ကာလိက

ဝီကီပီးဒီးယား မှ

ကာလိက (၄) မျိုး ရဟန်းသံဃာတော်တို့သည် လူများနှင့် မတူပေ။ မြတ်စွာဘုရား ပညတ်တော်မူထားသော သိက္ခာပုဒ်တော် များအရ ခဲဖွယ် ဆွမ်းဘောဇဉ် အဖျော် ဆေးဝါးတို့ကို အချိန်အခါအလိုက် အကပ်ခံ သုံးဆောင်ရသည်။ ရဟန်းတော် တစ်ပါး အချိန်အခါအလိုက် သုံးဆောင်ကောင်းသော အခြေအနေတို့ကို သိထားပါမှ ကပ္ပိယတို့သည်လည်း ဝိနည်းတော်နှင့်အညီ အပ်စပ်အောင် တာဝန်ယူနိုင်ပေမည်။ သို့ဖြစ်၍ ကာလိက လေးမျိုး၏ အဓိပ္ပာယ် အကျဉ်းကို သိထားသင့်ပေသည်။ [၁]

ကာလိကဟူသော စကား၏ အဓိပ္ပာယ်မှာ ပိုင်းခြား သတ်မှတ်ထားသော အချိန်အတွင်း၌ သုံးဆောင် စားသောက်ရသော အစားအစာများဟု အဓိပ္ပာယ်ရသည်။ ကာလိက လေးမျိုး ရှိသည်။၎င်းတို့မှာ-

(၁) ယာဝကာလိက

(၂) ယာမကာလိက

(၃) သတ္တာဟကာလိက

(၄) ယာဝဇီဝိကတို့ ဖြစ်ကြသည်။

(၁) ယာဝကာလိက[ပြင်ဆင်ရန်]

အကပ်ခံပြီးနောက် မွန်းတည့်တိုင်အောင် အပ်စပ်သော (သုံးဆောင်နိုင်သော) ဘောဇဉ် (၅) ပါး၊ မုန့်ခဲဖွယ် ဟူသမျှနှင့် နွားနို့ နို့ဆီ စသော သောက်ဖွယ်များကို ယာဝကာလိကဟု ခေါ်၏။

ယာဝကာလံ-မွန်းတည့်ကာလတိုင်အောင် + ပရိဘုဉ္ဇိတဗ္ဗံ-စားကောင်း၏” ဟူသော စကားအရ အရုဏ်တက်ပြီးမှစ၍ မွန်းတည့်တိုင်အောင် ရဟန်းတော်တို့ သုံးဆောင်ကောင်း၏။[၁]

(၂) ယာမကာလိက[ပြင်ဆင်ရန်]

အကပ်ခံပြီးနောက် ပစ္ဆိမယာမ် (နောက်တစ်နေ့ အရုဏ်မတက်မီ)တိုင်အောင်အပ်သော ဖျော်ရည်မျိုးကို ယာမကာလိကဟု ခေါ်သည်။

ယာမကာလံ-နောက်ဆုံး ညဥ့်ယာမ်တိုင်အောင်+ပရိဘုဉ္ဇိတဗ္ဗံ-သုံးဆောင်ကောင်း၏” ဟူသော စကားအရ မွန်းတည့် ပြီးနောက်မှ နောက်တနေ့ အရုဏ်မတက်မီတိုင်အောင် သောက်ကောင်းသော အဖျော်ရည်များတည်း။ [၁]

(၃) သတ္တာဟကာလိက[ပြင်ဆင်ရန်]

အကပ်ခံပြီးနောက် (၇) ရက်အတွင်းအပ်သော ဆေးပစ္စည်းများကို သတ္တာဟကာလိကဟု ခေါ်သည်။

သတ္တာဟကာလံ-(၇) ရက်ကာလပတ်လုံး + ပရိဘုဉ္ဇိတဗ္ဗံ-သုံးဆောင်ကောင်း၏”ဟူသော စကားအရ (၇) ရက်လုံးလုံး ဘုဉ်းပေး သုံးဆောင်ကောင်းသော ဘေသဇ္ဇသိက္ခာပုဒ်လာ သပ္ပိ စသော ဆေး (၅) မျိုးကို သတ္တာဟကာလိကဟု ခေါ်၏။ [၁]

(၄) ယာဝဇီဝိက[ပြင်ဆင်ရန်]

အကပ်ခံပြီးနောက် တစ်သက်လုံး သုံးဆောင် ကောင်းသော ဆေးဝါးပစ္စည်းများသည် ယာဝဇီဝိကမည်၏။

