ရွှေစည်းခုံစေတီ ခေါင်းလောင်းစာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရွှေစည်းခုံဘုရား ခေါင်းလောင်းစာ
စာရေးသူ ဘုရင့်နောင်
ဘာသာပြန်သူ ဒေါက်တာသန်းထွန်းမှ အင်္ဂလိပ်ဘာသာသို့
ဦးချစ်သိန်းမှ မွန်မှ မြန်မာဘာသာသို့
နိုင်ငံ ဒုတိယမြန်မာနိုင်ငံတော်
ဘာသာစကား မြန်မာမွန်ပါဠိ
အတွဲ မြန်မာရာဇဝင်ကျမ်းများ
အမျိုးအစား ရာဇဝင်သမိုင်း
ထုတ်ဝေသည့်ရက်
၂၃ မေ ၁၅၅၇
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခြင်း
ဒီဇင်ဘာ ၂၀၀၁
ရွှေစည်းခုံစေတီ ခေါင်းလောင်းတော်

အေဒီ (၁၅၅၇) ခုနှစ် မြန်မာသက္ကရာဇ် (၉၁၉) ခုနှစ် နယုန်လဆုတ် (၁၁) ရက် တနင်္ဂနွေနေ့တွင် ဆင်ဖြူရှင်ဘုရင့်နောင် မင်းတရားကြီးသည် ပုဂံ ရွှေစည်းခုံစေတီတော်၌ မွန်၊ မြန်မာ၊ ပါဠိ သုံးဘာသာ ရေးထိုးထားသော ခေါင်းလောင်းကို သွန်းလုပ် လှူဒါန်းခဲ့သည်။ ခေါင်းလောင်း၏ အရွယ်ပမာဏမှာ အမြင့် (၃) ပေ (၈) လက်မ၊ ခါးလုံးပတ် (၈) ပေ (၆) လက်မ၊ အောက်ခြေလုံးပတ် (၁၀) ပေ (၃) လက်မ၊ အထူ (၆) လက်မ၊ အချင်း (၁) ပေ (၇) လက်မ၊ ပေါင်းကိုင်းအမြင့် (၁) ပေ (၇) လက်မ၊ ပေါင်းကိုင်းလုံးပတ် (၁) ပေ (၇) လက်မ၊ လည်ပင်းအမြင့် (၂) လက်မ၊ လည်ပင်းလုံးပတ် (၄) ပေ (၁) လက်မ ဟူ၍ အသီးသီး ရှိကြသည်။ ခေါင်းလောင်း၏ ပေါင်းကိုင်းတစ်ဖက်တစ်ချက်တွင် ဟင်္သာရုပ် တစ်ကောင်စီ ထိုင်နေပုံကို သွန်းလုပ် ပုံဖော်ထားသည်။ ခေါင်းလောင်း၏ အလေးချိန်ကို မွန်ကမ္ပည်းစာအရ ကြေးခွက် (၂၁၀၀) ပိဿာခန့် ရှိသည်ဟု သိရသည်။

ရွှေစည်းခုံစေတီ ခေါင်းလောင်းစာ
ရွှေစည်းခုံစေတီ ခေါင်းလောင်းစာ

ခေါင်းလောင်း၏ ကိုယ်ထည်လုံးပတ် တစ်ဖက်တစ်ချက်တွင် မြန်မာကမ္ပည်းစာ (၄၂) ကြောင်း၊ မွန်းကမ္ပည်းစာ (၃၅) ကြောင်းနှင့် ပါဠိကမ္ပည်းစာ (၅) ကြောင်း ရေးထိုးထားသည်။ ခေါင်းလောင်းစာတွင် ဘုရင့်နောင်မင်းတရားကြီး၏ တိုက်ခိုက်အောင်မြင်ရာ အရပ်ဒေသနှင့် သာသနာပြုခဲ့ပုံတို့ကို ရက်စွဲနှင့်တကွ အတိအကျ မှတ်တမ်းတင်ထားသောကြောင့် အဖိုးမဖြတ်နိုင်သော ခိုင်မာသည့် သမိုင်းအထောက်အထားများကို