်။ မဟာစည်ဆရာတော်၏နည်းအတိုင်း တရားအားထုတ်ဖူးသူ မရှိသောမြို့ဟူ၍ မြန်မာပြည်၌ မရှိသေးပါ။ ဤမျှအတိုင်း မဟာစည်ဆရာတော်၏ ကမ္မဋ္ဌာန်းနည်း ပြန့်နှံ့ခဲ့သည်။ ယခုအချိန်အထိ ရန်ကုန်မြို့သာသနာ့ရိပ်သာ၌ တရားအားထုတ်ပြီးသူပေါင်း (သုံးသောင်းလေးထောင်ကျော်ရှိ၍) တစ်နိုင်ငံလုံး၌ တရားအားထုတ်ပြီးသူပေါင်း လေးသိန်းကျော်ရှိသည်။ သီဟိုဠ်၊ ထိုင်း၊ကမ္ဘောဒီးယား၊ လာအို၊ အိန္ဒိယ၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့၌လည်း မဟာစည်ဩဝါဒခံ ရိပ်သာပေါင်းများစွာနှင့် ယောဂီပေါင်းများစွာ ရှိနေပါသည်။ ထို့ကြောင့် မဟာစည်ဆရာတော်သည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား မြတ်ဗုဒ္ဓတရားတော်၏ တရားအရသာကို တိုက်ကျွေးဝေငှနေသော ကျေးဇူးရှင်ပုဂ္ဂိုလ်ကြီးအဖြစ် မှတ်တမ်းတင်ရမည့် ဆရာတော်ကြီးတစ်ပါး ဖြစ်တော်မူပါသည်။

သာသနာပြုလုပ်ဆောင်ချက်များ

[ပြင်ဆင်ရန်]

၁၃၁၃-ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ္တိဂုဏ်၊ ပဋိပတ္တိဂုဏ်ကျေးဇူးတို့ကို အသိအမှတ်ပြုသည့်အနေဖြင့် ဆရာတော်အား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ကို ဆက်ကပ်ပူဇော်ခဲ့သည်။

၁၃၁၄-ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ ဆဋ္ဌသင်္ဂါယနာကိစ္စများကို စတင်ဆောင်ရွက်ခဲ့ကြသည်။ ဆဋ္ဌသင်္ဂါယနာကို ၁၃၁၆-ခုနှစ်မှ ၁၃၁၈-ခုနှစ်အထိ ပါဠိတော် သင်္ဂါယနာအဖြစ်ဖြင့်လည်းကောင်း၊ ၁၃၁၈-ခုနှစ်မှစ၍ အဋ္ဌကထာ, ဋီကာသင်္ဂါယနာ အဖြစ်ဖြင့်လည်းကောင်း ကျင်းပခဲ့ကြသည်။ မဟာစည်ဆရာတော်သည် ထိုသင်္ဂါယနာလုပ်ငန်းကြီးတွင် ၁၃၁၄-ခုနှစ်စ၍ ပဓာနကျသော နေရာများ၌ ပါဝင်ဆောင်ရွက် တော်မူ ခဲ့သည်။ သင်္ဂါယနာတင်မည့် ပါဠိတော် အဋ္ဌကထာ ဋီကာတို့ကို ရိုက်နှိပ်ရာတွင် နောက်ဆုံးကြည့်ရှု သုတ်သင်ပြင်ဆင်ရသောတာဝန်ကို အခြားဆရာတော်များနှင့်အတူ ဆောင်ရွက်တော်မူခဲ့သည်။ သင်္ဂါယနာ တင်ရာ၌ ထိုထိုသုတ်စသည်တို့ ဘုရားဟောအစစ်အမှန် ဟုတ်မဟုတ် မေးစိစစ်ရ၊ ဖြေရသည့်လုပ်ငန်းလည်း အရေးတကြီးပါဝင်ခဲ့ရာ ပထမသင်္ဂါယနာ တင်စဉ်က အရှင်မဟာကဿမထေရ်မြတ်ကြီးသည် မေးစိစစ်သော တာဝန်ကို တာဝန်ယူခဲ့ရသည်။ ထိုမထေရ်မြတ်ကြီးနည်းတူ မဟာစည်ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာ သဘင်ပွဲကြီး၌ မေးစိစစ်ရသောတာဝန်ကို ထမ်းဆောင်တော်မူခဲ့ရသည်။ ထို့နောက် အဋ္ဌကထာ၊ ဋီကာတို့ကို သင်္ဂါယနာတင်ရာ၌ စိစစ်လျှောက်ထားရသောတာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။ အဋ္ဌကထာသင်္ဂါယနာ၌ မဟာစည်ဆရာတော်၏ စိစစ်လျှောက်ထားချက်တို့ကို နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က “သင်္ဂါယနာစိစစ် ခဏ်း" အမည်ဖြင့် စာအုပ်ရိုက်နှိပ်ဝေပြီး ဖြစ်သည်။