ယာဝဇီဝံ-အသက်ရှည်သမျှ (အသက်ထက်ဆုံး) တသက် ပတ်လုံး + ပရိဘုဉ္ဇိတဗ္ဗံ-သုံးစွဲကောင်းသော အစားအစာတည်း” ဟူသော စကားအရ ယာဝကာလိက၊ ယာမကာလိက၊ သတ္တာဟကာလိကတို့တွင် မပါဝင်သော လူတို့သည် ထမင်း၊ ဟင်း အစားအစာ အဖြစ်ဖြင့် သုံးစွဲလေ့ မရှိသော (အဖျော်ရည်နှင့် သတ္တာဟကာလိက ဆေးမျိုးတို့ တွင်လည်း မပါဝင်သော) မန်ကျည်းရွက်အကြမ်း၊ ကင်ပွန်း ရွက်အကြမ်းစသော အရွက်၊ အခေါက်၊ အမြစ်၊ အဥတို့နှင့် ဆား၊ ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန် စသည်တို့ကို ယာဝဇီဝိက ဟု ခေါ်သည်။ ဆား၊ ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်တို့ကို ဟင်းလျာတွင် ထည့်သွင်းသုံးစွဲသော်လည်း ဟင်း၏ အထည် ကိုယ် ပဓာနအဖြစ်ဖြင့် သုံးစွဲသည်မဟုတ်၊ အဆာမျှသာ ဖြစ်သည်။ ထို့ကြောင့် ထိုပစ္စည်းတို့သည် ယာဝဇီဝိကများ ဖြစ်ကြသည်။ အဆာပြေ မသုံးဆောင်ကောင်း၊ ဆေးအဖြစ် သုံးစွဲနိုင်သည်။ [၁]

ရဟန်းတော်တို့ ဘုဉ်းပေးသုံးဆောင်နိုင်သော ပစ္စည်းများကို ခွဲခြားလျှင် အထက်ပါအတိုင်း (၄) မျိုးသာ ရှိသည်။ အချိန်ကာလအလိုက် လေးမျိုးကွဲသဖြင့် ကာလိက လေးမျိုးဟု ခေါ်သည်။ ကာလိက လေးမျိုးကို သိထားမှသာလျှင် ဆက်ကပ်ရန်ကိစ္စ ပေါ်ပေါက်လာသောအခါ မှန်ကန်စွာ ကပ္ပိယတို့ ဆောင်ရွက်နိုင်ကြပေမည်။ [၁]

ကာလိကရောရာ၌ သတိပြုဖွယ်[ပြင်ဆင်ရန်]

ထို အကပ်ခံထားသော ယာဝကာလိကနှင့် ထိုနေ့ အကပ်ခံထားသော ယာမကာလိကသတ္တာဟကာလိက၊ ယာဝဇိဝိကပစ္စည်းတို့ ရောနှောသွားလျှင် ထိုပစ္စည်း အားလုံးတို့သည် ရောရာနေ့၏ နံနက်အချိန်၌သာ အပ်တော့၏၊ ထိုနေ့ ညနေကစ၍ မအပ်တော့ပေ၊ ရှေ့နေ အကပ်ခံထားသော သတ္တာဟကာလိက၊ ယာဝဇီဝကတို့နှင့် ရောနှောရာ ၌ကား ယာဝကာလိက၊ ယာမကာလိကတို့ မအပ်ကြတော့ပြီ၊

ဥပမာ-ရှေ့နေက အကပ်ခံထားသော ထောပတ်၊ ဆား တို့နှင့် ထိုနေ့ အကပ်ခံသော ဆွမ်း၊ ဖျော်ရည်တို့ကို ရော၍ မစားကောင်းပေ။ အချို့ ဆွမ်းပွဲများ၌ ဆားခွက်ကို တစ်ရက် ကုန်ရုံတင်မဟုတ်ဘဲ အမြဲထည့်၍ထားတတ်သည်။ သတိပြုသင့် လှသည်။ [၁]

သတ္တာဟကာလိက ထောပတ်နှင့် ယာဝဇီဝိကဆား စသည်တို့ ရောရာ၌ကား သတ္တာဟကာလိက၏ သက်တမ်း ရှိသမျှ ဆားက လိုက်ရသည်၊ သတ္တာဟကာလိကဝတ္ထုက အကပ်ခံရက် ၂-ရက်လွန်မှရောလျှင် နောက်ထပ် ၅-ရက်သာ အပ်၏ စသည်ဖြင့် သိရပေမည်။ အချုပ်အားဖြင့်ဆိုရလျှင် ကာလိကချင်းရောနှောသွားရာ၌ ရက်တို ကာလိကသဘောကို ရက်ရှည်ကာလိက က အမြဲလိုက်ရသည်။ သို့ဖြစ်၍ ကပ္ပိယကာရကတို့သည် ကာလိကလေးပါးကို သတိထား၍ မရောနှောမိစေရန် ကြိုးပမ်းရပေမည်။ အာပတ်ကင်းဝေးစေရေးအတွက် အစဉ် သတိရှိနေရပေမည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၁၉၉၆)။ ကပ္ပိယကောင်းတစ်ယောက်။ pp. ၃၁-၃၅, ၇၇, ၇၈။