သိရှိရသည်။ ထိုစာများသည် မြန်မာသမိုင်းကို ဖော်ပြရာတွင် ပိုမိုတိကျအောင် ဖြည့်စွက်နိုင်သော ခိုင်မာသည့် အထောက်အထားများ ဖြစ်ခြင်းကြောင့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် စာရင်းဝင်ရန် တင်သွင်းခဲ့ကြသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၂၄) မှ (၂၇) ရက်အထိ ကျင်းပခဲ့သော ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အကြံပေးကော်မတီ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးတွင် အဆိုတင်သွင်းရာ အဆိုပါ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

မြန်မာဘာသာပြန်[ပြင်ဆင်ရန်]

ပုဂံ ရွှေစည်းခုံစေတီတော်ရှိ ဘုရင့်နောင် မင်းတရားကြီး၏ ကောင်းမှုတော် ခေါင်းလောင်းစာမှ မွန်ဘာသာ၏ မြန်မာပြန်မှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ဂေါတမဘုရားသခင် ပရိနိဗ္ဗာန် စံလွန်သည့်နှစ်မှ (၂၀၄၉) နှစ် လွန်လေပြီးသော် မြတ်သောမင်းတရားကြီး သိရီပရမမဟာဓမ္မရာဇာဓိရာဇ အမည်ရှိထသော နေမင်း၏ ကျက်သရေကဲ့သို့ ကျက်သရေတော်လည်း ရှိထသော၊ လွန်မြတ်စွာသော အကြံတော်လည်း ရှိထသော၊
(၂) လွန်စွာ ဝီရိယတော်လည်း ရှိထသော၊ ဘုန်းတော်လည်း အလွန်ရှိထသော၊ အလွန်အစိုးရထသော၊ ကျေးဇူးကြီးသုံးပါးနှင့် ပြည့်စုံစွာထသော၊ ဥပါယ်လေးပါး၌ လိမ္မာတော်မူထသော၊ အားငါးပါးနှင့် ပြည့်စုံစွာထသော၊ သဒ္ဓါသီလ သမာဓိနှင့်လည်း ပြည့်စုံစွာထသော၊ ရာဇဝတ်ဓမ္မဝတ်၌လည်း လိမ္မာတော်မူထသော၊ ကာလဒေသကိုလည်း
(၃) အမြဲ စိစစ်တော်မူထသော၊ အလုံးစုံသော အလုပ်အကြံတို့၌လည်း သိမြင်နိုင်တော်မူထသော၊ မင်းကျင့်တရား ဆယ်ပါးနှင့်လည်း ပြည့်စုံစွာထသော၊ မြတ်သောမင်းတို့ထက် မင်းမြတ်လည်း ဖြစ်ထသော၊ အရပ်ဆယ်မျက်နှာ၌ ထင်ရှားစွာသော အောင်တံခွန်ကိုလည်း လွှင့်တော်မူထသော (အသျှင်ဘဝရှင် မင်းတရားကြီးသည်) သက္ကရာဇ် (၉၁၂) ခု၊ တပို့တွဲလဆန်း (၅) ရက်၊ တနင်္ဂနွေနေ့၌ ကေတုမတီပြည်ကြီးကို အောင်တော်မူ၏။ ထိုပြည်ကို အောင်မြင် အုပ်စိုးတော်မူသည်ကစ၍
