မာတိကာသို့ ခုန်သွားရန်

ဝီထိ

ဝီကီပီးဒီးယား မှ

စိတ်တို့၏-အစဉ်-အတန်း၊ (စက္ခုဒွါရ ဝီထိစသော) ဝီထိ။ []

(အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်းစက္ခုဝိညာဉ်သမ္ပဋိစ္ဆိုင်းသန္တီရဏဝုဋ္ဌောဇော-၇-ကြိမ်၊ တဒါရုံ ၂-ကြိမ်အစရှိသော စိတ်တို့၏အစဉ်သည် “ဝီယန္တိ ဂစ္ဆန္တိ သတ္တာ ဧတ္ထာတိ ဝီထိ၊ ဝီထိ ဝိယာတိ ဝီထိ “ ဟူသော ဝစနတ္ထနှင့် အညီ သတ္တဝါတို့၏ သွားလာရာခရီးသည် ရွာစဉ်ကို မကျော်မလွှား သွားသကဲ့သို့ စိတ် တစ်ခုနှင့်တစ်ခု မကျော်လွှားမူ၍ အစဉ်အတိုင်းသာ ဖြစ်သည်၏အဖြစ်ဖြင့် ခရီးစဉ် နှင့်တူသောကြောင့် ဝီထိမည်၏။

ဝီထိ၏ အပြား (၂)ပါး

[ပြင်ဆင်ရန်]

ထိုဝီထိသည် ပဉ္စဒွါရဝီထိမနောဒွါရဝီထိအားဖြင့် (၂)ပါးအပြားရှိ၏။

ပဉ္စဒွါရဝီထိ၏ အပြားများ

[ပြင်ဆင်ရန်]

ထိုတွင် ပဉ္စဒွါရဝီထိသည်လည်း— စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိအားဖြင့် (၅)ပါးအပြားရှိ၏။

ထိုတွင် စက္ခုဒွါရဝီထိသည်လည်း— အာဂန္တုကဘဝင် မကျသောဝီထိ၊ အာဂန္တုကဘဝင်ကျသော ဝီထိအားဖြင့် (၂)ပါးအပြားရှိ၏။

အာဂန္တုကဘဝင် မကျသော စက္ခုဒွါရဝီထိ

[ပြင်ဆင်ရန်]

ထိုတွင် အာဂန္တုကဘဝင်မကျသော ဝီထိသည်— အတိမဟန္တာရုံဝီထိမဟန္တာရုံဝီထိပရိတ္တာရုံဝီထိအတိပရိတ္တာရုံဝီထိအားဖြင့် (၄)ပါးအပြားရှိ၏။

ထိုတွင် အတိမဟန္တာရုံ ဝီထိသည် တဒါရမ္မဏဝါရ၊ ဇဝနဝါရအားဖြင့် (၂)ပါးအပြားရှိ၏။

မဟန္တာရုံဝီထိသည်— အတီတဘဝင် ၂-ကြိမ်လွန်သောဝီထိ၊ အတီတဘဝင် ၃-ကြိမ်လွန်သောဝီထိအားဖြင့် (၂)ပါးအပြားရှိ၏။

ပရိတ္တာရုံဝီထိသည်— အတီတဘဝင် ၄-ကြိမ် လွန်သောဝီထိ ၊ ပ ။ အတီတဘဝင် ၉-ကြိမ်လွန်သော ဝီထိအားဖြင့် (၆)ပါးအပြားရှိ၏။

အတိပရိတ္တာရုံဝီထိသည် အတီတဘဝင် ၁၀-ကြိမ်လွန်သောဝီထိ ၊ ပ ။ အတီတဘဝင် ၁၅-ကြိမ်လွန်သောဝီထိအားဖြင့် (၆)ပါးအပြားရှိ၏။

ဤသို့လျှင် အာဂန္တုကဘဝင်မကျသော ပေါင်း ၁၆-ပါးဖြစ်သတည်း။

အာဂန္တုကဘဝင် ကျသော စက္ခုဒွါရဝီထိ

[ပြင်ဆင်ရန်]

စက္ခုဒွါရဝီထိ အာဂန္တုကဘဝင်ကျသော ဝီထိသည်— အတိမဟန္တာရုံဝီထိ၊ မဟန္တာရုံဝီထိအားဖြင့် (၂)ပါးအပြားရှိ၏။

ထိုတွင်-အတိမဟန္တာရုံ ဝီထိသည် အတီတဘဝင် ၁-ကြိမ်လွန်သော ဝီထိ (၁)ပါးသာတည်း။

မဟန္တာရုံဝီထိ သည်— အတီတဘဝင် ၂-ကြိမ်လွန်သော ဝီထိ၊ အတီတဘဝင် ၃-ကြိမ်လွန်သော ဝီထိအားဖြင့် (၂)ပါးအပြားရှိ၏။

ဤသို့လျှင် အာဂန္တုကဘဝင်ကျသော စက္ခုဒွါရဝီထိပေါင်း (၃)ပါးဖြစ်သတည်း။

စုစုပေါင်း ပဉ္စဒွါရဝီထိ

[ပြင်ဆင်ရန်]

အာဂန္တုကဘဝင် မကျသောဝီထိ၊ အာဂန္တုကဘဝင်ကျသောဝီထိ (၂)ပါးကို ပေါင်းသည်ရှိသော် စက္ခုဒွါရဝီထိ ပေါင်း (၁၆+၃)-၁၉-ပါး ဖြစ်သတည်း။

ထို့အတူ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိတို့သည်လည်း (၁၉)ပါးစီအပြားရှိသောကြောင့် ပဉ္စဒွါရဝီထိ ပေါင်း (၁၉ ×၅)-၉၅-ပါးဖြစ်သတည်း။

ပဉ္စဒွါရဝီထိများ ဖြစ်ရာဘုံနှင့် ပုဂ္ဂိုလ်

[ပြင်ဆင်ရန်]

ဘုံအားဖြင့် ထို(၉၅)ပါးသော ဝီထိတို့တွင် တဒါရမ္မဏဝါရ စက္ခုဒွါရ အတိမဟန္တာရုံ ဝီထိ (၁)၊ အာဂန္တုကဘဝင်ကျသော စက္ခုဒွါရဝီထိ (၃)၊ တဒါရမ္မဏဝါရသောတဒွါရ အတိမဟန္တာရုံဝီထိ (၁)၊ အာဂန္တုကဘဝင်ကျသော သောတဒွါရဝီထိ (၃)၊ ဃာနဒွါရဝီထိ (၁၉)၊ ဇိဝှါဒွါရဝီထိ (၁၉)၊ ကာယဒွါရဝီထိ(၁၉)၊ အားဖြင့် ဤ (၆၅) ဝီထိတို့သည် ကာမ (၁၁)ဘုံတို့၌သာ ဖြစ်ကုန်၏။ ကြွင်းသော ပဉ္စဒွါရ ဝီထိ (၃၀)တို့သည် ပဉ္စဝေါကာရ (၂၆)ဘုံတို့၌ ဖြစ်ကုန်၏။

ပုဂ္ဂိုလ်အားဖြင့် ဤပဉ္စဒွါရဝီထိ (၉၅)ပါးတို့သည် ပုထုဇဉ် ၄-ယောက်၊ ဖလဋ္ဌာန် ၄-ယောက် ပေါင်း (၈)ယောက်တို့၌ ဖြစ်ကုန်၏။

မနောဒွါရဝီထိ၏ အပြားများ

[ပြင်ဆင်ရန်]

မနောဒွါရဝီထိသည်လည်း ကာမဇောဝီထိ၊ အပ္ပနာဇောဝီထိအားဖြင့် (၂)ပါးအပြားရှိ၏။

မနောဒွါရ ကာမဇောဝီထိ

[ပြင်ဆင်ရန်]

ထိုတွင်-ကာမဇောဝီထိသည်လည်း ဝိညတ်ဒွေ လက္ခဏရုပ် (၄)ခုကြဉ်သော သတ္တရသာယုက ဖြစ်ကောင်းသော ပစ္စုပ္ပန်ရုပ် (၂၂)ပါးဟူသော အာရုံ၌ ဝိဘူတာရုံ (၅) ဝီထိ၊ အဝိဘူတာရုံ (၂)ဝီထိ၊ သတ္တရသာယုကမဖြစ်ကောင်းသော ကြွင်းသော ရုပ်၊ နာမ်၊ ပညတ်ဟူသောအာရုံ၌ ဝိဘူတာရုံ (၁) ဝီထိ၊ အဝိဘူတာရုံ (၁)ဝီထိအားဖြင့် (၉)ပါးအပြား ရှိ၏။

