နိဿဂ္ဂိသင်္ကန်း

ဝီကီပီးဒီးယား မှ
  1. ဒသာဟာတိက္ကန္တ = အဓိဋ္ဌာန်၊ ဝိကပ္ပနာမပြုဘဲ ဆယ်ရက်လွန်ခြင်း။
  2. တိစီဝရေန ဝိပ္ပဝသေယျ = သင်္ကန်းသုံးထည်နှင့် အရုဏ်ညဉ့်ကင်းခြင်း။
  3. အညာတကဝိညတ္တိ = ဆွေမျိုးမတော် မဖိတ်ထားသူထံ သင်္ကန်းတောင်း ၍ ရခြင်း။
  4. တတုတ္တရိ = ခိုးသူ လုယက်ခြင်း၊ ရေ, မီး, မင်း စသည်များ ဖျက်ဆီးခံရမှု သိ၍ ဖိတ်ခံရကာ လှူဒါန်းလျှင် သင်းပိုင် ကိုယ်ရုံထက် ပို၍ မခံယူရခြင်း။
  5. ဥပက္ခဋ = မူလရည်ရွယ်သည်ထက် ပိုကုန်အောင် သင်္ကန်းစီမံ၍ ရခြင်း။ ဤသိက္ခာပုဒ် ၅-ပုဒ်သာ စီဝရဝဂ်၌ သင်္ကန်းနှင့်စပ်၍ နိဿဂ္ဂိဖြစ်ပုံ ရှင်းပြရေးသားမည် ဖြစ်ပါသည်။ ထို့ပြင်လည်း ပတ္တဝဂ်လာ ---
  6. ဝဿိကသာဋိကသိက္ခာပုဒ်
  7. စီဝရအစ္ဆိန္ဒနသိက္ခာပုဒ်
  8. သုတ္တဝိညတ္တိသိက္ခာပုဒ်
  9. မဟာပေသကာရသိက္ခာပုဒ်
  10. အစ္စေကစီဝရသိက္ခာပုဒ်
  11. သာသင်္ကသိက္ခာပုဒ် - ဤသိက္ခာပုဒ်များလာ သင်္ကန်းနိဿဂ္ဂိ ဖြစ်ပုံများလည်း ရှိသေးသည်။[၁]

၁။ ပထမကထိနသိက္ခာပုဒ်[ပြင်ဆင်ရန်]

သင်္ကန်း၌ ပလိဗောဓပြီးပြတ်ပြီး, ကထိန်နုတ်ပြီးနောက် အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော ကိုယ်ပိုင်သင်္ကန်းကို အဓိဋ္ဌာန်မတင် ဝိကပ္ပနာ မပြုဘဲလျက် ဆယ်ရက်ထက် ပိုလွန်၍ထားလျှင် သင်္ကန်းကိုလည်း ဝိနည်းကံဖြင့် စွန့်အပ်၏၊ ပထမကထိန နိဿဂ္ဂိပါစိတ်အာပတ်လည်း သင့်၏၊[၁]

အင်္ဂါ (၅) ပါး[ပြင်ဆင်ရန်]

  1. ဇာတ်ပမာဏလောက်သော သင်္ကန်း၏ မိမိဥစ္စာ ဖြစ်ခြင်း၊
  2. နေ့ရက်အရေအတွက်သို့ ရောက်ခြင်း၊
  3. စီဝရ, အာဝါသ ပလိဗောဓနှစ်ပါး ပြီးပြတ်ပြီး ဖြစ်ခြင်း၊
  4. အဓိဋ္ဌာန် ဝိကပ္ပနာပြုထားသော သင်္ကန်းမှ အပိုသင်္ကန်း ဖြစ်ခြင်း၊
  5. ဆယ်ရက် (၁၁-အရုဏ်)လွန်ခြင်း -ပေါင်း အင်္ဂါငါးပါး ရှိ၏၊

(ဆောင်) ဇာတ်ပမာဏ လောက်ငလေရာ ကိုယ့်ဟာဖြစ်ခြင်း ရေတွက်တွင်းသို့ ရောက်လျဉ်းတုံဘိ ပလိဗောဓ ပြတ်ကြပေလစ် အပို ဖြစ်လျက် ဆယ်ရက်လွန်ပြီ အင်ငါးလီ, သင့်ပြီ ပထမကထိန။[၁]