(၄) ကုသိုလ်အဟောင်းကိုလည်း ပြုပြင်တော်မူပြန်၏။ ကုသိုလ်သစ်ကိုလည်း များစွာ ပွားစေတော်မူ၏။ ဘုရားရှင် သာသနာတော်ကိုလည်း ချီးပင့်တော်မူပြီးလျှင် ကေတုမတီပြည်ကြီးက ချီတော်မူ၏။ သက္ကရာဇ် (၉၁၃) ခု တော်သလင်းလကွယ် စနေနေ့
(၅) သရေခေတ္တရာပြည်ကြီးကို အောင်မြင်တော်မူ၏။ များစွာသော ကုသိုလ်အပုံကို ပြုတော်မူပြီးမှ သက္ကရာဇ် (၉၁၃) ခု၊ တန်ခူးလဆုတ် (၃) ရက်၊ စနေနေ့ ရေအားကြည်းအားနှင့်တကွ ဟံသာဝတီပြည်ကြီးကို ချီတော်မူလေ၏။ အသျှင်ဘဝရှင် မင်းတရားကြီး ဥပေါသထာဟူသော ဆင်တော်စီး၍
(၆) မွန်မင်းဧက္ကရာဇ်ကို ဆင်အစွယ်ကျိုးအောင် တိုက်၍ လွန်စွာ အောင်မြင်တော်မူသဖြင့် ဟံသာဝတီ ပြည်ကြီးကို အုပ်စိုးတော်မူရ၏။ ဟံသာဝတီပြည်ကြီးကို အုပ်စိုးတော်မူသည်မှ စ၍ ကုသိုလ်အဟောင်းပျက်သည်ကိုလည်း ပြုပြင်စေတော်မူ၏။ ကုသိုလ်
(၇) အသစ်ကိုလည်း များစွာ ပွားစေတော်မူ၍ သာသနာတော်ကို ချီးပင့်တော်မူ၏။ သတ္တဝါတို့အား တရားနှင့်ညီစွာ ဖြစ်စေလို၍ နန်းတော်တွင်းဝယ် ခေါင်းလောင်းသွန်း၍ ဆွဲထားပြီးလျှင် သတ္တဝါတို့အား တရားနှင့်အညီ ဖြစ်စေတော်မူ၏။ သက္ကရာဇ် (၉၁၅) ခု၊ တပို့တွဲလဆန်း (၁၀) ရက်၊ သောကြာနေ့ သူ့ရှင် သိရီပရမမဟာ
(၈) ဓမ္မရာဇာဓိရာဇမင်းတရားသည် သိရီအဂ္ဂမဟာဓမ္မရာဇာ ဒေဝီမိဖုရားနှင့်တကွ အလွန်တရာ ပွင့်လင်းတင့်တယ်စွာ အမတ်စစ်သူကြီး ဗိုလ်ပါကြီးငယ်များအလယ် ပွဲသဘင် မင်္ဂလာကြီးစွာပြုစေ၍ ရတနာပြာသာဒ်ထက် ဘိသိက်မင်္ဂလာ ခံတော်မူ၏။ ဘိသိက်မင်္ဂလာ ခံပြီးသော်
(၉) ကမ္ဘောဇသာတီ မည်သော နန်းအိမ်အလယ်ထက် တက်၍ စံတော်မူ၏။ မူလသာသနာတော် အနာဂတ်ကာလဝယ် တည်စေလိုသောကြောင့် ပိဋကတ်အစုံ များစွာပြုတော်မူ၏။ ဧကရာဇ်မင်း၏ ပညာတော်အားဖြင့် စာနာတော်မူပြီးမှ အချို့ သာသနာတော် တည်သော အရပ်သည် မိစ္ဆာဒိဋ္ဌိလက်ဝယ် ရှိသည်ကို
(၁၀) ချီးပင့်လိုသောကြောင့် များစွာသော ရေအားကြည်းအားနှင့်တကွ ဆန်တော်မူလတ်သတည်း။ သက္ကရာဇ် (၉၁၆) ခု၊ တပေါင်းလဆန်း (၂) ရက်၊ အင်္ဂါနေ့ သူ့ရှင် ဘဝရှင် မင်းတရားကြီးသည် အဝမြို့ကို အလိုတော် ပြည့်တော်မူ၏။ အဝမင်းကို အမတ်စစ်သူကြီး ဗိုလ်ပါဆင်မြင်းနှင့်တကွ လက်ဝယ်သွင်းတော်မူ၏။
