ပဉ္စဒွါရဝီထိနှင့် မနောဒွါရဝီထိ

ဝီကီပီးဒီးယား မှ

ယေဘုယျအားဖြင့် ဤပဉ္စဒွါရဝီထိနှင့် ကာမဇော မနောဒွါရဝီထိတို့တွင် ဇောသည် (၇)ကြိမ် စောတတ်၍ တဒါရုံမှာ (၂)ကြိမ် ကျတတ်၏၊ ကျန်ဝီထိစိတ်တို့ကား တစ်ကြိမ်စီသာ ဖြစ်တတ်၏၊ စက္ခုဒွါရဝီထိစသော ပဉ္စဒွါရဝီထိ များ၏ နောင်၌ ဘဝင်များခြားလျက် မနောဒွါရဝီထိများသည် ဝီထိပေါင်းများစွာ ဖြစ်တတ်၏၊ ထိုတွင် ရှေးဦးစွာသော မနောဒွါရဝီထိကို တဒနုဝတ္တက မနောဒွါရဝီထိ = နောက်လိုက် မနောဒွါရဝီထိဟု ခေါ်ဆို၍ ဒုတိယ မနောဒွါရဝီထိမှ စ၍ နောက်ပိုင်း ဆက်လက်ဖြစ်ပေါ်ကြကုန်သော မနောဒွါရဝီထိများကို သုဒ္ဓမနောဒွါရဝီထိဟု ခေါ်ဝေါ်သုံးစွဲကြပေသည်။ အချို့ဆရာမြတ်တို့ကား အားလုံးကိုပင် တဒနုဝတ္တကမနောဒွါရဝီထိဟုပင် ခေါ်ဝေါ်သုံးစွဲလိုကြ၏၊ ဤစာမူ၌ကား မနောဒွါရဝီထိဟုသာ ဇယားများတွင် ဖော်ပြထားပါသည်။[၁]

ပထမ စက္ခုဒွါရဝီထိ[ပြင်ဆင်ရန်]

စက္ခုဒွါရ မနောဒွါရ၌ ရူပါရုံ ရှေးရှုကျရောက်လာသောအခါ ထင်လာသောအခါ ငါသည် ကုသိုလ်ကိုသာ ဖြစ်စေရမည်၊ သို့မဟုတ် ငါသည် အကုသိုလ်ကိုသာ ဖြစ်စေရမည် – ဤသို့ စသော သတ်မှတ်ချက်များ[၂]နှင့် အညီ ကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ သို့မဟုတ် အကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိများ ဖြစ်ပေါ်လာကြ၏၊ ယင်းစက္ခုဒွါရဝီထိ နာမ်တရားစုတို့ကား ရူပါရုံအရောင်မျှကိုသာ သိ၏၊ ယောက်ျား မိန်းမ အိုး ပုဆိုး စသည်ဖြင့် ထိုရူပါရုံကို မသိပေ။ အဘိနိပါတမတ္တ = အာရုံနှင့် ဒွါရ ရှေးရှူ ရင်ဆိုင်မိရုံသာ ဖြစ်သည်။

ယောနိသောမနသိကာရဖြစ်က ကုသိုလ်ဇော အယောနိသောမနသိကာရဖြစ်က အကုသိုလ်ဇောများကား စောနိုင်၏၊ သို့သော် ထိုရူပါရုံကို ယောက်ျား မိန်းမ အိုး ပုဆိုး စသည်ဖြင့် သိ၍ စောသည်ကား မဟုတ်ပေ။ ရူပါရုံ အရောင်မျှကိုသာ အာရုံပြု၍ (ရှေးယခင်က ကြိုတင်သတ်မှတ်ထားခြင်း စသော အကြောင်းတို့အပေါ် အခြေစိုက်၍) ကုသိုလ်ဇော သို့မဟုတ် အကုသိုလ်ဇော စောခြင်း ဖြစ်၏၊[၁]

ဒုတိယမနောဒွါရဝီထိ[ပြင်ဆင်ရန်]

