ပြည် နဝဒေးကြီး
[၁] ဆောင်းကချီ၍-ချီ ကျေးစေရတုရေးသူ ပထမ နဝဒေးကြီးမှာ ၈၉၄-ခုနှစ်တွင် နန်းတတ်သော ဘုရင်နရပတိ၏ ယောက်ဖ မင်းဘစော၏ အထိန်းတော်ကြီးဖြစ်၍ ပြည်မြို့သားဇာတိဖြစ်သည်။ ဘုရင်နရပတိသည် ယောက်ဖတော် မင်းဘစောအား ကွပ်မျက်၍ နှမတော် နရပတိမယ်ကို စလင်းစည်သူကျော်ထင် သို့ပေးရာ နဝဒေးကြီးသည် စလင်းသို့လိုက်ပါသွားရ၍ စလင်းတွင်ပင် “မင်းလက်ျာ”ဟူသောဘွဲ့ကိုရသည်။
နောက် စလင်းမြို့ပျက်၍ စစ်ကိုင်းတွင် စည်သူကျော်ထင် မင်းပြုပြန်ရာ မင်းလက်ျာ လိုက်ပါသွားရ၍ စစ်ကိုင်းမှာပင် ထောင်သင်းကိုမှူးရသည်။ စစ်ကိုင်းစည်သူ ကျော်ထင်သည် နရပတိဘွဲ့ကိုခံယူလျက် အင်းဝကိုသိမ်းမြန်းစိုးစံစဉ် ဟံသာဝတီဆင်ဖြူများရှင် လုပ်ကြံသဖြင့် အင်းဝပျက်သော် ဆင်ဖြူများရှင် မင်းတရားကြီး၏ ညီတော် ပြည်ဘုရင်သတိုးဓမ္မရာဇာက ထောင်သင်းမှူးကိုတောင်းယူသဖြင့် ပြည်သို့ထောင်သင်းမှူးလိုက်ပါသွားရပြန်သည်။ နောက် ဆင်ဖြူရှင်မင်းတရားကြီးသည် ဟံသာဝတီနေပြည်တော်ကို မြို့သစ်နန်းသစ် တည်ထောင်ကာ စိုးစံတော်မူသည်။
ထိုအခါ ထောင်သင်းမှူးသည် မင်းရေးမင်းမှုနှင့် စပ်လျှဉ်း၍ ဟံသာဝတီသို့ အရောက်တွင် မြို့သစ်နန်းသစ်ကား နန်းမအဆောင်ဆောင်တို့ဖြင့် ရှုမညီးနိုင်ဘွယ် အလွန်တင့်တယ်ပေရကား မြို့သစ်နန်းသစ်ဖွဲ့ ရတုပိုဒ်စုံကို ရေးသား၍ ဆင်ဖြူရှင်မင်းတရားကြီးထံဆက်သွင်းရာ မင်းတရားကြီး အားရနှစ်သက်တော်မူလွန်းလှသဖြင့် စာပေဗဟုသုတ သိပ္ပံဖြာဖြာ၌ မတတ် မသိ ပါဟုပြောစရာမရှိလောက်အောင် အတတ်ပညာကြွယ်ဝသည်ဟူသော အဓိပ္ပာယ်ကို ပြညွှန်းသည့် "နဝဒေး" ဟူသောဘွဲ့ထူး ဂုဏ်ထူးကြီးဖြင့် ချီးမြှင့်မြှောက်စားတော်မူသည်။ ထို့ကြောင့် စစ်ကိုင်းထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာနဝဒေး ဟု ဘွဲ့မည်ရရာ မြို့နှင့်တွဲ၍ ဆိုရိုးပြုကြလေသည်။
ရတုတွင် ပြိုင်ဘက်ကင်း၍ ဘုရင်တဆူ ဖြစ်သော နဝဒေးကြီးသည် အသက် ၉၀-ကျော်တွင် အနိစ္စရောက်လေသတည်း။ [၂]
အတ္ထုပ္ပတ္တိအကျဉ်း
[ပြင်ဆင်ရန်]သက္ကရာဇ် ၈၉၄ ခုနှစ်တွင် ပြည်မြို့၌ ဘုရင်နရပတိမင်းပြုတော်မူသည်။ ပြည်မြို့ဇာတိဖွားဖြစ်သော နဝဒေးကြီးမှာ ထိုဘုရင်နရပတိ၏ ယောက်ဖ (နှမတော် “နရပတိမယ်” ၏ကြင်ယာတော်) မင်းဘစော၏ အထိန်းတော်ဖြစ်သည်။