၂။ ဒုတိယကထိန (ခေါ်) ဥဒေါသိတသိက္ခာပုဒ်[ပြင်ဆင်ရန်]

ဂိလာနရဟန်းအား ပေးအပ်သော အဝိပ္ပဝါသသမ္မုတိကို မရထားလျှင် သင်္ကန်း၌ ပလိဗောဓပြီးပြတ်ပြီး ကထိန်နုတ်ပြီးနောက် တိစီဝရိက် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့နှင့် တစ်ညဉ့် (တစ်အရုဏ်)မျှသော်လည်း ကင်း၍နေလျှင် ဒုတိယကထိနခေါ် ဥဒေါသိတနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ (သင်းပိုင်, ကိုယ်ရုံ, ဒုကုဋ် ဤသုံးထည်ကို တိစီဝရိက်ဟု ခေါ်၏၊ တစ်ထည်ထည်နှင့် ညဉ့်ကင်းလျှင် နိဿဂ္ဂိ။)

အင်္ဂါ (၄) ပါး[ပြင်ဆင်ရန်]

  1. တိစီဝရိက် အဓိဋ္ဌာန်တင်ထားအပ်ပြီးသောသင်္ကန်း ဖြစ်ခြင်း။
  2. ကထိန်မခင်းခြင်း (ခင်းသော်လည်း နုတ်ပြီးခြင်း။ )
  3. အဝိပ္ပဝါသ သမ္မုတိ မရခြင်း။
  4. ညဉ့်ကင်းခြင်းတို့တည်း။

(ဆောင်) ဓိဋ္ဌာန်တင်လစ်, သင်္ကန်းဖြစ်သား စင်စစ်ကထိန်, ခင်းမကြိမ်တည်း နာချိန်သမ္မုတိ, မရရှိဘဲ ရတ္တိအရုဏ်, ကင်းနေတုံဟု ကြောင်းစုံ လေးလီ, အင်္ဂါညီ, သင့်ပြီ ဒုတိယကထိန။ [၁]

၆။ အညာတကဝိညတ္တိသိက္ခာပုဒ်[ပြင်ဆင်ရန်]

ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့ထံမှ တောင်းသင့်သော အခါကို ကြဉ်၍ အခြားအခါ၌ သင်္ကန်းကို တောင်းယူအလှူခံရရှိလျှင် အညာတကဝိညတ္တိ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊

(မှတ်ချက်) သင်္ကန်းကို ပြထားသော်လည်း အခြားပစ္စည်းများကိုလည်း မတောင်းကောင်းပါ။ ပဏီတဘောဇဉ် တောင်းစားလျှင် သုဒ္ဓပါစိတ်၊ မဟာနာမသိက္ခာပုဒ်၌ ဆေးပစ္စည်းတောင်းလျှင် သုဒ္ဓပါစိတ်၊ ဆေးမဟုတ်ဘဲ ပဏီတဘောဇဉ်မှ လွတ်သော စားဖွယ် အားလုံးကို တောင်းစားလျှင် သူပေါဒနဝိညတ္တိဒုက္ကဋ်၊ ဂိလာန ဖြစ်လျှင်ကား ဉာတိပဝါရိတ မဟုတ်သူထံမှာပင် တောင်းစား ကောင်း၏၊

အင်္ဂါ (၄) ပါး[ပြင်ဆင်ရန်]

  1. အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော သင်္ကန်းဖြစ်ခြင်း၊
  2. သမယ မဟုတ်ခြင်း၊
  3. ဆွေမျိုးမတော်သူကို တောင်းခြင်း၊
  4. တောင်း ၍ရခြင်း၊ ပေါင်း လေးပါးတည်း။

(ဆောင်) ဓိဋ္ဌာန်ဝိကပ်, လောက်အပ်လေရာ အခါမလျော် ဆွေမတော်တောင်း ရခြင်းပေါင်း၍ အကြောင်းလေးလီ အင်္ဂါညီ သင့်ပြီ ဝိညတ္တိ။ [၁]