(၁၁) မြန်မာတိုင်းနိုင်ငံ ထီးဖြူဆောင်းဟူသမျှကို အစိုးရတော်မူ၏။ ထိုသည်ကစ၍ ကုသိုလ်အဟောင်း ပျက်လေပြီးသည်ကို ပြုပြင်၏။ ကုသိုလ်အသစ်လည်း များစွာပွားအောင် ပြုတော်မူပြန်စေသည်။ ရှေးက လွန်လေသော မင်းဧက္ကရာဇ် အမှူးအမတ် စစ်သူကြီးတို့သည် ဘုရားပစ္စည်း တရားပစ္စည်း သံဃာပစ္စည်းတို့ကို
(၁၂) စားသည်ကိုလည်း မစားနှင့်ဟူ၍ ဆုံးမကံမြစ်တော်မူ၏။ မွန်တိုင်းနိုင်ငံ မြန်မာတိုင်းနိုင်ငံ အလုံး၌ ရွှေစေတီ၊ ရွှေဘုရား၊ ရွှေဇရပ်၊ ရွှေကျောင်းတို့ဖြင့် ပြောင်ပြောင်ထွန်းပလျက် များစွာသော အရိယာသင်္ဃာ ဓူရနှစ်ပါးနှင့် ပြည့်စုံစွာသော ရှင်ပင်ဘုရား၏ သာသနာတော်
(၁၃) အရောင်အဝါ ထွန်းပလျက် တင့်တယ်စွာ ဖြစ်၏။ အသျှင်ဘဝရှင် မင်းတရားကြီး စည်းစိမ်ချမ်းသာထက် မွေ့လျော်တော်မူလျက်ပင် ပညာတော် အစွမ်းအားဖြင့် မြတ်စွာသော အကြံကို ကြံတော်မူ၏။ ငါ၏အသက်ကို စွန့်၍ လုံ့လဝီရိယ သမ္မာပယောဂ ယှဉ်လျက် သာသနာတော်ကို ချီးပင့်လိုသောကြောင့် မွန်တိုင်းခွင်၊ မြန်မာတိုင်းခွင်
(၁၄) တို့၌ ငါချီးပင့်သော သာသနာတော်သည် လွန်စွာ ပွင့်လင်းတော်မူသည်။ သီဟိုဠ်ကျွန်းမှာတုံလည်း သာသနာတော် ပျက်စီးလေသည်ကို ပွင့်လင်းအောင် ငါပြုအံ့ဟု ကြံတော်မူပြီးလျှင် ဓူရနှစ်ပါးနှင့် ပြည့်စုံသော သံဃာတော်အား တိုက်တွန်းတော်မူ၏။ ပိဋကတ်တစ်စုံ၊ တောက်ပြောင်သော ရတနာဖြင့် ပြီးသော စွယ်တော်အိမ်
(၁၅) ထီးဖြူ၊ အသျှင်အဝရှင် မင်းတရားကြီးဆံတော်၊ အဂ္ဂမဟေသီဆံတော်နှင့်တကွ တောက်ပြောင်သော ရတနာတို့ဖြင့် ဆင်ယင်ထားသော သံမြတ်၊ များစွာသော ပူဇော်သကာအပုံနှင့်တကွ ကုသိုလ်အဟောင်းကို ပြုပြင်စေမည်ဟူ၍ မျက်ပါးသမား၊ သစ္စေးသမား၊ ပန်းရံ၊ ပန်းချီ
(၁၆) ရာဇဒုက်၊ ဥပနက်နှင့်တကွ သင်္ဘောစီး၍ သိန်းဃိုဝ်ကျွန်းသို့ ကူးလေစေ၏။ အသျှင်ဘဝရှင် မင်းတရားကြီး အကြံတော် ပြည့်စုံပြီး ဖြစ်သဖြင့် သိန်းဃိုဝ်ကျွန်း၌ သာသနာတော် ပွင့်လင်းပြန်၏။ သိန်းဃိုဝ်ကျွန်းရှိသော သာရိရီကဓာတ်တော်ကို သံဃာတို့ ဆောင်ခဲ့၍ ထိုသင်္ဘောနှင့်
