မာတိကာသို့ ခုန်သွားရန်

ကလသာအိုး

ဝီကီပီးဒီးယား မှ
ဟိန္ဒူဘုရားရှိခိုးကျောင်း မုတ်ဝထိပ်ရှိ ကလသာအိုး

ကလသာအိုး ဟူသော အဓိပ္ပါယ်မှာ ရေကြည်ထည့်သောအိုးဟူ၍ အဓိပ္ပါယ်ကောက်ရမည် ထင်သည်။ ကျန်စစ်မင်း နန်းတည်ကျောက်စာတွင်လည်း ရေထည့်သောအိုးအဖြစ် အသုံးပြုခြင်းက များသည်ကို တွေ့ရပါသည်။ ကလသာအိုးပုံစံနှင့် ပတ်သက်၍မူ ပုဂံရှေးဟောင်းသုတေသနမှူး ဦးဗိုကေ၏ ယူဆချက်မှာ ကလသာအိုးပုံစံသည် ကလပ်ပုံစံမှ ယူကြောင်း ဖော်ပြဖူးပါသည်။ []


ဟိန္ဒူဘုရားရှိခိုးကျောင်းတို့၏ မုတ်ဝထိပ်၌ ဖြစ်စေ၊ ခေါင်တန်းပေါ်၌ဖြစ်စေ၊ ညောင်ရေအိုး ကဲ့သို့သော ကလသာအိုးကို တွေ့မြင်နိုင်ပေသည်။ ကလသာအိုးကို အမြိုက်ရည်ထည့်ရာ အိုးအဖြစ် ဟိန္ဒူကျမ်းဂန်များတွင် ဖော်ပြထားလေသည်။ ထိုအိုး၏ပုံသဏ္ဌာန်မှာ ယခုခေတ်ဟိန္ဒူအမျိုးသမီးများ အသုံးပြုလျက် ရှိသော ရေခပ်ကြေးအိုးကဲ့သို့ပင် ဖြစ်၏။


မြန်မာစာပေ၌ ကလသာအိုးအကြောင်း မတွေ့ရသော်လည်း ပုဂံခေတ်ကျောက်စာများ၌ ကလသာအိုးဟူသော ဝေါဟာရကို အနည်းအပါး တွေ့ရပေသည်။ သက္ကရာဇ် ၅၈၅ ခုနှစ်တွင် ရေးထိုးသော ပုဂံမြို့၊ လေးထောင့်ကန်အရပ် လေးမျက်နှာဘုရား ကျောက်စာတွင် “တန်တိုင်းတွင်း နှိုက်ကား ကသသားအိုး အယောင်နှင့်တူသော တင့်တယ်စွာသော စင်္ကြံထက် ကူလည်းတည်၏” ဟု ပါရှိလေသည်။ ထိုတွင် စင်္ကြံဆိုသည်မှာ အမိုးအကာရှိသော လူသွားလမ်း ခုံမြင့်ဖြစ်၍ စင်္ကြံပေါ်တွင် ကလသာအိုးပုံသဏ္ဌာန်နှင့်တူသော ကူတည်ထားကြောင်း သိရလေသည်။ []

ကျောက်စာ

[ပြင်ဆင်ရန်]

ကလသာအိုးဟူသော ဝေါဟာရကို ပုဂံခေတ်ထိုး ကျောက်စာအချို့၌ တွေ့ရသည်။ ကျန်စစ်မင်း နန်းတည်ကျောက်စာတွင် ကလသာအိုးနှင့် သက်ဆိုင်သော လုပ်ဆောင်ချက် အများအပြား ရေးထိုးထားလေသည်။

  • (က)ကျောက်စာကြောင်းရေ (၅)တွင် ဤအလုံးစုံသော ငါးနေရာတို့ကို ရွှေငွေကလသာတို့ဖြင့် ဆေးကြောပြီးလျှင် ဖျာခင်း၍ ရွှေပန်း၊ ရွှေဆီမီး၊ ဒေါင်းလန်းတို့ဖြင့် တည်ထား၏။ ဟု ရေးထိုးထားပါသည်။
  • (ခ) စာကြောင်းရေ (၁၅)တွင် ဝေါနှစ်ခုလုံး၌ သူတို့သည် ပိုက်ပွေ့ထားသော ရွှေငွေကလသာအိုး၊ ကြေးကလသာအိုးတို့ကို ခင်းကျင်းထားကြသည်။ မြေကလသာအိုး (၁၂၀)တို့ကိုလည်း ခင်းကျင်းထားကြ၏။ ထိုကလသာအိုးအားလုံးတို့ကို ငှက်ပျောညွန့်ပန်းဖြင့် တွဲသီဆင်ယင်ထားကြ၏။ ဟုလည်းကောင်း၊
  • (ဂ)စာကြောင်းရေ (၃၅)တွင် ပုဏ္ဏားဟူးရားသမားတို့သည် ဘေးတိုင်၊ ဥရု(ယသ်)တိုင် ကြငှာန်းတိုင်တို့ကို ရွှေငွေကလသာအိုးအဖြစ်ထည့်သောရေ၊ နေစာမြက်၊ ဆန်ရင်းထည့်သော ခရုသင်းရေတို့ဖြင့် ဆေးကြောကြ၏။ ဟုလည်းကောင်း၊
  • (ဃ)ကျောက်စာကြောင်းရေ(၁၇)တွင် ရွှေကလသာအိုး(၈)လုံး၊ ငွေကလသာအိုး(၈)လုံး၊ ကြေးကသလာအိုး(၁၀၈)၊ မြေကလသာအိုး (၁၀၈)လုံးတို့ကို ယူကြ၏။ ထိုအိုးအဝတို့တွင် ငှက်ပျောညွန့်ပန်းကို (၂၀)တွဲသီ၍ စိုက်ထားပြီးလျှင် ရွှေငွေကလသာအိုးတို့ကို ယူ၍ ပုဆိုးဖြူဖြင့် တန်ဆာဆင်ထားသော ထီးဖြူစိုက်မိုးထားသော ဝတ်ကလေးပေါ်တွင် ခင်းကျင်းထားကြ၏ဟု လည်းကောင်း၊
  • (င)ကျောက်စာကြောင်းရေ(၁၆)တွင် အလယ်အခြခံ တိုင်တို့တွင် မင်္ဂလာပြုမည့် နေရာပတ်လည် အားလုံးတို့၌ ရွှေကလသာရေအိုး၊ ငွေကလသာရေအိုး၊ ကြေးကလသာရေအိုးတို့ကို စီ၍ ထားကြကုန်၏။ မြေကလသာအိုး (၄၀၀၀)နှင့် ခရုသင်း(၈)ခုတို့ကို အလုံးစုံသော မင်းနေရာ အပြင်ဆက်ကာ အရှင်သံဃာ(၄၀၀၀)တို့ ပရိတ်ရွတ်မည့်နေရာ၌ စီ၍ ထားကြ၏ ဟုလည်းကောင်း ရေးထိုးထားပါသည်။

အထက်ဖော်ပြပါတို့မှာ ကောက်နှုတ်ချက်မျှသာဖြစ်သည်။

[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မောင်သန်းဆွေ(ထားဝယ်) ရင်၌ရိုက်ခတ် ထင်ဟပ်စာစု၊ စာ-၂၆၃
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
  3. မောင်သန်းဆွေ(ထားဝယ်) ရင်၌ရိုက်ခတ် ထင်ဟပ်စာစု၊ စာ-၂၆၃