ဝီထိ

ဝီကီပီးဒီးယား မှ

ဝီထိ၏ အဓိပ္ပာယ်

ဝီထိသဒ္ဒါသည် “အစဉ်အတန်း”ကို ဟော၏။ လူတို့၏သွားလာရာ ခရီးစဉ်သည် ရွာစဉ်ကို မကျော်ဘဲ တစ်ရွာပြီးတစ်ရွာ အစဉ်အတိုင်းဖြတ်သန်း သွားသကဲ့သို့ ထို့အတူ စိတ္တနိယာမအရ စိတ်တို့၏ ဖြစ်စဉ်သည် ဖြစ်သင့်သော စိတ်အစဉ်တို့ကို မကျော်မူဘဲ စိတ်တစ်ခုပြီးတစ်ခု အစဉ်အတိုင်းဖြစ်ပျက်ရ၏။

ဥပမာ မျက်စိအကြည်ဓာတ်၌ အဆင်းအာရုံ ထင်ပေါ်လာသောအခါ ပထမထိုအာရုံကို ဆင်ခြင်နှလုံးသွင်းသော ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်ရ၏။ ထိုနောက် ထင်လာသောရူပါရုံကို မြင်သော စက္ခုဝိညာဏ်စိတ်ဖြစ်ရ၏။ မြင်ရုံသာ မြင်သေး၏၊ မည်သည့်အဆင်းဟူ၍ မသိသေးချေ။ ထို့ကြောင့် စက္ခုဝိညာဏ် မြင်လိုက်သည့် ရူပါရုံကို လက်ခံယူသော သမ္ပဋိစ္ဆိုန်းစိတ် ဆက်လက်ဖြစ်ရ၏။ ထို့နောက် ထိုရူပါရုံကို စုံစမ်းသော သန္တီရဏစိတ်ဖြစ်၏။ ထို့နောက် “ဤရူပါရုံသည် မည်သည့်အရာပဲ”ဟု အာရုံကို ဆုံးဖြတ်သော မနောဒွါရာဝဇ္ဇန်းစိတ် (ဝုဋ္ဌောစိတ်) ဖြစ်၏။ ထို့နောက် အာရုံကို ပိုင်းပိုင်းခြားခြားသိလျက် အာရုံ၏ အရသာကို ခံစားသော ဇောစိတ်တို့သည် အရှိန်အဟုန်နှင့် ဖြစ်၏။ ထို့နောက် ဇောစိတ်၏အဟုန်ကြောင့် ဇောအစဉ်နောက်သို့ လိုက်သော တဒါရုံစိတ် ဖြစ်ပေါ်၏။ ထို့နောက် မြင်သိခြင်း ကိစ္စပြီးဆုံးပြီဖြစ်၍ ဘဝင်စိတ်သည် ဖြစ်မြဲအတိုင်း ဆက်လက်ဖြစ်သွားရ၏။

ဤသို့ ဒွါရ ၆-ပါး၌ထင်လာသော အာရုံတစ်ခုစီကို သိနိုင်ရန် ပဉ္စဒ္ဓါရာဝဇ္ဇန်း, စက္ခုဝိညာဏ်စသည်ဖြင့် ဖြစ်ပေါ်ရသော စိတ်အစဉ်တစ်ခုစီကို ဝီထိဟု ခေါ်သည်။

ဝီထိမုတ်စိတ်များ[ပြင်ဆင်ရန်]

တစ်ဘဝ၌ ပထမဆုံးဖြစ်သောစိတ်ကို ပဋိသန္ဓေစိတ်ဟု ခေါ်၏။ ထိုပဋိသန္ဓေစိတ်သည် ကံ, ကမ္မနိမိတ်, ဂတိနိမိတ် သုံးမျိုးတွင်တစ်မျိုးမျိုးကို အာရုံပြု၏။ ပဋိသန္ဓေစိတ် ချုပ်ပျောက်ပြီးသည်နှင့် တစ်ပြိုင်နက် ဘဝကို ဆက်ပေးသော ဘဝင်စိတ်တို့သည် ပဋိသန္ဓေစိတ်ယူသော အာရုံကိုပင် ဆက်ယူလျက် ဆက်ခါ ဆက်ခါ ဖြစ်ပျက်သွားကြ၏။ တစ်ဘဝ၏ နောက်ဆုံးစိတ်ဖြစ်သော ဘဝင်စိတ်ကို စုတိစိတ်ဟု ခေါ်၏။ စုတိစိတ်သည်လည်း ပဋိသန္ဓေစိတ်နှင့် ဘဝင်စိတ်တို့ ယူသောအာရုံကိုပင် ဆက်ယူ၏။

ထိုပဋိသန္ဓေစိတ်, ဘဝင်စိတ်နှင့် စုတိစိတ်တို့၏ အာရုံသည် အလွန် သိမ်မွေ့သဖြင့် ကျွန်ုပ်တို့ မသိရှိကြချေ။ ဤစိတ်တို့သည် စိတ်တစ်မျိုးတည်း ဖြစ်သောကြောင့်လည်းကောင်း၊ ဒွါရ ၆-ပါးတို့၌ မဖြစ်သောကြောင့်လည်းကောင်း၊ ဤစိတ်တို့ကို ဝီထိမုတ္တ = ဝီထိမှအလွတ်ဖြစ်သောစိတ်များဟု မှတ်ယူရ၏။ ဤဝီထိမုတ်စိတ်တို့၏အကြောင်းကို “ဝီထိမုတ်”(ဝါ) “ဘုံပိုင်း”၌ မြင်ရလတ္တံ့။

ဝီထိစိတ်[ပြင်ဆင်ရန်]

ဘဝင်စိတ်အစဉ် ဖြစ်ပေါ်နေစဉ် ဒွါရ-၆-ပါးအနက် တစ်ပါးပါး၌ အဆင်း, အသံ, အနံ့စသည့် ပြင်ပအာရုံ တစ်မျိုးမျိုး ထိတိုက်လာသည့်အခါ ထိုအာရုံကို သိနိုင်ရန် ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်စသည်ဖြင့် စိတ်တစ်ခုပြီး တစ်ခု စီတန်းကာ ဖြစ်သောကြောင့်လည်းကောင်း စက္ခုဒွါရစသည့် ၆-ဒွါရတို့၌ ထိုက်သည့်အားလျော်စွာ ဖြစ်သောကြောင့်လည်းကောင်း၊ ဤစိတ်အစဉ် အတန်းကို “ဝီထိ”ဟု ခေါ်ဆိုရ၏။ ဝီထိစိတ်အစဉ်၌ ပါဝင်ကြသောစိတ်တို့ကို ဝီထိစိတ်များဟု ခေါ်၏။

ဘဝင်စိတ်အစဉ်သည် တည်ငြိမ်နေသော ပင်လယ်ရေပြင်နှင့်တူ၏။ ဝီထိစိတ်အစဉ်တို့သည် လေမုန်တိုင်း၏ ပင့်ဆောင်မှုကြောင့် ကြွတက်မို့မောက် လာကြသည့် ပင်လယ်ဒီလှိုင်းများနှင့် တူကြ၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာမင်းတင်မွန်တက္ကသိုလ်အဘိဓမ္မာ