ကာမဇောဝီထိ ဖြစ်ရာဘုံနှင့် ပုဂ္ဂိုလ်

[ပြင်ဆင်ရန်]

ဘုံအားဖြင့်— ဝိဘူတာရုံ (၆) ဝီထိတို့သည် ကာမ (၁၁) ဘုံတို့၌သာ ဖြစ်ကုန်၏။ အဝိဘူတာရုံ (၃) ဝီထိတို့သည် အသညသတ် ကြဉ်သော ဘုံ (၃၀)တို့၌ ဖြစ်ကုန်၏။

ပုဂ္ဂိုလ်အားဖြင့် မနောဒွါရဝီထိ (၉)ပါးတို့သည် ပုထုဇဉ် ၄-ယောက်၊ ဖလဋ္ဌာန် ၄-ယောက် ဤ (၈) ယောက်တို့၌ ဖြစ်ကုန်၏။

အိပ်မက်ဝီထိ (အဗျာကတဝီထိ)

[ပြင်ဆင်ရန်]

အိပ်မက်ဝီထိ (သို့မဟုတ်) အဗျာကတဝီထိ “သုပိနေနေဝ ဒိဋ္ဌံ ဝိယ မေ သုတံ ဝိယ မေ”တိ ကထနကာလေပိ အဗျာကတောယေဝ ဟူသော (အဘိ၊ဋ္ဌ၊၂၊၃၉၁) “အဗျာကတောယေဝ အာဝဇ္ဇနမတ္တဿေဝ ဥပ္ပဇ္ဇနတောတိ ဝဒန္တိ ဧဝံ ဝဒန္တေဟိ မနောဒွါရေပိ အာဝဇ္ဇနံ ဒွိတ္တိက္ခတ္တုံ ဥပ္ပဇ္ဇိတွာ ဇဝနဋ္ဌာနေ ဌတွာ ဘဝင်္ဂံ ဩတရတီတိ အဓိပ္ပေတန္တိ ဒဋ္ဌဗ္ဗံ” ဟူသော (မူလဋီ၊၂၊၂၀၁) မနောဒွါရေပီတိ န ပဉ္စဒွါရေယေဝ ဒုတိယေ မောဃဝါရေ၊ အထ ခေါ မနောဒွါရေပိ။ အာဝဇ္ဇနံ ဒွိတ္တိက္ခတ္တံ ။ ပ ။ ဒဋ္ဌဗ္ဗံ ဧကစိတ္တက္ခဏိကဿ အာဝဇ္ဇနဿ ဥပ္ပတ္တိယံ တထာ အသမ္ဘဝတော” ဟူသော (အနုဋီ၊၂၊၂၀၂) တို့နှင့်အညီ အိပ်မက်ထည်းဝယ် မြင်လိုက် သလိုလို ကြားလိုက်သလိုလို ဖြစ်ရာ၌ အာရုံ (၆)ပါးတို့တွင် အမှတ်မထား တစ်ပါးပါးသော အာရုံကို အာရုံပြု၍ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း ၂-ကြိမ်သော်လည်းကောင်း၊ ၃-ကြိမ်သော်လည်းကောင်း ဖြစ်ပြီးလျှင် ဘဝင်ဖြစ်ထိုက်သမျှ ဖြစ်သော အဗျာကတမနောဒွါရ အဝိဘူတာရုံဝီထိ (၁) မျိုးဖြစ်သေး၏။

ထိုဝီထိကိုပါထည့်သွင်း ရေတွက်လျှင် မနောဒွါရကာမဇောဝီထိပေါင်း (၁၀)ပါးဖြစ်သတည်း။

အိပ်မက်ဝီထိ ဖြစ်ရာဘုံနှင့် ပုဂ္ဂိုလ်

[ပြင်ဆင်ရန်]

ဘုံအားဖြင့်— အိပ်မက်ဝီထိသည် လူ့ဘုံ၌သာဖြစ်၏။

ပုဂ္ဂိုလ်အားဖြင့် အိပ်မက်ဝီထိသည် ပုထုဇဉ် ၄-ယောက်၊ သောတာပတ္တိ ဖလဋ္ဌာန်၊ သကဒါဂါမိဖလဋ္ဌာန်၊ အနာဂါမိ ဖလဋ္ဌာန် ဤ (၇) ယောက်တို့၌သာ ဖြစ်၏။

မရဏာသန္နဝီထိ

[ပြင်ဆင်ရန်]

မရဏာသန္နဝီထိသည်လည်း ဤကာမာဝစရဝီထိတို့၌ပင် ထိုက်သည်အားလျော်စွာ ဝင်၏။ ထို့ကြောင့် ယင်းမရဏာသန္နဝီထိသည် ပဉ္စဒွါရဝီထိ၊ မနောဒွါရဝီထိအားဖြင့် (၂)ပါး အပြားရှိ၏။

ပဉ္စဒွါရ မရဏာသန္နဝီထိ

[ပြင်ဆင်ရန်]

ထိုတွင် ပဉ္စဒွါရဝီထိသည်လည်း စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိအားဖြင့် (၅)ပါး အပြားရှိ၏။

ထိုတွင် စက္ခုဒွါရဝီထိသည်လည်း— ဇောနောင်စုတိကျသောဝီထိ စုတိကျသောဝီထိ၊ ဇော၊ ဘဝင်နောင် တဒါရုံနောင် စုတိကျသောဝီထိ၊ တဒါရုံ၊ ဘဝင်နောင် စုတိကျသောဝီထိအားဖြင့် (၄)ပါးအပြားရှိ၏။ ထို့အတူသောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိတို့သည်လည်း (၄)ပါးစီ အပြားရှိသော ပဉ္စဒွါရမရဏာသန္နဝီထိပေါင်းကြောင့် (၅ × ၄)-၂၀ ဖြစ်သတည်း။

(မှတ်ချက်-ဝီထိလက်ရိုးနှင့် ပရမတ္ထသရူပဘေဒနီတို့၌ ဤ ၂၀-သော ပဉ္စဒွါရ မရဏာသန္နဝီထိတို့သည် ကာမဘုံမှစုတေ၍ ကာမဘုံ၌ဖြစ်လတ္တံ့သော ပုထုဇဉ် ၄-ယောက်၊ အောက်ဖလဋ္ဌာန် ၂-ယောက်တို့၌သာ ဖြစ်၏ ဟုဆိုသည်။ ဘာသာဋီကာ၌ကား ထို၂၀-သော ဝီထိတို့တွင် ဇောနောင်စုတိကျသော စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဇော ဘဝင်နောင် စုတိကျသော စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ ဤ (၄)ပါးတို့သည် ဝေဟပ္ဖိုလ်တိုင်အောင်သော ရူပ (၁၀) ဘုံမှ စုတေ၍ ကာမသုဂတိ (၇) ဘုံ၌ ဖြစ်၏ဟုဆို၏)။

မနောဒွါရ မရဏာသန္နဝီထိ

[ပြင်ဆင်ရန်]

မနောဒွါရဝီထိသည်လည်း— ပုထုဇဉ်၊ သေက္ခတို့၏ မရဏာသန္နဝီထိ၊ ရဟန္တာတို့၏ မရဏာသန္နဝီထိအားဖြင့် (၂)ပါးအပြားရှိ၏။