၇။ တတုတ္တရိ သိက္ခာပုဒ်[ပြင်ဆင်ရန်]

ခိုးသူလုယက်ခြင်းကြောင့်ဖြစ်စေ, ရေ, မီး, မင်း စသည်တို့ ဖျက်ဆီးခြင်းကြောင့်ဖြစ်စေ ဝတ်ဖို့သင်္ကန်း လုံးလုံးမရှိသောအခါ၌ ဆွေမျိုးမတော် မဖိတ်ကြားသော သူတို့က သိ၍ လှူဒါန်းသော သင်္ကန်းတို့မှ သင်းပိုင်နှင့် ကိုယ်ရုံကိုသာ ခံယူကောင်း၏၊ ထို့ထက်ပို၍ ခံယူလျှင် တတုတ္တရိနိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊

(မှတ်ချက်) ဒွိစုံတစ်စုံလုံး မပျက်စီး၍ တစ်ထည်တည်းကျန်သေးမူ လိုနေသော သင်းပိုင်ကိုဖြစ်စေ၊ ကိုယ်ရုံကိုသာဖြစ်စေ၊ ခံယူရ၏၊ နှစ်ထည်ရှိလျှင် ဝတ်လို့ဖြစ်၍ မတောင်းသင့်ပြီ။

အင်္ဂါ (၄) ပါး[ပြင်ဆင်ရန်]

  1. သင်းပိုင် ကိုယ်ရုံထက် ပိုလွန်ခြင်း၊
  2. အစ္ဆိန္န, နဋ္ဌစီဝရ ဖြစ်ခြင်း၊
  3. ဉာတိပဝါရိတ မဟုတ်သူထံ တောင်းခြင်း၊
  4. တောင်း ၍ရခြင်း - ဟူ၍ အင်္ဂါလေးပါး ဖြစ်၏၊

(ဆောင်) သင်းပိုင် ကိုယ်ရုံ, ဒွိတစ်စုံထက်, ပိုလွန်တက်သား ပျောက်ပျက်လုခံ ဆွေမဆံတောင်း ရခြင်းပေါင်း အကြောင်းလေးလီ အင်္ဂါညီ သင့်ပြီ တတုတ္တရိ။ [၁]

၈။ ပထမဥပက္ခဋ သိက္ခာပုဒ်[ပြင်ဆင်ရန်]

ဆွေမျိုးမတော်သော ဒါယကာဖြစ်စေ ဒါယိကာမဖြစ်စေ ဤမည်သော ရဟန်းကို ရည်မှန်း၍ သင်္ကန်းလှူအံ့ဟု သင်္ကန်းဖိုး (ငွေ)ကို စီရင်ထား၏၊ ထိုအကြောင်းကို ထိုရဟန်း ကြားသိ၏၊ ထိုဒကာရည်စူးထားသော သင်္ကန်းထက် ပို၍ကောင်းသော သင်္ကန်းကို လိုချင်သောကြောင့် ရှေး၌ မဖိတ်ကြားဘဲလျက် ထိုရဟန်းသည် ထိုသူထံသို့ သွား၍ မူလရည်ရွယ်သည်ထက် အလျားရှည်အောင်, အနံပြန့်အောင်, အသားကျစ်အောင်, ချောအောင် ပြုစေ၏၊ ထိုရဟန်း စီမံသည့်အတိုင်း ထိုသူ ပြုလုပ်လှူ၍ ရလျှင် ထိုသူအား မူလ ရည်စူးထားသော တန်ဖိုး (ငွေ)ထက် ပို၍ ကုန်ငြားအံ့၊ ထိုရဟန်းအား ဥပက္ခဋနိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊

(မှတ်ချက်) ကျောင်းစသော အခြားပစ္စည်းများကို ရည်စူးထားရာဝယ် သွားရောက်စီမံရာ၌လည်း မူလရည်စူးထားသည်ထက် တန်ဖိုး ပိုသွားလျှင် ထိုပစ္စည်းများလည်း မအပ်သည်သာ၊ ဉာတိပဝါရိတ တို့ထံ၌ကား တန်ဖိုးပိုသော်လည်း အပ်၏၊

အင်္ဂါ (၃) ပါး[ပြင်ဆင်ရန်]