မဟာစည်ဆရာတော်ဘုရားသည် ၁၃၁၁-ခုနှစ်၌ အဓိပ္ပာယ်ဖွင့်ဆိုချက်တို့ဖြင့် ဝေဝေဆာဆာရှိလှသော မဟာသတိပဋ္ဌာနသုတ်နိဿယကို ရေးသားတော်မူခဲ့သည်။ ဆဋ္ဌသင်္ဂါယနာတင်နေစဉ်အတွင်း ဝန်ဆောင် သံဃာအဖွဲ့၏ တာဝန်ပေးချက်အရ (ဆရာတော်သည် ဝန်ဆောင်သံဃာ့အဖွဲ့ဝင်လည်း ဖြစ်သည်) ဝိသုဒ္ဓိမဂ် ကျမ်း၏ နိဒါန်းကျယ်ကြီးကို ပါဠိဘာသာဖြင့်ရေး၍ ဆဋ္ဌသင်္ဂါယနာဝန်ဆောင်သံဃာ့အဖွဲ့အား တင်ပြရာ ယင်းအဖွဲ့ကြီးက နှုတ်ပယ်ဖြည့်စွက်ခြင်းမရှိဘဲ လက်ခံအတည်ပြု၍ ထုတ်ဝေဖြန့်ချိစေခဲ့သည်။ ဝိသုဒ္ဓိမဂ္ဂ နိဒါနကထာဟုခေါ်သော ထိုပါဠိနိဒါန်းကြီးကား မဟာစည်ဆရာတော်၏ ပါဠိအရေးအသား စွမ်းရည်နှင့် အထွေထွေဗဟုသုတကြွယ်ဝပုံကို ထင်ရှားစေသောကျမ်းဖြစ်ပြီး တိုင်းတစ်ပါးသား ပါဠိစာပေပညာရှင်တို့ကပင် ချီးကျူးအပ်သော ကျမ်းကြီးဖြစ်သည်ဟု သိရသည်။

၁၃၂၂-ခုနှစ်မှစ၍ မဟာစည်ဆရာတော်သည် ဝိသုဒ္ဓိမဂ်ကျမ်းကို ပို့ချယင်း ဝိသုဒ္ဓိမဂ် မဟာဋီကာ နိဿယကျမ်းကြီးကို ရေးသားပြုစုတော်မူခဲ့သည်။ ဝိသုဒ္ဓိမဟာဋီကာကျမ်းကြီးကာ သမယ္တရဟုခေါ်သော ဟိန္ဒူဒဿနရေးရာများကို ထည့်သွင်းရည်ညွှန်းဝေဖန်ရေးသားထားသော ကျမ်းဖြစ်၍ အချို့နေရာတို့၌ အနက်သိရန်ပင် ခက်ခဲလှသော ဋီကာဖြစ်သည်။ မဟာစည်ဆရာတော်သည် သက္ကတဘာသာ အင်္ဂလိပ် ဘာသာတို့ဖြင့် ရေးသားထားသော သက်ဆိုင်ရာဖီလိုဆိုဖီခေါ် ဒဿနကျမ်းများကို ပိုင်နိုင်အောင် ကြည့်ရှုလေ့ လာပြီးမှ ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယကျမ်းကြီးကို ရေးသားတော်မူခဲ့ခြင်း ဖြစ်သည်။ ထိုနိဿယကျမ်း ကြီးသည် စာမျက်နှာငါးရာခန့်ရှိ စာအုပ်ကြီး (၄)အုပ်ရှိသည်အထိ ကျယ်ဝန်းပါသည်။ ဝိသုဒ္ဓိမဂ်မြန်မာပြန် ကျမ်းကိုလည်း ဆရာတော်သည် ၁၃၂၃-ခုနှစ်မှစ၍ ရေးသားခဲ့သည်။ ထိုကျမ်းလည်း စာမျက်နှာ ငါးရာကျော်ရှိ စာအုပ်ကြီး(၄)အုပ်အထိ ကျယ်ဝန်းပါသည်။