ထိုတွင် ပုထုဇဉ်၊ သေက္ခတို့၏ မရဏာသန္န ဝီထိသည်လည်း-(၁) ကာမ (၁၁) ဘုံမှ စုတေ၍ ကာမ (၁၁) ဘုံ၌ဖြစ်လတ္တံ့သော ပုထုဇဉ် ၄-ယောက်၊ အောက်ဖလဋ္ဌာန် ၂-ယောက်၊ ဤ (၆) ယောက်တို့၏ ဝီထိ။ (၂) ကာမသုဂတိ (၇) ဘုံမှ စုတေ၍ အသညသတ်ကြဉ်သော ရူပ (၁၅) ဘုံ၌ ဖြစ်လတ္တံ့သော တိဟိတ်ပုထုဇဉ်၊ အောက်ဖလဋ္ဌာန် (၃) ယောက်၊ ဤ (၄) ယောက်တို့၏ ဝီထိ။ (၃) ကာမသုဂတိ (၇) ဘုံမှစုတေ၍ အသညသတ်ဘုံ၌ ဖြစ်လတ္တံ့သော တိဟိတ် ပုထုဇဉ်၏ ဝီထိ။ (၄) ကာမသုဂတိ (၇) ဘုံ မှစုတေ၍ အရူပ (၄) ဘုံ၌ဖြစ်လတ္တံ့သော အောက်ဖလဋ္ဌာန် ၃-ယောက်၊ ဤ ၄-ယောက်တို့၏ ဝီထိ။ (၅) အသညသတ်ကြဉ်သော ရူပ (၁၅) ဘုံမှ စုတေ၍ အသညသတ်ကြဉ်သော ရူပ (၁၅) ဘုံ ၌ဖြစ်လတ္တံ့သော တိဟိတ်ပုထုဇဉ်၊ အောက် ဖလဋ္ဌာန် ၃-ယောက်၊ ဤ ၄-ယောက်တို့၏ ဝီထိ။ (၆) ဝေဟပ္ဖိုလ်တိုင်အောင်သော ရူပ (၁၀) ဘုံမှစုတေ၍ ကာမသုဂတိ (၇) ဘုံ၌ ဖြစ်လတ္တံ့သော တိဟိတ်ပုထုဇဉ်၏ ဝီထိ။ (၇) ဝေဟပ္ဖိုလ်တိုင်အောင်သော ရူပ (၁၀) ဘုံ မှစုတေ၍ အရူပ (၄) ဘုံ၌ဖြစ်လတ္တံ့သော တိဟိတ်ပုထုဇဉ်၊ အောက်ဖလဋ္ဌာန် ၃-ယောက်၊ ဤ ၄-ယောက်တို့၏ဝီထိ။ (၈) အရူပ (၄) ဘုံမှစုတေ၍ အရူပ (၄) ဘုံ၌ ဖြစ်လတ္တံ့သော တိဟိတ်ပုထုဇဉ်၊ အောက်ဖလဋ္ဌာန် ၃-ယောက်၊ ဤ ၄-ယောက်တို့၏ဝီထိ။ (၉) အရူပ (၄) ဘုံမှစုတေ၍ ကာမသုဂတိ (၇) ဘုံ၌ ဖြစ်လတ္တံသော တိဟိတ်ပုထုဇဉ်၏ ဝီထိအားဖြင့် (၉)ပါး အပြားရှိ၏။

ထိုတွင် ကာမ (၁၁) ဘုံမှစုတေ၍ ကာမ (၁၁) ဘုံ၌ ဖြစ်လတ္တံသော ပုထုဇဉ် ၄-ယောက်၊ အောက်ဖလဋ္ဌာန် ၂-ယောက်၊ ဤ (၆) ယောက်တို့၏ ဝီထိသည်လည်း-- (၁) ဇောနောင် စုတိကျသော ဝီထိ၊ (၂) ဇော၊ ဘဝင်နောင် စုတိကျသော ဝီထိ၊ (၃) တဒါရုံနောင် စုတိကျသော ဝီထိ၊ (၄) တဒါရုံ၊ ဘဝင်နောင် စုတိကျသော ဝီထိအားဖြင့် (၄)ပါး အပြားရှိ၏။ ကျန်ဝီထိ (၈)ပါးတို့တွင် တစ်ပါးတစ်ပါးသောဝီထိသည်-- (၁) ဇောနောင်စုတိကျသော ဝီထိ၊ (၂) ဇော၊ ဘဝင်နောင် စုတိကျသော ဝီထိအားဖြင့် ၂-ပါးစီ ၂-ပါးစီပြားသောကြောင့် ပုထုဇဉ်၊ သေက္ခတို့၏ မနောဒွါရ-မရဏာသန္နဝီထိပေါင်း (၄+၁၆)-၂၀-ဖြစ်သတည်း။

ရဟန္တာတို့၏ မရဏာသန္နဝီထိသည်လည်း (၁) ကာမဘုံသား ရဟန္တာတို့၏ဝီထိ၊ (၂) ရူပဘုံသား ရဟန္တာတို့၏ ဝီထိ၊ (၃) အရူပ ဘုံသား ရဟန္တာတို့၏ ဝီထိအားဖြင့် (၃)ပါး အပြားရှိ၏။

ထိုတွင် ကာမဘုံသား ရဟန္တာတို့၏ဝီထိသည်လည်း- (၁) ဇောနောင်စုတိကျသော ဝီထိ၊ (၂) ဇော၊ ဘဝင်နောင်စုတိကျသော ဝီထိ၊ (၃) တဒါရုံနောင်စုတိကျသော ဝီထိ၊ (၄) တဒါရုံ၊ ဘဝင်နောင် စုတိကျသော ဝီထိအားဖြင့် (၄)ပါးအပြားရှိ၏။ ကျန်ဝီထိ ၂-ပါးတို့တွင် တစ်ပါးတစ်ပါးသော ဝီထိသည် (၁) ဇောနောင်စုတိကျသော ဝီထိ၊ (၂) ဇော ဘဝင်နောင်စုတိကျသော ဝီထိအားဖြင့် ၂-ပါးစီ ၂-ပါးစီ ပြားသောကြောင့် ရဟန္တာတို့၏ မနောဒွါရမရဏာသန္နဝီထိပေါင်း (၄+၄)-၈-ပါးဖြစ်သတည်း။

စုစုပေါင်း မရဏာသန္နဝီထိ

[ပြင်ဆင်ရန်]

ဤသို့လျှင် ပုထုဇဉ်၊ သေက္ခတို့၏ မရဏာသန္နဝီထိ၊ ရဟန္တာတို့၏ မရဏာသန္နဝီထိ (၂)ပါးကို ပေါင်းသည်ရှိသော် မနောဒွါရမရဏာသန္နဝီထိပေါင်း (၂၀+၈)-၂၈-ပါးဖြစ်သတည်း။ ပဉ္စဒွါရမရဏာသန္နဝီထိ၊ မနောဒွါရမရဏာသန္နဝီထိ (၂)ပါးကို ပေါင်း သည်ရှိသော် မရဏာသန္နဝီထိပေါင်း (၂၀+၂၈)-၄၈-ပါးဖြစ်သတည်း။

မှတ်ချက် ။ ။ အသညသတ်ဘုံမှ စုတေ၍ ကာမသုဂတိ (၇) ဘုံ၌ဖြစ်လတ္တံ့သော သုဂတိအဟိတ်ပုထုဇဉ်၏ ဝီထိကို ဘဝသစ်၌သာ နာမ်ရှိ၍ ဘဝဟောင်း၌ နာမ်မရှိသောကြောင့် ချန်လှပ်ထားခဲ့သည်။ ထိုကိုပါထည့် သွင်းရေတွက်လျှင် မရဏာသန္နဝီထိပေါင်း (၄၉-ပါးဖြစ်၏ဟုမှတ်။

အပ္ပနာဝီထိ

[ပြင်ဆင်ရန်]

အပ္ပနာဝီထိသည်လည်း— ဈာနဝီထိ၊ မဂ္ဂဝီထိ၊ ဖလသမာပတ္တိဝီထိ၊ အဘိညာဝီထိ၊ နိရောဓသမာပတ္တိဝီထိအားဖြင့် (၅)ပါး အပြားရှိ၏။

ဈာနဝီထိ

[ပြင်ဆင်ရန်]

ထိုတွင် ဈာနဝီထိသည်လည်း— အာဒိကမ္မိကဝီထိ၊ သမာပတ္တိဝီထိအားဖြင့် (၂)ပါးအပြားရှိ၏။

အာဒိကမ္မိကဈာနဝီထိ

[ပြင်ဆင်ရန်]