  1. အပိုအလွန်ကို အလိုရှိခြင်း၊
  2. ဆွေမျိုးမတော်သူ ထံ တောင်းခြင်း၊
  3. တောင်း၍ရခြင်းအားဖြင့် သုံးပါးတည်း။

(ဆောင်) အပိုကိုမျှော် ဆွေမတော်တောင်း ရခြင်းပေါင်း၍ အကြောင်း သုံးလီ အင်္ဂါညီ၊ သင့်ပြီ ဥပက္ခဋ။

ဒုတိယဥပက္ခဋ အထူးမရှိ၊ ဒါယကာအလှူရှင် နှစ်ဦးထံ စီမံပုံ ဖြစ်၏၊[၁]

(၁၀)ရက်လွန် နိဿဂ္ဂိသင်္ကန်းစွန့်ပုံ[ပြင်ဆင်ရန်]

သင်္ကန်းရပြီးနောက် (၁၀)ရက်အတွင်း အဓိဋ္ဌာန်ဝိကပ္ပနာ မပြုမိလျှင် ထိုသင်္ကန်းသည် နိဿဂ္ဂိထိုက်၍ ပါစိတ်အာပတ် သင့်ရုံမက ထိုသင်္ကန်းကို ကိုင်တိုင်းကိုင်တိုင်း ဒုက္ကဋ်အာပတ်လည်း ထပ်၍ထပ်၍ သင့်သေးသည်။ ထို့ကြောင့် နိဿဂ္ဂိထိုက်နေသော သင်္ကန်းကို သံဃာအထံ၌ ဖြစ်စေ, နှစ်ပါး သုံးပါး ဂိုဏ်းအထံ၌ ဖြစ်စေ, တစ်ပါးအထံ၌ ဖြစ်စေ စွန့်ရမည်။ [၁]

လက်ဝဲတစ်ဖက် ပခုံးထက်၌ အပေါ်ရုံဧကသီကို စမ္ပယ်တင်ပြီးလျှင် ကြီးကုန်သော ရဟန်းတို့၏ ခြေကို ရှိခိုး၍ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီလျက် -

ဣဒံ မေ ဘန္တေ စီဝရံ ဒသာဟာတိက္ကန္တံ နိဿဂ္ဂိယံ။ ဣမာဟံ (သံဃဿ) (အာယသ္မန္တာနံ) (အာယသ္မာတော) နိဿဇ္ဇာမိ။

ဘန္တေ = အရှင်ဘုရား။ မေ = တပည့်တော်၏၊ ဣဒံ စီဝရံ = ဤသင်္ကန်း ကို။ ဒသာဟာတိက္ကန္တံ = ဆယ်ရက်လွန်သည် (ဖြစ်၍)။ နိဿဂ္ဂိယံ = စွန့်အပ် စွန့်ထိုက်ပါ၏၊ အဟံ = တပည့်တော်သည်။ ဣမံ = ဤသင်္ကန်းကို။ အာယသ္မတော = အရှင်ဘုရားအား။ (သံဃဿ = သံဃာအား) (အာယသ္မန္တာနံ = အရှင်ဘုရားတို့အား။) နိဿဇ္ဇာမိ = စွန့်ပါ၏၊

(မှတ်ချက် - မိမိ စွန့်မည့် သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ် တစ်ခုကိုသာ ဆိုရမည်။)

နှစ်ထည်မှ စ၍ အများဖြစ်လျှင် ဣဒံ, နိဿဂ္ဂိယံ, ဣမာဟံ ပုဒ်များအစား ဣမာနိ, နိဿဂ္ဂိယာနိ, ဣမာနာဟံဟု ပြင်ပါ။ နိဿဂ္ဂိသင်္ကန်းကို လက်ခံသူက အငယ်ဖြစ်လျှင် ဘန္တေ နေရာ၌ အာဝုသော၊ အာယသ္မတော နေရာ၌ တုယှံ၊ အာယသ္မန္တာနံ နေရာ၌ တုမှာကံဟု ပြင်၍ ဆိုရမည်။

