နိရာမိသ သုခဝေဒနာ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
နေက္ခမ္မသိတ သောမနဿဝေဒနာကို နိရာမိသ သုခဝေဒနာဟု ခေါ်သည်။
နေက္ခမ္မသိတ သောမနဿဝေဒနာ (၆)မျိုး
[ပြင်ဆင်ရန်]ရူပါရုံ (သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ)တို့၏သာလျှင် မမြဲသော အခြင်းအရာကိုလည်းကောင်း, ဖောက်ပြန်ခြင်း ကင်းပြတ်ခြင်း ချုပ်ပျောက်ခြင်းကိုလည်းကောင်း သိရှိ၍ --- ရှေး၌ ဖြစ်ခဲ့ပြီးကုန်သော ရူပါရုံတို့သည်လည်း ကောင်း, ယခုအခါ၌ ရူပါရုံတို့သည်လည်းကောင်း ရှိကြကုန်၏၊ ခပ်သိမ်းကုန်သော ထိုရူပါရုံတို့သည် (သဒ္ဒါရုံ တို့သည်, ဂန္ဓာရုံတို့သည်, ရသာရုံတို့သည်, ဖောဋ္ဌဗ္ဗာရုံတို့သည်, ဓမ္မာရုံတို့သည်) ---
- ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားတို့သာတည်း၊
- ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံရကုန်သော ဒုက္ခတရားတို့သာတည်း၊
- ဇရာ-မရဏတို့ဖြင့် ဖောက်ပြန်ပျက်စီးတတ်ကုန်သော ဝိပရိဏာမဓမ္မတို့သာတည်း ---
ဤသို့လျှင် ဤရူပါရုံကို (သဒ္ဒါရုံကို, ဂန္ဓာရုံကို, ရသာရုံကို, ဖောဋ္ဌဗ္ဗာရုံကို, ဓမ္မာရုံကို) မဖောက်မပြန် ဟုတ် တိုင်းမှန်စွာ ဝိပဿနာဉာဏ်ဖြင့် ရှုသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သောမနဿဝေဒနာသည် ဖြစ်ပေါ်၍ လာ၏။ ဤသောမနဿဝေဒနာကို နေက္ခမ္မသိတ သောမနဿဝေဒနာဟူ၍ ခေါ်ဆို၏။ နိရာမိသ သုခဝေဒနာ ဟူ၍လည်း ခေါ်ဆို၏။ ဤ၌လည်း အာရုံ (၆)မျိုး ပြားသဖြင့် နိရာမိသ ဝေဒနာလည်း (၆)မျိုးပင် ပြား၏။ [၁][၂]
နိရာမိသ သုခကို ဝိပဿနာရှုရန် ဘုရားဟော
[ပြင်ဆင်ရန်]မြို့ရွာ အူသံ မဆူညံသည့် လူသံ ကင်းတိတ် ဆိတ်ငြိမ်သည့် ကမ္မဋ္ဌာန်းကျောင်း အတွင်းသို့ မခေါ်အပို ဖော်မလိုဘဲ တစ်ကိုယ်တည်းပင် ကပ်ဝင်၍ နေသော, ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိတို့၏ စွမ်းအားဖြင့် ပယ်ရှားအပ်ပြီးသော ကိလေသာ ရှိသဖြင့် အလွန်ငြိမ်သက် တည်ကြည်သော စိတ်ဓာတ် ရှိသော, ခန္ဓာ (၅)ပါး ရုပ်နာမ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ဖြစ်ပုံ ပျက်ဟန် အချက်မှန်ကို နက်သန်စေ့ငု ကြည့်ရှုလျက် ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို အစဉ်အတိုင်း စီးဖြန်းလျက်ရှိသော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌ ကာမဂုဏ် ထူထပ်သည့် လူနတ်တို့၏ မွေ့လျော်ပုံ အပျော်မျိုးနှင့် မတူသော, လူသားတို့၏ သာမန် ဒါန သီလ ကုသိုလ်ထက် မြင့်မြတ်သည့် စျာန်ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို မှီနေသည့်အတွက်ကြောင့် ဝိဝေကရတိ နေက္ခမ္မရတိဟု ခေါ်ဆိုအပ်သော အမာနုသီ အမည်ရသော ဝိပဿနာဉာဏ်နှင့် ယှဉ်သော မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်ခြင်း ရတိတရားသည် ဖြစ်ပေါ်၍ လာပေ၏။