ထိုတွင် အာဒိကမ္မိကဝီထိသည်လည်း— (၁) ရူပပဌမဇ္ဈာနဝီထိ၊ (၂) ရူပဒုတိယဇ္ဈာနဝီထိ၊ (၃) ရူပတတိယဇ္ဈာနဝီထိ၊ (၄) ရူပစတုတ္ထဇ္ဈာနဝီထိ၊ (၅) ရူပပဉ္စမဇ္ဈာနဝီထိ၊ (၆) အာကာသာနဉ္စာယတနာနဝီထိ၊ (၇) ဝိညာဏဉ္စာယတနာနဝီထိ၊ (၈) အာကိဉ္စညာယတနဇ္ဈာနဝီထိ၊ (၉) နေဝသညာနာသညာယတနဇ္ဈာနဝီထိအားဖြင့် (၉)ပါး အပြားရှိ၏။

ထိုတွင် တစ်ပါး တစ်ပါးသည် ကုသိုလ်၊ ကြိယာအားဖြင့် ၂-ပါး စီ ၂-ပါးစီပြားသောကြောင့် ထိုဈာန် (၉)ပါးကို တည်၍ (၂) ဖြင့်မြှောက်လျှင် အာဒိကမ္မိက-ဈာနဝီထိပေါင်း (၉ × ၂)-၁၈-ပါးဖြစ်သတည်း။

ထို(၁၈)ပါးတို့တွင် တစ်ပါးတစ်ပါးသည် တိက္ခပုဂ္ဂိုလ်၏ဝီထိ၊ မန္ဒပုဂ္ဂိုလ်၏ဝီထိအားဖြင့် ၂-ပါးစီ ၂-ပါးစီပြားသောကြောင့် ထိုဈာနဝီထိ (၁၈)ပါးကို တည်၍ (၂) ဖြင့်မြှောက်လျှင် အာဒိကမ္မိကဈာနဝီထိပေါင်း (၁၈ × ၂)-၃၆-ပါးဖြစ်သတည်း။

သမာပတ္တိဈာနဝီထိ

[ပြင်ဆင်ရန်]

ထို့အတူ သမာပတ္တိ ဝီထိသည်လည်း--(၃၆)ပါးပင် အပြားရှိသောကြောင့် အာဒိကမ္မိကဝီထိ၊ သမာပတ္တိဝီထိ ၂-ပါးကို ပေါင်းသည်ရှိသော် ဈာနဝီထိ ပေါင်း (၃၆ × ၂)-၇၂-ပါး ဖြစ်သတည်း။ (ဤ၌ ပဌမဈာန် (၈) ဝီထိ၊ ဒုတိယဈာန် (၈) ဝီထိ၊ တတိယဈာန် (၈) ဝီထိ၊ စတုတ္ထဈာန် (၈) ဝီထိ၊ ပဉ္စမဈာန် (၄၀) ဝီထိတို့ ပါဝင်သတည်း)။

ဈာနဝီထိ ဖြစ်ရာဘုံနှင့် ပုဂ္ဂိုလ်

[ပြင်ဆင်ရန်]

ဘုံအားဖြင့် ထိုဈာနဝီထိ (၇၂)ပါးတို့တွင် ပဌမဇ္ဈာနအာဒိကမ္မိကဝီထိ (၄)ပါးတို့သည် ကာမသုဂတိ (၇) ဘုံ၌သာ ဖြစ်ကုန်၏။ ဒုတိယဇ္ဈာနအာဒိကမ္မိကဝီထိ (၄)ပါး။ တတိယဇ္ဈာနအာဒိကမ္မိကဝီထိ (၄)ပါးတို့သည် ကာမသုဂတိ (၇) ဘုံ၊ ပဌမဈာန် (၃) ဘုံတို့၌သာ ဖြစ်ကုန်၏။ စတုတ္ထဇ္ဈာနအာဒိကမ္မိကဝီထိ (၄)ပါးတို့သည် ကာမသုဂတိ (၇) ဘုံ၊ ပဌမဈာန် (၃) ဘုံ၊ ဒုတိယဈာန် (၃) ဘုံတို့၌သာ ဖြစ်ကုန်၏။ ပဉ္စမဇ္ဈာနအာဒိကမ္မိက ဝီထိသည် ကာမသုဂတိ (၇) ဘုံ၊ ပဌမဈာန် (၃) ဘုံ၊ ဒုတိယဈာန် (၃) ဘုံ၊ တတိယဈာန် (၃) ဘုံတို့၌သာ ဖြစ်ကုန်၏။ အာကာသာနဉ္စာယတနအာဒိကမ္မိကဝီထိ (၄)ပါးတို့သည် ကာမသုဂတိ (၇) ဘုံ၊ အသညသတ်ကြဉ်သော ရူပ (၁၅) ဘုံတို့၌သာဖြစ်ကုန်၏။ ဝိညာဏဉ္ဇာယတနအာဒိကမ္မိကဝီထိ (၄)ပါးတို့သည် ကာမသုဂတိ (၇) ဘုံ၊ အသညတ်ကြဉ်သော ရူပ (၁၅) ဘုံ၊ အာကာသာနဉ္စာယတနဘုံ တို့၌သာ ဖြစ်ကုန်၏။ အာကိဉ္စညာယတနအာဒိကမ္မိကဝီထိ(၄)ပါးတို့သည် ကာမသုဂတိ (၇) ဘုံ၊ အသညသတ်ကြဉ်သော ရူပ (၁၅)ဘုံ၊ အာကာသာနဉ္စာယတနဘုံ၊ ဝိညာဏဉ္စာယတနဘုံတို့၌သာ ဖြစ်ကုန်၏။ နေဝသညာနာသညာယတနအာဒိကမ္မိကဝီထိ (၄)ပါးတို့သည် ကာမသုဂတိ (၇) ဘုံ၊ အသညသတ် ကြဉ်သော ရူပ (၁၅) ဘုံ၊ အာကာသာနဉ္စာယတနဘုံ၊ ဝိညာဏဉ္စာယတနဘုံ၊ အာကိဉ္စညာယတနဘုံတို့၌သာ ဖြစ်ကုန်၏။

သမာပတ္တိဝီထိ၌ကား— ကာမသုဂတိ (၇) ဘုံ၊ အသညသတ်ကြဉ်သော ရူပ (၁၅)ဘုံတို့၌ သမာပတ္တိဝီထိ (၃၆)ပါးလုံးဖြစ်၏။ အာကာသာနဉ္စာယတနဘုံ၌ အရူပသမာပတ္တိ ဝီထိ (၁၆)ပါးတို့သာ ဖြစ်ကုန်၏။ ဝိညာဏဉ္စာယတနဘုံ၌ ဝိညာဏဉ္စာယတနသမာပတ္တိ ဝီထိ (၄)ပါး၊ အာကိဉ္စညာယတနသမာပတ္တိ ဝီထိ (၄)ပါး၊ နေဝသညာနာသညာယတနသမာပတ္တိဝီထိ (၄)ပါး ပေါင်းသမာပတ္တိဝီထိ (၁၂)ပါးတို့သာ ဖြစ်ကုန်၏။ အာကိဉ္စညာယတနဘုံ၌ အာကိဉ္စညာယတနသမာပတ္တိ ဝီထိ (၄)ပါး၊ နေဝသညာနာသညာယတနသမာပတ္တိဝီထိ (၄)ပါး၊ ပေါင်းသမာပတ္တိဝီထိ (၈)ပါးတို့သာ ဖြစ်ကုန်၏။ နေဝသညာနာသညာယတနဘုံ၌ နေဝသညာနာသညာယတနသမာပတ္တိဝီထိ (၄)ပါးတို့သာ ဖြစ်ကုန်၏။

ပုဂ္ဂိုလ်အားဖြင့် ဈာနဝီထိ (၇၂)ပါးတို့သည် တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်၊ ဖလဋ္ဌာန် ပုဂ္ဂိုလ် ၄-ယောက် ဤ (၅) ယောက်တို့၌ ဖြစ်ကုန်၏။

ပစ္စဝေက္ခဏာဝီထိ (ဈာန်နောင်)

[ပြင်ဆင်ရန်]