(မြန်မာလို) - “အရှင်ဘုရား ...ဘုရားတပည့်တော်၏ ဤ သင်္ကန်းသည် (၁၀)ရက် လွန်သဖြင့် နိဿဂ္ဂိထိုက်နေပါသည်။ ဤသင်္ကန်းကို (သံဃာအား) (အရှင်ဘုရားတို့အား) အရှင်ဘုရားအား တပည့်တော် စွန့်ပါ၏ဘုရား”ဟု မြန်မာလို ဆို၍ စွန့်နိုင်၏၊ သင်္ကန်းခံသူက သီတင်းငယ်ဖြစ်လျှင် ငါ့ရှင်ဟုလည်းကောင်း, သင့်အားဟုလည်းကောင်း ဆိုရုံသာ ထူး၏၊

ဤသို့ စွန့်ပြီးသောအခါ ယခုကာလ ထုံးစံအတိုင်း ပါစိတ်အာပတ်ကို စိတ်ထဲက ရည်မှန်း၍ ဒေသနာပြောကြားရမည်။ ဤသို့ စွန့်ပြီးနောက်မှ ဒေသနာပြောကြားရသော ပါစိတ်အာပတ်ဖြစ်၍ စွန့်ခြင်းဝိနည်းကံရှေးရှိသော ပါစိတ်အာပတ်ဟု ဆိုရသည်။

ညဉ့်ကင်းသင်္ကန်း အနီးစွန့်ပုံ[ပြင်ဆင်ရန်]

ညဉ့်ကင်းမိ၍ နိဿဂ္ဂိထိုက်သော သင်္ကန်းကို သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်တို့တွင် အလိုရှိရာ စွန့်နိုင်သည်။ ပုဂ္ဂိုလ်ထံ စွန့်ပုံကား -

ဣဒံ မေ ဘန္တေ စီဝရံ ရတ္တိဝိပ္ပဝုတ္ထံ အညတြ ဘိက္ခုသမ္မုတိယာ နိဿဂ္ဂိယံ, ဣမာဟံ အာယသ္မတော နိဿဇ္ဇာမိ။

ပါဠိလို မဆိုတတ်လျှင် မြန်မာလို ဆို၍လည်း စွန့်နိုင်သည်။ စွန့်ပုံကား

“အရှင်ဘုရား တပည့်တော်၏ ဤ သင်္ကန်းသည် (ဘိက္ခုသမ္မုတိကို ကြဉ်ထား၍) ညဉ့်ကင်းနေအပ်သည်ဖြစ်၍ စွန့်ထိုက်နေပါသည်။ ဤသင်္ကန်းကို အရှင်ဘုရားအား တပည့်တော် စွန့်ပါသည်”ဟု ဆို၍ စွန့်ပါ။ သင်္ကန်းက နှစ်ထည်သုံးထည် ဖြစ်နေလျှင် ဣမာနိ စီဝရာနိ ရတ္တိဝိပ္ပဝုတ္ထာနိ .. စသည် ပြင်ဆိုရမည်။ အဝေး၌ ဖြစ်နေလျှင် ဣဒံ၊ ဣမာနိ အစား ဧတံ၊ ဧတာနိဟု ပြောင်းဆိုပါ။

သံဃာထံ စွန့်လျှင် အာယသ္မတော နေရာ၌ သံဃဿဟုလည်းကောင်း၊ ဂိုဏ်းထံစွန့်လျှင် အာယသ္မန္တာနံဟုလည်းကောင်း ပြင်ဆိုရမည်။ ထိုသို့ စွန့်ပြီးနောက် ဒေသနာပြောကြားခြင်း, ပြန်ပေးခြင်း စသည်တို့မှာ ရှေ့သိက္ခာပုဒ်အတိုင်းပင် သိပါလေ။ ပြန်ပေး၍ ရပြီးနောက် အလိုရှိရာ အဓိဋ္ဌာန်သော်လည်းတင်, ဝိကပ္ပနာသော်လည်း ပြုထားရမည်။

အခါမဟုတ်ဘဲ တောင်းသောသင်္ကန်းစွန့်ပုံ[ပြင်ဆင်ရန်]

