မာတိကာသို့ ခုန်သွားရန်

ဘီလူးပန်းဆွဲ

ဝီကီပီးဒီးယား မှ

ဘီလူးပန်းဆွဲ

[ပြင်ဆင်ရန်]

ဘီလူးပန်းဆွဲဟူသည်မှာ အစွယ်ငေါ⁠ငေါပြူထွက်နေသော ဘီလူးပါးစပ်အတွင်းမှ ပုလဲပုတီးကုံးများ တွဲရရွဲကျနေသကဲ့သို့ ခြူးပန်းခြူးနွယ်များ စီရရီကျနေပုံ ပြုလုပ်ထွင်းထုရေးခြယ်ထားသော အပြောက်အမွှမ်း အဆင်အယင် ဖြစ်သည်။ မြေစိုက်စေတီများတွင် ခေါင်းလောင်းနားနှင့် ရင်ဖွဲ့စည်းအကြားတွင်လည်းကောင်း၊ ကုလားကျောက်ခံစေတီများတွင် အတွင်းနံရံ၊ အပြင်နံရံအထက်ပိုင်းရှိ နဖူးစည်းပတ်လည်တွင်လည်းကောင်း ဘီလူးပန်းဆွဲဖြင့် တန်ဆာဆင်ထားသည်ကို တွေ့မြင်နိုင်သည်။ စေတီတော်၏ အဆင်တန်ဆာအပြောက်အမွှမ်းတွင်သာမက အာနန္ဒာစေတီတော်တွင်ရှိသော မယ်တော်မာယာနှင့် ညီမတော် ဂေါတမီတို့၏ ခါးဝတ်တန်ဆာတွင်လည်း ဘီလူးပန်းဆွဲဖြင့် အလှဆင်ထားသည်ကို တွေ့ရသည်။

ဘီလူးပန်းဆွဲကို အင်္ဂတေဖြင့် ဖောင်းကြွဖြစ်အောင် ပြုလုပ်လေ့ရှိပြီး အချို့သောဘီလူးပန်းဆွဲများကိုမူ ကျောက်သားပကတိဖြင့် လက်ရာမြောက်စွာထွင်းထုထားသည်။ ပုဂံ ကျောက်ဂူဥမင်တွင် ကျောက်ဖြင့်ပြုလုပ်ထားသော ဘီလူးပန်းဆွဲများကို လေ့လာနိုင်သည်။

ဘီလူးပန်းဆွဲ၏ စတင်မြင်ဖျားခံရာသည် အိန္ဒုမြစ်ဝှမ်းဒေသမှဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှသို့ ဗြာဟ္မဏဘာသာနှင့်အတူ ဘီလူးပန်းဆွဲရောက်ခဲ့ရာ မြန်မာနည်းတူ ခမာယဉ်ကျေးမှုထွန်းကားရာဒေသများတွင် ဘီလူးပန်းဆွဲကို တွေ့နိုင်သည်။

ကိတ္တိမုခ

[ပြင်ဆင်ရန်]

ဘီလူးပန်းဆွဲကို ကိတ္တိမုခဟု ခေါ်သည်။ ကိတ္တိ- ကျော်စောသော၊ မုခ- မျက်နှာ သို့မဟုတ် နှုတ်ခန်းဟု အဓိပ္ပာယ်ရသည်။ ဗြာဟ္မဏပူရာဏ်ကျမ်းတို့တွင်လာသော ကိတ္တိမုခ၏ အဓိပ္ပာယ်မှာ အောက်ပါအတိုင်းဖြစ်သည်။

ဗိဿနိုးနှင့် ရာဟုအသူရာဇာတ်လမ်း

[ပြင်ဆင်ရန်]

နတ်ဒေဝတာတို့သည် မအို၊ မနာ၊ မသေ အမြဲတည်နေပြီး နုပျိုကျန်းမာစေသည့် အမတ အမြိုက်ရေကို ရရှိရန်ကြိုးစားကြသောလည်း မိမိတို့ချည်း မစွမ်းနိုင်သဖြင့် အသူရာတို့၏ အကူအညီကို တောင်းခံခဲ့ရသည်။