ထိုဈာနဝီထိတို့၏အဆုံး၌ ထိုက်သည် အားလျော်စွာ ဘဝင်ခြားလျက် ဈာန်အင်္ဂါကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိများ ဖြစ်ကြသေး၏။ ထိုပစ္စဝေက္ခဏာဝီထိတို့သည် ဈာန် အင်္ဂါတစ်ပါး တစ်ပါး၌ တစ်ဝီထိစီ၊ တစ်ဝီထိစီ ရကောင်းသောကြောင့် ပဌမဈာန် (၈) ဝီထိ နောင် (၈ × ၅)-၄၀၊ ဒုတိယဈာန် (၈) ဝီထိ နောင် (၈ × ၄) = ၃၂၊ တတိယဈာန် (၈) ဝီထိနောင် (၈ × ၃)-၂၄၊ စတုတ္ထဈာန် (၈) ဝီထိနောင် (၈ × ၂)-၁၆၊ ပဉ္စမဈာန် ဝီထိ (၄၀) နောင် (၄၀ × ၂)-၈၀-အားဖြင့် ပစ္စဝေက္ခဏာဝီထိပေါင်း (၁၉၂)ပါးဖြစ် သတည်း။

ဘုံ၊ ပုဂ္ဂိုလ်အားဖြင့် ပစ္စဝေက္ခဏာ ဝီထိတို့သည် ဆိုင်ရာ ဈာနဝီထိနှင့်တူစွာ ဖြစ်ကုန်၏။ ဤပစ္စဝေက္ခဏာဝီထိတို့သည် ရှေး၌ဆိုအပ်ခဲ့ပြီးသော ကာမမနောဒွါရဝီထိတို့၌ပင် ထိုက်သည်အားလျော်စွာ ဝင်ကုန်၏။

မှတ်ချက် ။ ။ ဝီထိလက်ရိုးနှင့် ဝီထိပုံတို့၌ အာဒိကမ္မိကဈာနဝီထိ၏ အခြားမဲ့၌သာ ပစ္စဝေက္ခဏာဝီထိကို ဆို၏။ ပရမတ္ထသရူပဘေဒနီနှင့် ဘာသာဋီကာတို့၌ကား သမာပတ္တိဝီထိ၏ အခြားမဲ့၌လည်း ပစ္စဝေက္ခဏာဝီထိကို ဆို၏။

မဂ္ဂဝီထိ

[ပြင်ဆင်ရန်]

မဂ္ဂဝီထိသည်-သောတာပတ္တိမဂ္ဂဝီထိ၊ သကဒါဂါမိမဂ္ဂဝီထိ၊ အနာဂါမိမဂ္ဂဝီထိ၊ အရဟတ္တမဂ္ဂဝီထိအားဖြင့် (၄)ပါးအပြားရှိ၏။

ထိုတွင် သောတာပတ္တိမဂ္ဂဝီထိသည်လည်း ပဌမဇ္ဈာနဝီထိ၊ ဒုတိယဇ္ဈာနဝီထိ၊ တတိယဇ္ဈာနဝီထိ၊ စတုတ္ထာဇ္ဈာနဝီထိ၊ ပဉ္စမဇ္ဈာနဝီထိအားဖြင့် (၅)ပါး အပြားရှိ၏။

ထိုတွင် တစ်ပါး တစ်ပါး၌ တိက္ခပုဂ္ဂိုလ်၏ဝီထိ၊ မန္ဒပုဂ္ဂိုလ်၏ ဝီထိအားဖြင့် ၂-ပါးစီ ၂-ပါးစီပြားသောကြောင့် ဈာန်၏အစွမ်းအားဖြင့် ပြားသော သောတာပတ္တိမဂ္ဂဝီထိ (၅)ပါးကိုတည်၍ (၂) ဖြင့် မြှောက်လျှင် (၁၀) ဖြစ်၏။ ယင်းသောတာပတ္တိ မဂ္ဂဝီထိ (၁၀)ပါးတို့တွင် တစ်ပါးတစ်ပါး၌ ပါဒကဈာန်၊ သမ္မသိတဈာန်၊ ပုဂ္ဂလဇ္ဈာသယတို့၏အစွမ်းအားဖြင့် (၃)ပါးစီ (၃)ပါးစီပြားသောကြောင့် (၁၀) ကိုတည်၍ (၃) ဖြင့် မြှောက်လျှင် သောတာပတ္တိမဂ္ဂဝီထိပေါင်း (၃၀) ဖြစ်သတည်း။ ထို့အတူ အထက်မဂ် (၃)ပါးတို့သည်လည်း (၃၀) စီပြားသောကြောင့် မဂ္ဂဝီထိပေါင်း (၃၀ × ၄)-၁၂၀-ဖြစ်သတည်း။

မဂ္ဂဝီထိ ဖြစ်ရာဘုံနှင့် ပုဂ္ဂိုလ်

[ပြင်ဆင်ရန်]

ဘုံအားဖြင့် သောတာပတ္တိမဂ္ဂဝီထိ (၃၀)တို့သည် ကာမသုဂတိ (၇) ဘုံ၊ ဝေဟပ္ဖိုလ်တိုင်အောင်သော ရူပါဝစရ (၁၀) ဘုံ၊ ပေါင်း (၁၇) ဘုံတို့၌ဖြစ်ကုန်၏။ သကဒါဂါမိမဂ္ဂဝီထိ (၃၀)၊ အနာဂါမိမဂ္ဂဝီထိ (၃၀)တို့သည် ထို(၁၇) ဘုံအပြင် အရူပ (၄) ဘုံတို့၌လည်း ဖြစ်ကုန်၏။ အရဟတ္တမဂ္ဂဝီထိ (၃၀)တို့သည် ထို(၂၁) ဘုံအပြင် သုဒ္ဓါဝါသ (၅) ဘုံတို့၌လည်း ဖြစ်ကုန်၏။

မှတ်ချက်။ ။ အရူပ (၄) ဘုံတို့၌ သကဒါဂါမိမဂ္ဂဝီထိ (၃၀)၊ အနာဂါမိမဂ္ဂ ဝီထိ (၃၀)၊ အရဟတ္တမဂ္ဂဝီထိ (၃၀) တို့ဖြစ်ကုန်၏ဟု ဆိုသော်လည်း အမှန်မှာ အရူပဘုံ၌ သကဒါဂါမိမဂ္ဂဝီထိ စသည်တို့သည် (၃၀)လုံး ဖြစ်သည်မဟုတ်၊ အရူပဘုံ၌ ပဉ္စမဈာန်တစ်ပါး သာရှိ၍ သကဒါဂါမိမဂ္ဂပဉ္စမဇ္ဈာနဝီထိကို တည်၍ တိက္ခ၊ မန္ဒပုဂ္ဂိုလ် ၂-ယောက်ဖြင့် မြှောက်လျှင် (၂) ဖြစ်၏။ ထိုကိုတည်၍ ပါဒကဈာန်၊ သမ္မသိတဈာန်၊ ပုဂ္ဂလဇ္ဈာသယ (၃)ပါးတို့ဖြင့် မြှောက်လျှင် (၆) ဖြစ်၏။ ဤသို့ သကဒါဂါမိမဂ္ဂဝီထိ (၆)ပါး၊ အနာဂါမိမဂ္ဂဝီထိ (၆)ပါး၊ အရဟတ္တမဂ္ဂဝီထိ (၆)ပါးတို့သာ ဖြစ်ကုန်၏။

ပုဂ္ဂိုလ်အားဖြင့် သောတာပတ္တိမဂ္ဂဝီထိ (၃၀)တို့သည် တိဟိတ်ပုထုဇဉ်၊ သောတာပတ္တိမဂ္ဂဋ္ဌာန်၊ သောတာပတ္တိဖလဋ္ဌာန်၊ ဤ (၃) ယောက်တို့၌ ဖြစ်ကုန်၏။ သကဒါဂါမိမဂ္ဂဝီထိ (၃၀)တို့သည် သောတာပတ္တိဖလဋ္ဌာန်၊ သကဒါဂါမိမဂ္ဂဋ္ဌာန်၊ သကဒါဂါမိဖလဋ္ဌာန်၊ ဤ (၃) ယောက်တို့၌ဖြစ်ကုန်၏။ အနာဂါမိမဂ္ဂဝီထိ (၃၀)တို့သည် သကဒါဂါမိဖလဋ္ဌာန်၊ အနာဂါမိမဂ္ဂဋ္ဌာန်၊ အနာဂါမိဖလဋ္ဌာန်၊ ဤ (၃) ယောက်တို့၌ ဖြစ်ကုန်၏။ အရဟတ္တမဂ္ဂဝီထိ (၃၀)တို့သည် အနာဂါမိဖလဋ္ဌာန်၊ အရဟတ္တမဂ္ဂဋ္ဌာန်၊ အရဟတ္တဖလဋ္ဌာန်၊ ဤ (၃) ယောက်တို့၌ ဖြစ်ကုန်၏။