အကြင်အကြင် ရုပ်အဖို့ နာမ်အဖို့မှ ဥပါဒါနက္ခန္ဓာ (၅)ပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဥဒယ-ဝယ သဘောကို လက္ခဏာတင်ကာ ရှုပွားသုံးသပ်၏၊ ထိုသို့ သုံးသပ်တိုင်းသော ရုပ်နာမ်အဖို့မှ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ ပါမောဇ္ဇတရားကို ရရှိနိုင်သည်သာ ဖြစ်၏။ ဝိပဿနာဘာဝနာ၌ မွေ့လျော်ပျော်ပိုက် အနှစ်ခြိုက်ကြီး နှစ်ခြိုက် နေသော ထိုပီတိပါမောဇ္ဇတရားသည် ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့၏ ဖြစ်ပုံ ပျက်ပုံ အလုံးစုံကို အကုန်အစင် ထင်ထင်လင်းလင်း ရှင်းရှင်းကြီး သိမြင်ကြကုန်သော ပညာရှိသူတော်ကောင်းတို့၏ မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို မုချပိုင်ပိုင် ရခြင်း ရောက်ခြင်း၏ အကြောင်းရင်းစစ် ဧကန်ပင် ဖြစ်သောကြောင့် မသေရာ အမတ အမည်ရသည့် အမြိုက်တရားကြီးပါပေတည်း။ (မဟာဋီ၊၂၊၄၃၁။ မ၊ဋီ၊၃၊၃၈၃ အဖွင့်များနှင့် အညီ ဘာသာပြန်ထားသည်။)
နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းတွင်လည်း ရှုပါ
[ပြင်ဆင်ရန်]ဤအထက်ပါ နေက္ခမ္မသိတ သောမနဿဝေဒနာ = နိရာမိသ သုခဝေဒနာမှာ အထွတ်အထိပ်သို့ ရောက်ရှိ သွားသော နိရာမိသ သုခဝေဒနာကို ရည်ညွှန်းထားပေသည်။ အသင်သူတော်ကောင်းသည် ယခုအခါဝယ် ဝိပဿနာပိုင်းသို့ မရောက်သေးသော်လည်း ဤ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းတွင်လည်း ယင်း နိရာမိသ သုခဝေဒနာကို သိမ်းဆည်းရန် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ပိုင်းတွင် ဘုရားရှင်က ညွှန်ကြားတော်မူလျက်ပင် ရှိ၏။ သို့အတွက် ရူပါရုံ စသည့် အာရုံ (၆)မျိုးတို့၏ အနိစ္စအခြင်းအရာကိုလည်းကောင်း, ဒုက္ခအခြင်းအရာကိုလည်းကောင်း,အနတ္တ အခြင်းအရာကိုလည်းကောင်း, အသုဘအခြင်းအရာကိုလည်းကောင်း အသီးအသီး အာရုံယူ၍ ---
- အနိစ္စဟု သိနေသော မနောဒွါရဝီထိများ,
- ဒုက္ခဟု သိနေသော မနောဒွါရဝီထိများ,
- အနတ္တဟု သိနေသော မနောဒွါရဝီထိများ,
- အသုဘဟု သိနေသော မနောဒွါရဝီထိများ ---
ဤမနောဒွါရဝီထိများကို သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။ ထိုသို့ ရှုရာ၌ အာရုံ (၆)ပါးတို့တွင် အာရုံ တစ်ပါးစီကို အာရုံယူ၍ ရှုပါ။ သောမနဿဝေဒနာကို အဦးမူ၍ ရှုပါ။ ဇော အသီးအသီး၌လည်းကောင်း, တဒါရုံ ကျခဲ့သော် တဒါရုံ အသီးအသီး၌လည်းကောင်း ---
၁။ ဉာဏ်-ပီတိ နှစ်မျိုးလုံးယှဉ်ခဲ့သော် နာမ်တရား (၃၄) အသီးအသီး ရှိ၏။
၂။ ဉာဏ်မယှဉ် ပီတိသာယှဉ်သော် နာမ်တရား (၃၃) အသီးအသီး ရှိ၏။
နိရာမိသ သုခဝေဒနာကို အဦးမူ၍ ယင်းမနောဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်းပြီးသော် ယင်းနာမ် တရားစုတို့၏ မှီရာဝတ္ထုရုပ်တို့နှင့် အာရုံရုပ်တို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းပါ။ ယင်းသို့ သိမ်းဆည်းနိုင်ခဲ့သော် ကာမဂုဏ်နှင့် မစပ်သော နိရာမိသ သုခဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့် မစပ်သော နိရာမိသ သုခဝေဒနာကို ခံစား၏ဟု ကွဲကွဲပြားပြား သိသည် မည်ပေသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တတ္ထ ကတမာနိ ဆ နေက္ခမ္မသိတာနိ သောမနဿာနိ။ ရူပါနံတွေဝ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမဝိရာဂနိရောဓံ ပုဗ္ဗေ စေဝ ရူပါ ဧတရဟိ စ၊ သဗ္ဗေ တေ ရူပါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတော ဥပ္ပဇ္ဇတိ သောမနဿံ။ ယံ ဧဝရူပံ သောမနဿံ၊ ဣဒံ ဝုစ္စတိ နေက္ခမ္မသိတံ သောမနဿံ။ (မ၊၃၊၂၆၀။)
- ↑ ၂.၀ ၂.၁ နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ - ဖားအောက်တောရဆရာတော်