ထိုအမတအမြိုက်ရေကို ရရှိရန်အတွက် အပြောကျယ်သည့် ပင်လယ်သမုဒ္ဒရာကြီးကို မွှေနောက်နိုင်ရမည်ဖြစ်သည်။ နတ်ဒေဝတာနှင့် အသူရာတို့ ပူးပေါင်းကြိုးစားပြီး ရရှိလာသော အမြိုက်ရေကို ညီမျှစွာ ခွဲဝေရန် ကတိထားခဲ့သော်လဲ အသူရာတို့က အကောက်ကြံကာ အမြိုက်ရေအကုန်လုံးကို အပိုင်စီးသွားသည်။ ထိုသို့ အဝေမတည့်ဖြစ်နေရာ ဗိဿနိုးနတ်မင်းကြီးကို အမြိုက်ရေခွဲဝေပေးရန် အကူအညီတောင်းကြသည်။ ဗိဿနိုးနတ်မင်းသည် အမြိုက်ရေကို အသူရာတို့အားမပေးပဲ နတ်တို့အား လွှဲပေးလိုက်သည်။ ထိုအခါ ရာဟု မည်သော အသူရာသည် နတ်ယောင်ဖန်ဆင်းလျှက် အမြိုက်ရေကို ဝေစုအဖြစ် လက်ခံသုံးဆောင်လေသည်။

ဤသည်ကို နေနတ်သားနှင့် လနတ်သားတို့က ရာဟုအသူရာ၏ လှည့်ဖျားမှုကို ရိပ်မိပြီး ဗိဿနိုးနတ်မင်းကြီးကို တိုင်တန်းလျှောက်ထားကြသည်။ ထိုအခါ ဗိဿနိုးနတ်မင်းကြီးက ရာဟုအသူရာ၏ ခေါင်းကို ဖြတ်လိုက်လေသည်။

ရာဟုအသူရာသည် အမြိုက်ရေကို သုံးဆောင်စဉ် ခေါင်းဖြတ်ခံလိုက်ရသောကြောင့် ဦးခေါင်းပိုင်းသည် အမတအမြိုက်ရေ၏ အရသာကို ခံစားရလေတော့သည်။ ထိုအချိန်မှစ၍ ရာဟုအသူရာသည် နေနတ်သားနှင့် လနတ်သားတို့အပေါ် ရန်ငြိုးထားပြီး အမြဲတမ်း ကိုက်ဝါးစားမျိုရန် ကြံစည်လေသည်။ တစ်ခါတစ်ရံ နေနှင့် လတို့သည် ရာဟုအသူရိန်၏ ဖမ်းစားခြင်းကို ခံရလေသည်။ ထိုသို့ ရာဟုဖမ်းစားခံရခြင်းကို နေကြတ်ခြင်း လကြတ်ခြင်းဟုခေါ်ကြသည်။ လကို ရာဟုဖမ်းစားသည်၊ လငပုပ်ဖမ်းသည်ဟူ၍လည်း ခေါ်ကြသည်။

တချို့အဆိုအရ ရာဟုအသူရာသည် အမတအမြိုက်ရေ၏ တန်ခိုးကြောင့် ဦးခေါင်းဖြတ်ခံရသော်လည်း အသက်မသေဘဲ ဂြိုဟ်ကြီးတစ်လုံးအဖြစ် ပြောင်းသွားသည်။ လငပုပ်ဖမ်းချိန်မှလွဲ၍ အခြားအချိန်များတွင် သူ့ကို မမြင်တွေ့နိုင်ချေ။ ရဟု၏ မိခင်မှာ ခြင်္သေ့မဖြစ်ပြီး မူလကပင် အလင်းရောင်နှင့် အမှောင်ထုကို ဖန်တီးနိုင်စွမ်းသည့် တန်ခိုးစွမ်းအားကြီးမားသူဖြစ်သောကြောင့် လူတို့အား ကောင်းကျိုးဆိုးကျိုး ပေးနိုင်သည်ဟု ယုံကြည်ကြသည်။

သီဝနှင့် ရာဟုအသူရာ ဇာတ်လမ်း

[ပြင်ဆင်ရန်]