ပစ္စဝေက္ခဏာဝီထိ (မဂ်/ဖိုလ်နောင်)

[ပြင်ဆင်ရန်]

ထိုမဂ္ဂဝီထိတို့၏အဆုံး၌ ထိုက်သည်အားလျော်စွာ ဘဝင်ခြားလျက် မဂ်၊ ဖိုလ်၊ ပဟီနကိလေသာ၊ အဝသိဋ္ဌကိလေသာ၊ နိဗ္ဗာန်တို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိများဖြစ်ကြသေး၏။ ထိုပစ္စဝေက္ခဏာဝီထိတို့သည် အကျဉ်းအားဖြင့် အောက်မဂ် (၃) ခုနောင် မဂ်ကိုဆင်ခြင်သော ဝီထိ၊ ဖိုလ်ကိုဆင်ခြင်သောဝီထိ၊ ပဟီနကိလေသာကို ဆင်ခြင်သော ဝီထိ၊ အဝသိဋ္ဌကိလေသာကို ဆင်ခြင်သော ဝီထိ၊ နိဗ္ဗာန်ကို ဆင်ခြင်သောဝီထိအားဖြင့် ၅-ဝီထိစီ၊ အရဟတ္တမဂ်နောင် မဂ်ကိုဆင်ခြင်သောဝီထိ၊ ဖိုလ်ကိုဆင်ခြင်သော ဝီထိ၊ ပဟီနကိလေသာ ကိုဆင်ခြင်သော ဝီထိ၊ နိဗ္ဗာန်ကိုဆင်ခြင်သော ဝီထိအားဖြင့် ၄-ဝီထိ ရကောင်းသောကြောင့် ပစ္စဝေက္ခဏာဝီထိပေါင်း (၁၉)ပါးဖြစ်သတည်း။

အကျယ်အားဖြင့်ကား-သောတာပတ္တိမဂ် တစ်ပါးတစ်ပါးနောင် (၅) ဝီထိစီ ဖြစ်၍ သောတာပတ္တိမဂ် (၃၀) နောင် (၃၀ × ၅)-၁၅၀-ဖြစ်၏။ ထို့အတူ သကဒါဂါမိမဂ်နောင် (၁၅၀)၊ အနာဂါမိမဂ်နောင် (၁၅၀)၊ အရဟတ္တ မဂ်နောင် (၁၂၀)အားဖြင့် ပစ္စဝေက္ခဏာဝီထိ ပေါင်း (၅၇၀) ဖြစ်သတည်း။ ဤ ပစ္စဝေက္ခဏာ ဝီထိတို့သည် ရှေး၌ ဆိုအပ်ခဲ့ပြီးသော ကာမမနောဒွါရဝီထိတို့၌ပင် ထိုက်သည် အားလျော်စွာ ဝင်ကုန်၏။ ဘုံ၊ ပုဂ္ဂိုလ်အားဖြင့် ဤပစ္စဝေက္ခဏာဝီထိတို့သည် ဆိုင်ရာမဂ်နှင့် တူစွာဖြစ်ကုန်၏။

ဖလသမာပတ္တိဝီထိ

[ပြင်ဆင်ရန်]

ဝီထိလက်ရိုး၌ သောတာပတ္တိဖလသမာပတ္တိဝီထိ၊ သကဒါဂါမိဖလသမာပတ္တိဝီထိ၊ အနာဂါမိဖလသမာပတ္တိဝီထိ၊ အရဟတ္တဖလ သမာပတ္တိဝီထိအားဖြင့် ဖလသမာပတ္တိဝီထိ (၄)ပါးအပြားရှိသည်၏ အဖြစ်ကိုသာ ဆို၏။ ဘာသာဋီကာ၌ကား-ဖိုလ် (၄)ပါးကိုတည်၍ ပဌမဈာန်စသော ဈာန် (၅)ပါးတို့ဖြင့် မြှောက်လျှင် (၄ × ၅)-၂၀ဖြစ်၏။ ယင်းကိုတည်၍ ခိပ္ပါဘိည၊ ဒန္ဓာဘိညပုဂ္ဂိုလ် (၂)ပါးဖြင့် မြှောက်လျှင် (၂၀ × ၂)-၄၀-ဖြစ်၏။ ဤသို့ ဖလသမာပတ္တိဝီထိ (၄၀) အပြားရှိသည်၏ အဖြစ်ကိုဆို၏။ ပရမတ္ထသရူပဘေဒနီ၌ကား ဖလသမာပတ္တိဝီထိသည်လည်း မဂ္ဂဝီထိအတူပင် (၁၂၀) အပြားရှိ၏ဟုဆို၏။

ဖလသမာပတ္တိဝီထိ ဖြစ်ရာဘုံနှင့် ပုဂ္ဂိုလ်

[ပြင်ဆင်ရန်]

ဘုံအားဖြင့် သောတာပတ္တိဖလသမာပတ္တိဝီထိ (၃၀)၊ သကဒါဂါမိဖလသမာပတ္တိဝီထိ (၃၀)တို့သည် ကာမသုဂတိ (၇) ဘုံ၊ ဝေဟပ္ဖိုလ် တိုင်အောင်သော ရူပါဝစရ (၁၀) ဘုံ၊ အရူပ (၄) ဘုံ၊ ဤ (၂၁) ဘုံတို့၌သာ ဖြစ်ကုန်၏။ အနာဂါမိဖလသမာပတ္တိဝီထိ (၃၀)၊ အရဟတ္တဖလသမာပတ္တိဝီထိ (၃၀)တို့သည် ထို(၂၁)ဘုံ အပြင် သုဒ္ဓါဝါသ (၅) ဘုံတို့၌လည်းဖြစ်ကုန်၏။

ပုဂ္ဂိုလ်အားဖြင့် သောတာပတ္တိဖလသမာပတ္တိ ဝီထိ (၃၀)တို့သည် သောတာပတ္တိဖလဋ္ဌာန် ပုဂ္ဂိုလ်၌သာဖြစ်ကုန်၏။ ပ ။ အရဟတ္တဖလ သမာပတ္တိဝီထိ (၃၀)တို့သည် အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်၌သာဖြစ်ကုန်၏။

စုစုပေါင်း လောကုတ္တရာ အပ္ပနာဝီထိ

[ပြင်ဆင်ရန်]

ဤသို့လျှင် မဂ္ဂဝီထိ (၁၂၀)၊ ဖလသမာပတ္တိဝီထိ (၁၂၀)တို့ကို ပေါင်းသည်ရှိသော် လောကုတ္တရာ အပ္ပနာဝီထိပေါင်း (၁၂၀ × ၂)-၂၄၀-ဖြစ်သတည်း။

စုစုပေါင်း အပ္ပနာဝီထိ

[ပြင်ဆင်ရန်]

ဈာနအပ္ပနာဝီထိ (၇၂)၊ လောကုတ္တရာ အပ္ပနာဝီထိ (၂၄၀)တို့ကို ပေါင်းသည်ရှိသော် အပ္ပနာဝီထိပေါင်း (၇၂+၂၄၀)-၃၁၂-ဖြစ်သတည်း။

စုစုပေါင်း မနောဒွါရဝီထိ

[ပြင်ဆင်ရန်]

မနောဒွါရကာမဇောဝီထိ (၁၀) အပ္ပနာဝီထိ (၃၁၂)တို့ကိုပေါင်းသည်ရှိသော် မနောဒွါရဝီထိပေါင်း (၁၀+၃၁၂)-၃၂၂ ဖြစ်သတည်း။

ဝီထိ စုစုပေါင်း

[ပြင်ဆင်ရန်]

ပဉ္စဒွါရဝီထိ (၉၅)၊ မနောဒွါရ ဝီထိ (၃၂၂)တို့ကို ပေါင်းသည်ရှိသော် ဝီထိ စုစုပေါင်း (၉၅+၃၂၂)-၄၁၇-ဖြစ်သတည်း။