ထို့အပြင် မဟာစည်ဆရာတော် ဟောကြားပြုစုတော်မူသော ဝိပဿနာအခြေခံတရားတော်၊ အရိယာဝါတရားတော်၊ ပဋိစ္စသမုပ္ပါဒ်တရားတော်၊ ဓမ္မစကြာသုတ် တရားတော်၊ အနတ္တလက္ခဏသုတ်တရားတော် စသော ဝိပဿနာဆိုင်ရာ တရားတော်စာအုပ်ကိုလည်း ယခုအခါများစွာပင် ထွက်ပေါ်လျက်ရှိနေပါ သည်။

မဟာစည်ဆရာတော်ဘုရားသည် ထိုင်း၊ ကမ္ဘောဒီးယား၊ သီဟိုဠ်၊ အိန္ဒိယ၊ ဂျပန်၊ အင်ဒိုနီးရှားနိုင်ငံ တို့သို့ သာသနာရေးမစ်ရှင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ သာသနာပြုဆရာတော် အဖြစ်ဖြင့်လည်းကောင်း ကြွရောက်၍ သာသနာပြုတော်မူခဲ့သည်။ အင်ဒိုနီးရှား သာသနာပြုအကြောင်း ဆရာတော်ရေးသား ထားသည့်“အင်ဒိုနီးရှားသာသနာပြုဆိုင်ရာ ခရီးသွားမှတ်တမ်း”လည်း ၁၃၂၁-ခုနှစ်က ပေါ်ထွက်ခဲ့သည်။

ဆရာတော်ဘုရားကြီး ဟောကြားပြသတော်မူခဲ့သော သတိပဋ္ဌာန်ဝိပဿနာ ရှုမှတ်နည်းသည် အလွန်ပင် လွယ်ကူရှင်းလင်းခြင်း လျင်မြန်စွာ တရားထူး ရရှိခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများသို့ ပြန့်နှံ့ကျော်ကြား လျက်ရှိသည်။ ထေရဝါဒနိုင်ငံများဖြစ်သော သီဟိုဠ်(သီရိလင်္ကာ)၊ ထိုင်း၊ က‌မ္ဘောဒီးယား၊ လောနိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများ၊ အင်္ဂလန်နိုင်ငံ အမေရိကန်နှင့် ဥရောပနိုင်ငံများသို့လည်း ပြန့်ပွားလျက် ဆရာတော်ဘုရားကြီး၏ ဝိပဿနာရှုမှတ်နည်းဖြင့် တရားရိပ်သာအမြောက်အမြား ရှိနေပြီဖြစ်သည်။ မဟာစည်ဆရာတော်ဘုရားကြီးသည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား ဗုဒ္ဓ၏တရားအရသာများကို တိုက်ကျွေးတော်မူခဲ့သော ကျေးဇူးရှင်မထေရ်မြတ်ကြီးအဖြစ် မှတ်တမ်းတင်ထားသော ဆရာတော်ကြီး ဖြစ်သည်။

ဤသို့လျှင် ကျမ်းဂန်အမျိုးမျိုးတို့ကို ရေးသားထားတော်မူခြင်း၊ ဆဋ္ဌသင်္ဂါယနာ၌ တစ်ရာကျော်ကျော်သော ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတို့ကို အဆုံးသတ်သုတ်သင် ပြင်ဆင်တော်မူခြင်း ဆဋ္ဌသင်္ဂါယနာ၌ ပုစ္ဆက(အမေး)ဆရာတော်၊ အဋ္ဌကထာစိစစ်ခဏ်း ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခြင်း သာသနာတော် သန့်ရှင်းပြန့်ပွားရေးအတွက် နိုင်ငံတော်ဩဝါဒါစရိယအဖြစ် ဆောင်ရွက်တော်မူခြင်းတို့ဖြင့် သာသနာ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တော်မူခဲ့သော ကမ္ဘာအနှံ့ သတိပဋ္ဌာန်ဝိပဿနာ ပဋိပတ္တိ သာသနာပြု မထေရ်မြတ်ဖြစ်တော်မူသည့် ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် အရှင် သောဘနမထေရ်မြတ်သည် သက်တော်(၇၈)နှစ်၊ သိက္ခာတော် (၅၈)ဝါအရ (၁၄-၈-၁၉၈၂)ခုနှစ်တွင် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၌ စံလွန်တော်မူခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]