သင်္ကန်းတောင်းကောင်းသော အခါမဟုတ်ဘဲ သင်္ကန်းကို တောင်းခံရာ၌ တောင်းခြင်းပယောဂကြောင့် ဒုက္ကဋ်၊ သင်္ကန်းကို ရရှိလျှင် နိဿဂ္ဂိထိုက်၍ ပါစိတ်အာပတ် သင့်၏၊ စောင်, ခြင်ထောင်, အိပ်ယာခင်းစသည် တောင်းရာ၌လည်း နည်းတူမှတ်။ နိဿဂ္ဂိထိုက်သော သင်္ကန်းကို သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ် တစ်ပါးပါးထံ စွန့်ရမည်။

ဣဒံ မေ ဘန္တေ စီဝရံ အညာတကံ ဂဟပတိကံ အညတြ သမယာ ဝိညာပိတံ နိဿဂ္ဂိယံ၊ ဣမာဟံ သံဃဿ (ဣမာဟံ အာယသ္မန္တာနံ၊ ဣမာဟံ အာယသ္မတော) နိဿဇ္ဇာမိဟု ဆို၍ စွန့်ရမည်။

အကယ်၍ မြန်မာလို စွန့်လိုပါက -

“အရှင်ဘုရား တောင်းသင့်သောအခါ မဟုတ်ပါဘဲ၊ ဆွေမျိုးမတော်သော ဒါယကာထံမှ တောင်းယူအပ်သော တပည့်တော်၏ ဤသင်္ကန်းသည် စွန့်ထိုက်နေပါ၏၊ ဤသင်္ကန်းကို သံဃာအား (အရှင်ဘုရားတို့အား, အရှင်ဘုရားအား) စွန့်ပါ၏”ဟု ဆို၍ စွန့်ရသည်။

စွန့်ပြီးမှသာ အာပတ်ဖြေ ဒေသနာကြားပြီး အစွန့်ခံရသော သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်က ထိုသင်္ကန်းကို ပြန်ပေးရသည်။ စောင်, ခြင်ထောင်, အိပ်ယာခင်း စသည် စွန့်ရာ၌လည်း ဤနည်းအတိုင်း စွန့်၍ ပြန်ပေးရသည်။


နိဿဂ္ဂိသင်္ကန်းကို ခံရသော ရဟန်းပြုကျင့်ပုံ[ပြင်ဆင်ရန်]

ဣမံ စီဝရံ အာယသ္မတော ဒမ္မိ။

“ဤသင်္ကန်းကို အရှင်ဘုရားအား ပြန်ပေးပါ၏”ဟု ပါဠိလို ဖြစ်စေ၊ မြန်မာလို ဖြစ်စေ ဆို၍ ပြန်ပေးရမည်။ (အများဖြစ်လျှင် - ဣမာနိ စီဝရာနိ၊ ဤသင်္ကန်းတို့ကို၊) ထိုကဲ့သို့ ပြန်ပေး၍ ရပြီးနောက် အလိုရှိရာ အဓိဋ္ဌာန်သော်လည်း တင်၊ သို့မဟုတ် ဝိကပ္ပနာသော်လည်း ပြုထားရမည်။ အဝေးသို့ လှမ်း၍ စွန့်ရပါက ဧတံ၊ ဧတာနိဟု ပြင်ဆိုရမည်။

သင်္ကန်းခံသော ရဟန်းက သကသညာဖြင့် ပြန်မပေးဘဲနေက ဒုက္ကဋ်၊ အမြွက်ထောင်၍ မပေးဘဲနေက ဘဏ္ဍာစားထိုက်တတ်သည်။[၁]

အဝေး၌ ရှိနေသော သင်္ကန်းကို စွန့်ပုံ[ပြင်ဆင်ရန်]

“ဧတံ မေ ဘန္တေ စီဝရံ ဒသာဟာတိက္ကန္တံ နိဿဂ္ဂိယံ၊ ဧတာဟံ အာယသ္မတော နိဿဇ္ဇာမိ။

ဧတံ စီဝရံ = ထိုသင်္ကန်းကိုဟု အနက်ပေးပါ။ အများဖြစ်က ဧတာနိ၊ ဧတာနာဟံ-ဟု ပြောင်းဆိုပါ။