ယင်းစက္ခုဒွါရဝီထိနောင်၌ မနောဒွါရဝီထိ တစ်ဝီထိကျ၏၊ တဒနုဝတ္တကမနောဒွါရဝီထိဟု ခေါ်ဆိုအသုံးပြု ထား၏၊ ယင်းမနောဒွါရဝီထိကား စက္ခုဒွါရဝီထိက အာရုံပြုခဲ့သော အတိတ်ရူပါရုံမျှကိုသာ အာရုံပြုနိုင်၏ သိနိုင်၏၊ စက္ခုဒွါရဝီထိနှင့် အလားတူပင် ကုသိုလ်ဇော အကုသိုလ်ဇော ထိုက်သလို စောနိုင်၏၊ ဤဝီထိကို စက္ခုဒွါရဝီထိမှ ထောက်လျှင် ဒုတိယ (တဒနုဝတ္တက) မနောဒွါရဝီထိဟု ခေါ်ဆို၏၊ တဒါရုံ ကျသည်လည်း ရှိ၏၊ မကျသည်လည်း ရှိ၏၊[၁]

တတိယမနောဒွါရဝီထိ[ပြင်ဆင်ရန်]

၃။ ယင်း ဒုတိယမနောဒွါရဝီထိ၏ နောင်၌ တတိယမနောဒွါရ တစ်ဝီထိ ကျပြန်၏၊ တတိယ သုဒ္ဓမနောဒွါရဝီထိဟု ခေါ်ဆို၏၊ ယင်းမနောဒွါရဝီထိကား ယင်းအတိတ်ရူပါရုံကိုပင် ညို၏ ဝါ၏ ပြာ၏ စသည်ဖြင့် သိ၏၊ ရှေး နှစ်ဝီထိတို့ကား အရောင်မျှကိုသာ သိ၏၊ ဤတတိယမနောဒွါရဝီထိသို့ ရောက်မှသာလျှင် ယင်းရူပါရုံ၏ အညို အဝါ အပြာ စသည့် ကွဲပြားသည့်အရောင်ကို သိ၏၊ ရှေးနှစ်ဝီထိတို့ဖြင့် မြင်အပ်ပြီးသော အတိတ်ရူပါရုံကိုပင် ညို၏ ဝါ၏ ပြာ၏ စသည်ဖြင့် ပိုင်းခြားနိုင်သော ဝီထိ ဖြစ်သည်။ တဒါရုံ ကျသည်လည်း ရှိ၏၊ မကျသည်လည်း ရှိ၏၊ ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဇော အကုသိုလ်ဇော ထိုက်သလို စောနိုင်၏၊[၁]

စတုတ္ထ သုဒ္ဓမနောဒွါရဝီထိ[ပြင်ဆင်ရန်]

ယခင် သုံးဝီထိတို့ဖြင့် မြင်အပ် သိအပ် ပိုင်းခြားအပ်ပြီးသော ရူပါရုံကို စွဲ၍ ယောက်ျား မိန်းမ အိုး ပုဆိုး သင်္ကန်း ရွှေ ငွေ စသည်တည်းဟု သင်္ကေတ ရှိဖူးသည်နှင့် လျော်စွာ အတ္ထပညတ်ကို သိသော သုဒ္ဓမနောဒွါရဝီထိတည်း။ ဤအဆင့်၌ ပညတ်ကို အာရုံပြုနေပါက တဒါရုံကျခွင့် မရှိ။ အကယ်၍ ပရမတ်ကိုသာ အာရုံယူနိုင်ပါမူကား ရူပါရုံ အရောင်မျှကိုသာ ဆက်လက် အာရုံယူနိုင်ပါမူကား တဒါရုံ ကျနိုင်ခွင့် ရှိ၏၊ ဤဝီထိ၌လည်း ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဇော အကုသိုလ်ဇော ထိုက်သလို စောနိုင်၏၊[၁]

ပဉ္စမ သုဒ္ဓမနောဒွါရဝီထိ[ပြင်ဆင်ရန်]