ဘုရင်နရပတိသည် မင်းဘစောကို “ပွတ်လယ်ရွာ”တွင် ကွပ်၍ နှမတော် “နရပတိမယ်” ကို စလင်း-စည်သူကျော်ထင်သို့ပေးလိုက်သည်။ ထိုအခါ နဝဒေးကြီးလည်း စလင်းသို့လိုက်ပါသွားရရာ စလင်းတွင်ပင် “မင်းလက်ျာ” ဟူသောဘွဲ့ကိုရသည်။
ထို့နောက် စလင်းမြို့ပျက်၍ စစ်ကိုင်းတွင် သက္ကရာဇ် ၉၀၇-ခုနှစ်၌ စလင်းစည်သူကျော်ထင် မင်းပြုရာ“မင်းလက်ျာ” လိုက်ပါ ခစားရပြန်၍ ထောင်သင်းကို မှူးရသည်။ ထိုအခါ “ထောင်သင်းမှူး” ဟုတွင်ပြန်၏။
သက္ကရာဇ် ၉၁၃-ခုနှစ်သို့ရောက်လျှင် စစ်ကိုင်း-စည်သူကျော်ထင်သည် “နရပတိစည်သူ” ဟူသောအမည်ဖြင့် အင်းဝရွှေနန်းကို သိမ်းမြန်းစိုးစံ၍ ၆-နှစ်အကြာ ဟံသာဝတီ ဆင်ဖြူများရှင် လုပ်ကြံသဖြင့် အင်းဝပျက်လေသော် ဆင်ဖြူများရှင်နှင့် မင်းတရားကြီး၏ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာက ဆင်ဖြူများရှင်ထံ “ထောင်သင်းမှူး” ကိုတောင်းယူ၍ ပြည်မြို့သို့ခေါ်သွားသည်။
ဆင်ဖြူများရှင် မင်းတရားကြီးသည် မြို့သစ်တည်သင့်ကြောင်းနှင့် မှူးတော် မတ်တော်တို့၏ လျှောက်တင်ချက်အရ သက္ကရာဇ် ၉၂၈-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၀-ရက် ကြာသပတေးနေ့မှစ၍ ဟံသာဝတီနေပြည်တော်ကြီးကို မြို့အင်္ဂါခုနှစ်ပါးနှင့် ညီညွတ်အောင် ပြန်လည် တည်ဆောက်တော်မူလေသည်။ တာဝန်းသုံးထောင့်လေးရာရှိသော ထိုဟံသာဝတီ နေပြည်တော်သစ်ကြီးကား နန်းမ အဆောင်ဆောင်တို့ဖြင့် တင့်တယ်လှစွာဖြစ်၏။ ထိုအခါ ထောင်သင်းမှူး-မင်းလက်ျာသည် ဟံသာဝတီသို့ မင်းမှု မင်းရေးနှင့် ပတ်သက်၍ ရောက်ခိုက် ထိုဟံသာဝတီ နေပြည်တော်ကြီး၏ ရှု၍မငြီးနိုင်လောက်သော အဖြစ်ကို တွေ့မြင်လေရကား “ရာဇဌာနီ၊ ပြည်ကြီးပီ၍၊ တုဿိတာမှ၊ ဘုံလျှင်ကျသို့” အစချီသည့် ရတုပိုဒ်စုံကို ရေးသားကာ ဆင်ဖြူများရှင် မင်းတရားကြီးအား ဆက်သွင်း၏။ မင်းတရားကြီးလည်း အားရတော်မူလွန်း၍ ထောင်သင်းမှူးအား “နဝဒေး” ဟူသော ဘွဲ့ထူးဖြင့် ချီးကျူး မြှောက်စားတော်မူလေသည်။ ထိုအခါမှစ၍ တဖန် “ပြည်-နဝဒေးကြီး” ဟု ဝေး-နီး ကျော်ကြားလာပြန်သည်။
သုံးဘွဲ့ရနဝဒေးကြီး
[ပြင်ဆင်ရန်]ဤသို့အားဖြင့် ပြည်-နဝဒေးကြီးသည် ဘွဲ့မည်ရည်သုံးပါးဖြင့် ကျော်ကြားသော စာဆိုတော်ဖြစ်သည်။ စလင်းမြို့တွင်နေခိုက် “မင်းလက်ျာ”၊ စစ်ကိုင်းမြို့တွင်ရှိခိုက် “ထောင်သင်းမှူး”၊ ပြည်မြို့တွင်ထမ်းခိုက် “နဝဒေး” ဟုတွင်လေသည်။ ထို့ကြောင့်လည်း “စစ်ကိုင်း-ထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာ-နဝဒေး” ဟု အမှတ်သညာ ပြုကြလေကုန်သည်။