(၁၇) ဟံသာဝတီပြည်သို့ ရောက်ပြန်လာ၏။ များစွာသော ကုသိုလ်အပုံကို နှစ်လည်းမပြတ်၊ လလည်းမပြတ်၊ နေ့လယ်းမပြတ် လှူဒါန်းဖြည့်တင်းတော်မူ၏။ နက်သော၊ ထက်သော၊ ပဋိဘာန်တော်လျင်သော မင်းဧကရာဇ်ကြီးစွာသော ပညာတော်အား အစွမ်းဖြင့် စာနာပြီး၍ ရှမ်းမိစ္ဆာဒိဋ္ဌိ နှစ်ပြည်ထောင်သည် သာသနာတည်သည့် အရပ်ကို ပျက်သောကြောင့်
(၁၈) လက်ဝယ်သွင်းအံ့ဟု ကြံပြီးလျှင် သက္ကရာဇ် (၉၁၈) ခု၊ နတ်တော်လဆန်း (၈) ရက်၊ တနင်္လာနေ့ ပြိဿလဂ်၌ အသျှင်ဘဝရှင် မင်းတရားကြီးသည် အသျှင်မိဖုရား အဂ္ဂမဟေသီနှင့်တကွ ရတနာဖြင့်ပြီးသော ရွှေဝေါပြာသာဒ် စီးတော်မူ၍ များစွာသော အခြွေအရွေနှင့်တကွ ချီတော်မူလက်၏။
(၁၉) ဦးပြာသာဒ်၊ ပဲ့ပြာသာဒ် ပြင်ဆင်တော်မူထသော အရောင်အဝါနှင့် ပြည့်စုံသော ရွှေဖောင်တော် အလျား (၃၃) လံ (၂) တောင် ဦးပဲ့ပြာသာဒ် အလယ်ပြာသာဒ်ကြီး တင်လျက် အရောင်အဝါ တင့်တယ်စွာ ထွန်းပသော အတုမရှိသော စူဠာမဏိရွှေလှေ။
(၂၀) အလျား (၂၇) လံ (၂) တောင် တင့်တယ်သော ဦးပဲ့ပြာသာဒ်၊ ပြာသာဒ်ကြီးအလယ် တင်လျက် ရတနာ၏ အရောင်အဝါ ကျက်သရေဖြင့် တင့်တယ်သော ရွှေလောင်းမငိုဗိမာန်လှေ။ ရွှေစလာပင်၊ ရွှေရဲလှေ၊ ရွှေလှော်ကား၊ ရွှေသံလှေ၊ မင်း၏ဗိမာန်
(၂၁) စည်းစိမ် အလယ်ထက်ဝယ် အမတ် စစ်သူကြီးအများ အပေါင်းနှင့်တကွ ချီတော်မူလတ်သတည်း။ များစွာသော ကြည်းအား စစ်အင်္ဂါလေးပါးနှင့်တကွ ချီတော်မူ၏။ ပြာသိုလဆုတ် (၉) ရက် ကြာသပတေးနေ့ အဝရွှေနန်းတော်သို့ ရောက်၏။ တပို့တွဲလဆန်း (၉) ရက်၊ သောကြာနေ့ အဝရွှေနန်းတော်မှ
(၂၂) များစွာသော ရေအား ကြည်အားနှင့် ချီတော်မူ၏။ တပို့တွဲလဆုတ် (၁၁) ရက်၊ တနင်္လာနေ့ အသျှင်ဘဝရှင် မင်းတရားကြီး မိုးမိတ်၊ သီပေါ၊ ပတ္တမြားတွင်းကို အောင်မြင်တော်မူ၏။ စော်ဘွားကိုယ်နှင့်တကွ အမတ်စစ်သူကြီး၊ ဆင် မြင်းဗိုလ်ပါနှင့်တကွ လက်နက်တော် သွင်းပြီးလျှင်
(၂၃) ကြီးမြတ်သော မင်းဧကရာဇ် ပညာတော်ဖြင့် စာနာ၍ ဤသို့သော အကြံကို ကြံတော်မူလတ်သတည်း။ မိုးမိတ်၊ သီပေါ၊ ပတ္တမြားတွင်းသည် ရှေးက မိစ္ဆာဒိဋ္ဌိ အရပ်ဖြစ်လေသည်။ ယခု ငါ့ပြည်၊ ငါ့ရွာ၊ ငါ့တိုင်း၊ ငါ့နိုင်ငံ ဖြစ်လေသောကြောင့် မြတ်စွာဘုရား သာသနာတော် နောင်အနာဂတ်