ဤပဉ္စမဝီထိသို့ ရောက်ပါမှ ယောက်ျားပဲ မိန်းမပဲ အိုးပဲ ပုဆိုးပဲ ရွှေပဲ ငွေပဲ စသည်ဖြင့် အတ္ထပညတ် တစ်ခုခုကို ကွဲကွဲပြားပြား သိ၏၊ ဤပဉ္စမဝီထိသို့ ရောက်ရှိပါမှ ယောနိသောမနသိကာရ ရှိပါက ကြည်ညိုခြင်း, အယောနိသောမနသိကာရ ဖြစ်ပါက တပ်မက်ခြင်း ချစ်ခင်ခြင်း စသည် ဖြစ်၏၊ ဤဝီထိ၌လည်း ပရမတ် အရောင်သက်သက်ကို စွမ်းနိုင်သော ဝိပဿနာကမ္မိကပုဂ္ဂိုလ်တို့သည် အာရုံပြုနိုင်ကြ၏၊ တဒါရုံ ကျခွင့်ရှိ၏၊ ပညတ်ကိုသာ အာရုံပြုနေပါက တဒါရုံကျခွင့် မရှိ။[၃][၁]

ရုပ်ကလာပ်တစ်ခု(သို့) အများစု၏ ရူပါရုံအရောင်[ပြင်ဆင်ရန်]

စက္ခုဒွါရဝီထိနာမ်တရားစုသည် ရုပ်ကလာပ်အများစု၏ ရူပါရုံ အရောင်ကိုသာ အာရုံယူနိုင်၏ သိနိုင်၏ဟူသော အယူဝါဒလည်း ရှိနေ၏၊[၄] မနောဒွါရဝီထိကား ရုပ်ကလာပ်တစ်ခု၏ ရူပါရုံအရောင်ကိုပင် ဖြစ်စေ, ရုပ်ကလာပ် အများစု၏ ရူပါရုံအရောင်ကိုပင်ဖြစ်စေ သိရှိနိုင်သောသဘော ရှိ၏၊ ထိုကြောင့် ရုပ်ကလာပ်အများစု၏ ရူပါရုံ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံဟု နှစ်မျိုးခွဲလျက် ရေးသားထားပေသည်။[၁]

ပဉ္စဒွါရဝီထိ, ပထမ တဒနုဝတ္တက မနောဒွါရဝီထိတို့၏ စွမ်းအင်[ပြင်ဆင်ရန်]