(မြန်မာလို) - “အရှင်ဘုရား ..ဘုရားတပည့်တော်၏ထိုသင်္ကန်းသည် ဆယ်ရက် လွန်သဖြင့် နိဿဂ္ဂိထိုက်နေပါသည်။ ထိုသင်္ကန်းကို အရှင်ဘုရားအား တပည့်တော် စွန့်ပါ၏ဘုရား။

ဒေသနာကြားပြီး နိဿဂ္ဂိသင်္ကန်းကို ခံသော ရဟန်းက ဧတံ စီဝရံ အာယသ္မတော ဒမ္မိဟု ဆို၍ ပြန်ပေးပါ။ အများဖြစ်လျှင် ဧတာနိဟု ပြင်ဆိုရမည်။ မြန်မာလို - ထိုသင်္ကန်းကို (ထိုသင်္ကန်းတို့ကို) အရှင်ဘုရားအား ပြန်ပေးပါ၏ဟု ဆို၍ ပြန်ပေးပါလေ။

သံဃာထံ စွန့်ရာ၌ ပြန်ပေးပုံ[ပြင်ဆင်ရန်]

သံဃာထံ စွန့်လျှင် သံဃာထဲမှ ဗျတ္တပဋိဗလ ကျွမ်းကျင်လိမ္မာ စွမ်းရည်ရှိသောရဟန်းက အာပတ်ကို ဒေသနာကြားစေ၍ စွန့်သော သင်္ကန်းကို အောက်ပါအတိုင်း ဆို၍ ပြန်ပေးရမည်။

သုဏာတု မေ ဘန္တေ သံဃော၊ ဣဒံ စီဝရံ (ဣတ္ထန္နာမဿ) ဘိက္ခုနော နိဿဂ္ဂိယံ သံဃဿ နိဿဋ္ဌံ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဣမံ စီဝရံ (ဣတ္ထန္နာမဿ) ဘိက္ခုနော ဒဒေယျ။ (ကွင်းအတွင်း ဘွဲ့အမည် ထည့်ဖတ်ရန်)

“အရှင်ဘုရားတို့ ... သံဃာသည် ဘုရားတပည့်တော်၏ (စကားကို) နာတော်မူလော့၊ (ဤမည်သော) ရဟန်း၏ စွန့်ခြင်း (ဝိနည်းကံ)ရှိသော ဤသင်္ကန်းကို သံဃာအား စွန့်အပ်ပြီ၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤသင်္ကန်းကို (ဤမည်သော) ရဟန်းအား ပေးရာ၏”ဟု (သိစေ၍ ပြန်ပေးရမည်)။

ဂိုဏ်းထံစွန့်လျှင် ကျွမ်းကျင်လိမ္မာ စွမ်းရည်ရှိသော ဗျတ္တပဋိဗလရဟန်းသည် အာပတ်ကို ဒေသနာပြောခံယူ၍ စွန့်ပြီးသင်္ကန်းကို အောက်ပါအတိုင်း ဆို၍ ပြန်ပေးရမည်။[၁]

ဂိုဏ်းထံ စွန့်ရာ၌ ပြန်ပေးပုံ[ပြင်ဆင်ရန်]

သုဏန္တု မေ အာယသ္မန္တာ၊ ဣဒံ စီဝရံ (ဣတ္ထန္နာမဿ) ဘိက္ခုနော နိဿဂ္ဂိယံ၊ အာယသ္မန္တာနံ နိဿဋ္ဌံ၊ ယဒါယသ္မန္တာနံ ပတ္တကလ္လံ၊ အာယသ္မန္တာ ဣမံ စီဝရံ (ဣတ္ထန္နာမဿ) ဘိက္ခုနော ဒဒေယျုန္တိ။

“အရှင်ဘုရားတို့ ... ဘုရားတပည့်တော်၏ (စကားကို) နာကုန်လော့။ (ဤမည်သော) ရဟန်း၏ စွန့်ခြင်းဝိနည်းကံရှိသော ဤသင်္ကန်းကို အရှင်ဘုရားတို့အား စွန့်အပ်ပြီ၊ အရှင်တို့အား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ အရှင်တို့သည် ဤသင်္ကန်းကို (ဤမည်သော) ရဟန်းအား ပေးကုန်ရာ၏”ဟု (သိစေ၍ ပြန်ပေးရမည်၊၊)[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း