(၂၄) တည်စိမ့်သောငှာ ကြံတော်မူပြီးလျှင် မိုးမိတ်အနောက်မြောက်ထောင့်တွင် သက္ကရာဇ် (၉၁၈) ခု၊ တပေါင်းလဆန်း (၁၁) ရက် တနင်္လာနေ့ ဓနုလဂ်၌ အုတ်မြစ်ချ၍ စေတီတည်တော်မူ၏။ တပေါင်းလဆန်း (၁၃) ရက် ဗုဒ္ဓဟူနေ့ ဓနု
(၂၅) လဂ်၌ သာရိရီကဓာတ်တော် ဌာပနာတော်မူ၏။ သံဃိကဖြစ်စိမ့်သောငှာ လှူတော်မူသော သင်ပုတ်မြေကား ပန်ဇဲတွင် ကောက်ကြီးစပါး (၂၀၀)၊ ပန်တုန်တွင် ကောက်ကြီးမုရင်းစပါး (၄၀၀)၊ နှစ်ပါးကို ပေါင်းသော စပါး (၆၀၀)။ ရတနာစေတီ လေးမျက်နှာ၌လည်း
(၂၆) ကျောင်းလေးဆောင် ဆောက်၏။ ပရိက္ခရာ ရှစ်ပါးနှင့်တကွ သံဃာတော်တို့အား သီတင်းသုံးနေစေ၍ သာသနာတည်ထားတော်မူ၏။ သီပေါတွင်လည်း စေတီတစ်ဆူ တည်ထားတော်မူ၏။ မိုးမိတ်မြို့တွင်လည်း စော်ဘွားကြီးမြေးကို စခံစနာနှင့်တကွ
(၂၇) စော်ဘွားအရာကို နှင်း၏။ အသျှင်ဘဝရှင် မင်းတရားကြီး မြို့ပြကို စီရင်ခဲ့ပြီး မိုးကောင်း၊ မိုးညှင်းသို့ ချီတော်မူမည် ဖြစ်သောကြောင့် တပေါင်းလဆုတ် (၅) ရက် ဗုဒ္ဓဟူးနေ့ မိုးမိတ်က ချီတော်မူ၏။ လဆုတ် (၈) ရက် စနေနေ့ ဓိကျည်း (ထီးချိုင့်) သို့ ရောက်တော်မူ၏။ ဓိကျည်းမြစ်ကို တံတားပစ်၍ စစ်သည်အများ ကူးစေ၏။
(၂၈) တန်ခူးလဆန်း (၁) ရက် တနင်္ဂနွေနေ့ အသျှင်ဘဝရှင် မင်းတရားကြီး ချီတော်မူ၏။ လဆန်း (၇) ရက်နေ့ စနေနေ့ မိုးညှင်းကို အောင်မြင်တော်မူ၏။ တန်ခူးလဆုတ် (၁၂) ရက် ကြာသပတေးနေ့ အသျှင်ဘဝရှင် မင်းတရားကြီး မိုးကောင်းကို အလိုတော်ပြည့်၏။ သက္ကရာဇ် (၉၁၉) ခု ကဆုန်လဆန်း (၅) ရက် သောကြာနေ့ မိုးကောင်းစော်ဘွား(မိုးညှင်း) စောလုံ အမှူးအမတ်စစ်သူကြီး
(၂၉) ဆင်းမြင်းဗိုလ်ပါနှင့်တကွ လက်နက်တော်အလုံးဖြစ် ပြီးသော် လိမ္မာသော ဉာဏ်ပညာတော်ဖြင့် ကြံသည့်အကြံကို သူမကြံနိုင် ပြုတော်မူသည့်အပြုကို အရပ်ရှစ်မျက်နှာသော ဧကရာဇ်တို့သည် ချီးမွမ်း၍ မကုန်နိုင် စာနာတော်မူပြီးသော် မိုးကောင်းစော်ဘွားကို အသက်နှင့်စည်းစိမ်ချမ်းသာ စခံစနာနှင့်တကွ