မှတ်ချက်။ ။ ဆိုအပ်ခဲ့ပြီးသော မရဏာသန္နဝီထိ၊ ပစ္စဝေက္ခဏာဝီထိ (၂) မျိုး၊ ဆိုအပ်လတ္တံ့သော အဘိညာဉ်ဝီထိ၊ နိရောဓ သမာပတ္တိဝီထိ၊ အနုဝတ္တကဝီထိတို့သည် ဤ ဆိုအပ်ခဲ့ပြီးသော (၄၁၇) ဝီထိတို့၌ ထိုက်သည် အားလျော်စွာ အကျုံးဝင်ပြီးဖြစ်သောကြောင့် ၎င်းတို့ကို သီးခြားမရေတွက်တော့ပေ။

အဘိညာဉ်ဝီထိ

[ပြင်ဆင်ရန်]

အဘိညာဉ်ဝီထိ၊ နိရောဓသမာပတ္တိဝီထိတို့သည်လည်း (မဟဂ္ဂတ) ဈာနဝီထိ၌ပင် အတွင်းဝင်၏။ သို့သော်လည်း ဖြစ်ဟန်ထူး သောကြောင့်သာ အသီးထုတ်၍ ဆိုရလေသည်။

အဘိညာဉ်ဝီထိသည် ဒိဗ္ဗစက္ခုအဘိညာဉ်ဝီထိ၊ ဒိဗ္ဗသောတအဘိညာဉ်ဝီထိ၊ ဣဒ္ဓိဝိဓအဘိညာဉ်ဝီထိ၊ ပရစိတ္တဝိဇာနနအဘိညာဉ်ဝီထိ၊ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ဝီထိ၊ ယထာကမ္မူပဂအဘိညာဉ် ဝီထိ၊ အနာဂတံသအဘိညာဉ်ဝီထိအားဖြင့် (၇)ပါးအပြားရှိ၏။

ထိုတွင် တစ်ပါးတစ်ပါး၌ ပရိကမ္မပါဒကဗျာနဝီထိ၊ ပရိကမ္မဝီထိ၊ အဘိညာပါဒကဈာနဝီထိ၊ အဘိညာဝီထိအားဖြင့် (၄)ပါးစီ အပြားရှိသောကြောင့် အဘိညာဉ်ဝီထိပေါင်း (၇ × ၄)-၂၈-ပါး ဖြစ်သတည်း။

နိရောဓသမာပတ္တိဝီထိ

[ပြင်ဆင်ရန်]

နိရောဓသမာပတ္တိဝီထိသည်— ကာမပုဂ္ဂိုလ်၏ နိရောဓသမာပတ္တိဝီထိ၊ ရူပပုဂ္ဂိုလ်၏ နိရောဓသမာပတ္တိဝီထိအားဖြင့် (၂)ပါး အပြားရှိ၏။

ထိုတွင် ကာမပုဂ္ဂိုလ်၏ နိရောဓသမာပတ္တိဝီထိသည်လည်း အနာဂါမ်ပုဂ္ဂိုလ်၏ ဝီထိ၊ ရဟန္တာပုဂ္ဂိုလ်၏ ဝီထိအားဖြင့် (၂)ပါး အပြားရှိ၏။ ထိုတွင် အနာဂါမ်ပုဂ္ဂိုလ်၏ဝီထိသည်လည်း တိက္ခပုဂ္ဂိုလ်၏ ဝီထိ၊ မန္ဒပုဂ္ဂိုလ်၏ ဝီထိအားဖြင့် (၂)ပါး အပြားရှိ၏။ ထို့အတူ ရဟန္တာပုဂ္ဂိုလ်၏ဝီထိသည်လည်း တိက္ခပုဂ္ဂိုလ်၏ဝီထိ၊ မန္ဒပုဂ္ဂိုလ်၏ဝီထိအားဖြင့် (၂)ပါးပင် အပြားရှိသောကြောင့် ကာမပုဂ္ဂိုလ်၏နိရောဓ သမာပတ္တိဝီထိပေါင်း (၂ × ၂)-၄-ပါးဖြစ် သတည်း။ ထို့အတူ ရူပပုဂ္ဂိုလ်၏ဝီထိသည်လည်း (၄)ပါးပင် အပြားရှိသောကြောင့် နိရောဓသမာပတ္တိဝီထိပေါင်း (၄ × ၂)-၈-ပါး ဖြစ်သတည်း။

နိရောဓသမာပတ္တိဝီထိ ဖြစ်ရာဘုံနှင့် ပုဂ္ဂိုလ်

[ပြင်ဆင်ရန်]

ဘုံအားဖြင့် နိရောဓသမာပတ္တိဝီထိတို့သည် ကာမသုဂတိ (၇) ဘုံ၊ အသညသတ် ကြဉ်သော ရူပ (၁၅)ဘုံ၊ ဤ (၂၂)ဘုံတို့၌သာ ဖြစ်ကုန်၏။

ပုဂ္ဂိုလ်အားဖြင့် အနာဂါမိဖလဋ္ဌာန်၊ အရဟတ္တဖလဋ္ဌာန် ဤ (၂) ယောက်တို့၌သာ ဖြစ်ကုန်၏။

အနုဝတ္တကဝီထိများ

[ပြင်ဆင်ရန်]

ဆိုအပ်ခဲ့ပြီးသော ဝီထိများအပြင် အနုဝတ္တကခေါ်ဆိုင်ရာဝီထိတို့၏ နောက်လိုက် ဝီထိများလည်း ရှိကြသေးသည်။ ထိုအနုဝတ္တက ဝီထိတို့သည် ပဉ္စဒွါရိကာနုဝတ္တကဝီထိ၊ ဝိညတျာနုဝတ္တကဝီထိအားဖြင့် ၂-ပါးအပြား ရှိ၏။

ပဉ္စဒွါရိကာနုဝတ္တကဝီထိ

[ပြင်ဆင်ရန်]

ထိုတွင် ပဉ္စဒွါရိကာနုဝတ္တကဝီထိသည်လည်း စက္ခုဒွါရိကာနုဝတ္တကဝီထိ၊ သောတဒွါရိကာနုဝတ္တကဝီထိ၊ ဃာနဒွါရိကာနုဝတ္တကဝီထိ၊ ဇိဝှါဒွါရိကာနုဝတ္တကဝီထိ၊ ကာယဒွါရိကာနုဝတ္တကဝီထိအားဖြင့် ၅-ပါး အပြားရှိ၏။

ထိုတွင် စက္ခုဒွါရိကာနုဝတ္တကဝီထိသည်လည်း အတိတ်ရူပါရုံကို အာရုံပြုသော အတီတဂ္ဂဟဏမနောဒွါရဝီထိ၊ ရူပါရုံအပေါင်းကို အာရုံပြုသော သမူဟဂ္ဂဟဏမနောဒွါရဝီထိ၊ အထည်ကိုယ်ဒြပ်ကို အာရုံပြုသော အတ္ထဂ္ဂဟဏမနောဒွါရဝီထိ၊ အမည်နာမပညတ်ကို အာရုံပြုသော နာမဂ္ဂဟဏမနောဒွါရ ဝီထိအားဖြင့် ၄-ပါး အပြားရှိ၏။

သောတဒွါရိကာနုဝတ္တကဝီထိသည်လည်း (ဂေါအစရှိသော ဧကက္ခရသဒ္ဒါ၌) အတိတ်သဒ္ဒါရုံကို အာရုံပြုသော အတီတဂ္ဂဟဏမနောဒွါရဝီထိ၊ ဂေါ-ဟူသော အမည် နာမပညတ်ကို အာရုံပြုသော နာမဂ္ဂဟဏမနောဒွါရဝီထိ၊ နွားဟူသော အထည်ဒြပ်ကို အာရုံပြုသော အတ္ထဂ္ဂဟဏမနောဒွါရဝီထိအားဖြင့် ၃-ဝီထိဖြစ်၏။