နောက်ထပ်ဇာတ်လမ်းတစ်ခုမှာ ဤသို့ဖြစ်သည်။ ဇလန္တခေါ်အသူရာသည် ယောဂအကျင့်ကို လုံလစိုက်ကာ ပြင်းထန်စွာအားထုတ်သဖြင့် သိဒ္ဓိတန်ခိုးအမျိုးမျိုးဖြင့် ပြည့်စုံလေသည်။ ထိုအခါ မာန်မာန ထောင်လွှားပြီး သီဝနတ်မင်းကိုပင် ပမာမခန့်ပြုလာသည်။ သီဝ၏ ကြင်ယာတော်လောင်း ပဗ္ဗတီနတ်သမီးကို လိုချင်နှစ်သက်၍ တမန်စေ၍ ပဗ္ဗတီကို တောင်းရမ်းလက်ထပ်ရန် စကားကမ်းလှမ်းခိုင်းသည်။ သူစေလွှတ်သောတမန်ကား ရာဟုအသူရာပင်ဖြစ်သည်။ တမန် ရာဟုအသူရာ၏ စကားကိုကြားသောအခါ သီဝနတ်မင်းသည် ဒေါသအမျက်ပြင်းစွာထွက်၍ သူ၏ နဖူးအလယ်ခေါင် (အာဇဉာစကြ)နေရာမှ ဆင်ခေါင်းနှင့် နတ်ဘီလူးတစ်ကောင်ကို ဖန်ဆင်းလိုက်သည်။

ထိုဘီလူး၏ ဟိန်းဟောက်သံသည် မိုးခြိမ်းသံကဲ့သို့ ကြောက်ခမန်းလိလိဖြစ်သည်။ မျက်လုံးသည် မီးတောက်မီးလျှံကဲ့သို့ အလျှံတညီး⁠ညီးထွန်းလင်းလျက်ရှိသည်။ လည်ဆံမွေးတို့သည်လည်း စကြာစဠာအနှံ့ဖြန့်ကျက်မိုးလျက်ရှိသည့် အသားစားကျူးသည် မဟာဧရာမဘီလူးကြီးဖြစ်လေသည်။ ထိုဘီလူးကြီးကို မြင်ရသောအခါ ရာဟုအသူရာသည် အားကိုးရာမရ တုန်လှုပ်ချောက်ချားကာ သီဝနတ်မင်းထံ အသက်ဘေးမှ ချမ်းသာပေးပါရန် တောင်ပန်ရလေသည်။ သတ္တဝါတို့ကို သနားညှာတာတတ်သူမဟာကရုဏာရှင် သီဝနတ်မင်းကြီးသည် လောကကို အစဉ်စောင့်ရှောက်သူဖြစ်သောကြောင့် အသက်ချမ်းသာခွင့်ပြုခဲ့သည်။

သို့သော် အသားစားကြူးသည့် ထိုဘီလူးအတွက် အသားလိုသည်။ ထို့ကြောင့် ရာဟုအသူရာ၏ လက်နှစ်ဖက်၊ ခြေအစုံကို အကုန်စားစေရန် သီဝနတ်မင်းက ဘီလူးကြီးကို အမိန့်ပေးလေးသည်။ ဘီလူးကြီးက စားကောင်း⁠ကောင်းနှင့် စားလိုက်ရာ ကိုယ်လုံးပါကုန်၍ ဦးခေါင်းသာကျန်တော့သည်။ ထိုအခါ သီဝနတ်မင်းက ရာဟုအသူရာခေါင်းပြတ်ကို "သင့်အား ယနေ့မှစ၍ ကိတ္တိမုခဟု ခေါ်တွင်ကြစေ။ ငါစံမြန်းရာ ဗိမာန်နန်းတွင် အမြဲမပြတ် စောင့်ကြပ်ရမည့် ဒွါရပါလတံခါးစောင့်အရာတည်စေ" ဟု အမည်ပေးကာ တာဝန်ပေးအပ်ခဲ့သည်။

ထိုမှစ၍ ရာဟုအသူရာသည် ကိတ္တိမုခဟူသော အမည်သစ်ဖြင့် ဗြာဟ္မဏဝါဒီတို့ ကိုးကွယ်သော နတ်တစ်ပါးအဖြစ် ပါဝင်လာသည်။