ထို့အပြင် သက္ကရာဇ် ၉၄၀ ခုနှစ်တွင် “နဝဒေးကြီး”ကိုယ်တိုင် စီရင်ရေးသားပြီးစီးသည့် ဇင်းမယ်ပဏ္ဏာသထွက် သုဓနုကုမာရဇာတ်ကို မြန်မာပြန်ဆို ရေးသားသည့် “ဗောဓိရတနာ၊သိင်္ဂါညွန့်ရှင်၊ ပလ္လင်ရွှေညောင်၊ ဗွေထိပ်ခေါင်ထက်” ချီ “မနောဟရီ” ပျို့နိဂုံး၌ “စစ်ကိုင်း-ထောင်သင်း၊မယွင်းမှန်စွာ၊ လက်ယာရှေ့ဖျား မင်းများသခင်၊ ကြည်လင် နက်လေး၊နဝဒေး-ဟု၊ပေးတုံမည်သာ၊မတ်ကြီးလျာလျှင်” ဟု စပ်ဆိုထားပေသည်။
နဝဒေးသည် အသက် ၉၀-ကျော်မှ အနိစ္စရောက်သောဟူ၏။ [၃]
ပြုစုခဲ့သည်စာပေများ
[ပြင်ဆင်ရန်]ပြည်နဝဒေးကြီးပြုစုခဲ့သောစာများကား - မနောဟရီပျို့၊ မင်းတရားတော်ဧချင်း၊ ဆင်ဖြူရှင်မယ်ဧချင်း၊ ယိုးဒယား-မိဘုရားဧချင်း၊ ရာဇဗျူဟာပျို့နှင့် ဘုရားတိုင်၊ မြို့ဖွဲ့၊ တောလား၊ ရေလား၊ မိုးတော၊ ကျေးစေ၊မယ်ဖွဲ့၊ စစ်ချီ၊ မောင်ဘွဲ့၊ စစ်ရတု အစရှိသည့် ရတုပေါင်း ၇-အင်္ဂါကျော် ပုဒ်ရေ ၄၀၀ ခန့်ဖြစ်သတည်း။
နဝဒေးငါးဦး
[ပြင်ဆင်ရန်]မြန်မာစာပေသမိုင်းတွင် “နဝဒေး” ဟုကျော်ကြားထင်ရှားသော စာဆိုတော် ၅-ဦးရှိသည်။ ထို ၅-ဦးမှာ (၁) “အင်္ကုရ” မည်သောဇင်းမယ်နဝဒေး၊ (၂) “လှော်ကားသုံးထောင်မှူး” အမည်ရသော တောင်ငူနဝဒေး၊ (၃)ပြည် နဝဒေးကြီး၊ (၄) အင်းဝမြို့တည် နန်းတည် ဘိုးတော်ဘုရားလက်ထက် စလင်းနဝဒေး နှင့် (၅) ဝက်မစွတ်မြို့စား နဝဒေး တို့ဖြစ်၏။ အမှန်အားဖြင့် ထိုဘွဲ့နှင့် ကျော်ကြားထင်ရှားသူ ၅-ဦးစလုံးပင် “နဝဒေး” ဟူသော မင်းပေးဘွဲ့ရသူချည်းဟုတ်မည်မထင်။ ပြည်နဝဒေးကြီးနှင့် ဝက်မစွတ်မြို့စား-နဝဒေးကြီးတို့ သာလျှင် ဘုရင်မင်းမြတ်များကိုယ်တော်တိုင်က “အပြစ်ဆိုစရာမရှိသော စာဆိုတော်မှူးမတ်” ဟုအဓိပ္ပာယ်ရသည့် “နဝဒေး” ဘွဲ့ဖြင့် ချီးမြှင့်တော်မူခြင်း ခံရသော စာဆိုပုဂ္ဂိုလ်များဖြစ်ဟန်တူချေသည်။ ကျန်နဝဒေး သုံးဦးကား စာဆိုအရာတွင် ကျွမ်းကျင် လိမ္မာကြသောကြောင့်သာ နဝဒေးဟု အများပြည်သူတို့် ကြည်ဖြူ မြှောက်စားကြခြင်းဖြစ်ချိမ့်မည်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ပြည်-နဝဒေးကြီးနှင့် ဝက်မစွတ်မြို့စား-နဝဒေးတို့ကို ဘုရင်မင်းမြတ်များ ကိုယ်တော်တိုင် “နဝဒေး” ဟူသော ဘွဲ့ဖြင့် ချီးမြှင့် သူကောင်း ပြုခြင်းကိုကား ထိုစာဆိုတော်နှစ်ဦးတို့၏ ပျို့များ၊ မော်ကွန်းများတွင် အထင်အရှားရေးသားပါရှိသည်ကိုထောက်၍ မည်သူမျှ မငြင်းဆိုနိုင်ကြ။