(ဃဋ-အစရှိသော ဒွက္ခရသဒ္ဒါ၌) ဃ-ဟူသော အတိတ်သဒ္ဒါရုံကို အာရုံပြုသော အတီတဂ္ဂဟဏမနောဒွါရဝီထိ၊ ဋ-ဟူသော အတိတ်သဒ္ဒါရုံကို အာရုံပြုသော အတီတဂ္ဂဟဏမနောဒွါရဝီထိ၊ ယဋ-ဟူသော အတိတ် သဒ္ဒါရုံအပေါင်းကို အာရုံပြုသော သမူဟဂ္ဂဟဏမနောဒွါရဝီထိ၊ ဃဋ-ဟူသော အမည် နာမပညတ်ကို အာရုံပြုသော နာမဂ္ဂဟဏမနောဒွါရဝီထိ၊ အိုးဟူသော အထည်ကိုယ် ဒြပ်ကို အာရုံပြုသော အတ္ထဂ္ဂဟဏမနောဒွါရ ဝီထိအားဖြင့် ၅-ဝီထိဖြစ်၏။

(ပုရိသ-အစရှိသော တျက္ခရသဒ္ဒါ၌) ပု-ဟူသော အတိတ်သဒ္ဒါရုံကို အာရုံပြုသော အတီတဂ္ဂဟဏမနောဒွါရဝီထိ၊ ရိ-ဟူသော အတိတ်သဒ္ဒါရုံကို အာရုံပြုသော အတီတဂ္ဂဟဏမနောဒွါရဝီထိ၊ သ-ဟူသော အတိတ် သဒ္ဒါရုံကိုအာရုံပြုသော အတီတဂ္ဂဟဏမနောဒွါရဝီထိ၊ ပုရိသ-ဟူသော အတိတ်သဒ္ဒါရုံ အပေါင်းကို အာရုံပြုသော သမူဟဂ္ဂဟဏ မနောဒွါရဝီထိ၊ ပုရိသ-ဟူသော အမည်နာမ ပညတ်ကိုအာရုံပြုသော နာမဂ္ဂဟဏမနောဒွါရ ဝီထိ၊ ယောက်ျားဟူသော အထည်ကိုယ်ဒြပ် ကိုအာရုံပြုသော အတ္ထဂ္ဂဟဏမနောဒွါရဝီထိအားဖြင့် ၆-ဝီထိဖြစ်၏။ ဤသို့စသည်ဖြင့် အက္ခရာတစ်လုံး တိုးတိုင်း အတီတဂ္ဂဟဏမနောဒွါရ တစ်ဝီထိတိုး၍ ဖြစ်၏။

ဃာနဒွါရိကာနုဝတ္တကဝီထိ၊ ဇိဝှါဒွါရိကာနုဝတ္တကဝီထိ၊ ကာယဒွါရိကာနုဝတ္တကဝီထိတို့သည်လည်း တစ်ပါးတစ်ပါး၌ စက္ခုဒွါရိကာနုဝတ္တကဝီထိကဲ့သို့ပင် အတီတဂ္ဂဟဏမနောဒွါရဝီထိ၊ သမူဟဂ္ဂဟဏမနောဒွါရဝီထိ၊ အတ္ထဂ္ဂဟဏမနောဒွါရဝီထိ၊ နာမဂ္ဂဟဏမနောဒွါရဝီထိအားဖြင့် ၄-ပါးစီအပြားရှိကုန်၏။

ဝိညတျာနုဝတ္တကဝီထိ

[ပြင်ဆင်ရန်]

ဝိညာတျာနုဝတ္တကဝီထိသည်လည်း— ကာယဝိညတျာနုဝတ္တကဝီထိ၊ ဝစီဝိညတျာနုဝတ္တကဝီထိအားဖြင့် ၂-ပါး အပြားရှိ၏။

ထိုတွင် ကာယဝိညာတျာနုဝတ္တကဝီထိသည်လည်း အတိတ်ရူပါရုံကို အာရုံပြုသော အတီတဂ္ဂဟဏမနောဒွါရဝီထိ၊ ရူပါရုံအပေါင်း ကိုအာရုံပြုသော သမူဟဂ္ဂဟဏမနောဒွါရဝီထိ၊ အထည်ကိုယ်ဒြပ်ကို အာရုံပြုသော အတ္ထဂ္ဂဟဏမနောဒွါရဝီထိ၊ ကာယဝိညတ်ကို အာရုံပြုသော ဝိညတ္တိဂ္ဂဟဏမနောဒွါရဝီထိ၊ ဝိညတ်ပြုသောပုဂ္ဂိုလ်၏ အလိုဆန္ဒကို အာရုံပြုသော အဓိပ္ပါယဂ္ဂဟဏမနောဒွါရဝီထိအားဖြင့် ၅-ပါးအပြားရှိ၏။

ဝစီဝိညတျာနုဝတ္တကဝီထိသည်လည်း-(ဧကက္ခရသဒ္ဒါ၌) အတိတ်သဒ္ဒါရုံကို အာရုံပြုသော အတီတဂ္ဂဟဏမနောဒွါရဝီထိ၊ အမည် နာမပညတ်ကို အာရုံပြုသော နာမဂ္ဂဟဏမနောဒွါရဝီထိ၊ အထည်ကိုယ်ဒြပ်ကို အာရုံပြုသော အတ္ထဂ္ဂဟဏမနောဒွါရဝီထိ၊ ဝစီဝိညတ်ကို အာရုံပြုသော ဝိညတ္တိဂ္ဂဟဏ-မနောဒွါရဝီထိ၊ ဝိညတ်ပြုသောပုဂ္ဂိုလ်၏ အလိုဆန္ဒကိုအာရုံပြုသော အဓိပ္ပါယဂ္ဂဟဏမနောဒွါရဝီထိအားဖြင့် ၅-ပါး အပြားရှိ၏။ (ဒွက္ခရသဒ္ဒါ၌) တစ်လုံးတစ်လုံးသော အက္ခရာ ဟူသော အတိတ်သဒ္ဒါရုံကို အာရုံပြုသော အတီတဂ္ဂဟဏမနောဒွါရ ၂-ဝီထိ၊ အက္ခရာ (၂) လုံးဟူသော အတိတ်သဒ္ဒါရုံအပေါင်းကို အာရုံပြုသော သမူဟဂ္ဂဟဏမနောဒွါရဝီထိ၊ အမည်နာမပညတ်ကို အာရုံပြုသော နာမဂ္ဂဟဏမနောဒွါရဝီထိ၊ အထည်ကိုယ်ဒြပ် ကိုအာရုံပြုသော အတ္ထဂ္ဂဟဏမနောဒွါရဝီထိ၊ ဝစီဝိညတ်ကို အာရုံပြုသော ဝိညတ္တိဂ္ဂဟဏ-မနောဒွါရဝီထိ၊ ဝိညတ်ပြုသောပုဂ္ဂိုလ်၏ အလိုဆန္ဒကိုအာရုံပြုသော အဓိပ္ပါယဂ္ဂဟဏမနောဒွါရဝီထိအားဖြင့် ၇-ပါးအပြားရှိ၏။

ဤသို့စသည်ဖြင့် အက္ခရာတစ်လုံးတိုးတိုင်း အတီတဂ္ဂဟဏမနောဒွါရ တစ်ဝီထိတိုး၍ ဖြစ်၏။ ဤအနုဝတ္တကဝီထိတို့သည် ရှေး၌ဆိုအပ်ခဲ့ပြီးသော ကာမမနောဒွါရဝီထိတို့၌ပင် ထိုက်သည်အားလျော်စွာ ဝင်ကုန်၏။ []

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. စက္ခုဒွါရေ ပဝတ္တာ ဝီထိ စိတ္တပရမ္ပရာ စက္ခုဒွါရဝီထိတျာဒိနာ... ဝုတ္တံ။ ဝိဘာဝိနီ၊၁၃၈။ တတ္ထ စိတ္တပရမ္ပရာတိ အာဝဇ္ဇနာဒီနံ စိတ္တာနံ ပဋိပါဋိ ပဝေဏီ။ ဧတေန ဝီထိသဒ္ဒဿ ပန္တုတ္ထံ ဒဿတိ။ မဏိမဉ္ဇူ၊၁၊၄၃၀။ ဝီထိစိတ္တ-စသောပုဒ်တို့ လည်းကြည့်။
  2. ဝီထိလက်ရိုး ပရမတ္ထသရူပဘေဒနီ၊ ဘာသာဋီကာ)။