ပူရာဏ်ကျမ်းတစ်ခု၏ အဆိုကား ဤသို့ဖြစ်သည်။ ပဗ္ဗတီကို လာရောက်တောင်းရမ်းသော ရာဟုအသူရာအား သီဝနတ်မင်းကြီးက သူ၏ တတိယမျက်လုံး (တြိလောစန) မှ ကြောက်မက်ဖွယ်သတ္တဝါတစ်ကောင်ဖန်ဆင်းပြီး တိုက်ခိုက်နှိမ်နင်းသည်။ ထိုသို့မတိုက်ခိုက် မနှိမ်းနင်းမှီ ဖန်ဆင်းထားသော သတ္တဝါကြီးအား မိမိကိုယ်ကို ပြန်ပြီး ဝါးစမျိုရန် အမိန်ပေးလိုက်ရာ အမိန့်ကို မလွန်ဆန်ဝံ့ဘဲ မိမိကိုယ်ကို ပြန်ဝါးမျိုရာ ဦးခေါင်းသာ ကျန်တော့သဖြင့် ထိုဦးခေါင်းကို ကိတ္တိမုခဟု ခေါ်တွင်စေသည်။

ဘုရားကျောင်း၊ စေတီပုထိုးများတွင် သုံးစွဲလာပုံ

[ပြင်ဆင်ရန်]

ဘီလူးပန်းဆွဲတို့သည် သီဝနတ်မင်း၏ ဗိမာန်နန်း၌ တပ်ဆင်ထားသော တံခါးဝတွင် ဗိသုကာ အဆင်တန်ဆာအဖြစ် ရောက်ရှိလာရာမှ နောင်တွင် ဗြာဟ္မဏဝါဒီတို့ ကိုးကွယ်သည့် နတ်ဘုရားကျောင်းများတွင် ထည့်သွင်းတပ်ဆင်လာကြသည်။

ဘီလူးပန်းဆွဲသည် ကျက်သရေမင်္ဂလာ၏ အထိန်းအမှတ်၊ ဘေးအန္တရာယ်တားဆီးကာကွယ်ခြင်း၏ အမှတ်အသားအဖြစ် သက်ဆိုင်ရာ ဘာသာဝင်တို့က သက်ဝင်ယုံကြည် အသုံးပြုလျက်ရှိသည်။

ကိတ္တိမုခခေါ်သော ဘီလူးပန်းဆွဲကို ဗြာဟ္မဏဝါဒီတို့၏ဘုရားကျောင်းများတွင် စတင်ပြုလုပ်သုံးစွဲခဲ့ကြပြီး ထိုမှစကာ ဗုဒ္ဓဘာသာဝင်တို့၏ စေတီပုထိုးများ၌ စေတီတော်၏ အဆင်တန်ဆာအဖြစ် ထည့်သွင်းသုံးစွဲလာကြသည်။ ပုဂံခေတ်တွင် ဦးခေါင်းပိုင်းသာတွေ့ရသော ဘီလူးပန်းဆွဲသည် နောက်ပိုင်းတည် စေတီပုထိုးများတွင် အစွယ်ငေါ⁠ငေါပြူးထွက်နေသော ဘီလူး၏ အာခေါင်နှစ်ဘက်ကို လက်နှစ်ဘက်ဖြင့် အသားကုန်ဖြဲကာ ခြောက်လှန့်နေသော ဘီလူးပန်းဆွဲပုံစံကို တွေ့လာရသည်။

တချို့သောသူများ၏ အယူအဆ

[ပြင်ဆင်ရန်]

ဘီလူးပန်းဆွဲ၏ စတင်မြစ်ဖျားခံရာကို မသိသူများက မေရုတောင်သဏ္ဌာန်တည်ထားသော စေတီတော်ကို မိမိတို့ အစောင့်အကြပ်ကျရာ အာလိမ်ငါးဆင့်မှနေ၍ ယက္ခကုမ္ဘဏ်တို့ ဝိုင်းရံခပြီး စောင့်ရှောက်ကြဟန် ထည့်သွင်းထားခြင်းဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။

[]

အကိုးအကား

[ပြင်ဆင်ရန်]
  1. မြန်မာနိုင်ငံ နတ်ကိုးကွယ်မှုသမိုင်းပေါင်ချုပ်။ မင်းစည်သူ။ ဒုကြိမ်။ ၂၀၁၁ ဩဂုတ်လ။ ပညာရွှေတောင်စာပေ။ ရန်ကုန်မြို့