အဘိဓမ္မာ ဝိဘင်းပါဠိတော်[၅]နှင့် ယင်းပါဠိတော်၏ အဖွင့်ဖြစ်သော ဉာဏဝိဘင်း အဋ္ဌကထာ ဋီကာတို့နှင့် အညီ ပဉ္စဒွါရိကဇောဝီထိစိတ်အစဉ်တို့ကား ဒွါရနှင့် အာရုံ ရှေးရှုဆုံစည်းမှုသဘောမျှလောက်သာ = ဆိုင်ရာ ဆိုင်ရာ ဒွါရ၌ ရှေးရှုကျရောက်လာသော အာရုံကို သိကာမတ္တသဘောမျှသာ ရှိ ကြ၏၊ ယင်းအာရုံကို အရောင်မျှ အသံမျှ အနံ့မျှ အရသာမျှ အတွေ့အထိမျှသာ သိနိုင်၏၊ အဖြူ အနီ အဝါ အပြာ စသည်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိနိုင်သည့် စွမ်းအားကား မရှိပေ။ ထိုကြောင့် ယင်းပဉ္စဒွါရဝီထိတို့၌ တည်ရှိသော အာဝဇ္ဇန်းနှင့် ဝုဋ္ဌော, ရှေးဦးစွာသော ပထမ တဒနုဝတ္တက မနောဒွါရဝီထိ၌ တည်ရှိသော မနောဒွါရာဝဇ္ဇန်းတို့၏ ဆင်ခြင်ဆုံးဖြတ်ချက်မှာ တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် အာရုံကို ဆုံးဖြတ်နိုင်သည်ကား မဟုတ်ပေ။ အဖြူ အနီ အဝါ အပြာ စသည်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိနိုင်သော အဆင့်သို့ပင် မရောက်ရှိသေးပေ။ ပဉ္စမမြောက် မနောဒွါရဝီထိသို့ ရောက်ရှိပါမှ အထိုက်အလျောက် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်သည့်သဘော ရှိပေသည်။ ထိုကြောင့် ပဉ္စဒွါရဝီထိ, ပထမ တဒနုဝတ္တက မနောဒွါရဝီထိတို့၌ တည်ရှိသော အာဝဇ္ဇန်း ဝုဋ္ဌောတို့သည် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်သည့် တရားတို့ မဟုတ်ဘဲ ဆုံးဖြတ်ချက်ချသကဲ့သို့သာဖြစ်သော တရားတို့ဟု မှတ်သားပါ။[၆][၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း
  2. ကုသိုလ်ဇောစောရခြင်း
  3. ပဌမဇဝနေပိ။ ပ။ န ဟောတီတိ ဣဒံ ပဉ္စဝိညာဏဝီထိယံ ဣတ္ထိပုရိသောတိ ရဇ္ဇနာဒီနံ အဘာဝံ သန္ဓာယ ဝုတ္တံ။ တတ္ထ ဟိ အာဝဇ္ဇနဝေါဋ္ဌဗ္ဗနာနံ အယောနိသော အာဝဇ္ဇနဝေါဋ္ဌဗ္ဗနဝသေန ဣဋ္ဌေ ဣတ္ထိရူပါဒိမှိ လောဘော, အနိဋ္ဌေ စ ပဋိဃော ဥပ္ပဇ္ဇတိ။ မနောဒွါရေ ပန ဣတ္ထိပုရိသောတိ ရဇ္ဇနာဒိ ဟောတိ။ (မူလဋီ၊၂၊၁၈၁။) တတ္ထာယံ ပဝတ္တိက္ကမော၊ ပဉ္စဒွါရေ ရူပါဒိအာရမ္မဏေ အာပါထဂတေ နိယမိတာဒိဝသေန ကုသလာကုသလဇဝနေ ဥပ္ပဇ္ဇိတွာ ဘဝင်္င်္ဂံ ဩတိဏ္ဏေ မနောဒွါရိကဇဝနံ တံယေဝါရမ္မဏံ ကတွာ ဘဝင်္ဂံ ဩတရတိ။ ပုန တသ္မိံယေဝ ဒွါရေ ဣတ္ထိပုရိသောတိအာဒိနာ ဝဝတ္ထပေတွာ ဇဝနံ ဥပ္ပဇ္ဇိတွာ ဘဝင်္ဂံ ဩတရတိ။ ပုန ဝါရေ ပသာဒရဇ္ဇနာဒိဝသေန ဇဝနံ ဇဝတိ။ (အနုဋီ၊၁၊၂၀၀။)
    သဒ္ဒံ ပထမစိတ္တေန၊ တီတံ ဒုတိယစေတသာ။
    နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္ထစေတသာ။
    ပဌမံ သဒ္ဒံ သောတေန၊ တီတံ ဒုတိယစေတသာ။
    နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္ထစေတသာ။ (သီလက္ခန္ဓဝဂ္ဂအဘိနဝဋီကာ၊၂၊၃၉၈။)
  4. (မဟာဋီ၊၂၊၁၂၄။ အနုဋီ၊၂၊၅၆။)
  5. ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ အညတြ အဘိနိပါတမတ္တာ၊ ပဉ္စန္နံ ဝိညာဏာနံ သမနန္တရာပိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ။ (အဘိ၊၂၊၃၂၃။)
  6. ဝေါဋ္ဌဗ္ဗနာဝဇ္ဇနရသာတိ ပဉ္စဒွါရေ သန္တီရဏေန ဂဟိတာရမ္မဏံ ဝဝတ္ထပေန္တီ ဝိယ ပဝတ္တနတော ဝေါဋ္ဌဗ္ဗနရသာ၊ မနောဒွါရေ ပန ဝုတ္တနယေန အာဝဇ္ဇနရသာ။ (မဟာဋီ၊၂၊၁၂၉-၁၃၀။)