(၃၀) မိုးကောင်းစော်ဘွားအရပ်၌ တည်ထားတော်မူပြန်၏။ မိုးကောင်း၊ မိုးညှင်း၊ ကလေးမြို့နှင့် မြို့ပြအလုံးကို စီမံတော်မူ၏။ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ သီပေါ ရှမ်းနှစ်ပြည်ထောင်လုံးဝယ် သူကောင်းတစ်ယောက် သေလျှင် ကျွန်ယောက်ျား၊ ကျွန်မိန်းမကို သတ်၍ထည့်သော မိစ္ဆာဒိဋ္ဌိအကျင့်ကို မကျင့်ရန်လည်း
(၃၁) ဆုံးမကံမြစ်တော်မူ၏။ ကဆုန်လဆန်း (၁၂) ရက် သောကြာနေ့ မိုးကောင်းမြို့မှ အသျှင်ဘဝရှင် မင်းတရားကြီး ပြန်တော်မူလတ်၏။ ကေတုမတီ၊ ဟံသာဝတီ၊ သရေခေတ္တရာ၊ အရိမဒ္ဒနပူရ၊ အဝ၊ မိုးမိတ်၊ သီပေါ၊ ပတ္တမြားတွင်း
(၃၂) မိုးကောင်း၊ မိုးညှင်း၊ ကလေးမြို့တို့ကို အစိုးရတော်မူသော မင်းဧကရာဇ် ထီးဖြူအစင်းများကို အစိုးရတော်မူသော ဧကရာဇ်မင်းများ၏ ဦးဆောင်ပန်း(မှန်ကင်း)လည်း ဖြစ်တော်မူထသော အရိမဒ္ဒနပူရပြည်၌ စွယ်တော်ဓာတ် ကိန်းအောင်းရာ ရွှေစည်းခုံဒါယကာတော်လည်း ဖြစ်ထသော သိရီပရမမဟာဓမ္မရာဇာဓိရာဇ အသျှင်ဘဝရှင် မင်းတရားကြီးသည် ထုပိကာမှသည် မြေတိုင်အောင် ရွှေအပြည့် ထည့်တော်မူသဖြင့် အလွန် အရောင်အဝါ တောက်ပတော်မူ၏။
(၃၃) ကြေးခွက် (၂၁၀၀) သွန်းသော ခေါင်းလောင်းကို မြတ်စွာဘုရား စွယ်တော်ဓာတ် ရွှေစည်းခုံစေတီကို ပူဇော်တော်မူ၏။ ဤခေါင်းလောင်းပူဇော်ရသော အကျိုးကြောင့် နောင်အနာဂတ် ဘုရားဖြစ်လို၍ တောင်းသည့်ဆုအတိုင်း ငါ့အား ပြည့်စုံပြီးမှ ဘုံသုံးပါး၌ ကျင်လည်စံကုန်သော သတ္တဝါအပေါင်းတို့အား
(၃၄) ဒေသနာဉာဏ်၏ အသံကို ငါကြားပြီးမှ အမြိုက်တည်းဟူသော နိဗ္ဗာန်ချမ်းသာသို့ ရောက်စေသတည်း။ ဤငါ့ကုသိုလ်များသည်
(၃၅) အကယ်၍ ပျက်စီးခဲ့သော်ကား ပြုပြင်နိုင်ကြပါစေသတည်း။ သက္ကရာဇ် (၉၁၉) ခု၊ နယုန်လပြည့်လွန် (၁၁) ရက် တနင်္ဂနွေနေ့ ပြိဿလဂ်၊ ပုဏ္ဏတိထီ၊ ရာဇာနက်သက်၊ သောကြာနဝင်း၊ သောကြာယောဂ ကာလ၌ အရပ်ဆယ်မျက်နှာကို အောင်မြင်တော်မူသော အသျှင်ဘဝရှင် မင်းတရားကြီး သွန်းတော်မူခဲ့သော ခေါင်းလောင်းတော်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ဖြူစင် (ကော့မှူး)၊ သူရိယနေဝန်းဂျာနယ်၊ အတွဲ (၁) အမှတ် (၁၇၆)၊ ၂ ရက် ဒီဇင်ဘာလ ၂၀၁၇ ခုနှစ်။